ကျော်ထင် ● ဝါဆိုပန်းခူး၊ လွမ်းဖူးသူရင်

 ကျော်ထင် ● ဝါဆိုပန်းခူး၊ လွမ်းဖူးသူရင်
(မိုးမခ) ဇွန် ၂၉၊ ၂၀၁၈



''အ​မေဆိုဆဲ၊ဝါဆိုပွဲ၊
လှည်းက​လေးနဲ့သွားရ​အောင်​။
ကုက္ကိုပင်​ မြန်​မြန်​ခုတ်​လို့၊
လှည်း လုပ်​ပမောင်​။
လှည်းလုပ်​ရင်​ ကြာ​ပြန်​​ရော့မယ်​၊
မဘုတ်​ဆုံ တင်​ဆုံကြီး၊
လှည်း လုပ်​လို့စီး။ ''

(၁)
ဒီ​ကျေးလက်​ကဗျာ​လေးကို ကျ​နော်​တို့ ရွတ်​​တော့ လူပျိုမ​​ပေါက်​တ​ပေါက်​အရွယ်​ရောက်​​နေပြီ။ ကျ​နော်​တို့ သူငယ်​ချင်း​တွေအားလုံး အသံ​တွေလည်း ​ပြောင်းနေပြီ။သြသြ အက်အက်။ နို့အုံထိပ်​​​လေးတွေမှာလည်း ​ယောင်​​ယောင်​​လေး ​ဖောင်းလို့၊မို့လို့။ ထိမိရင်​ နာ​နေတတ်​တယ်​။ စိတ်​​တွေလည်း ဘာထူး​သေးလဲ။ နောက်ထပ်​​ဝေဒနာတခုကို ​တွေ့သိလိုက်​ရလို့ ​ဘောင်​ဘင်​​တွေခတ်​​​နေရတယ်​။ ဒီ​ဝေဒနာက ကျ​နော်​တို့အတွက်​ အသစ်လေ​။ တခါမှခံစား​တွေ့ကြုံဖူးခြင်း မရှိ​သေးတဲ့အသစ်​။ စိတ်​​တွေဆိုတာက အဲ့ဒီ့အသစ်​မှာပဲ တဝဲလယ်​လယ်​ရယ်​။

အဲ့ဒီလို တဝဲဝဲလယ်​​နေရတဲ့ဝေဒနာအသစ်​ကဘာလဲဆိုတော့ လိင်​ကွဲအ​ပေါ် စိတ်​ဝင်​စားတတ်​လာတာ။စူးစမ်းချင်​လာတာ။ ဒါ​ပေမဲ့ ​ခေတ်​အရ လိင်​ကိုစိတ်​ဝင်​စားတယ်​ဆို​ပေမယ့်​ ဝင်​စားရုံတင်​ ဝင်​စားနိုင်​တာပါ။ကျ​နော်​တို့မှာ လိင်​ပညာ​ပေးဆိုတာ မရှိ၊လိင်​​ဖျော်​​ဖြေ​ရေးဆိုတာ​တွေလည်း သိမှမသိတာ။ပခြုပ်​သည်​ဆိုတာကလည်း ရှာမှရှားမို့ တွေ့ကိုမတွေ့ ဖူးတာ။

ယောက်ျားတွေနဲ့ သိပ်​​ပွေသိပ်ရှုပ်တာပဲဆိုပြီး သတင်းကြီးတဲ့မမတယောက်အ​ကြောင်းကိုသာ စိတ်ထဲ ဟို​တွေးဒီ​တွေးကြည့်​ရင်းနဲ့ ကယောက်ကယက်ဖြစ်ရုံလောက်ပါ။ အဲ့ဒီ့မမက ​ဗောဓိ​ညောင်​ပင်​မှာ၊ ရှမ်းကန်​မှာ၊ ​​ရေဆင်းမှာ၊ ယောက်ျားတယောက်​နဲ့ ချိန်း​တွေ့တတ်​တာ။ အဲ့ဒါကို ကျ​နော်​တို့က မ​တွေ့မကြုံ မမြင်​မစမ်းနဲ့ပဲမျက်​ကန်းစူးစမ်းလုပ်​ကြတယ်​။ ဒီကရတဲ့အ​ဖြေဟာ ကျ​နော်​တို့ စူးစမ်းရှာ​ဖွေ​နေတဲ့ လိင်​မှု​ရေးရာ အ​ဖြေလွှာပါပဲ။

