လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၉)

 လှကျော်ဇော ● တပ်ပြုပြင်ပြောင်းလဲရေး - အပိုင်း (၉)
(မိုးမခ) ဇွန် ၁၈၊ ၂ဝ၁၈
အတွေးအခေါ်ဟောင်း လုပ်ဟန်ဟောင်းများ


ကျွန်တော်တို့ရဲ့လက်တွေခြေတွေကို အတိတ်သမိုင်းက ချုပ်နှောင်ထားတာ။ ကျွန်တော်တို့တွေ အတွေးအခေါ်အယူအဆ ဟောင်းတွေ လုပ်ဟန်ဟောင်းတွေရဲ့တားဆီးပိတ်ပင်မှုများကို ကျော်လွှားပြီး၊ ဒီနေရာရောက်အောင်လာခဲ့ရတာ မလွယ်ပါ ဘူး။
(မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း။ ၁၂၊ ၆ ၂ဝ၁၈၊ စင်ကာပူ)
=====

စစ်အေးခေတ်ရဲ့နောက်ဆုံးကျန်နေတဲ့ ပဋိပက္ခကြီးတရပ်နိဂုံးရဲ့ နိဒါန်းအစပြုချက်လို့ တင်စားဆိုကြတဲ့ အမေရိကန်သမတ ဒေါ်နယ်ထရန့်နဲ့ မြောက်ကိုးရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ရဲ့ တွေ့ဆုံဆွေးနွေးပွဲအစ သတင်းမီဒီယာသမားများရှေ့မှာ ကင်ကပြောလိုက်တဲ့စကားများ ဖြစ်ပါတယ်။

ဟုတ်လည်း ဟုတ်ပါတယ်။ နှစ်ပေါင်း (၅ဝ) ကျော် ရန်သူတော်ကြီးတွေဖြစ်ခဲ့ကြပြီး၊ လွန်ခဲ့တဲ့ (၆) လအတွင်းမှာပဲ အနုမြူ စစ်ပွဲကြီးဖြစ်တော့မတတ် အပြန်အလှန်ခြိမ်းခြောက်တင်းမာခဲ့တဲ့ နှစ်နိုင်ငံက ထိပ်သီးခေါင်းဆောင်နှစ်ယောက် ပြုံး ရွှင်စွာ လက်ဆွဲနှုတ်ဆက်နေတဲ့ပုံဟာ ပုံပြင်သဖွယ် (ရုပ်ရှင်ဇတ်လမ်းတကွက်) ဖြစ်နေပါတော့တယ်။ ပျက်လိုက် ပြန်ပြင်လိုက် အ စည်းအဝေးက ချက်ချင်းထထွက်သွားမယ်လို့ပြောလိုက်နဲ့ ဖြစ်မှဖြစ်ပါ့မလားလို့ တထိတ်ထိတ်နေခဲ့ရတဲ့တွေ့ဆုံပွဲ ဖြစ်မြောက် သွားရုံမျှမက အတော်အောင်မြင်သွားတာ မြင်လိုက်ရပါတယ်။ (အမြင်တွေကတော့ အစုံပါ။ အကောင်းမြင်၊ အဆိုးမြင် စသ ဖြင့်။ သို့သော် အများစုကတော့ သတိနဲ့အကောင်းမြင်မှုပါ။)

