လှကျော်ဇော - ကျောင်းသားနဲ့နိုင်ငံရေး


လှကျော်ဇော - ကျောင်းသားနဲ့နိုင်ငံရေး
ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ - (၄၇)

(မိုးမခ) ဇွန် ၉၊ ၂၀၁၈

၂၀၁၈ မေလ (၃၁) ရက်နေ့က ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာနက တက္ကသိုလ်၊ ကောလိပ်များတွင် နိုင်ငံရေးနှင့်ပတ်သက်၍ ဟောပြောခြင်း၊ စာတမ်းဖတ်ခြင်းများ မပြုလုပ်ရန် တားမြစ်လိုက်သည် ... ဆိုတဲ့သတင်းတရပ် ထွက်ပေါ်လာပါတယ်။ ဒီတော့ ဗမာပြည်မှာ ခေတ်အဆက်ဆက်က (ကိုလိုနီခေတ်ကစလို့) ပေါ်ပေါက်ခဲ့တဲ့ ကျောင်းသားများ နိုင်ငံရေးမှာ ပါဝင်သင့် မပါဝင်သင့် ဆိုတဲ့ ပြသာနာ တကျော့ပြန်ပေါ်လာပါတယ်။

သြော် သေချာတာကတော့ ဗမာပြည်သူတွေရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲစဉ်ကြီး မပြီးသေးဘူး ... ဆိုတာပါပဲ။

၁၃၀၀ ပြည့် အရေးတော်ပုံ (၁၉၃၈-၃၉) ကာလက ရန်ကုန်ကြည်မြင်တိုင် ဆရာဖြစ်သင်အထက်တန်းကျောင်းက ကျောင်းသားခေါင်းဆောင်အဖြစ် ပါဝင် လှုပ်ရှားခဲ့တဲ့ ဖေဖေဟာ ဒီဇင်ဘာ(၂၀)ရက် အတွင်းဝန်ရုံးဝိုင်း သပိတ်တားရာမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအရေးအခင်းကို အင်္ဂလိပ်နယ်ချဲ့အစိုးရက မြင်းစီးဂေါ်ရာ ပုလိပ်တွေသုံးပြီး အကြမ်းဖက်ဖြိုခွဲရာမှာ ဗိုလ်အောင်ကျော်ကျဆုံးပြီး ကျောင်းသူကျောင်းသား အများအပြား ဒဏ်ရာရခဲ့ပါတယ်။ ဖေဖေကိုယ်တိုင်လည်း မြင်းနင်းခံရလို့ ခြေမကြီး ကွဲထွက်သွားပါတယ်။ ဖေဖေက အဲဒီတုန်းက ကြည်မြင်တိုင်က သူ့အဒေါ်နဲ့ ဦးလေး (ကျွန်မတို့က ဘွားလေးစော နဲ့ ဘိုးလေးလှလို့ ခေါ်ပါတယ်) တို့အိမ်မှာ နေနေရတာပါ။ ဘိုးလေးလှက  အတွင်းဝန်များရုံးက စာရေးကြီးပါ။ ဖေဖေ ခြေထော့ကျိုးနဲ့ အိမ်ပြန်လာတော့ ကိုလိုနီဝန်ထမ်း သူ့ဦးလေးက သူ့အမေ(--) တွေကို သွားစတာကိုး။ ခံရမှာပေါ့ ... လို့ဆိုပါတယ်။ ဒီတင် ဖေဖေ သိပ်စိတ်ဆိုးပြီး စောင်တထည်ပိုက် အဲဒီအိမ်က ဆင်းပြီး မြို့မကျောင်းမှာ သွားနေလိုက်တော့တယ်လို့ ကျွန်မတို့ကို ဖေဖေက ပြောပြခဲ့ဖူးပါတယ်။

တကယ်တော့ ကျွန်မတို့ဗမာပြည်ကြီးရဲ့အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဆင့်ဆင့်တွေမှာ အခုပြောခဲ့တဲ့ ဖေဖေတို့ရဲ့ ၁၃၀၀ပြည့် အရေးတော်ပုံကြီးဟာ ဗမာ့လွတ်လပ်ရေးတိုက်ပွဲစဉ်ကြီးအတွင်းက ကျောင်းသားလှုပ်ရှားမှုရဲ့အဆင့်တရပ်လို့လည်း ဆိုလို့ရမယ် ထင်ပါတယ်။