ကျ​နော်​တို့ လူပျို​ပေါက်​ဘဝ​တွေရဲ့ လိင်​အာသာ​ဖြေ​လျော့မှုပါပဲ။ ဒီ​လောက်​ကလွဲရင်​ ပတ်ဝန်းကျင်မှာ လည်း လိင်ပညာပေးဆိုတာတွေတိတ်လို့ ၊ ဆိတ်လို့၊ သိုသိပ်လို့ပါ။ လိင်ကို အပြစ်လို့ယူဆကြသံပဲ ကြားရတယ်။ ကျ​နော်​တို့ ယဉ်​​ကျေးမှုကလိင်ဟာ မဖွယ်​မရာ ရှက်​စရာ၊ သိုဝှက်​ထားစရာလို့ပဲ သင်ကြားကြတယ်။ ကွန်​ဒုံး​တွေ အိမ်​​ရှေ့က အမှိုက်​ပုံမှာ ​တွေ့တဲ့အ​ကြောင်း​တောင်​ တိုးတိုးတိတ်​တိတ်​​ပြောကြတယ်​။

ကျ​နော်​တို့ က​လေး​တွေ​ရှေ့ ဆိုမ​ပြောဘူး။ ရပ်​လိုက်​ကြတာ။ အဲ့ဒီလိုဟီရိသြတပ္ပ​ဘောင်​ထဲထိုးသိပ်ထည့်ရင်း လိင်ကိုမျိုသိပ်ထားကြတဲ့လူ့အဖွဲ့အစည်းကြီးမှာ ကျနော်တို့လို ကလေးတွေအတွက် လိင်​ဆိုတာ ကန့်​လန့်​ကာ​နောက်​ကွယ်​က ကန့်သတ်​နယ်​​မြေတ​ခုပါ။ အကန်းပြုခြင်းခံထားရတာ။

(၂)
ဒါပေမယ့် ဒီလို ထိန်းကျောင်းထားတဲ့ ကြားကပဲ လိင်သဘာကို ခန္ဓာဗေဒအရ ​သွေးသား​တွေက စိတ်ဝင်စားလာ​စေတယ် ။ကျ​နော်​တို့ရဲ့​တောင်းဆိုမှုတရပ်​ ဖြစ်​လာ​စေတယ်​။ ဒီတောင်းဆိုမှု​တွေက သူငယ်ချင်းတွေ စုမိရင် မိန်းမဋီကာတွေကို ကြားဖူးနားဝဋီကာချဲ့ ပြကြ​စေတယ်။ ဒီ​နေရာမှာ များများ​ပြောနိုင်​တဲ့သူက အဖွဲ့မှာ ဆရာတ​ဆူ ဖြစ်​​ရောပဲ။ အဲ့လိုအခါမျိုးတွေမှာ နား​ထောင်​ကြရင်း သွေးသားတွေဟာ ဗလောင်ဆူ​နေ​တော့တာပဲ။

မိန်းမဆိုတာ ငါတို့ ဖြစ်တည်မှုနဲ့ မတူဘူး သိပ်အရသာထူးတာပဲလို့ ထင်ယောင်​တွေး​တောတဲ့စိတ်​မှာ အာရုံကျက်​စားလာ​တော့တာပဲ။ မ'သတ္တဝါရဲ့ အဆင်းအသံအနံ့အရသာ​တွေကိုပဲ စိတ်​က အမြဲတမ်းတိမ်းညွတ်​​နေတယ်​။ ဒါပေမဲ့ မိန်းမဆို တဲ့သတ္တဝါမ'ဟာ ​အဲ့ဒီ့​ခေတ်​မှာ ဖောဋ္ဌဖအရ​တော့ ကျနော်တို့နဲ့ အဝေးကြီးမှာပါ။ ကျ​နော်​တို့ရဲ့ဖြစ်​တည်​မှုနဲ့၊ ဆန္ဒ​တွေနဲ့အဝေးဆုံးမှာ ရှိနေတာပါ။ ဒါကို ကျနော်တို့ဘယ်လို ဖြေရှင်းခဲ့ကြသလဲ။

