ဗကသ(အထက်ဗမာပြည်) အတွင်းရေးမှူးဟောင်း စန်းယု ကွယ်လွန်


ဗကသ(အထက်ဗမာပြည်) အတွင်းရေးမှူးဟောင်း စန်းယု ကွယ်လွန်
(မိုးမခ၀မ်းနည်းမှတ်တမ်း) ဇွန် ၆၊ ၂၀၁၈

ကိုစန်းယု( ၄၉)နှစ်၊  ကဗျာဆရာ( အက်စ်ဝိုင်(ခ)စန်းယု)
ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်) အတွင်းရေးမှူး (၁၉၈၉-၉၀)
မန္တလေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ (၁၉၈၉-၉၀)
နိုင်ငံရေးအကျဉ်းသားဟောင်း သည် ဇွန် ၆၊ ၂၀၁၈ နံနက် ၃ နာရီက ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစု၊ ရဲဘော်၊ မိတ်ဆွေများနှင့်အတူ ၀မ်းနည်းကြောင်း မိုးမခက မှတ်တမ်းပြုလိုက်ပါတယ်။

မန္တလေးမြိုရှိ နိုင်ငံရေးအကျဉ်းသားဟောင်းတဦးလည်းဖြစ်သူ ကဗျာဆရာစန်းယု ဇွန်လ ၆ ရက် နံနက် ၃ နာရီအချိန် ၈၃လမ်း၊ ၁၈×၁၉လမ်းကြား အိုးတော်လုပ်တန်းရပ်ရှိနေအိမ်မှာ သွေးတိုးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရပါတယ်။

ကဗျာဆရာ( အက်စ်ဝိုင်(ခ)စန်းယု)ဟာ ဗကသများအဖွဲ့ချုပ်(အထက်ဗမာပြည်)အတွင်းရေးမှူး(၁၉၈၉-၉၀) မန္တလေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂ-ဥက္ကဋ္ဌ(၁၉၈၉-၉၀)အဖြစ် ဆောင်ရွက်ခဲ့ပါတယ်။

Media Ribbon စာအုပ်တိုက်ကို ထူထောင်ခဲ့ပြီး စာရေးဆရာညီပုလေးရေးပြီး ၂၀၁၆ အမျိုးသားစာပေဆုရခဲ့တဲ့ ထက် မြက်တဲ့ ဓားသွားပေါ်က ချိုမြမြပျားရည်စက် ၀တ္ထုရှည်စာအုပ်ကိုထုတ်ဝေခဲ့ပါတယ်။

ကဗျာဆရာ စန်းယုကွယ်လွန်ခြင်းနဲ့ပတ်သက်ပြီး ကဗျာဆရာစံညိမ်းဦးက “ အစ်ကိုစန်းယု(၁၉၆၉-၂၀၁၈) ဟာ အများရဲ့ ချစ်ခင်လေးစားခြင်းခံရတဲ့ ကျောင်းသားနိုင်ငံရေးဝိညာဉ်အပြည့်နဲ့ ချွန်မြသောကျောင်းသားခေါင်းဆောင်ဟောင်းတဦးပါ။ နိုင်ငံရေးရပ်တည်မှုမှန်သလို အနုပညာအားကောင်းပြီး အရသာရှိတဲ့ ခေတ်ပေါ်ကဗျာများစွာကိုလည်း ဖန်တီးခဲ့သူပါ။ မန္တ လေးနိုင်ငံရေး။ မန္တလေးကဗျာ အကြောင်းပြောရင် သူ မပါဘဲမပြည့်စုံပါဘူး။ ထက်မြက်တဲ့ မိသားစုကြီးထဲက မိသားစုဝင် တယောက်လည်းဖြစ်ပါတယ်။ ဇဝနဥာဏ်ရှိသလို အတွေ့အကြုံများပြားပြီး ဝမ်းစာလည်းကြီးတဲ့ အပြင်၊ စာပေအရေး အသားအရာမှာ လည်းချွန်ပါတယ်။ လတ်တလော အွန်လိုင်းမှာ'သူ' ရေးနေဆဲသမိုင်းဆိုင်ရာ အခြေခံပို့စ် တွေဟာ အင်မ တန်တန်ဖိုးရှိ ကာ'သူ'မှရေးနိုင်တဲ့ အ ရေးအသားများဖြစ်ပါတယ်။ ခုတော့ နိဂုံးဖြစ်ရပါတယ်။ ကျနော်တို့ ရဲ့အစ်ကိုတဦးပါပဲ။ ၄၉နှစ်ဆိုတာ သေဖို့ အချိန်စော လွန်းပေမယ့် သဘာဝတရားမို့ လက်ခံလိုက်ကြရကာနှမျောရပါတယ်။ လောကဓံကို ရယ် သွမ်းသွေးကာ ပျော်အောင် နေတတ်သူ အစ်ကိုစန်းယုရယ်ပါ။ သူ့ နောက်ဆုံးနေ့အတွက် စိတ်ထိခိုက်ဝမ်းနည်းကြရပါ တယ်” လို့ပြောပြပါတယ်။