၁၃၀၀ ပြည့် အရေးတော်ပုံမှာ နေရာအသီးသီးက ပါဝင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင် အများစုဟာ ဗမာ့လွတ်လပ်ရေးအတွက် တပ်မတော်ဖွဲ့ဖို့ ဂျပန်ကို သွားရာမှာဖြစ်ဖြစ်၊ ပြည်တွင်းက နေရာပေါင်းစုံမှာ ဆက်လက်နိုင်ငံရေးလှုပ်ရှားရာမှာဖြစ်ဖြစ် ပါဝင် ဆောင်ရွက်ခဲ့တာတွေ တွေ့ရပါတယ်။

ဒီတော့ ကိုလိုနီအစိုးရ၀န်ထမ်း ဘိုးလေးလှက ကိုလိုနီအစိုးရ အာဏာစက်ယန္တရားကို ခြိမ်းခြောက်လာတဲ့ ကျောင်းသားတွေရဲ့ လှုပ်ရှားမှုကို ဆန့်ကျင်တာ သဘာဝ ကျပါတယ်။ သူ့အကျိုးစီးပွားကို ကာကွယ်တာပါ။ သိပ်တော့ မထူးဆန်းလှပါဘူး။   ထို့အတူ ရေရှည် မိမိတို့ (တကိုယ်ရည်) အကျိုးစီးပွားကို ထိခိုက်လာနိုင်တယ် ဆိုတာ မြင်လာရင် ဘာကိုမဆို တားဆီး ပိတ်ပင်လာတာပါပဲ။

အဓိက ကတော့ မိမိတို့အကျိုးစီးပွားနဲ့ ပြည်သူတွေအကျိုးစီးပွား တထပ်တည်းထားနိုင်သူများသာလျှင် ဘာကိစ္စမဆို ရင် ကျယ်ကျယ် ထားနိုင်တာပါ။

ကျောင်းသားတွေနိုင်ငံရေးမှာ ပါဝင်သင့်သလား ။နိုင်ငံရေးမှာ စိတ်ဝင်စားသင့်သလား

၁၉၆၀ခုနှစ် ရွေးကောက်ပွဲမှာ အပြတ်အသတ်နိုင်ပြီး အာဏာရလာတဲ့ ဦးနုရဲ့ ပြည်ထောင်စု (ပထစ) ပါတီရဲ့ အစိုးရဟာ ၁၉၆၂ စစ်တပ်အာဏာသိမ်းတဲ့ကာလအထိ ဗမာပြည်တွင်းမှာ ဒီမိုကရေစီ အခွင့်အရေးတွေ အတော်အသင့် ပေးခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ ဦးနုအနေနဲ့ ပြည်တွင်းစစ်ကြီး ရှိနေသရွေ့ စစ်တပ်သြဇာကြီးနေမယ် ဆိုတာ သိတဲ့အတွက် ငြိမ်းချမ်းရေးစကား ပြောလာရပါတယ်။ ဒီတော့ ဖေဖေတို့က ဒါကိုအခွင့်ကောင်းယူပြီး အိမ်စောင့်အစိုးရလက်ထက် (၁၉၅၈ - ၁၉၆၀) ရပ်ထားခဲ့ရတဲ့ ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့ကို ပြန်လည်စုစည်းပြီး နိုင်ငံရေးလှုပ်ရှားမှုတွေကို စတင်လုပ်ဆောင်ခဲ့ပါတယ် ။ ထို့အတူ နိုင်ငံရေးအင်အားစုအတော်များများလည်း လှုပ်ရှားလာပါတော့တယ်။

ဖေဖေအနေနဲ့ အဲဒီကာလအတွင်း ပြည်တွင်းငြိမ်းချမ်းရေးအဖွဲ့လုပ်ငန်းများရော တရုတ်ဖြူကျူးကျော်မှုနဲ့ နယ်ချဲ့ဆန့်ကျင်ရေး အမျိုးသားကော်မတီ လုပ်ငန်းတွေရော၊ တခြားအဖွဲ့များက ဖိတ်ကြားတဲ့အခမ်းအနားတွေ တက်မိန့်ခွန်းပြောရတာရော၊ သတင်းစာ ဂျာနယ်များက ဆောင်းပါးတောင်းရင် ရေးပေးရတာနဲ့ လုပ်နိုင်သမျှနိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်နေတာတွေ့ခဲ့ရပါတယ်။ အဲဒါတွေထဲမှာ တကသက ဦးစီးပြီးလုပ်ခဲ့တဲ့နိုင်ငံရေးဟောပြောပွဲများလည်း ပါရှိပါတယ်။ တခြားနိုင်ငံရေးခေါင်းဆောင်တွေဖြစ်တဲ့ ဒေါက်တာဗမော်၊ ဦးကျော်ငြိမ်း၊ ဦးသိန်းဖေမြင့် စသူများလည်း အဲဒီဟောပြောပွဲတွေမှာ ပါဝင်တာ တွေ့ရပါတယ်။

