ညိမ်းအေးသာ ● ကော်ဖီသောက်ခြင်း အနုပညာ

 ညိမ်းအေးသာ ● ကော်ဖီသောက်ခြင်း အနုပညာ
(မိုးမခ) ဇွန် ၁၇၊ ၂၀၁၈

တကယ်တော့ ကော်ဖီသောက်ခြင်း အနုပညာဆိုသော စကားလုံးသည် သူ့ကိုယ်ပိုင်စကားလုံး မဟုတ်ရပါ၊ ကော်ဖီသောက် ခြင်း အနုပညာဆိုသော ခေါင်းစဉ်ဖြင့် သူ့အားပေးသောကဗျာတပုဒ်ကို လက်ခံရရှိဖူးပါသည်။

“ကော်ဖီမတ်ခွက် နှစ်လုံး .. တလုံးမှာ me .. တလုံးမှာက too .. ကိုယ့်အသည်း လေနုအေးလေးဖြတ်သွား ..” ဆိုသော ကဗျာအတိုလေးကို သူ့အားပေးခဲ့သော ကဗျာဆရာမှ တခါက မင်းကိုသိပ်သတိရတယ်ဟုစာပို့ရာ သူကလည်း အလွယ်တကူ me too ဟု ပြန်ဖြေမိပါသည်။ ထို me နှင့် ထို too က ကော်ဖီမတ်ခွက် နှစ်လုံးပေါ် ဘယ်လိုရောက်သွားသည်မသိ၊ လေနု အေးကလည်း ဘယ်အချိန်ဝင်တိုက်သွားသည် မသိပါ။ ထိုကဗျာ အတိုလေးကြောင့် သူနှင့်ကဗျာဆရာအကြား သံယောဇဉ် ထူးခြားဆန်းပြားသွားစရာ အကြောင်းမရှိခဲ့သလို ယခု သူပြောလိုသည့် ကော်ဖီသောက်ခြင်းအနုပညာ အကြောင်းအရာက လည်း ထိုကဗျာခေါင်းစဉ်နှင့် တစုံတရာပတ်သက်ခြင်းမရှိပါ။ သူကော်ဖီသောက်ရင်း စဉ်းစားမိသော ကော်ဖီသောက်ခြင်း အကြောင်းအရာများမှာ သူ ဘယ်အချိန်က ကော်ဖီစသောက်ဖူးသလဲဆိုတာက စပါသည်။

သူငယ်စဉ် မူလတန်းအရွယ်က ကော်ဖီစသောက်ဖူးခဲ့ပြီး ထိုကော်ဖီမှာ ကော်ဖီမှုန့် နည်းနည်းနှင့် နွားနို့ကို ဖျော်ထားသော ကော်ဖီဖြစ်ပါသည်။ သူ ငယ်စဉ်က ခြူချာ၍ ခဏ ခဏ နေမကောင်း ဖြစ်ရာ နေမကောင်းဖြစ်တိုင်း အမေက နွားနို့စစ်စစ် မလိုင်ပျစ်ပျစ်ကလေးကို ကော်ဖီမှုန့်လေးနှင့် ရောစပ်၍ ပူပူမွှေးမွှေး ဆိမ့်ဆိမ့်လေး ဖျော်တိုက်တတ်ပါသည်။ နွားနို့ သောက် လျှင် အဖျားသွေး ပိုဝင်သည်ဆိုသော်လည်း အမေဖျော်တိုက်သော နွားနို့ပါဝင်သည့် ကော်ဖီကြောင့် သူ တခါမှ အဖျားပို မတက်ခဲ့ဖူးပါ။ အမေဖျော်ပေးသော ကော်ဖီများစွာကို နှစ်ခြိုက်စွာသောက်ပြီး သူ ဆယ်တန်းလောက်ရောက်တော့ ကော်ဖီ မစ်များ ဈေးကွက်တွင် ဝင်ရောက်လာပါသည်။ သူ့ မိဘများက ရှားရှားပါးပါး လက်ဆောင်ရသော စူပါကော်ဖီမစ်ထုပ်များကို ကြောင်အိမ်အတွင်း သေချာ အမြတ်တနိုး သိမ်းဆည်းထားကြသည်။ ဒါဟာ အဆင်သင့်သောက်လို့ရတဲ့ ကော်ဖီအထုပ် ကလေး တွေတဲ့ ဟု သူ့ သူငယ်ချင်းများကို ပြဖူးတာ၊ သူငယ်ချင်းများက တအံ့တသြ ယူကြည့်ကြတာလည်း အမှတ်ရပါသည်။ သူ တက္ကသိုလ်ကျောင်းသူဘဝနှင့် မန္တလေးမှာနေရတော့ သူငယ်ချင်းတွေနဲ့ လဖက်ရည်ဆိုင် ထိုင်တတ်လာသည်။ သူငယ် ချင်းတွေ လဖက်ရည်သောက်ရင် သူသောက်တတ်တာ ကော်ဖီဖြစ်ပြီး ထိုစဉ်က သူ့ကော်ဖီခွက်ပူပူကို မြန်မြန်အေးအောင် ရေနွေးပန်းကန်လုံးထည့်သော ရေဖလားလေးထဲထည့်၊ ဇွန်းနှင့်မွှေပေးနေတတ်သော သူငယ်ချင်းကောင်လေး တယောက် လည်း ရှိခဲ့ဖူးပါသည်။