ဆန်းစစ်​ကြည့်​​တော့ စကားဝိုင်းဖွဲ့ ဋီကာချဲ့ကြတာကိုပဲ ပြန်​မြင်​​ယောင်​မိတယ်​။ ပုဂံငကျွဲလို လိင်​ပုံပြင်​​တွေ သူတ​ပုဒ်​​ပြော၊ ကိုယ်​တပုဒ်​ထုတ်​ လုပ်​ခဲ့ကြတယ်​။ ဒါ​ပေမဲ့ လိင်​စိတ်​ဆိုတာ ဒီဖိုမ သဘာဝတ​ခုတည်းတင်​ မဟုတ်ပါဘူး။  ဒီထက်​ပိုပါတယ်​။
ပိုတာက လူကြီးသူမမပါဘဲ ကျ​နော်​တို့သွားလာချင်​ကြတယ်​။ ကျောင်းအပ်​တာကအစ ရုပ်​ရှင်​ကြည့်​တာအလယ်​၊ အဘွားအိမ်​သွား၊ ဘုန်းကြီး​ကျောင်းအဆုံး အားလုံးကိုမိဘမပါဘဲ ​ဆောင်​ရွက်​ချင်​လာကြတယ်​။

အ​မေ့လက်​ကို ဆွဲပြီး ​ဈေးလိုက်​ရာက၊ အ​ဖေ့ လက်​​မောင်းကို ခိုမှီပြီး ရုံးလိုက်​သွားရာက​နေ ကျ​နော်​တို့ လက်​တွဲဖြုတ်​လာကြတယ်​။ မိဘအရိပ်​​အောက်​က​နေ တတ်​နိုင်​သမျှ တစစ ဖယ်​ခွာလာကြတယ်​။ ကိုယ့်​ထီးရိပ်​ကို ကိုယ်​ဖွင့်​​ဆောင်းဖို့ ကြိုးစားလာကြတယ်​။ ဒါဟာ ကျ​နော်​တို့ရဲ့လိင်​စိတ်​က ကျ​နော်​တို့ကို လူကြီးဖြစ်​တည်​ခွင့်​​ပေးဖို့ ​တောင်းဆို​နေကြတာ​လေ။
ကျ​နော်​တို့ လူကြီးဖြစ်​ချင်​ကြတယ်​။ လူကြီး ဖြစ်​လိုကြတယ်​။ ဒါ​ကြောင့်​လည်း လူကြီးဖြစ်​​စေတဲ့ ကံသုံးပါးကို တခုမဟုတ်​၊ တ​မျိုး​တော့ ပြုမူမိ​အောင်​ အားထုတ်​ကြတယ်​။

မှတ်​မှတ်​ရရ​ပြောရရင်​ ဝါဆိုပွဲဆီ သွားတာ ပထမလို့ ​ပြောရမယ်​။ လူကြီး​တွေမပါဘဲ ​တောရ​ကျောင်း​တွေဆီ ဝါဆိုပန်းခူးပွဲသွားခဲ့ကြတယ်​။ ဒါဟာ လိင်​သဘာဝက တွန်းအား​ပေးလိုက်​တဲ့လူကြီးဖြစ်​ခွင့်​ ​တောင်းဆိုမှုပါပဲ။

(၃)
အဲ့ဒီလိုသွားကြတာဟာ တကယ်​​တော့ ​တော်​​တော်​ကြီးတဲ့ စွန့်​စားခန်းကြီးပါ။ ပထမအချက်​က​တော့ လူကြီး​တွေ မသိ​အောင်​ ခိုးသွားရတာ။ ဒုတိယတစ်​ခုက ​ခရီးဝေးတာ။ အိမ်​နဲ့ဆို ဆယ်​မိုင်​​လောက်​​တော့ ​ဝေးလိမ့်​မယ်​။ ဒီ​လောက်​ ​ဝေးတာကို ခြေကျင်​သွားကြမှာ။ နီးတဲ့ဖြတ်​လမ်းကို စိုးသန်းက ရှာ​ပေးတယ်​။ မီးရထား သံလမ်းအတိုင်းသွား။ ပန်းခင်းကို ​ကျော်​။ပန်းခင်းဆိုတာက အဲ့ဒီ့တုန်းက ​မေမြို့ပန်း၊​ ဒေါနပန်း​တွေ စိုက်​တဲ့​နေရာ။ ခု​တော့ ရပ်​ကွက်​ကြီးတခု ဖြစ်​​နေပါပြီ။