ဖေဖေရဲ့ တချို့ဟောပြောချက်စာတမ်းတွေ၊ တချို့ဆောင်းပါးတွေပြန်ရတော့ စုစည်းပြီး စာအုပ်တွေလည်း အခုပြန်ထုတ်ဖြစ်ပါတယ်။ ဖေဖေ ပြောခဲ့တဲ့ တချို့အကြောင်းအရာတွေဟာ အခုကာလအထိ အသုံးတဲ့နေတာ တွေ့ရပါတယ်။ အခုလည်း- ရန်ကုန်တက္ကသိုလ် အနှစ် (၃၀) မြောက်
၁၉၆၀ ခုနှစ် ကျောင်းသားများရဲ့ အိုးဝေမဂွဇင်းမှာ “ကျောင်းသားနှင့် အမျိုးသားရေး” ခေါင်းစဉ်နဲ့ ဖေဖေရေးပေးခဲ့တဲ့ ဆောင်းပါးထဲက တချှို့အချက်အလက်များကို ပြန်လည်ဖေါ်ပြလိုပါတယ်။

(ကိုးကား။ ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲများ။ နေရီရီစာပေ။ နှာ ၈၈)

အဲဒီဆောင်းပါးမှာ နိဒါန်းအဖြစ် ဖေဖေက သူတို့လူငယ်ဘ၀ သမိုင်းပေးတာဝန်ဖြစ်တဲ့ ကိုလိုနီစနစ်ဆန့်ကျင်ရေး (လွတ်လပ်ရေးလှုပ်ရှားမှု) ကာလအတွင်းက ကျောင်းသားလှုပ်ရှားမှုများကို ဘက်စုံက ခွဲခြမ်းစိတ်ဖြာပြီး ဒီလိုသုံးသပ်ရေးထားပါတယ်။

 ... ... နည်းအမျိုးမျိုးဖြင့် ဗမာအမျိုးသားတို့မှာ ကိုလိုနီဖိနှိပ်သွေးစုပ်မှုကို ခံခဲ့ရပေသည်။ ဤမတရားမှုကြီးကို တွန်းလှန်ရန်အတွက် ဤခေတ်တွင် လူဖြစ်လာရသော ဗမာတိုင်းရင်းသား မျိုးချစ်အပေါင်းတို့အပေါ် တာဝန် ကျရောက်ပေသည်။ ထို့ကြောင့် တိုင်းရင်းသား အမျိုးသားအားလုံးတို့သည် သူ့ခေတ်နှင့်သူ အမျိုးသားလွတ်လပ်ရေး ကိုလိုနီဆန့်ကျင်ရေး အရေးတော်ပုံကြီးများ အဆင့်ဆင့် ဆင်နွှဲခဲ့ကြပေသည်။ ... ...

လို့ ရေးထားပြီး အဲဒိကာလတွင်းက ပါဝင်လှုပ်ရှားခဲ့တဲ့ ကျောင်းသားလှုပ်ရှားမှုအကြောင်းများကိုလည်း -

... ... ... ထို့ကြောင့် ယင်းနေ့ (၁၉၂၀ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်) ကို ထိုခေတ်၏ နယ်ချဲ့ဆန့်ကျင်ရေး အကြီးဆုံးအောင်ပွဲအဖြစ် အမျိုးသားအောင်ပွဲနေ့ ဟူ၍ ကျင်းပနေခဲ့ပေသည်။ ထိုနောက်တွင် ကျောင်းသားများသည် ဆရာစံလယ်သမားသူပုန်မှတပါး အမျိုးသားလှုပ်ရှားမှုများတွင် အစဉ်တစိုက်ပါဝင်ခဲ့ကြပေသည်။ ... ... ...