ဒါဟာ ကိုရီးယားကျွန်းဆွယ် အနုမြူလက်နက်များကင်းစင်ရေးဆိုတဲ့ (တကမ္ဘာလုံးကပြည်သူများ လိုလားတောင့်တတဲ့ ငြိမ်း ချမ်းရေးရဲ့အစချီချက်) လုပ်ငန်းစဉ်ကြီး (Process) အစပြုလိုက်ပြီ။ ဒီအတွက် အလုပ်သဘော ယန္တယားတွေ (Mechanism)စတင်လည်ပတ်သွားပြီဆိုတာ ဖေါ်ပြလိုက်တာပါ။ ဒီခရီးစဉ်မှာ အတက် အကျတွေရှိနိုင်တယ်။ အလျှော့အတင်းတွေ ရှိနိုင် တယ်။ အခန့်မသင့်ရင် တင်းမာမှုတွေပြန်ဖြစ်လာနိုင်တယ်ဆိုပေမယ့် ဒီဖြစ်စဉ်ကိုတော့ လုံးဝပယ်ဖျက်နိုင်ဖို့ မဖြစ်နိုင်တော့ ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အမေရိကန်ပြည်သူများ၊ ကိုးရီးယာပြည်သူများသာမက တကမ္ဘာလုံးက ပြည်သူများကပါ လိုလားတဲ့ကိစ္စရပ်ဖြစ်နေလို့ပါပဲ။ ပြည်တင်းရင် မင်းမခံနိုင် ဆိုတဲ့စကားလည်းရှိတယ် မဟုတ်လား။

ဒါပေမဲ့ အရာအားလုံး ချောမွေ့အဆင်ပြေနိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကင်ရဲ့စကားအတိုင်းပါပဲ။ အတွေးအခေါ်ဟောင်းတွေရဲ့ပိတ်ပင်တားဆီးမှုတွေကို ကျော်လွှားနိုင်အောင်ကြိုးစားရမှာပါ။ ဒီနေရာမှာ ရဲရင့်ပြတ်သားစွာ တီထွင်ဖန်တီးမှုရှိစွာ လမ်း သစ်တွေကို ရှာဖွေရပါလိမ့်မယ်။ ဘုံအကျိုးစီးပွားတူမှုအပေါ်က စဉ်းစားရမှာပါ။ ထရန့်အနေနဲ့ သူ့နိုင်ငံအတွက် အကုန်အကျ တွေများနေတဲ့ (သူရွေးကောက်ပွဲမဲဆွယ်စဉ်က လျှော့ချပါ့မယ်လို့ ကတိပြုခဲ့တဲ့) စစ်ရေးလေ့ကျင့်ခန်း (ထရန့်ကတော့ War Games လို့ သုံးပါတယ်။) တွေကိုရပ်ပစ်မယ်လို့ ကတိပြုပြီး၊ ကင်ကတော့ (Complete Deneclearization) လုံးဝဥသုံ အနု မြူလက်နက်များ ဖျက်သိမ်းပစ်ရေးကို သဘောတူလိုက်ပါတယ်။ ရရှိမဲ့အကျိုးကျေးဇူးများကတော့ ထရန့်အနေနဲ့ အမေရိကန် ပြည်သူများအကြား ကြောက်လန့်နေခဲ့ရတဲ့ အနုမြူအန္တရာယ်ကြီးတရပ်ကို ဖယ်ရှားပေးလိုက်နိုင်ပြီး စစ်ရေးကုန်ကျစားရိတ် များကိုလျှော့ချလိုက်နိုင်ပါတယ်။ ဒါ့အပြင် နှစ်မကုန်မီကျင်းပမယ့် (Mid-term) ရွေးကောက်ပွဲအတွက်လည်း ထရန့်ရဲ့ ရီဘတ်ဗလင်ကင်ပါတီ အရေးသာစေနိုင်တဲ့ သံခင်းတမန်ခင်းအောင်ပွဲတခုရလိုက်တာပါ။ ကင်အနေနဲ့ကလည်း သူ့နိုင်ငံလုံခြုံ ရေးအတွက် တစုံတရာအာမခံချက်ရလိုက်တဲ့အပြင် (အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုတွေ မဖယ်ပေးသေးပေမဲ့) တခြားနိုင် ငံများ (အထူးသဖြင့် တောင်ကိုရီးယားနဲ့တရုတ်) ရဲ့ပိတ်ဆို့မှုများပယ်ဖျက်လိုက်ပြီးဖြစ်တာကြောင့် စီးပွားရေးလမ်းကြောင်း များပွင့်သွားပြီဖြစ်ပါတယ်။ မြောက်ကိုရီးယားပြည်သူများ ခါးစီးပြီး တနိုင်ငံလုံးရဲ့စီးပွားရေးကို အနုမြူလုပ်ငန်းများအပေါ်ပုံ အောထားနေရမှုကနေ တိုင်းပြည်ဖက်စုံဖွံ့ဖြိုးရေးအတွက် ဦးတည်နိုင်တော့မှာပါ။

