လောအယ်စိုး ● ဆရာမ ဒေါ်ခင်ထားရွှေ – အပိုင်း (၂)

လောအယ်စိုး ● ဆရာမ ဒေါ်ခင်ထားရွှေ – အပိုင်း (၂)
(မိုးမခ) ဇွန် ၂၈၊ ၂၀၁၈

ကျောင်း၌ သင်ကြားပို့ချရမည့် သင်ရိုးညွှန်းတမ်းများကို ဆရာမသည် ကျွန်တော်တို့၏ အတန်းနှင့် အခြားဝိဇ္ဇာဘာသာတွဲ စာသင်ခန်းခွဲများတို့တွင် ပုံမှန် ပျက်ကွက်မှု မရှိပဲ တာဝန်ကျေစွာဖြင့် သင်ကြားပို့ချပါသည်။

မှတ်မိသမျှ အမေရိကန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့၏ ပထဝီဝင်အနေအထား စီးပွားရေး လူမှုရေးနှင့်ဆိုင်သည့် အချက်များကို ထိုအချိန်က ကျွန်တော်တို့သင်ကြားခဲ့ရပါသည်။

အိမ်စာအဖြစ်ပေးသည့် ပထဝီဘာသာနှင့် ပတ်သက်သော ကျက်စရာများကိုလည်း ကျွန်တော် တာဝန်ကျေအောင် အထူးဂရုစိုက်၍ ကျက်မှတ်ပါတော့သည်။ အမှန်တကယ်ဝန်ခံရပါက မိမိတဦးတယောက် တာဝန်မကျေမှုကြောင့် ဆရာမအား စိတ်မဆင်းရဲစေလိုသောကြောင့် ဖြစ်သည်။

အသားညိုညို ထောင်ထောင်မေားမောင်းနှင့် အမြဲပြုံးရွှင်နေတတ်သော ဝင်းအောင်သည် ကျွန်တော်တို့ အတန်၏ အတန်းခေါင်းဆောင် တဦးဖြစ်သည်။ ကျောင်းတတ်ခေါင်းလောင်းထိုးသည်နှင့် ဝင်းအောင်သည် ဆရာမ၏နေ့စဉ်ကျောင်းသို့ယူဆောင်လာသော ခြင်းကို ဆရာများနားနေခန်းမှ အတန်းသို့ ဆရာမ မရောက်မှီ ကြို၍ ယူဆောင်ပေးပါသည်။

စာသင်ချိန် ခေတ္တနားနေသော အချိန်တွင် ဆရာမတယောက်တဦးတည်း အဝေးသို့ ငေးမောနေတတ်သည်ကို ကျွန်တော်တခါတရံမြင်မိပါသည်။

ကျွန်တော်ဆရာမနှင့် သိကျွမ်းဝင်ခဲ့သော ကာလများ အတွင်း၌ ဆရာမသည် သူမ၏ သ္မီးဖြစ်သူ မိဟံသာ၏ အကြောင်းကို တခါဘူးမျှ ပြောဆိုခဲ့ခြင်းမရှိပါ။

ဗုဒ္ဓဘာသာသာသနာသမိုင်းတွင် ထင်ရှားသော် ဆရာတော်ကြီးများ၏ အကြောင်းကို ဆရာမသည် သင်ခန်းစာအသစ်တတ်ပြီးသည်နောက်ပိုင်း ပိုနေသည့် အချိန်များတွင် အတန်းသူ အတန်းသားများအား ပြောပြလေ့ရှိပါသည်။

အခြေခံပညာအထက်တန်း ပညာရေးကို အောင်မြင်ပြီနောက် တက္ကသိုလ်အသီးသီးသို့ရောက်ရှိသွားကြသော သူမ၏တပည့်ဟောင်းများ အကြောင်းများကို တခါတရံ ကျွန်တော်တို့အား ပြောပြပါသည်။

စာသင်နေစဉ်အတွင်း ခရီးအဝေးမှ အချိန်ယူ၍ ဆရာမအား လာရောက်တွေ့ဆုံသော ကျောင်းသား ကျောင်းသူဟောင်းများ ရောက်လာတတ်ပြီး ဆရာမကို ဂါရဝ လာရောက်ပြုတတ်ကြသည်။ ကျေးဇူးတင်လွန်းသော နှလုံးသားများနှင့် ပျော်ရွှင်နေသော တပည့်ဟောင်းများ၏ မျက်နှာများ၊ ကြည်နူးမှုတို့နှင့် ဝင်းပနေသော ဆရာမ၏ အပြုံးအား ထိုအချိန်တွင် ဆရာမအား ကျွန်တော်မြင်တွေ့ခဲ့ရပါသည်။

အတန်းသူ အတန်းသားများတို့မှ ဆရာမ၏ကြေကွဲမှုအပေါ် စာနာသော ဂရုဏာ မေတ္တာတရားတို့နှင့် ဆရာမထံမှ ကျွန်တော်တို့အပေါ်ထားရှိသော စေတနာတရားတို့ကြောင့် မိုးတွင်ကာလ ကျောင်းစာသင်ချိန် နာရီများအတွင် တဦးနှင့်တဦး ပို၍ ရင်းနှီးလာခဲ့သည်။ ဆရာမနှင့် ကျွန်တော်တို့၏အကြား မိဘနှင့်သားသ္မီးကဲ့သို့သော ချစ်ခြင်းမေတ္တာနှင့် ချည်နှောင်းရစ်ထုံးခဲ့ပါသည်။

ဝါလကင်းလွတ်၍ သီတင်းကျွတ်ကာလ တန်ဆောင်တိုင်အခါသမယသို့ မကြာမှီရောက်ရှိတော့မည်ဖြစ်သည်။ အစဉ်အလာကြီးမားလှသည့် ကျွန်တော်တို့ အ.ထ.က (၁)၏ ကထိန်မင်္ဂလာအလှူကိုလည်း ကျင်းပ လှူဒါန်နိုင်ရန် တာစူ၍ နေပေပြီး နို့မုန့်ဘူးဟောင်းကို စုဘူးပြုလုပ်၍ ကထိန်အတွက် အလှူငွေကိုလည်း ကျွန်တော်တို့နေ့စဉ်ကောက်ပါသည်။