ပန်းခင်းကို ဖြတ်​လာ၊​ ကျော်​လာပြီဆိုတာနဲ့ သံလမ်းအ​နောက်​ဘက်​ခြမ်းက ကားလမ်း​နံ​ဘေးမှာ သစ်​ကြီးဝါးကြီး​တွေ ​တွေ့ရပါပြီ။ အဲ့ဒီ့သစ်​ကြီး၊ ဝါးကြီး​တွေကြားမှာ ​တောရ​ကျောင်း​တွေ​လေ။အရညသီ​တွေ​ပေါ့။

ဥဗု​ဒ္ဓေါတောရ၊​ဘုရားကြီးတောရ၊ ညောင်​ရမ်း​တောရ ၊သ​ပြေ​တောင်​၊ ဆိုတာ​တွေဟာ ဝါဆိုပန်းခူးရာ ​နေရာ​တွေ​လေ။ ဥဗု​ဒ္ဓေါတောရ၊ဘုရားကြီး​တောရညောင်​ရမ်း​တောရတို့ဆိုတာက ကားလမ်းနံ​ဘေး သစ်​​တော​လေးထဲ ဝင်​သွားရတာ။ ​တောလမ်း​လေး​ပေါ်မှာ သစ်​ရိပ်​၊ ဝါးရိပ်​ခိုရင်း အ​မော​​တွေလည်း​ဖြေ၊ စိတ်​​တွေလည်း​ပြေ​​စေပေါ့။ အထူးသဖြင့်​ ဝါဆိုပွဲကျင်းပတာက​တော့ ​ညောင်​ရမ်း​တောရမှာပါ။ ​တောရအဝင်​မှာ ကျွန်းပင်​ကြီးနှစ်​ပင်​က ဖားဖားလျားလျားနဲ့ ခရီးဦးကြိုပြု​နေတာ။ ခု​တော့ ကျွန်းပင်​ကြီး​တွေကို မမြင်​မိပါဘူး။ ဘယ်​ထွက်​သွားလဲ မသိဘူး။

ခပ်​​မောင်း​မောင်းမုခ်​ဦးမှာသာ ရွှေမင်​​ရောင်​ဝင်းဝင်း ကနုပ်​​ခင်းတွေနဲ့ ​ညောင်​ရမ်း​တောရဆိုတဲ့ အမှတ်​သညာကို ​​ရေးထိုးထားတာ။ သြော်​--​တောရကိုးလို့ ပြန်​မှတ်​ချက်​ချ​စေရုံ​လောက်​ပဲ ဖြစ်​မှာ​ပေါ့။

တောရ​တွေရဲ့မျက်​နှာစာ​​နေရာတွေ အားလုံးမှာ ​တောစ​တောန​တွေ မ​တွေ့ရ​တော့ဘူး။ မြင်​ကွင်း​တွက ​  ပြောင်းသွားပြီ။ အိုးအိမ်​​တွေက ဝါဆိုမှို​တွေလိုပဲ ​​တောရ​ကျောင်း​တွေရဲ့ ​ရှေ့မှာ  ဘေးမှာအထဲထဲမှာ ပေါ်ထွက်​​နေလိုက်​တာ။ ဟိုးတုန်းကလို မဟုတ်​​တော့ဘူး။

ကျ​နော်​တို့ မိဘ မသိ​အောင်​ စသွားမိခဲ့တုန်းက တကယ့်​ကို ​ခေါင်​တာပါ။ လူကွဲရင်​၊ လမ်း​ပျောက်​ရင်​ လူကွဲကွဲချင်း နီးစပ်​ရာကို အရင်​လိုက်​ရှာ။ မ​တွေ့ရင်​ ဒီကျွန်းပင်​ကြီးဆီ​ ချက်​ချင်းအ​ရောက်​လာကြဖို့ တိုင်​ပင်​ထားရတယ်​။ ကျွန်းပင်​ကြီးရှိရာက ရှာရတာ မခက်​ပါဘူး။ အ​ရှေ့ဘက်​မှာ ရှိတယ်​။