* ၁၉၃၆ - ၃၇ ဒုတိယအကြိမ် ကျောင်းသားအရေးတော်ပုံ၊

* ၁၉၃၈ - ၃၉ “သခင်”ခေတ်အတွင်းဖြစ်ခဲ့သော ၁၃၀၀ ပြည့်အရေးတော်ပုံ၊

* ၁၉၄၁ - ၄၂ တွင် လက်နက်ကိုင် နယ်ချဲ့ဆန့်ကျင်ရေးအရေးတော်ပုံတို့တွင် တပ်ဦးမှ ပါဝင်ခဲ့ပေသည်။

... ... ... ပထမဆုံး ဗမာအမျိုးသားတို့၏တော်လှန်ရေး အမျိုးသားလက်နက်ကိုင်တပ်မတော် တည်ထောင်ရန် ဂျပန်ပြည်သို့သွားကြသော ရဲဘော်သုံးကျိပ်မှာပင် ၁၃၀၀ ပြည့်အရေးတော်ပုံမှ ပေါက်ဖွားလာသော
ကျောင်းသားခေါင်းဆောင်များနှင့် ကျောင်းသားများမှ ဆင်းသက်လာသော သခင်ခေါင်းဆောင်များ ဖြစ်ကြသည်။ ... ... ...

* ပထမအမျိုးသားတပ်မတော်ဖြစ်သည့် ဘီအိုင်အေတပ်တွင် ကျောင်းသားများနှင့် သခင်များသာ အများအားဖြင့် ဦးစီးခဲ့ကြပေသည်။

* ဖက်ဆစ်တော်လှန်ရေးကြီးတွင်လည်း ကျောင်းသားများသည် အာရှလူငယ်များနှင့် တပ်မတော်တွင်းသို့ ၀င်ရောက်ပြီး လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲခဲ့ကြပေသည်။ ... ... ...

လို့ရေးပြီး အနှစ် ၃၀ (၁၉၁၈ ဆရာတော် ဦးဥတ္တမခေတ်မှ ၁၉၄၈ ဗိုလ်ချုပ်အောင်ဆန်းခေတ် အထိ) အမျိုးသားလွတ်လပ်ရေး တိုက်ပွဲကြီးအတွင်း ကျောင်းသားများက ပြည်သူလူထုတရပ်လုံးနဲ့အတူ ဘယ်လိုပါဝင်ဆင်နွှဲခဲ့တယ် ဆိုတာကို ဖော်ပြထားပါတယ်။

၁၉၄၈ လွတ်လပ်ရေးရပြီးတဲ့နောက် အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှု အဆင့်သစ် (ဒုတိယအဆင့်) ရောက်လာတယ်လို့ ဖေဖေက သုံးသပ်ပြီး ဒီအဆင့်အတွင်း ဗမာပြည်သူတရပ်လုံးရဲ့တာဝန်ဟာ လွတ်လပ်ပြီး အမှီအခိုကင်းတဲ့ ကိုယ်ပိုင်စက်မှုလက်မှု နိုင်ငံတော်သစ်ထူထောင်ရန်နဲ့ ခေတ်နောက်ကျပြီး ဆင်းရဲပင်ပန်းဆင်းရဲလှတဲ့ လယ်ယာစနစ်ကိုပြုပြင်ရန်ဖြစ်ပြီး ကျောင်းသားနဲ့ ပညာရှင်များရဲ့ အမျိုးသားရေးလုပ်ငန်းတာဝန်များကတော့ ... စီးပွားရေးအတွက် စက်မှုလက်မှုလုပ်ငန်းကြီးများ တိုးတက် တည်ထောင်နိုင်ရန် အတတ်ပညာသည်များနဲ့ ခေတ်မီ လယ်ယာလုပ်ငန်းများအတွက် စိုက်ပျိုးရေးပညာရှင်များ ပေါ်ထွက်လာအောင်ကြိုးပမ်းရေး၊ ပြည်သူအချင်းချင်း၊ တိုင်းရင်းသားအချင်းချင်း - အကြား ချစ်ကြည်ရေး၊ ဒီမိုကရေစီရေး၊ ငြိမ်းချမ်းရေးတို့ကို အကျိုးပြုစေမယ့် အမျိုးသားစာပေယဉ်ကျေးမှုများကို ဖန်တီးရေးလို့လည်း ဆိုထားပါတယ်။ ဒီခရီးလမ်းလျှောက်ရာမှာ အခက်အခဲ အနှောင့်အယှက်အမျိုးမျိုးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဒါတွေကို ကျော်ဖြတ်နိုင်ဖို့အတွက် ပြည်သူတွေရဲ့ အမျိုးသားလွတ်မြောက်ရေးတိုက်ပွဲနဲ့ ကျောင်းသားများရဲ့ အမျိုးသားပညာရေးလှုပ်ရှားမှုဟာ ဆက်စပ် ယှဉ်တွဲနေရမှာဖြစ်ပြီး ဒါမှသာ တဦးကိုတဦး အကျိုးပြုနိုင်ပေလိမ့်မယ် ... လို့ ရေးသားထားပါတယ်။