တမ်းတ၍ လွမ်းမောဘွယ်ကောင်းလှသော အထက်တန်းကျောင်းသား ဘဝ၏ နေ့ရက်များပင်ဖြစ်ပါသည်။ အတန်းသူ အတန်းသားအမျာစုမှာ ဗုဒ္ဓဘာသာဝင်းများဖြစ်ကြသည် ကျွန်တော်အပါဝင် လူနည်းစုက ခရစ်ယာန်ဘာသာဝင်များဖြစ်ကြသည်။ အခြားအစ္စလာမ်ဘာသာဝင်နှင့် ဟိန္ဒူဘာသာဝင်များကလည်း ကျွန်တော်တို့ကဲ့သို့ လူနည်းစုမျာဖြစ်ကြသည်။

စာသင်ခန်းထဲတွင် ကျွန်တော်တို့ အကြားတဦးနှင့် တဦး ဘာသာရေး လူမျိုးရေးနှင့် ပတ်သက်သော အနှုတ်လက္ခဏာဆောင်သည် ခံယူချက်များ မရှိကြပါ။

ဝတ်ပြုကိုးကွယ်ရန်အတွက် အစ္စလာမ်ဘာသာဝင် ကျောင်းသားများကို သောကြာနေ့စောစော တဆယ်နှစ်နာရီမထိုးမှီ ကျောင်းဆင်းခွင့်ပြုသည်။ ကျွန်တော်တို့ ခရစ်ယာန်ဘာသာဝင်များအတွက် ဆယ်တန်းသို့ ကျွန်တော်ရောက်ရှိသော နှစ်ကစတင်ပြီး ခရစ်စမတ်ပွဲတော်ကို ကျင်းပသည်။ အလယ်တန်း အထက်တန်းကျောင်းသူ ကျောင်းသားများ ဆရာမ ဒေါ်မြင့်မြင့်အေး၏ ဦးဆောင်မှုနှင့် ခရစ်စမတ်သီချင်းများကို ပျော်ရွှင်စွာနှင့် ဒီဇင်ဘာညများတွင် ကျွန်တော်တို့ သီကျူးခဲ့ကြသည်။ ငြိမ်ချမ်း၍ ဖြူဝင်ခဲ့ကြသော ဆယ်ကျော်သက်ရွယ် အထက်တန်းကျောင်းသား ဘဝများပင်မဟုတ်ပါလား။
တန်ဆောင်တိုင်ကာလအတွင်း ကျွန်တော်တို့ အ.ထ.က (၁)၏ ကထိန်နှင့် အတူ အစဉ်အလာရှိသော အလှူတခုမှာ ကထိန်လှည့်ပြီး နောက်တနေ့ အသီးသီးသော အလှူပဒေသာပင်များကို မိမိတို့မဲပေါက်သော ဘုန်းကြီးကျောင်းများတို့အား အလှူရှင်ကျောင်းသူ ကျောင်းသားတို့က လိုက်လံ၍ ပို့ဆောင်ရသည်။ ထိုနေ့ နံနက်တွင် ကျောင်းသူ ကျောင်းသားများကို မုန့်ဟင်းခါးကျွေးပါသည်။

ထိုမုန့်ဟင်းခါး အလှူအတွက် တာဝန်ယူချက်ပြုတ်ခြင်းကို ဆရာမ ဒေါ်ခင်ထားရွှေမှ နှစ်စဉ်တာဝန်ယူမြဲဖြစ်သည်။ ယခုလာမည့်နှစ် မုန့်ဟင်းခါး အလှူအတွက် ချက်ပြုတ်တာဝန်ယူကြရန် ကျွန်တော်တို့ အတန်းသူ အတန်းသားများအားလုံး စိတ်လှူပ်ရှာခြင်းကြီးနှင့် တတ်တတ်ကြွကြွ ထိုမုန့်ဟင်းခါး ချက်မည့် ညအတွက် ရင်ခုံနေကြသည်။

“မင်းတို့ အဲဒီမုန့်ဟင်းခါးချက်မဲ့ ညမှာ ငါတပည့်ဟောင်းတွေကိုဆုံရမယ်၊ သူတို့လည်း ငါကို နှစ်တိုင်းလာပြီး ကူညီကြတယ်” ဟု ဆရာမက ကျွန်တော်တို့ အတန်းသူ အတန်းသားများကို ပြုံး၍ ပြောပါသည်။

ထိုမုန့်ဟင်းခါး ညချမ်းအတွက် ကျွန်တော်တို့ ကြို၍ ပျော်ရွှင်ခဲ့ကြသည်။ ကျောင်းဖွင့်စ အချိန်မှ သီတင်းကျွတ်ကာလ အလွန်အထိ ကထိန်အလှူအတွက် ကျွန်တော်တို့ စုထားသော စုဗူးကြီးကို တခါဖောက်ပြီးပါပြီး ဒုတိယ အကြိမ်စုဗူးကြီးကို ပြန်ပိတ်ကာ အလှုပြန်၍ခံနေပါပြီး။

ကျွန်တော်အပါအဝင် အတန်းသူ အတန်းသားများ ဆရာမနှင့် ရင်းနှီး ခင်မင်တွယ်တာမှု ပို၍ နက်ရှိုင်းလာခဲ့သည်။ ကျွန်တော်တို့အားလုံးက ဆရာမကို မိခင်တဦးတယောက်ကဲ့သို့ သံယောဇဉ်ရှိသွားခဲ့ကြသည်။