ကဗျာဆရာ စန်းယုဟာ အက်စ်ဝိုင်၊ ဂွသခင်ကလောင်များဖြင့်လည်း ကဗျာ၊ စာပေများရေးသားခဲ့ပြီး ကွယ်လွန်ချိန်မှာ အ သက် ၄၉နှစ်ရှိနေပြီး ၎င်းရဲ့ဆန္ဒအရ ကျန်ရစ်ရုပ်အလောင်းကို ခန္ဓာကိုယ်နဲ့ မျက်ကြည်လွှာလှူဒါန်းခဲ့တာကြောင့် ဇွန်၆ရက် မနက်ပိုင်းမှာပဲ မန္တလေးဆေးတက္ကသိုလ်သို့ ပို့ဆောင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။
စံညိမ်းဦးဖေ့စ်ဘွတ် စာမျက်နှာက ကိုစန်းယု၏ ကဗျာနဲ့ စာများ စုစည်းမှုကို ထပ်ဆင့်ကူးယူ တင်ပြလိုက်ပါတယ်။

စန်းယု(၁၉၆၉-၂၀၁၈)
ကဗျာများစုစည်းမှု
ရထားထွက်ရန် ပန်းတစ်ပွင့်အလို

နှလုံးသားလေး ကျကွဲသံကိုမှ
ပန်ဆင်ချင်သူရေ
သတိရခြင်းတွေ ရှင်သန်ဖို့
မေ့ပစ်ချင်စိတ်ကို အသေသတ်ခဲ့ပါပြီ ။

စာနာလိုက်ပါကမ္ဘာမြေရယ်
နံနက်ခင်းလေးတစ်ခု လှဖို့အတွက်တော့
ပန်းတွေကို မပွင့်ခိုင်းပါနဲ့တော့
သူတို့က ပွင့်ပြီးရင် ချွေလွင့်ခံရမှာမို့လို့ပါ ။

ဆန္ဒအတွက် အာမခံချက်လား
ငါ့နှလုံးသားရဲ့ ဥယဉ်ကို ကိုင်းကူးပြီး
ရိုးဖြောင့်တဲ့အချစ်ကို မြေဆီလွှာခင်း
ယဲ့ယဲ့လေး လွမ်းတတ်တဲ့ လေပြေညင်းက
ညီမလေးရဲ့ဒီပန်းခင်းကို
မိုးရေလို စိုအိစေလိမ့်မယ် ။

ကြွေသွားတဲ့ကြယ်ကလေးရေ
ညညဆို ငါ့ကိုယ်ငါ
မိုးကောင်းကင် ပြန်ဖြစ်အောင် လုပ်ပြီး
မင်းကိုကျ
ကြယ်ပြန်ဖြစ်အောင် လုပ်မရတဲ့ ဂါထာနဲ့
ဒီပန်းကို ပွင့်စေခဲ့ပြီ ။

ပန်ဆင်ကာထားပါကွဲ့
ကျကွဲပေမယ့်
အသံမမြည်တဲ့နှလုံးသား
ကိုင်းဖျားမှာ ယိမ်းနွဲ့နွဲ့...။ ။

စန်းယု
မြားနတ်မောင်၊ခုနှစ်မမှတ်မိ

အချစ်အကြောင်း
နှလုံးသားတိုင်
ဒုတ်ဒုတ်ထိခဲ့သော စွဲချက်များ ။

အရပ်ရှစ်မျက်နာအသီးသီးတို့ရေ
ညှု့အားပြင်းပြင်း ပစ်လွှတ်လိုက်တဲ့
မြှားချက်လို လက်ညှိုးတွေအတွက်
ဟောဒီရင်ဘက်မှာ
ဆင်ခြင်တုံတရားနဲ့ စက်ဝိုင်းခတ်ပေးလိုက်မယ်
နှလုံးသွေးတို့ ချင်းချင်းနီသည့်တိုင် ။