သူ၏ ကော်ဖီသောက်သုံးမှုသည် ခေတ်နှင့် အညီ တဖြည်းဖြည်းရွေ့လျား ပြောင်းလဲလာရာ ကော်ဖီမှုန့်နှင့် နို့ဆီ နို့မှုန့် တို့ကို  သမရိုးကျ ရောစပ်သောက်သုံးရာမှ ကော်ဖီမစ်မျိုးစုံကို စမ်းသပ်သောက်သုံးတတ်လာပါသည်။ မြန်မာပြည်မှာ ကော်ဖီတွေက လည်း များပါသည်။ သူ့ဆရာ ပါမောက္ခတဦး အမြဲသောက်သော မစ်စတာ ကပ်ပ် ကော်ဖီမစ် အပြာရောင် ရနံ့ပြင်းပြင်း အရ သာပြင်းပြင်းကို သူ အားကျပြီး တစိုက်မတ်မတ်လိုက်သောက်ဖူးသောကာလများလည်း ရှိပါသည်။ တက္ကသိုလ်ဆရာမ ဖြစ် လာတော့ နေ့လည်ခင်း ကော်ဖီချိန်မှာ ဌာနတွင်း ကော်ဖီ စုဖျော်သောက်ကြသည်။ ထိုအချိန်မှစပြီး ကော်ဖီနှင့် ပတ်သက်သော သဘောကွဲလွဲမှုများကို သူ စတင်သိရှိခဲ့ရပါသည်။ ဌာနတွင် နေ့လည်ခင်း ကော်ဖီ စုဖျော်သောက်ရန် ကော်ဖီမစ် အထုပ် ကြီးများဝယ်တိုင်း သဘောကွဲလွဲမှုများ ပေါ်ပေါက်လာသည်။ ဆရာမ အချို့က ပရီမီယာကော်ဖီ ကြိုက်ကြသည်။ အချို့က ရင်တုန်ကင်းဝေး ဆိမ့်သက်လေး ဆိုပြီး ဂိုးရို့စ် ကော်ဖီ သောက်လိုကြသည်။ ဆရာမတယောက်ကတော့ သူ့ အမ မန်နေဂျာ လုပ်နေသော ကော်ဖီကုမ္ပဏီက မစ်ကိုမို့ မစ်ကိုကော်ဖီကသာ အကောင်းဆုံးဟု ဆိုပါသည်။ အရေးထဲ သူက ဘယ်ကော်ဖီ တံဆိပ်ပဲဝယ်ဝယ် အက်စ်ပရက်ဆိုပဲ သောက်ချင်တယ်ဟု ဝင်ပြောမိပါသေးသည်။ နောက်ဆုံးတော့ တယောက်မဟုတ် တယောက် ကြိုက်သော ကော်ဖီကို ထိုလအတွက် ဦးစားပေးဝယ်ပြီး ကျန် ဆရာ ဆရာမများကလည်း ပျော်ရွှင်စွာ အတူတကွ သောက်သုံးပေးကြပါသည်။