ကျောင်း၏ကထိန်အလှူမင်္ဂလာပွဲတော်ကျင်းပသည့် အခါတွင်လည်း ကျွန်တော်တို့ အတန်းသားများ အားလုံးပျော်ရွှင်စွာဆင်နွှဲကြသည်။ အဖြူနှင့်အစိမ်းရောင်တူညီစွာဝတ်ဆင်ထားကြသည်၊ ကျောင်းသူ ကျောင်းသားများ ပဒေသာပင်အလှူဝတ္ထုပစ္စည်းများနှင့် ဘားအံမြို့တွင်း လှည့်လည်ခြင်းကို မိဘဖြစ်သူများက ကြည်နူးစွာနှင့်အားပေးကြသည်။
ပြန်၍ ထိုနေ့ရက်မျာကို တွေးမိတိုင်း ကျွန်တော် တမ်းတစွာနှင့် လွမ်းဆွက်မိသည်။ ထိုစဉ်က သူငယ်ချင်းများကိုလည်း သတိရသည် ယခုအခါ သူတို့တတွေ လူလောက ဘဝပင်လယ်ခရီးရှည်ကြီးတွင် အသီးသီးသော နေရာမျာတွင် ကူးခပ်ကျင်လည်နေကြလိမ့်မည် ဖြစ်သည်။

ထိုနေ့ရက်များတို့သည် ကျွန်တော်တို့၏ အဖြူရောင်နေ့ရက်များ အပူပင် ကင်းမဲ့ခဲ့ကြသော နေ့ရက်များပင် မဟုတ်ပါလား။
မတူညီသော ကိုးကွယ်မှုများ ကျွန်တော်တို့၌ရှိကြသော်လည်း ဘာသာတရာများက ကျွန်တော်တို့ အတန်းသူ အတန်းသားများတို့အား တံတိုင်းကြီးခြားထားခြင်းမရှိပါ။ စုပေါင်းအားဖြင့် အချင်းချင်း နားလည်မှု ချစ်ခြင်းမေတ္တာတရားတို့ဖြင့် အတူတကွ လုပ်ဆောင်မှုပင်ဖြစ်ပါသည်။

ဆရာမကို လေးစား ချစ်ခင်သောအားဖြင့် မုန့်ဟင်းခါးချက်သော ညက လာရောက် ကူညီပေးကြသော ဆရာမ၏ တပည့်ဟောင်းများတို့အား ကျွန်တော်သည်ကြည့်ရင် ဆရာမနှင့် သူ၏ တပည့်ဟောင်းတို့၏ သံယောဇဉ်အတိမ်အနက်ကို ကျွန်တော် ခန့်မှန်နိုင်ခဲ့သည်။ စိတ်ထဲမှာလည်း"ငါဆယ်တန်းအောင်သွာခဲ့ရင် လည်း ဆရာမကို ဒီလိုမျိုး မုန့်ဟင်းခါး ချက်တဲ့ညမှာ လာကူညီမယ်” ဟူ၍ ခံစာမိခဲ့ပါသည်။

ကျောင်း၏ ဘုံကထိန်ပွဲပြီးသည့်နောက် ဆရာမနှင့် ကျွန်တော်တို့ အတန်းသူ အတန်သားတို့၏ သံယောဇဉ်သည် ပို၍ ခိုင်မြဲသွားခဲ့ပါသည်။ ဆရာမ၏ ကူညီ ဦးဆောင်မှုနှင့် ပရဟိတလုပ်ငန်းများတို့ကို စုပေါင်း၍ လုပ်ဆောင်ချင်သော ဆန္ဒများ ကျွန်တော်တို့၏ နှလုံးသားထဲတွင် သန္ဓေစတည် စိတ်အားထက်သန်ခဲ့ကြသည်။

ကျွန်တော်တို့ လူလားမမြောက်မှီကတည်းက ကရင်ပြည်နယ်အတွင်း မှီတင်းနေထိုင်ကြသော သူများတို့သည် နိုဝင်ဘာလ (၇) ရက်နေ့သို့ရောက်တိုင်း ကရင်ပြည်နယ်နေပွဲတော်ကို ပျော်ရွှင်စွာနှင့် ဆင်နွှဲကြပါသည်။ နောင်မှသာ ထိုကရင်ပြည်နယ်နေ့၏ နိုင်ငံရေး အနှစ်သာရ အတိမ်အနက်ကို သိခဲ့သော်လည်း ထိုအချိန်က ကျွန်တော်တို့သည် ပြည်နယ်နေ့ မရောက်မှီ မိုးအကုန်းရက်များကတည်းက ကြို၍ ရင်ခုန်ခဲ့ကြသည်။

အသီးသီးသော ဝန်ကြီးဌာနများ၏ ပညာပေးပြခန်းများ ကရင်ရိုးရာဒုံးအကပြိုင်ပွဲ လက်ဝှေ့ပွဲ ကုန်သွယ်ရေဝန်ကြီးဌာနမှ ရောင်းချသော ဆေးမျိုးစုံ၊ စားသောက်ဆိုင်ခန်းများ စသည့် စသည့်တို့သည် ကရင်ပြည်နယ်နေ့၏ မြင်ကွင်းများဖြစ်သည်။
အထူခြားဆုံးမှာ ထိုစဉ်ကာလက ပွဲတော်ကျင်းပသည် သံလွင်ကွင်းကြီးထဲ အရက်သေစာများကို လုံးဝရောင်းချခြင်း ခွင့်မပြုခဲ့ပေ။ အပြင်မှ သောက်စားလာပြီး ပွဲအတွင်၌ ရမ်းကားသူများကို ထိထိရောက်ရောက် အရေးယူကြသည်။

ထိုအချိန်က ဘီယာဆိုသည်မှာ မူးယစ်စေတတ်သော ယမကာအဖြစ် သတ်မှတ်ကြသည်၊ လူမှုရေးတွင် ခြားခံ အဖျော်ယမကာအဖြစ် ထင်းထင်းရှားရှား မရှိသေးပေ။