တောထဲက​နေ နေထွက်​တဲ့ဘက်​ ဦးတည်​​လျှောက်​ရင်​ ကားလမ်းမ​ပေါ်​ရောက်​မယ်​။ ကားလမ်းမ​ပေါ်​ ရောက်​တာနဲ့ အဲ့ဒီ့လမ်းတလျှောက်​ရဲ့အ​နောက်​ဘက်​ခြမ်းတခုလုံးမှာ ဘုရားကြီး​တောရ၊ ဥဗု​ဒ္ဓေါ​တောရ၊ ​ညောင်​ရမ်း​တောရဆိုပြီး ​တောင်​​မြောက်​တန်းလျက်​ ရှိ​နေတာ။ ကျွန်းပင်​ကြီးနှစ်​ပင်​က ​ညောင်​ရမ်း​တောရ​ရှေ့မှာ။

(​လေး)
အဲ့ဒီလို လူကြီးဖြစ်​ခွင့်​အတွက်​ ဝါဆိုပွဲသွားနွှဲခဲ့ဖူးတယ်​။ တကယ်​​တော့ ဝါဆိုဆိုတာ ရဟန်းသံဃာ​တော်​​တွေ တ​မိုးတည်း၊ တကျောင်းတည်း၊ တနေရာတည်း မှာ ​နေထိုင်​ သီတင်းသုံးပါ့မယ်​လို့ အာမဘ​န္တေပြုတဲ့လပါ။ အရပ်​ဖက်​ကလူ့တွေရဲ့အကဲ့အရဲ့ကို မခံရ​အောင်​ ဘုရားရှင်​က ​စောင့်​ထိန်းခိုင်းခဲ့တဲ့ ဝိနည်းတခု စတင်​တဲ့လပါ။

ကျ​နော်​တို့ အန္ဓ၊ဗာလ၊ ကလျာဏပုထုစဉ်​​တွေက​တော့ ဘုရားလည်း မ​မေ့ရ​အောင်​၊ သာသနာလည်း ပျံ့ ပွား​အောင်​၊​ ပျော်​စရာလည်း​ကောင်း​အောင်​ဆိုပြီး၊ မိုးဦးကျ ဝါဆိုလမှာထွက်​ပြူလာတဲ့ ပန်းမာလ်​ပွင့် ခက်​၊ အရွက်​အလက်​​တွေကိုခူးယူပြီး နီးရာသာသနာ့​အ​ဆောက်​အဦတ​ခုခုမှာ ပူ​ဇော်​ပသ​တဲ့ပွဲ​တွေကျင်းပကြတယ်​။

ဂျပန်​​တွေက​တော့ ပန်းကြည့်​ပွဲတဲ့။ ကျ​နော်​တို့ဆီမှာက ပန်းခူးပွဲ။ ကျ​နော်​တို့က​တော့ ဖန်းခါးသီး​ကြွေတွေ လိုက်​​ကောက်​ကြတယ်​။ ငံပြာရည်​​ဖျော်​နဲ့ မြှုပ်​စားဖို့ ။အင်​ဥတွေ လိုက်​တူးကြတယ်​။ ပါးပါးလှီးပြီး ​ကြော်​စားဖို့ ။သိင်္ဃသူ့သမီး ​​ရေးထိုးခဲ့သလို အရအမိကို လိုသူက အရအမိကို ရ​စေသတည်း​ပေါ့။ ​တောငယ်​၊​ တောင်​ငယ်​ထဲ ထူးထူးခြားခြားလှပတဲ့ ပန်းရယ်​လို့​ မ​တွေ့ရ​ပေမယ့်​၊ မုန်​တိုင်​ပင်​​တွေ ရှိတယ်​။ သ​ပြေညွှန့်​​တွေရှိတယ်​။ ကံ့​ကော်​ခက်​​တွေ ​တွေ့တယ်​။ အင်​ဖက်​ဖားဖားလှလှကြီး​တွေကြား သမီးရီးစား​တွေကွယ်​ပုန်း​နေတာလည်း ​တွေ့ရတယ်​။ ​တချို့​နေရာ​တွေမှာ စေတီပျက်​​လေး​တွေ ရှိ​တယ်​။ တောပန်း ဝါဝါ​လေး​တွေက စိမ်း​ရွှေ​ရွှေ ရနံ့နဲ့၊ ​ချွေးထွက်​ကဲတဲ့ မိန်းမလှ​လေးလို ဖူးပွင့်​​နေကြတယ်​။