လူအတော်များများ၏ဘဝတွင် ကော်ဖီသောက်ခြင်း အနုပညာ သိမ်မွေ့နူးညံ့စွာ အရေးပါသော အချိန်ကာလများ ရှိနိုင်ပါ သည်။ လှပစွာ ခင်းကျင်းထားသော ကော်ဖီဆိုင်လေးထဲ ကော်ဖီကို တစိမ့်စိမ့်သောက်ရင်း ချစ်သူမျက်နှာ တစိမ့်စိမ့်ကြည့်နေရ သော အခိုက်အတန့်များကို ဖြတ်သန်းဖူးကြမည် ထင်ပါသည်။ ထိုစဉ် ကော်ဖီ ချိုသည် ခါးသည်ထက် ချစ်သူ့မျက်နှာ ချိုသည် ခါးသည်ကိုသာ အာရုံထားနေကြ၍ ကော်ဖီအရသာ အရေးမပါသော်လည်း ထိုကော်ဖီနေ့စွဲများကို ဘယ်သောအခါမှ မေ့နိုင်ကြလိမ့်မည် မဟုတ်ပါ။ “ကော်ဖီကြိုက်တဲ့ အချစ်ရယ်.. ခုတော့ မင်းဘယ်မလဲ” ဆိုသော သီချင်းစာသားသည် ကော်ဖီ ဆိုင်တွင် အဆုံးသတ်ခဲ့ရသော အချစ်ဇာတ်လမ်းတပုဒ်၏ အဆွေးဇာတ်ဝင်တေး ဖြစ်နိုင်ပါသည်။ သူ ကိုယ်တိုင်လည်း တက္က သိုလ်ဆရာမဘဝမှ အနားယူပြီး ငြိမ်းအေးလှပသောကော်ဖီဆိုင်လေးတခုကို ဖွင့်လိုပါသည်။ ကဗျာစာအုပ်များ ခင်းကျင်း ထားခြင်း၊ ကဗျာဆရာကြီးများအတွက် ကော်ဖီတခွက်သောက်လျှင် မုန့်တခု အခမဲ့ဝန်ဆောင်မှုပေးခြင်း၊ သူ့ကော်ဖီဆိုင် လေးထဲတွင် ကဗျာစကားဝိုင်းများ အပတ်စဉ် ကျင်းပလိုခြင်း တို့သည် ကဗျာချစ်သော သူ့ရဲ့ တနေ့နေ့ အိပ်မက်များ ဖြစ်ပါ သည်။

သူ့ဘဝတွင် ကော်ဖီသည် အရေးပါသော နေရာမှာ ရှိနေပြီး ယခုအခါ ကော်ဖီကို မသောက်ရ မနေနိုင်အောင်လည်း တစတစ စွဲလန်းနေခဲ့ပြီ ဖြစ်ပါသည်။ သူ့အိမ်တွင် ကော်ဖီမှုန့်မျိုးစုံ၊ ကော်ဖီခွက်မျိုးစုံ ရှိပါသည်။ အသင့်သောက်ကော်ဖီများ၏ ကော်ဖီမှုန့် အတု၊  နိုမှုန်ု့အတုများ ကျန်းမာရေးအတွက် အန္တရာယ်များကြောင်း ပညာပေးအရေးအသားများအရ သိရှိလာရပြီး ကော်ဖီ မစ်အချို့ကို သူ ဆက်လက်မသောက်သုံးရဲတော့သော်လည်း ပြင်ဦးလွင်မှ ထုတ်လုပ်သော ကော်ဖီစစ်စစ် အာရေးဗီးကား ကော်ဖီမစ်ကိုတော့ သူ ယုံကြည်စွာ ဆက်သောက်ပါသည်။ ရန်ကုန်ရောက်တိုင်း လှည်းတန်းမှ ဆု ကော်ဖီမှုန့် ဝယ်လာ တတ်သလို ကလေးတက္ကသိုလ်မှ ဆရာတယောက် လက်ဆောင်ယူလာပေးသော သီရိမွန် တီးတိန်ကော်ဖီမှုန့် မွှေးမွှေးကို ကော်ဖီမိတ်နှင့် အချိုးတကျ ရောစပ်ဖျော်၍လည်း ယခုတလော သောက်လေ့ရှိပါသည်။ သူ ကော်ဖီကြိုက်မှန်းသိ၍ မိတ် ဆွေများ တပည့်များမှ ကော်ဖီအမျိုးမျိုး၊ ကော်ဖီခွက် အမျိုးမျိုး လက်ဆောင်ပေးကြသည်။ သူ့တပည့်မလေးတဦး သူ့အတွက် မွေးနေ့လက်ဆောင်ပေးသော ကော်ဖီခွက် အနက်ရောင်မှာ ရေနွေးပူပူထည့်လိုက်လျှင် ကော်ဖီခွက် နံရံမှာ သူ့ဓာတ်ပုံ တဖြည်းဖြည်း ထင်လာပါသည်။ စိတ်ကူးကောင်းသော တပည့်မလေးအား ချစ်ခင်ရသလို သူ့ဓာတ်ပုံပါဝင်နေသော ကော်ဖီ ခွက်အား သဘောကျမိသော်လည်း ထိုနည်းပညာ ဆန်းကြယ်သော ကော်ဖီခွက်နှင့် သူ တခါမှ ကော်ဖီထည့်မသောက်ရဲခဲ့ပါ။ အမှတ်တရအနေနှင့်သာ သိမ်းထားရပါသည်။