တဦးတယောက်၏ မိသားစုဖြစ်စေ ဘာသာရေး အသင်း လူမှုရေအသင်းများက စားသောက်ဆိုင်များ ဖွင့်၍ ရံပုံငွေများလည်းရှာတတ်ကြသည်။ ကျွန်တော်ဝတ်ပြုကိုးကွယ်သော  ဘားအံမြို့ နှစ်ခြင်းအသင်းတော်မှ လူငယ်များတို့သည် နှစ်စဉ် လက်ဖတ်ရည်ဆိုင်ဖွင့်ပြီး ရံပုံငွေရှာကြသည်။ ကျွန်တော်တို့ လူငယ်များကလည်း ထိုအချိန်တွင် ပျော်ရွှင်စွာနှင့် မိမိကျွမ်းကျင်သော နေရာမှ  အသီးသီးပါဝင်ကြသည်။ လက်ဖတ်ရည် ဖျော်သည် လူကဖျော်၊ စားပွဲထိုးသည် လူက စားပွဲထိုး၊ ကြံရည်ကြိတ်သည့် လူငယ်များက ကြံရည်ကြိတ်နှင့် မမောနိုင်မပမ်းနိုင်။ ကရင်ပြည်နယ်ပွဲတော်ကြီး ပြီး၍ ရရှိလာသော အမြတ်အားလုံးကို အသင်းတော်တွင် လိုအပ်သော အရာများတွက် ဝယ်ယူနိုင်ရန် အားလုံးကို လှူဒါန်းကြသည်။

လူငယ်များ၏ ညီညွတ်သော အနစ်နာခံတတ်သော ကိုယ်ကျိုးမငဲ့သည့် နှလုံးသားများက တန်ဘိုးရှိစွာ အမြတ်အဖြစ်ကျန်ရစ်ပါသည်။

တနေ့ စာသင်မှုပြီးဆုံး၍ ဆရာမနားနေစဉ် ကျောင်းသားတဦးမှ ဆရာမအား"ကျွန်တော်တို့ ကရင်ပြည်နယ်နေ့မှာ ကျောင်းရံပုံငွေအတွက် မုန့်ဟင်းခါးဆိုင် ဖွင့်ရင် မကောင်းဘူးလား ဆရာမ” ဟု အဆိုပြု၏၊ ဆရာမလည်း စိတ်ပါဝင်စားမှုရှိကာ"အေး ဒါပေမယ် ပင်ပန်းမှာက မင်းတို့ပဲနော်” ဟူ၍ တုန့်ပြန်၏။

ကျောင်း၏ကထိန်မုန့်ဟင်းခါး ချက်သည့် ညမှာ ရလိုက်သော ကြည်နူးမှု ကျွန်တော်တို့တွင် အရှိန်မကုန်သေးပါ၊ ဆရာမနှင့် ကျွန်တော်တို့လက်တွဲ၍ မွန်မြတ်သော စုပေါင်းလုပ်ဆောင်မှုအတွက် အတန်သူ၊ အတန်းသား အားလုံးက ဆန္ဒပြင်းပြနေကြသည့် အချိန်လည်းဖြစ်ပါသည်။

သည်လိုနှင့် ကျွန်တော်တို့ အချိန်ကြာကြာ မဆွေးနွေးလိုက်ရပါ၊"မင်းတို့ တကယ်လုပ်နိုင်ရင် ငါ ဆရာမကြီးကို ခွင့်ပြုချက်တောင်းကြည့်မယ်” ဟု ဆရာမက ဆို၏။

အတန်းသူ၊ အတန်းသားများအားလုံး"ဟေး”ကနဲ့ တညီတညွတ်တည်း အော်ဟစ်ကာ ဝမ်းသာ ပျော်ရွှင်လိုက်ကြသည်ဖြစ်ခြင်း။

ကျောင်း၏ ကထိန်ပြီးသည့် ရက်များ မကြာမမြင့်မှီ ကရင်ပြည်နယ်နေ့သို့ ရောက်စမြဲဖြစ်သည်။ ကျောင်းအုပ်ဆရာမကြီး၏ ခွင့်ပြုချက်ရရှိသည်နှင့်တပြိုင်နက် ဆရာမနှင့် ကျွန်တော်တို့ အတန်းသူ အတန်းသားများ၏ မုန့်ဟင်းခါးဆိုင်ဖွင့်နိုင်ရေးတွက် လုံးပမ်းကြပါတော့သည်။ လိုအပ်သည့် အရင်းအနှီးကို မည်သူ စိုက်ထားပေခဲ့သည်ကို ကျွန်တော် ကောင်းစွာမမှတ်မိတော့ပါ။
ကျွန်တော် ဆယ်တန်းအောက်ပြီးသည့်နောက် တက္ကသိုလ်ကျောင်းသာဘဝ ထိုမှ တဆင့် လုပ်ငန်းခွင်သို့ ရောက်ရှိသော အချိန်အထိ ဆရာမနှင့် သူ၏ အတန်းသူ အတန်းသားများ ကျောင်းအတွက် ရံပုံငွေ မုန့်ဟင်းခါးဆိုင် ပြည်နယ်ပွဲနေ့အတွင်း ဖွင့်သည်ကို ကျွန်တော်မကြားမိတော့ပါ။ ကျွန်တော်တို့ မတိုင်မှီ အစ်ကိုကြီး အစ်မကြီးများတို့၏ အချိန်က ရှိကောင်းလည်းရှိပေလိမ့်မည်။

စာညံ့သောအတန်းဟု သတ်မှတ်ခြင်ခံရသော ကျွန်တော်တို့ အတန်းသည် စည်းလုံညီညွတ်မှု ဘာသာရပ်တွင် တယောက်စီတိုင်း စာမေးပွဲဖြေဆိုပါက ဂုဏ်ထူးနှင့် အောင်မြင်ကြပေလိမ်မည်။