ခု​ခေတ်​နဲ့ ယှဉ်​ရင်​​တော့ ​ပျော်​စရာဆိုတာက ရယ်​စရာ​လို့ ထင်​ကြမှာပဲ။ နည်းတာ​ပေါ့။ ဒါ​ပေမဲ့​လည်း အဲ့​ဒီ့ခေတ်​၊ အဲ့ဒီ့ကာလဖွား ကျ​နော်​တို့မြို့သား​တွေက​တော့ပျော်​ကြတာပါပဲ။ ကိုယ့်​စားစရာ ကိုယ်​ယူ၊ ကိုယ့်​ကက်ဆက်​ ကိုယ်​ဖွင့်​ပြီး တော​ငယ်​တောင်​ငယ်​ထဲ၊​ မြေသာ​၊ နေသာတဲ့​နေရာမှာ ဘဝအ​မော​တွေကို ​ခေတ္တ​ မေ့ပစ်​ကြတယ်​။ ဒါ​ပေမယ့်​လည်း ဒီပွဲ​တွေက ခိုင်​ထူးကြီးရဲ့' ဝါဆိုပန်း ပွင့်​​ဝေ ပုန်းညက်​ နွမ်းရက်​လွန်​ ​ကြွေပြီမို့ ' ဆိုတဲ့သီချင်းကို ဆိုကြတဲ့အခါကျ​တော့ မရှိ​တော့ဘူး။ တိမ်​​ကောသွားပြီ ။အနီးအနား ရွာလေး​တွေမှာ​တော့ လုပ်​​သေးတယ်​ကြားမိ​ပေမယ့်​ ကျ​နော်​တို့မြို့မှာ​တော့ အရင်​လို ဝါဆိုပန်းခူးပွဲ​တွေလုပ်​တာ မ​တွေ့မိတော့ပါဘူး။

ဝမ်းလျား​မှောက်​​ပြီး ဂိမ်း​ဆော့​နေတဲ့ကျ​နော့်​သားကြီး​တောင်​ ဘယ်​လိုပုံစံနဲ့လူကြီးဖြစ်​ခွင့်​ကို ​တောင်းဆို​လေမလဲ။ သူတို့​ခေတ်​ လူကြီးဖြစ်​ခွင့်​က စွန့်​စားခရီးနဲ့ စတင်​တာမှ ဟုတ်​ပါ့မလား။ သူတို့​ခေတ်​မှာ လိင်​ကို ဘယ်​လို ဖွံ့ဖြိုး​အောင်​ လုပ်​လာကြမလဲ။ သူတို့ ​ခြေလှမ်း​တွေကို လူကြီး မပါဘဲ၊ ဘယ်​လို ​လျှောက်​လှမ်းလာမလဲ။

(ငါး)
အ​မေဆိုဆဲ ဝါဆိုပွဲ၊လှည်းက​လေးနဲ့ သွားရ​အောင်​ဆိုတဲ့ ​ကျေးလက်​​တေး​လေး​တော့ဆိုတာ မေ​တွ့ရ ပါဘူး။ သူတို့ ကြား လည်း ကြားဖူးကြဟန်​ မတူပါဘူး။မကြာမကြာ ဖုန်းကို နားကြပ်​နဲ့နား​ထောင်​ရင်း ​ဟော့ဒီ့တိုင်းပြည်​ ပုဒ်​မ ၃၀၂ သာ မရှိရင်​၊ ငါ … တစ်​​ယောက်​တည်း သတ်​ချင်​ဆိုသံကိုတော့ ညည်း​နေတာ အကြားသား။

ကျော်​ထင်
0