ဒါကတော့ အတွေးအခေါ်ဟောင်းလုပ်ဟန်ဟောင်းတွေက ကျော်ထွက်နိုင်လို့ ရရှိလာတဲ့အကျိုးကျေးဇူးများဖြစ်ပါတယ်။
စစ်အေးခေတ်ရဲ့ Zero-sum game ဘယ်သူမှ အပြတ်အသတ်အနိုင်မရနိုင်တဲ့ လုပ်ဟန်ကနေ ၂၁ ရာစုရဲ့Win-win ဘက်အားလုံးတစုံတရာအကျိုးရှိနိုင်တဲ့ အပေးအယူ အလျှော့အတင်းလုပ်ဟန်သို့ ပြောင်းလဲလာတဲ့ဖြစ်စဉ်ကို ပြသနေပါတယ်။
   
၁၉၄၈-၂ဝ၁၈ အနှစ် (၇ဝ) ပြည့်သွားပြီဖြစ်တဲ့ ပြည်တွင်းစစ်ကြီးကို အဆုံးသတ်နိုင်ရေးကိုကြိုးစားနေတဲ့ ဗမာပြည်က ဒီဖြစ် စဉ်ကနေ ဘာတွေသင်ခန်းစာယူနိုင်မလဲ။ ဘာတွေလေ့လာသင့်သလဲ။

အထူးသဖြင့် ဒီပြည်တွင်းစစ်ကြီးအတွင်းပေါ်ပေါက်လာသမျှ လက်နက်ကိုင်အင်အားစု အဖွဲ့အသီးသီးရဲ့အဓိကပစ်မှတ် လည်းဖြစ် တပြည်လုံးက အင်အားစုအားလုံးထဲမှာ အင်အားအတောင့်တင်းဆုံးလည်းဖြစ်တဲ့ ဗမာ့တပ်မတော်ကဘာတွေ စဉ်းစားသင့်သလဲ။

၁၉၄၈ ပြည်တွင်းစစ် စတင်ပေါ်ပေါက်ကတည်းက အတွေးအခေါ်(၂) ရပ်တိုက်ပွဲကို တောက်လျှောက်တွေ့နိုင်ပါတယ်။ အ မျိုးသားပြန်လည်ရင်ကြားစေ့ရေးလမ်းစဉ်နဲ့ အပြုတ်တိုက်ရေးလမ်းစဉ်ပါ။ ပြည်သူတရပ်လုံးအနေနဲ့ ငြိမ်းချမ်းရေးကို တသ မတ်တည်းတောင်းဆိုပြီး နည်းလမ်းပေါင်းစုံနဲ့ လှုပ်ရှားခဲ့ကြတာပါ။ ပြည်သူတွေ အကျိုးစီးပွားကို ကိုယ်စားပြုသူအပေါင်း ဟာလည်း ဒီလမ်းစဉ်အတိုင်း လျှောက်လာကြတာပါ။

ပြည်တွင်းစစ်ကြီးအတွင်း စစ်ရေးအင်အားတောင်းလာရုံမက တနိုင်ငံလုံးရဲ့နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဘက်စုံက အခွင့် ထူးဟူသမျှ အခုအထိ ချုပ်ကိုင်ထားခဲ့တဲ့ ဗမာ့တပ်မတော်ကဒီအချိန်အခါမှာဘယ်လိုလုပ်ဆောင်မယ် ဘယ်လမ်းလိုက်မယ် ဆိုတာ ကဗမာပြည်ရဲ့ အနာဂါတ်ကို ပုံဖေါ်ပေးပါလိမ့်မယ်။