အသီးသီးသော ကျောင်းသူ ကျောင်းသားတို့သည် မိမိတို့အား ပေးအပ်သည့် တာဝန်များကို ကျေပြွန်အောင်ထမ်းဆောင်ကြသည်။ ပွဲတော်အတွင်ရောင်းချမည့် ဆိုင်ခန်း၏ နေရာအတွင်ဆရာမမှ တာဝန်ယူပါ၏။

ဈေးဝယ်မည့်သူ ချက်ပြုတ်မည့်သူ စားပွဲထိုးမည့်သူ အကြော်ကြော်မည့်သူ မုန့်ဟင်းဖိုမှ မုန့်ဟင်းခါးများကို အချိန်မှီရရှိအောင် သယ်ယူကြရမည့်သူ စသည့် စသည့် အသီးသိးတို့အား ဆရာမမှ တာဝန်ပေးပါတော့သည်။ တယောက်စီတိုင်း အသီးသီးသော တာဝန်များကို အကောင်းဆုံးထမ်းဆောင်ကြသည်။ ထိုအချိန်က သူငယ်ချင်းများအားလုံးကို ယနေ့တိုင် ကျွန်တော် လွမ်းမိပါသည်။ ဘဝ၏ အဖြုရောင်နေ့ရက် များပင်မဟုတ်ပါလား။

ကရင်ပြည်နယ်နေ့ပွဲတော်သည် ထိုအချိန်က နှစ်စဉ် နိုဝင်ဘာလ (၇) ရက်နေ့ နံနက်တွင် စတင်ကျင်းပပါသည်။ သို့သော် နိုဝင်ဘာလ (၆) ရက်နေ့ ညနေခင်းအချိန်မှ စ၍ပွဲတော်အတွင်း ဆိုင်ခန်းမျိုးစုံနှင့် စည်ကား၍ နေပါပြီး။ နိုင်ဝင်ဘာလ (၉) ရက်နေ့ညကို ပွဲတော်၏ နောက်ဆုံးသော ညအဖြစ်သတ်မှတ်ပါသည်။ နှစ်စဉ် နှစ်တိုင်း ကရင်ပြည်နယ် နေ့ရောက်သောအခါ မိဘမှပေးသော မုန့်ဘိုးဖြင့် ကျွန်တော်သည် ပွဲတော်ဝင်ကြီးအတွင်း နေ့ရော ညအချိန်များပါ ရှိနေတတ်သည် မနက်ခင်း နံနက်ဆယ်နာရီကျော်ကျော်မှ ပွဲခင်းထဲသို့လှည့် ညနေခင်းပိုင်း အိမ်သို့ ခေတ္တပြန် ရေချိုးပြီး ညဥ့်ဦးယံမှ ညဆယ်နာရီကျော်ကျော်အထိ ပွဲခင်းထဲတွင် လှည့်လည်ကာနေတတ်သည်။

မှတ်မှတ်ရရ ထိုအချိန်များတွင် ရန်ကုန်မှလာရောက်ပြသတတ်သော ရုပ်ရှင်ဇာတ်လမ်း တိုလေးများကိုလည်း ကြည့်တတ် သည်။ ဆိုင်းသံတညံညံနှင့် အော်ဟစ်အားပေးနေကြသော လက်ဝှေ့ရုံကြီးထဲတွင်လည်းရှိနေတတ်သည်။ သို့မဟုတ်ပါက ဝန်ကြီးဌာနအသီးသီးမှ ဖွင့်လှစ်ပြသထားသော ပြခန်းများကို တခုချင်းစီ လှည့်လည်၍လည်းကြည့်နေ တတ်စမြဲ။ ထို အချိန်က မုန့်ဟင်းခါးကို ပဲကြော် သို့မဟုတ် ဘူးသီးကြော်နှင့် စားပါက ငါးမတ်သာ ကုန်သည့်ကာလ နေ့ ရက်များပင် ဖြစ်သည်။

ပါတီနှင့် ကောင်စီ လူကြီးမင်းများတို့ စီးနင်းသော အစိမ်းရင့်ရောင် မာဇတာ ဂျစ်ကားကြီးများ တဝီဝီမောင်းနှင်းနေသော အချိန်လည်းဖြစ်သည်။

ယခုနှစ် ဆရာမဦးစီး၍ ကျွန်တော်တို့မှ ပြည်နယ်ပွဲအတွင်း ရံပုံငွေ မုန့်ဟင်းခါး ဆိုင်ဖွင့်သော အခါ မိမိ၌ ကြီးမားသော တာဝန်ကြီ်းတရပ်ကို ထမ်းဆောင်နေရသည်ဟု ကျွန်တော်ခံစားမိခဲ့သည်။ ထိုတာဝန်ကြီးအတွက်လည်း တာဝန်ကျေပြွန်စွာ ထမ်းဆောင်ရမည်ဟုလည်း အပြည့်အဝကို ခံယူမိခဲ့သည်။

ကျွန်တော်၏ တာဝန်ကား နေ့စဉ် မုန့်ဟင်းခါးဖတ်များကို ကျွန်တော်တို့ဘာအံမြို့၊ ဒေသအခေါ် (၁၅ဝ) ကွက်သစ်မှ ပွဲတော်အတွင်သို့ နေ့စဉ် မြင်လှည်းနှင့် သွားရောက်သယ်ဆောင်ပေးရခြင်းဖြစ်သည်။ ဆန်းဦးကလည်း ကျွန်တော်နှင့်အတူ မုန့်ဟင်ခါးဖတ်သယ်ယူသည့် တာဝန်ကိုယူပါသည်။