စိတ်ကောက်နေတဲ့ တနင်္ဂနွေလေးက
၃၅-အေလမ်းပေါ်မှာ ကျပျောက်သွားတယ် ။

ရယ်သံတွေ လွင်နေတဲ့ဥပုသ်နေ့လေးက
ရွှေကျောင်းကြီးပေါ်မှာ ကျပျောက်သွားတယ် ။

ဆည်းလည်းသံတချွင်ချွင်နဲ့ မွေးနေ့ဆုတောင်းတွေက
သစ္စာကတိတေံခိုင်မြဲဖို့ တဲ့ ။နဖူးစာမင်ရည်ဖျော်စပ်ဖို့တဲ့
ရွှေကြက်ယက်ဆိပ်ကမ်းကို လာပုတ်တဲ့
လှိုင်းအိကလေးတွေထဲ ခုန်ဆင်းသွားတယ် ။

အလွမ်းလား
ဒီကောင်က ခပ်ကဲကဲရယ်
ဟိုက်ဒရိုဂျင်လိုလည်း ပေါ့ပါးမယ်
(ရင်ဘက်ကြီးက)
ပူပေါင်းလိုလည်း ပြန့်ကားမယ်ဆိုရင်
အစွမ်းကုန် မြှင့်တင်ပြီး ကြယ်တွေ ကြွေသလို ပြန်ဆင်း
ကောင်မလေးရဲ့ အိမ်ပြတင်းမှာ ဖန်မီးအိမ်ယောင်ဆောင်ဖို့
လင်းနို့တစ်ကောင်နောက် လိုက်သွားတယ် ။

ဒီနေ့တော့
အချစ်အကြောင်း မေးကြလွန်းလို့
အသံ " အ " နေတဲ့ ခေါင်းလောင်းလေးကို
အိမ်ရဲ့ပြတင်းဝမှာ ချိတ်ထားလိုက်တယ် ။

မျှော်လင့်ချက်တွေကတော့
နတ်သမီးတံဆိပ် မီးခြစ်ပုံးခွံထဲ ထည့်ပြီး
" ဥတုသုံးပါး ခံသည် " လို စာတန်းထိုးပေးလိုက်တယ် ။

ဆံသဆိုင်
ကောင်းကင်ရှည်ကျလာတာ
ဂုတ်ထောက်နေပြီ။

ကပ်ကျေးကိုက်ဆိုင်ရှေ့ကဖြတ်သွားတိုင်း
မိုးတိမ်တွေကိုက်ဖြတ်ပစ်နေတာ
အမှိုက်သိမ်းလှည်းထဲမဆံ့တော့ဘူး။

သင်တုန်းဓားမသုံးပဲ
ဘလိတ်ဓားထက်ပိုင်းကျိုးနဲ့ခေါင်းပေါ်မိုးထားတဲ့ခေတ်
မင်းကိုချစ်တဲ့စိတ်နဲ့ကောင်းကင်ကိုခါပစ်လိုက်တယ်။ ။

၁၆၁၂၂၀၁၆

သံသရာခရီးသွား
ဖြတ်ခနဲသိလိုက်တဲ့အသိမှာ
တရားကပါမလာပြန်ဘူး။

သံသရာခရီးက မဆုံးနိုင်။

ဆိုင်ကယ် ကယ်ရီက
ကိုယ်သွားချင်တဲ့ဂိတ်ကို အရောက်ပို့ပေးခဲ့။

သံသရာအဆုံးတိုင်
မမုန်းနိုင်တဲ့ချစ်စိတ်နဲ့ ဒီခရီးကို ဆက်ခဲ့ပြန်။ ။

၁၃၆၂၀၁၇
ပျောက်ဆုံးနေသော သင့်မိတ်ဆွေ
အရွယ်မတိုင်ခင်
တိုက်ပုံအင်္ကျီတွေ ၀တ်ခဲ့ကြတယ်၊
တံဆိပ်ကောင်းကောင်းကို ရွေးချယ်ပိုင်ခွင့်
အားနည်းခဲ့ကြတော့
ပုံကောင်းကောင်းနဲ့ ချုပ်ရိုးမခိုင်တဲ့ဟာမျိုး ရွေးမိ၊
လူတောတိုးပြီလားဆိုမှဖြင့်
အကွဲကွဲ အပြဲပြဲနဲ့  ကိုယ်ကျိုးနည်းခဲ့ကြ။
အခုတော့ အရွယ်ကလည်း
တိုက်ပုံနဲ့ မှ သင့်တော့မယ်၊
လူကြီးတွေ ပြောတာတော့ ဗိုလ်ချုပ်လမ်းပေါ်မှာ
ဟိုအရင်က “သင့်မိတ်ဆွေ” ဆိုတဲ့ စက်ချုပ်ဆိုင် ရှိခဲ့သတဲ့၊
ပုံကလည်းစမတ်ကျ၊ ဆေးရောင်လည်း အာမခံ၊ ချုပ်ရိုးလည်း အလွန်ခိုင်သတဲ့။
ကျွန်တော်
“သင့်မိတ်ဆွေ” စက်ချုပ်ဆိုင်ကို အခုထိ ရှာဆဲပါ ။