ဗမာ့တပ်မတော်အနေနဲ့ကလည်း မိမိတို့သာတိုင်းပြည်ကို အချစ်ဆုံးဆိုပြီး စစ်အာဏာရှင်စနစ်တည်ထောင်ကာ တိုင်းပြည်ကို အကြိမ်ကြိမ်ကယ်တင်လာရာမှာ ရာစုနှစ်ဝက်ကျော်ကြာပြီးနောက် တိုင်းပြည်ကသာ အဆင်းရဲဆုံးနိုင်ငံဖြစ်သွားပြီး မျိုးချစ် စိတ် အပြည့်ဝဆုံးဗိုလ်ချုပ်ကြီးများနဲ့ အတူအပေါင်းပါ (ခရိုနီများက) ကမ္ဘာ့အဆင့်မီ ကုဋေကြွယ်သူဌေးများဖြစ်သွားတာ ပြည်သူတွေ ဆင်းရဲတွင်း နက်သထက်နက်လာတာ အထင်အရှားမြင်တွေ့နေရပြီဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့အကောင်းအဆိုးကို မြင်တွေ့ကြရပြီပဲ။ ဒီတော့ တပ်မတော်ထဲက တကယ်ပဲ တိုင်းပြည်ကို ချစ်သူများ (စွန့်ပြီး မစားရတဲ့ တပ်မတော်သားများအပါ) ဘာလုပ်သင့်သလဲ။ စစ်အာဏာရှင်စနစ်ရဲ့အတွေးအခေါ်ဟောင်းတွေ၊ လုပ် ဟန်အဟောင်းတွေကို တိုက်ဖျက်ကျော်လွှားပြီး၊ တပြည်လုံးပြည်သူတွေလိုလားနေတဲ့ ငြိမ်းချမ်းတဲ့၊ တန်းတူညီမျှတဲ့ ဒီမိုက ရေစီရှိတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတည်ဆောက်ရေးအတွက် တိုင်းရင်းသားများအပါအဝင် ပြည်သူလူထုတရပ်လုံးနဲ့အတူ ဝိုင်း ကြိုးစားသင့်ပါတယ်။ မိမိတို့လက်လှမ်းမီတဲ့ အလွယ်တကူစတင်နိုင်တဲ့လုပ်ငန်းများကနေ တီထွင်ဖန်တီးမှုရှိစွာ စတင် လုပ်ဆောင်ကြည့်သင့်ပါတယ်။

ဥပမာ - တပ်မတော်သားများအနေနဲ့ ၂ဝဝ၈ ဖွဲ့စည်းပုံအရ လွှတ်တော်ကိုယ်စားလှယ်များစေလွှတ်ရာမှာ သက်ဆိုင်ရာတပ်ဖွဲ့ အသီးသီးက အများစုဆန္ဒနဲ့အညီ ရွေးချယ်စေလွှတ်လိုက်တဲ့သူများကို စေလွှတ်ခွင့်ရရေးကအစချီပြီး မိမိတို့ရဲ့အခွင့်အ ရေးတွေကို စတင်တောင်းဆိုသင့်ပါတယ်။

ဒီလိုအသေးစားပြုပြင်ပြောင်းလဲရေးတွေကို တစ တစ တိုးလုပ်ကြည့်ရင်းက ပြည်သူတွေကလိုလားချစ်ခင်တဲ့ပြည်သူတွေ အကျိုးသည်ပိုးတဲ့တပ်မတော်တရပ်ဖြစ်လာရေး ကြိုးစားသင့်ပါတယ်။

လှကျော်ဇော
၁၄၊ ၆၊ ၂ဝ၁၈။

Comments