အသီးသီးသော တာဝန်ယူမှုများကိုလည်း ခွဲဝေကြပြီး အကောင်းဆုံး ကျွန်တော်တို့ ကြိုးစားကြသည်၊ ဆရာမသည်လည်း နံနက်ခင်း အချိန်မှ ညနေပိုင်းအထိ ရှိနေပြီး ဆိုင်အတွက် လိုအပ်သည့်များတို့ကို စီမံခန့်ခွဲပါသည်။ ရေချိုးပြီး၍ ညဦးယံခြောက်နာရီမှ ဆယ်နာရီကျော်အထိ ကျွန်တော်တို့နှင့် အတူရှိနေသည်။

မည်သူတဦးတယောက်မျှ ပင်ပန်းသည်ဟု မခံစားရပါ၊ ကျောင်းသူ ကျောင်းသားများက ကောင်းမွန်သော ရည်ရွယ်ချက်နှင့် ဖွင့်သော ဆိုင်ဖြစ်သည့်အတွက် မိဘများကလည်း အားပေးပါသည်၊ ဘားအံ အ.ထ.က (၁) ကျောင်းမှ ကျောင်းသူ ကျောင်းသားမျာကလည်း ကျွန်တော်တို့၏ဆိုင်ကို ပွဲခင်းထဲဝယ် မရမကရှာဖွေပြီး လာရောက်အားပေးကြပါသည်။

ပွဲတော်ကြီးပြီးသည့်နောက် အရင်းနှင့် အမြတ်စာရင်ချုပ်သောအခါ ကျွန်တော်တို့ ခန့်မှန်းထားသည်ထက် ပို၍ မြတ်သည်ကို ဝမ်းသာအားရသိရှိရသည်။

အားလုံးက သဘောတူညီပြီး ကျောင်းအတွက် လိုအပ်သည့် နေရာအတွက် ကျွန်တော်တို့၏ အမြတ်ငွေများတို့ကို လှူဒါန်းနိုင်ခဲ့ပါသည်။ စည်းလုံး ညီညွတ်မှုနှင့် အနစ်နာခံတတ်သော စိတ်ဓာတ်ကို ဆရာမသည် ကျွန်တော်တို့အား သန္ဓေတည်စေခဲ့ပါသည်။

ကျောင်းသားကြီးများဖြစ်သော ကျော်ချိုအောင် နှင့် စိုးဌေးတို့နှစ်ဦးက ဦးဆောင်ပြီး ဒုတိယအစမ်းစာမေးပွဲ ဖြေဆိုပြီးသည့်နောက် ကျွန်တော်တို့တတွေ ဇွဲကပင်တောင်သို့ တတ်မည့် အစီအစဉ် ပြုလုပ်ကြပြန်ပါသည်။ ဆရာမနှင့် ကျောင်းသူအချို့က မတတ်ပဲ တောင်ခြေတွင် စားသောက်ရန်အတွက် ချက်ပြုက်ကြမည်။

ငွေကြေးပြည့်စုံ၍ အိမ်တွင် မိဘများ ပြောဆိုရန်ခက်ခဲသည့် သူငယ်ချင်းများတို့သည်လည်း ဆရာမမှ ပေးအပ်သော တာဝန်များကို အကောင်းဆုံးထမ်းဆောင်ကြပါသည်။ ထိုအချိန်က ကျွန်တော်နေထိုင်ခဲ့သည့် ဘားအံမြို့သည် မူးယစ်ဆေးဝါးဟုဆိုပါက ဆေးခြောက်နှင့် ချောင်းဆိုးဆေးရည်နှစ်မျိုးဖြစ်သော ခေါ်မယ်သဇင်နှင့် ဖန်စီဒိုင်း ဆိုသည့် အရာများသာရှိပါသည်။ ဘိန်းဖြူကို တခါဘူးမျှ ကျွန်တော်မမြင်ဘူးခဲ့ပါ၊ သုံးစွဲသည့်သူများလည်းရှိပါလိမ့်မည်။ သို့သော် လူငယ်များနှင့် အလွန် အလှမ်ဝေးခဲ့သော အရာတခုလည်းဖြစ်ပါသည်။

ဖန်စီဒိုင်းချောင်းဆိုး ပျောက်ဆေးရည်ကို ကြိုက်နှစ်သက်လှသည့် အတန်းသားနှစ်ဦး ကျွန်တော်တို့ အတန်းတွင် ရှိခဲ့ပါသည်။ သူတို့နှစ်ဦးအား ဆရာမသည် နုညံ့သိမ်မွေ့စွာနှင့် ကိုယ်တွယ် ဆုံးမနိုင်ခဲ့ပါသည်။ ထိုမူးယစ်ဆေးကို သူတို့နှစ်ဦး ချက်ချင်း ပြတ်နိုင်ခဲ့သော်လည်း အခြေအနေအလွန်ဆိုး၍ ကျောင်းထုတ်ခံရသောသူများထဲတွင် သူတို့နှစ်ဦးမပါဝင်ခဲ့ပါ။

အတန်းသားတော်တော်များများမှ ရိမ်မိသည့် ခိုးဝှက်တတ်သော သူတဦး ကျွန်တော်တို့အတန်းတွင် ရှိပါသည်။ ဆရာမကို ကျွန်တော်က ထိုသူအား အရေယူပါရန် မခံရပ်နိုင်သည့်အဆုံး တောင်းဆိုမိသည်။ ဆရာမသည် ကျွန်တော်ဒေါသနှင့်ပြောသောစကားကို ပြုံး၍ စိတ်ရှည်စွာ နားထောင်ခဲ့ပါသည်။ ကျပ်တည်း လွန်းသော မိသာစု၏ မိသားစုဝင်တဦးဖြစ်သော ထိုသူကို ဆရာမသည် မေတ္တာနှင့် ခွင့်လွှတ်ပြီး ဆုံးမနိုင်ခဲ့ပါသည်။ အားလုံက အထင်မြင်သေးသော သူကို ဆရာမသည် သူမ စားရန် ယူဆောင်လာသည့် ထ္မင်းချိုင့်ထဲမှ ထ္မင်းကို မျှဝေ၍ ကျွေးခဲ့ပါသည်။