( စစ်အစိုးရတလျှောက်လုံး စိစစ်ရေးက ခဏ ခဏဖြုတ်ခံတဲ့ကဗျာ)
ကြယ်ကလေးတွေ
ကြယ်လေးတွေရှိတယ်။ စုစုပေါင်း ၁၄ လုံး။ ကြယ်သေးသေးလေးကထိပ်ဆုံးက။ ထိပ်ဆုံးကဘယ်နေရာလဲဆိုတော့ နောက်ကျောအပေါ်ဖက် ပုခုံးအောက်နားလေးမှာ ဟီးလေးခိုနေတာ။ သူ့အောက်မှာ နောက်တစ်လုံး။ အရွယ်တူတူပဲလို့ထင်ရပေမယ့် မတူပါဘူး။ သူကနဲနဲကြီးတယ်။ သူ့အောက်မှာ သူ့အောက်မှာ သူ့အောက်မှာ ဆင့်ဆင့်ပြီး ကြယ်တွေတန်းနေလိုက်တာ ညာဖက်ကျောရဲ့လက်ပြင်ပေါ်အတိုင်း ခါးစီရောက်ဖို့ ခြောက်လက်မလောက်အလိုမှာ ဆုံးသွားရော။ ကြယ်လေးတွေမှာ အရောင်တွေရှိတယ် ဆိုပေမယ့် အရောင်ကိုတော့စမ်းလို့မရပြန်ဘူးလေ။ ဒါပေမယ့် အရောင်တောက်နေမှာပါ။
‌ကြယ်လေးတွေရဲ့ အရွယ်ကိုတော့ မကြာမကြာစမ်းကြည့်နေတော့ လက်ထဲမှာ အဖုအထစ်လေးတွေစမ်းမိပြီး အရွယ်တွေကိုသိနေပြီ။ အော် ပြောမလို့ တစ်လုံးချင်းစီကိုနာမည်လေးတွေတောင် မှည့်ပေးထားတယ်။ ပုတုလေးတဲ့ ဂျူပီတာတဲ့ ခလေးလေးတဲ့ ဘူတူးမတဲ့ M2 တဲ့TN & MMW တဲ့ ဗိုလ်လိုတွေရော ဗမာလိုတွေရော စုံလို့ပဲ။ ကြယ်လေးတွေနဲ့တွေ့ရဖို့ဆို မိုးချုပ်အောင်လည်းစောင့်စရာမလိုဘူးလေ။ အဲဒီကြယ်လေးတွေက ချစ်သူနောက်ကျောမှာထိုးထားတဲ့ တက်တူးကြယ်လေးတွေဖြစ်ပြီး ချစ်သူ့ကျောပြင်က မိုးကောင်းကင်ပေါ့။ ဒါကတော့ တစ္ဆေကိုတောင်မကြောက်နိုင်လောက်အောင် အရူးအမူးချစ်တတ်တဲ့ မျက်ကန်းတစ်ယောက်ရဲ့ ကြယ်လေးတွေအကြောင်းပေါ့......။
ငါဟာ မတည်ငြိမ်မိုးတိမ်လို
ဒီရက်ပိုင်းတင်ဖြစ်တဲ့ပို့စ်တွေက romance ဆန်လှပါတယ်၊ ကဗျာစွက်တဲ့ဒိုင်ကြောင်တွေပါ၊ ကြီးမှဝက်သက်ပေါက်တဲ့ အတွဲအစပ်တွေ စသည်ဖြင့်ပေါ့လေ ခံစားရသလိုသာ ပြောထည့်လိုက်ပါ။ အခြားတစ်ဖက်မှာတော့ သူ့ကိုချစ်သမျှ နောင်တမရတဲ့ အကြောင်းတွေပါပဲ။ အဲဒါအချစ်ပါ။ သင်္ဘောပျက် ဆိပ်ကမ်းကပ်တုန်း ကုန်းပေါ်မှာတွေ့တဲ့အချစ်အမျိုးအစားတော့ မဟုတ်ဘူးပေါ့။ သင်္ဘောကပ္ပတိန်ကိုင်တဲ့သံလိုက်အိမ်မြှောင် ပျက်လို့ကြည့်မရခိုက် ကပ်စရာဆိပ်ကမ်းရှာမတွေ့လို့ အသက်ကယ်ကျွန်းကို ကပ်လိုက်တဲ့အချိန်မှာ တွေ့လိုက်ရတဲ့အချစ်မျိုးပါ။ အဲဒီကျွန်းပေါ်မှာ အစာရေစာပါးရှားတယ်၊ သားရဲတိရိစ္ဆာန်တွေအားကြီးတယ်၊ ဓလေ့ထုံးတန်း ယဉ်ကျေးမှုအစဉ်အလာ လိုက်နာရမယ့်ပတ်ဝန်းကျင်စည်းကမ်း စတာတွေဆိုတာ အကုန်လုံးပေါင်းလိုက်ရင် ကံကြမ္မာဆိုးဆိုတဲ့ ဝေါဟာရတစ်လုံးရဲ့ အဓိပ္ပါယ်အပြင် ဘာမှပိုရဖို့မရှိခဲ့ဘူး။ အားလုံးကို နှစ်ယောက်အားနဲ့ အပြန်အလှန်ဖေးမပြီး ကျော်ဖြတ်ခဲ့ကြတယ်။ နောက်ဆုံးတစ်နေ့ နောက်ဆုံးတစ်ညဆိုတာ ၂၄ နာရီ မှာ ၂ ပိုင်းခွဲပြီး အလှည့်ကျရောက်လာမယ်လို့တော့ ဘယ်တွေးထားလိမ့်မလဲ။ အံ့သြစရာတိုက်ဆိုင်မှုက သံလိုက်အိမ်မြှောင်နဲ့စခဲ့ရတဲ့ဘဝဟာ မတူညီတဲ့သံလိုက်အိမ်မြှောင်နောက်တစ်ခုနဲ့ပဲ ဇာတ်သိမ်းရတော့မယ်။ သူ့ရဲ့သံလိုက်အိမ်မြှောင်ကိုအသုံးပြုပြီး အသက်ကယ်ကျွန်းကထွက်ခွါသွားကာ ဆိက်ကမ်းရှိရာရောက်ဖို့ပေါ့။ သူလမ်းပျောက်မှာ မစိုးရိမ်ပါနဲ့လို့မှာပြောလေးပြောနေတာ ဘယ်လိုနားလည်မှု စိတ်ချမှု နောက်ဆံမတင်းမှုတွေနဲ့ ကမ်းကခွါရမလဲ။ သင်္ဘောကျောက်ဆူးတင်သံ အဆက်မပြတ်ဆွဲလိုက်တဲ့ ဥသြသံရှည် မျက်ရည်ဆိုတာ ဝေးကြသူတွေအတွက် အချစ်သက်သေလို့ ဘယ်တော့မှမယုံဘူး။