ကော်ဖီမသောက်ရလျှင် ခေါင်းမကြည်၊ ထိုင်းမှိုင်းသလိုဖြစ်သည်ဟူသော အစွဲအလမ်းကြောင့် သူ နေ့စဉ်ကော်ဖီ သောက်ဖြစ် သလို ကော်ဖီသောက်ရင်း ငေးရ တွေးရသော အရသာကိုလည်း သူ ကြိုက်ပါသည်။ တခါက မိုးတစိမ့်စိမ့်မို့ အိမ်အပြင် မထွက်ဘဲ ကော်ဖီပူပူလေးတခွက်ကို ပြတင်းပေါက်အနားမှာ အရသာရှိရှိ ထိုင်သောက်နေရင်း အတွေးတခုပေါ်လာသည်။ သူ့မှာ ကော်ဖီသောက်ချင်သည့် အချိန်တိုင်း အေးအေးဆေးဆေး သောက်နေရသည်။ သူ အစဉ်အမြဲ အေးအေးဆေးဆေး ကော်ဖီသောက်ရသလို လူတိုင်း လူတိုင်းရော သောက်ခွင့်ရကြပါ့မလားဆိုသောအတွေးက သူ့ နှလုံးသားထဲအထိ ရောက် လာသည်။ ကော်ဖီတခွက်ကိုမှ စိတ်အေးလက်အေး စိတ်ချလက်ချ မသောက်ကြရသောဘဝများအတွက် သူ့ရင်တွေ အဆ မတန် နာကျင်လာပါသည်။ စိတ်ချလက်ချ ကော်ဖီသောက်ဖို့ မဆိုထားနဲ့ ကော်ဖီတခွက် သောက်ချင်ပါတယ်လို့တောင် တောင့်တစိတ်လေး ဖြစ်ပေါ်ခွင့်မရအောင် မအေးချမ်းနိုင်သော ဘဝများအတွက် စာနာမိပါသည်။ မြန်မာပြည်မှာ ကော်ဖီ တွေက များသလို အလွယ်တကူ သောက်နိုင်သော ကော်ဖီတခွက်ကိုပင် အေးအေးချမ်းချမ်း သောက်ခွင့်မရသော ဘဝတွေ က များလှပါသည်။ လူတိုင်း ငြိမ်းငြိမ်းချမ်းချမ်း ကော်ဖီတခွက် သောက်ခွင့်ရရေး.. တို့အရေးလို့ပဲ တောင်းဆိုရရင် ကောင်း မလား၊ လူတိုင်း ငြိမ်းချမ်းစွာ ကော်ဖီတခွက် သောက်ခွင့်ရရေးသည် မွေးရာပါ လူ့အခွင့်အရေး ဖြစ်ပါသည်။ ထိုအခွင့် အရေးအတွက် အဆုံးအဖြတ်ပေးနိုင်သူများက ဝိုင်းဝန်းစဉ်းစား အဖြေရှာကြစေလိုပါသည်။ စားပွဲအဝိုင်းတွင်ဖြစ်စေ စားပွဲ လေးထောင့်တွင်ဖြစ်စေ ကော်ဖီပူပူ အတူတူသောက်ရင်း လူတိုင်း လူတိုင်း ကော်ဖီသောက်ခြင်း အနုပညာကို မလွဲမသွေ ခံစားခွင့် ရရှိစေရေး အတွက် အကြေအလည် ဆွေးနွေးသင့်လှပါသည်။ ထိုကော်ဖီဝိုင်းတွင် ဟိုကော်ဖီက ပိုကောင်းတယ် .. ဒီကော်ဖီကိုတော့ သောက်လို့ကို မရဘူးဟု အချင်းချင်း အငြင်းမပွားကြစေလိုပါ။

ညိမ်းအေးသာ

Comments