အရေးယူခြင်းမရှိသည့် အပြင် ပို၍ ထူးကဲကာ ထိုကျောင်းသားအား ဂရုစိုက်ရမည်လား ဟု ကျွန်တော်သည် ဒေါသအကြီးအကျယ်ထွက်ခဲ့ပါည်။ အချိန်၏ တိုက်စားမှုနှင့်အညီ ဆယ်စုနှစ် နှစ်ခုခန့် အထက်တန်းကျောင်းသားဘဝမှ ထွက်ခွာလာခဲ့ပြီး၊ လောကပင်လယ်ကြီးထဲသို့ ရောက်သော အခါမှ ဆရာမ၏မေတ္တာတရားကို ကျွန်တော် သဘောပေါက်ခဲ့ပါသည်။ ထိုကျောင်းသားအား မိခင်တဦး၏ မေတ္တာနှင့် ပုံသွင်းနိုင်ခဲ့သော ဆရာမ၏ နှလုံးသားတန်ဘိုးကို ကျွန်တော်ပို၍ နားလည်နိုင်ခဲ့ပါသည်။

တစုံတရာ ဝေဖန် ပိုင်ခြားရန်ခက်ခဲသော ပုစ္ဆာများနှင့် တန်ဘိုးတို့အား အချိန်သည် အတိကျဆုံးနှင့် ဘက်လိုက်ခြင်းမရှိပဲ ရှင်းလင်းစွာ ဖော်ပြလေ့ရှိပါသည်။

တဖန်ပြန်၍ ဇွဲကပင်တောင်တတ်သော ကျွန်တော်တို့၏ ပျော်ပွဲစားခရီးစဉ်ကို ဆက်ပါမည်။

ဇွဲကပင်တောင်ခြေရှိတောင်ကျရေကို ဆည်တား၍ အနားယူရန်အပန်းဖြေ ခရီးများပြုလုပ်နိုင်ရန် ထိုအချိန်က ပြည်နယ်အစိုးရမှ စီစဉ်ပေးထားပါသည်။ ထိုနေရာတွင် မီးများဖို၍ ချက်ပြုတ်နိုင်သည်။ အသီးသီးသော ကျောင်းများမှ ပျော်ပွဲစားခရီးစဉ်မျာကို ပြုလုပ်သော နေရာဖြစ်သည်။

ထိုနေရာကို ရေတံခွန်ဟု ကင်ပွန်းတပ်ကာ အမည်ပေးခဲ့ပါသည်၊ တသွင်သွင်စီးနေသော ရေတံခွန်ကြီးမရှိစေကာမူ ရေကူး၍ရသော ရေကန်ကြီးကရှိပါ၏။

ကျွန်တော်တို့ ပင်ပင်ပန်းပန်းနှင့် တောင်ပေါ်မှဆင်းလာကြပြီး ဆရာမနှင့် အတူ သူငယ်ချင်းများ ချက်ပြုတ်ထားသော အစားအသောက်များကို ဆာဆာနှင့်အားပါးတရစားသောက်ကျသည်။ ညနေပိုင်းအထိ ပျော်ရွှင်စွာနှင့် အနားးယူပြီး ပြန်ရန် ပြင်ဆင်ကြပါတော့သည်။

ထူးထူးခြားခြား ကားမောင်းသောသူက ကျွန်တော်တို့ မေတ္တာရပ်ခံသော ဆရာမအား ကားဒရိုင်ဘာနှင့် ကပ်လျှက် ရှေ့ခန်းတွင် ထိုင်၍ စီးနင်းခြင်းကို ခွင့်မပြုခြင်းပင်ဖြစ်သည်။ အလာခရီးစဉ်တွင် ဆရာမအား သူ၏အိမ်တွင် ဝင်၍ ကြိုရသောကြောင့် ဆရာမသည် ကျောင်းသူ ကျောင်းသားများနှင့်အတူ ကား၏ အနောက်ပိုင်တွင်သာ စီးခဲ့ခြင်းဖြစ်သည်။ ဒရိုင်ဘာ၏ ယုံကြည်ချက်အရ အမျိုးသ္မီးကို သူ၏ ကားရှေ့ခန်းတွင် မစီးစေလိုဟု ဆိုပါ၏။

မည်သို့မျှ ပြော၍ မရသည်အဆုံး ဆရာမသည် ကျောင်းသူ ကျောင်းသားများနှင့်အတူ ကား၏ အနောက်ဘက်ခန်း၌သာ စီးခဲ့ပါသည်။ အတန်းအထဲတွင် အသက်အကြီးဆုံးနှင့် အရပ်အရှည်ဆုံးသောသူ တဦးဖြစ်သည့် ကိုစောစိန်ရောက အရှေ့ခန်းတွင်စီးနင်းခဲ့ပါသည်။ ယောင်္ကျားလေးအတော်များများက ကျွန်တော်ကဲ့သို့ပင် ခေါင်မိုးပေါ်တွင်တတ်၍ စီးနင်းလိုက်ပါလာခဲ့သည်။

ဘားအံမြို့သို့ မဝင်မှီလမ်းခွဲသို့အရောက်တွင် ကျွန်တော်သတိထားမိသည်မှာ ကားသည် ကားလမ်းအတိုင်း ဘားအံမြို့ရှိရာဘက်သို့ ဦးတည်ခြင်းမရှိပဲ လမ်းဘေးသို့ သွေဖယ်ပြီး အတန်ငယ်လှမ်းသော လူနေအိမ်များရှိရာသို့ အရှိန်နှင့် ပြေး၍ နေသည်။ ကားအတွင်းခန်းပိုင်းမှ ကျောင်းသူ ကျောင်းသားများ၏ အော်ဟစ်အသံများနှင့်အတူ ခေါင်းမိုးပေါ်တွင် စီးနင်းလိုက်လာသော ကျွန်တော်တို့သည်လည်း ရှိသည့် နေရာတွင် ဝပ်၍ နေခြင်းမှတပါး ဘာမျှမတတ်နိုင်တော့ပါ။ ခြံစည်းရိုးများကို ဝင်တိုက်မိသည်တိုင် ကား၏ အရှိန်သည် မကုန်သေးပါ အိမ်တလုံးအား ဆက်၍ တိုက်မိပြီး မကျည်းပင်တပင်ကို အရှိန်နှင့် ဝင်၍ ဆောင့်ပြီးမှ ကားသည် ရပ်သွားပါတော့သည်။