ဖေဖေကတော့ ကျောင်းသားများကို ပြည်သူလူထုနဲ့အတူ ရပ်တည်ခံစားပြီး၊ အဆင့်ဆင့်သော လွတ်မြောက်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ဖို့ အားပေးထားတာပါ။

ဒါတွေကတော့ ၁၉၆၀နှစ်များအတွင်းက ဖေဖေရေးခဲ့တဲ့ ကျောင်းသားများနဲ့နိုင်ငံရေး ဆက်စပ်မှုအကြောင်း ဆောင်းပါးထဲက အချက်အချို့ပါ။

၁၉၆၂ ခုနှစ် မတ်လ (၂) ရက်နေ့ စစ်တပ်အာဏာသိမ်းချိန်ကစလို့ ဗမာပြည်သူတွေ တောက်လျှောက် ဆင်နွှဲခဲ့တဲ့ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး တိုက်ပွဲစဉ်ကြီးတလျှောက် အစကနေ (စစ်တပ်အန္တရာယ်ကို အစောဆုံး သိရှိပြီး အစောဆုံး အာခံခဲ့သူတွေဟာ ကျောင်းသားတွေပါ။ ၁၉၆၂ ဇူလိုင် (၇) ရက် အရေးအခင်း) ယခုထိ ဘယ်နေရာမှာမှ တွေဝေတုံ့ဆိုင်းခြင်း မရှိခဲ့ဘဲ အမြဲရှေ့တန်းကပါဝင် ဦးဆောင်ခဲ့ပြီး အစွန့်လွှတ်ဆုံး အနစ်နာအခံခဲ့ဆုံးဟာ ကျောင်းသားထုပါပဲ။ ၁၉၇၅ - ၇၆ ကျောင်းသားလှုပ်ရှားမှုများအပြင် ကမ္ဘာနဲ့ချီပြီးတောင်တွေ့ရခဲတဲ့ မူလတန်း အလယ်တန်းကအစ ပါဝင်တဲ့ ကျောင်းသားတရပ်လုံးနဲ့ ပြည်သူတရပ်လုံးပါ စုစည်းသွားတဲ့ ရှစ်လေးလုံးအရေးတော်ပုံကြီးကိုပါ ကျောင်းသားများကပဲ ဦးဆောင် ဖောက်ခွဲခဲ့တာပါ။

ဒီအတွက် ကျောင်းသားများ အသက်သွေးချွေးတွေ၊ ဘ၀တွေ အကုန်ပေးနိုင်သမျှ အရာအားလုံးကို ပေးဆပ်ခဲ့ကြရပါတယ်။ စစ်အာဏာရှင်တွေဟာ မကြားဝံ့မနာသာ ကျောင်းသားထုကို ရက်ရက်စက်စက် သတ်ဖြတ်မှု ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ လူသက်တမ်းနဲ့တောင်မမျှတဲ့ ထောင်ဒဏ်ချမှုတွေ သာမက အာဃာတကြီးမားစွာနဲ့ ပညာရေးစနစ်တခုလုံးကိုပါ ဖျက်ဆီးပစ်ခဲ့ကြပါတယ်။