ခေါင်းစဉ် : ဂျစ်ပစီမိုးတိမ်သီချင်းမှစာသား
( စစ်အစိုးရတလျှောက်လုံး စီိစစ်ရေးက  ခဏ ခဏဖြုတ်ခံရတဲ့ကဗျာတစ်​ပုဒ်​ )
ပျောက်ဆုံးနေသော သင့်မိတ်ဆွေ
အရွယ်မတိုင်ခင်
တိုက်ပုံအင်္ကျီတွေ ၀တ်ခဲ့ကြတယ်၊
တံဆိပ်ကောင်းကောင်းကို ရွေးချယ်ပိုင်ခွင့်
အားနည်းခဲ့ကြတော့
ပုံကောင်းကောင်းနဲ့ ချုပ်ရိုးမခိုင်တဲ့ဟာမျိုး ရွေးမိ၊
လူတောတိုးပြီလားဆိုမှဖြင့်
အကွဲကွဲ အပြဲပြဲနဲ့  ကိုယ်ကျိုးနည်းခဲ့ကြ။
အခုတော့ အရွယ်ကလည်း
တိုက်ပုံနဲ့ မှ သင့်တော့မယ်၊
လူကြီးတွေ ပြောတာတော့ ဗိုလ်ချုပ်လမ်းပေါ်မှာ
ဟိုအရင်က “သင့်မိတ်ဆွေ” ဆိုတဲ့ စက်ချုပ်ဆိုင် ရှိခဲ့သတဲ့၊
ပုံကလည်းစမတ်ကျ၊ဆေးရောင်လည်း အာမခံ၊ချုပ်ရိုးလည်း အလွန်ခိုင်သတဲ့။
ကျွန်တော်
“သင့်မိတ်ဆွေ” စက်ချုပ်ဆိုင်ကို အခုထိ ရှာဆဲပါ ။

Comments