မိမိတို့ ရွာထဲသို့ ကားတစီး အရှိန်နှင့် ဝင်ရောက်လာသည့်အတွက် ကျေးရွာအတွင်းရှိလူးများကလည်း အော်ဟစ်၍ ခြေဦးတည့်ရာ ပြေးသူကပြေး ကားပေါ်တွင် စီးလာကြသော ကျောင်းသူ ကျောင်းသားများ၏ အလန့်တကြားအော်ဟစ်သည်အသံများနှင့် ဆူညံကာ ပွတ်လောရိုက်သွားပါသည်။ ဘာဖြစ်သွားသည်ကို မည့်သူတ်ဦးမျှမသိလိုက်ကြ။

ကားရပ်သွားသည်နှင့် ကျွန်တော်တို့ ကားပေါ်မှ အမြန်ဆုံးပြေးဆင်းကြသည် ရွာသူရွာသားတို့ကလည်း အုပ်စုကြီးနှင့် ကျွန်တော်တို့ကားရှိရာသို့ ကူညီဘို့ရန်ရောက်ရှိလာသည်။

ကားဒရိုင်ဘာကတော့ သူ၏ ခြေထောက်တဖတ် ကားဆောင့်သောအရှိန်ကြောင့် အင်ဂျင်ထဲသို့ ကျွံ၍ဝင်သွားသဖြင့် အော်ဟစ်နေ၏။ ခေါင်းခန်းထဲတွင် ဒရိုင်ဘာနှင့် ကပ်လျှက်စီးလာသော ကျွန်တော်တို့၏ စောစိန်ရော တယောက်သတိလစ်၍ နေလေပြီ။ မည်သူတဦးတယောက်မှ ကိုစိန်ရောကဲ့သို့ ဒဏ်ရာ ပြင်းထန်ပြီ သတိလစ်နေသည်ကို မတွေ့ရပေ။

ကျေးရွာမှ လူများတို့အား မြင်းလှည်းတစီး အမြန်စီစဉ်စေပြီ ကိုစိန်ရောအား ဘာအံဆေးရုံသို့ ပို့ရန် စီစဉ်ကြပါတော့သည်။
ပြဿနာက ကားဘရိတ်ပေါက်သွားခြင်းပေတည်း။ ကျွန်တော်တို့၏ ဆရာမကိုကား၏ ရှေ့ခန်းတွင်း စီးရန်အတွက် ခါးခါးသီးသီးငြင်းဆန်သော ဒရိုင်ဘာကိုပင် ကျေးဇူးတင်ရပေတော့မည်။ သို့မဟုတ်ပါက ယခုကဲ့သို့ အဖြစ်ဆိုးမျိုးကို ကြုံလိုက်ရသည့်အချိန်တွင် ကား၏ ရှေ့ခန်းတွင် ကျွန်တော်တို့ ဆရာမတယောက်စီးလာပါက အဘယ်သို့ ဖြစ်သွားမည်ကို ကျွန်တော်ဆက်၍ မတွေးဝံ့ပါ။

ခေါင်းမှ ဒဏ်ရာကြောင့် သတိလစ်သွားသော ကိုစိန်ရောအတွက် ဆရာမအပါအဝင် ကျွန်တော်တို့အားလုံး စိုးရိမ်ကြသည်။"ငါ ညမှာ မြင်လှည်း သံကြားရင် စိန်ရောရဲ့သတင်းဆိုးများ ကြားရတော့မလားလို့ အိပ်မပျော်ဘူး” ဟူ၍ ဆရာမက ကျွန်တော်တို့အား နောင်တွင် သူ၏ခံစားချက်ကို ပြောပြပါသည်။

နှစ်ဆယ်လေးနာရီ ကျော်ကျော် ကိုစိန်ရောတယောက်သတိလစ်ပြီး၊ သတိပြန်၍ လည်လာသော်လည်း ပုံမှန်အနေအထာသို့ မရောက်ရှိသေးပေ၊ ကယောင်ကတမ်းဖြစ်နေရှာသည်။ တပတ်ကျော်ကျော် ဆေးရုံပေါ်တွင်နေရပြီး၊ အခြေအနေ ပုံမှန်ကျန်းမာသည့် အနေအထားသို့ရောက်ရှိမှ ဆရာဝန်က ဆေးရုံမှ ဆင်းခွင့်ပြုသည်။

အစိုးရစစ် ဆယ်တန်းဖြစ်သောကြောင့် ဆရာမက ကိုစိန်ရောအတွက် ပို၍ စိုးရိမ်ပါသည်။ သတိလစ်သွားခဲ့သော ဒဏ်ရာကြောင့် သူ၏ ဦးဏှောက်ထိခိုက်သွားမည်ကိုလည်း စိုးရိမ်နေရဆဲဖြစ်သည်။

အားလုံးက ပျော်ရွှင်ရန် ရည်ရွယ်ခဲ့သော ခရီးစဉ်တခုဖြစ်သော်လည်း ကြုံတွေ့ခဲ့ရသော အဖြစ်ဆိုးအတွက် ကျွန်တော်တို့ အားလုံးစိတ်မကောင်းဖြစ်ခဲ့ရသည်။ အထူးသဖြင့် ကျွန်တော်တို့ ချစ်သော ဆရာမတယောက် အထူးဝမ်းနည်းရပါသည်။

ဆက်လက်ဖော်ပြပါမည်။

Comments