ကျောင်းသားတွေကလည်း ကမ္ဘာပေါ်မှာ တခုတည်းပေါ်ပေါက်ဘူးတဲ့ ကျောင်းသားတပ်မတော်တရပ်ကို ဖွဲ့စည်းပြီး စစ်အာဏာရှင်စနစ်ကို လက်နက်ကိုင် တိုက်ခိုက်ခဲ့ပါတယ်။ ပြည်တွင်း (သို့မဟုတ်) ပြည်ပမှာပဲဖြစ်ဖြစ် ထောင်တွင်းမှာပဲဖြစ်ဖြစ်၊ ဘယ်နေရာရောက်ရောက် အဓိကရန်သူကို မျက်ခြည်ပြတ်ခြင်း အလျဉ်း မရှိခဲ့ပါဘူး။ ဆိုလိုချင်တာကတော့ ဗမာပြည်သူတွေရဲ့ လွတ်မြောက်ရေးတိုက်ပွဲတလျှောက် ကျောင်းသားထုအနေနဲ့ တာဝန်ကျေခဲ့တယ် ဆိုတာပါပဲ။

အခုလည်း ကျောင်းသားများအပါအ၀င် ပြည်သူလူထုကြီးတရပ်လုံးရဲ့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး တိုက်ပွဲအဆက်ဆက်ရဲ့ အကျိုးကြောင့်ရရှိခဲ့ တဲ့ (စစ်တပ်က တမတ်သား ပါနေသေးတဲ့) အရွေးကောက်ခံ ဒီချုပ်အစိုးရလက်ထက်မှာလည်း ဒီမိုကရေစီအပြည့်အ၀ရရေးအတွက် ဆက်လက် လုပ်ဆောင်စရာ ရှိတာတွေကို ဆက်လုပ်ဆောင်ရပါလိမ့်ဦးမယ်။ ဗမာပြည်သူတရပ်လုံး မလွတ်မြောက်သေးသရွေ့ ပြည်သူတွေရဲ့ သားသမီးတွေဖြစ်တဲ့ ကျောင်းသားများဟာလည်း လွတ်လွတ်ကျွတ်ကျွတ် စိတ်အေးလက်အေး ကျောင်းသင်ခန်းမှာပဲနေ၊ ကျောင်းစာပဲ ကုန်းကျက်နေလို့ မရပါဘူး။ အရင်းခံပြသာနာကြီးတွေဖြစ်တဲ့ ဗမာပြည်ကြီး ငြိမ်းချမ်းရေးရဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့၊ တရားဥပဒေ စိုးမိုးဖို့၊ လမ်းအသွယ်သွယ် ရှာကြရဦးမှာပါ။ ဒီအတွက် ကျောင်းတွေမှာ သင်ရိုးညွှန်းတန်းများအပြင် တခြား နယ်ပယ်အသီးသီး (စီးပွားရေး၊နိုင်ငံရေး၊ အားကစား၊ စာပေ၊ ယဉ်ကျေးမှု၊ အကအခုန် အဆိုအတီး စသဖြင့်) ဗဟုသုတဆိုင်ရာဟောပြောပွဲတွေ၊ ပြခန်းတွေ၊ သင်တန်းတွေ၊ စာတမ်းဖတ်ပွဲတွေ စတာ စတာတွေ ဆက်လုပ်ကြရပါလိမ့်ဦးမယ်။

ဒါဖြင့် အခု လတ်တလော ပေါ်ထွက်လာတဲ့ မေလ(၂၁)ရက်နေ့က ထုတ်ပြန်ချက်ကရော ဘယ်သူတွေက၊ ဘာရည်ရွယ်ချက်နဲ့ ထုတ်ခဲ့တာလဲ။

 

ဒီအဖြေကို ဖေဖေရဲ့ပြောစကားတချို့ (နောက်ဆုံးအင်တာဗျူး အာရ်အက်ဖ်အေ ၂၀၁၁၊ ဇွန်) နဲ့ပဲ အဖြေပေးလိုက်ပါရစေ။

... ... ... ဒီမိုကရေစီအလင်းရောင်အောက်မှာ မနေနိုင်သူများဟာ၊ ပြည်သူတွေကို ဒီမိုကရေစီပေးမှာ မဟုတ်ပါဘူး။ ... ... ... တဲ့။

(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ သတင်းဌာနများနဲ့ အင်တာဗျူး။ နေရီရီစာပေ။နှာ၁၉၆)

လှကျော်ဇော
၃-၆-၂၀၁၈
မှတ်ချက်။  ။ ပုံ အတွက် စာတန်း ၁၉၆၀ ခုနှစ်များက ဖေဖေ
အရေးတော်ပုံ အတွဲ (၂)၊ အမှတ် (၁၂) မှ။

Comments