ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၁)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၁)
(မိုးမခ) ဇွန် ၆၊ ၂၀၁၈

ဒီနေ့ ဓရံဆာလာမှာ မိုးတွေ အရမ်းရွာနေသည်။ ဒီမိုးနဲ့ကတော့ ညနေဘက် လမ်းလျှောက်ထွက်လို့ မဖြစ်တော့။ ညနေငါးနာရီ ထိုးတော့မည်။ မျှစ်ချဉ်နဲ့ ၀က်သားတွေကို တ၀ကြီးဘုန်းပေးထားသော ငနုချောင်းသားကြီးကလည်း အိပ်တုန်း။ အခါတိုင်း လာနေကျ ဆရာမေလည်း ဒီနေ့ရောက်မလာ။  မဖြစ်သေးပါဘူး။ ကော်ဖီဖျော်ဦးမှ။ ဂစ်စ်မီးဖိုကလေးနဲ့ ရေနွေးတည်၊ တိဗက် သီလရှင်လေး အာဂျန်ပေးထားသော ကော်ဖီမစ်တစ်ထုပ်ကို မတ်ခွက်ထဲဖောက်ထည့်လိုက်ပြီး အိန္ဒိယနိုင်ငံထုတ် စတီး လ်ဇွန်း ဖြင့် ခပ်နာနာကလေး ခေါက်ထည့်လိုက်သည်။ တဒေါက်ဒေါက်ခေါက်သံကြားတော့ ခုတင်ကြီးပေါ်တွင် ဆန့်ဆန့်ကြီးအိပ်နေသော ငနုချောင်းသားကြီးက တချက်ခေါင်းထောင်ကြည့်လိုက်သေးသည်။ သို့သော် သိပ်မကြာခင်မှာပဲ ဟောက်သံသဲ့သဲ့ကို ကြားနေရပြန်ပါသည်။ ပြတင်းတံခါးကလေးကို အသာအယာတွန်းဖွင့်လိုက်ပြီးနောက် ဖတ်လက်စ စာအုပ်ကလေးကိုပဲ ကောက်ကိုင် လိုက်ပါသည်။

တစ်ဆယ့်သုံးယောက်မြောက် ဘုန်းတော်ကြီးဒလိုင်းလားမားက တိဗက်ပြည်ကို ခေတ် ဟောင်းထဲကနေ ဆွဲထုတ်ပြီး နှစ်ဆယ်ရာစုသစ်ဆီသို့ လက်ဆွဲခေါ်ဆောင်သွားလို သည်။ ဘာသာရေးလွှမ်းမိုးမှုတွေ တိုင်းရေးပြည်ရေးတွေမှာ မလိုအပ်ဘဲ လွှမ်းမိုးမှုမရှိမှ သာလျှင် တိုင်းပြည်က ဖွံ့ဖြိုးတိုးတက်နိုင်မည်ဖြစ်ကြောင်းကို ဘုန်းတော်ကြီးက နားလည်သဘောပေါက်ထားပြီးဖြစ်သည်။ အကယ်၍ တိဗက်ဟာ ပြုပြင်ပြောင်း လဲဖို့ ငြင်းဆံနေဦးမည်ဆိုလျှင် အမှောင်ညတွေက ဒီထက်ပိုရှည်မှာကို မြင်ယောင်နေ မိသည်။ ပြောင်းလဲချိန်တန်ပြီ။ ထို့ကြောင့် ခေတ်မီသော တိဗက်ဖြစ်ဖို့ ပြုပြင်ရေးတွေ မဖြစ်မနေ လုပ်ရမည်။  လောကီအရေးကိစ္စတွေမှာ ၀င်ရောက်ခြယ်လှယ်နေသော လားမားတွေကို ရပ်တံ့စေပြီး အမျှော်အမြင်နည်းပါးပြီး လုပ်ရည်ကိုင်ရည် ညံ့ဖျင်းသည့် အစိုးရ၀န်ထမ်းများကိုလည်း ဖယ်ရှားပစ်လိုက်သည်။ တိဗက်လူငယ် အများစုကို ဗြိတိသျှစစ်တပ်မှာ စစ်ပညာသင်ကြားစေခဲ့သည်။ ဒီတော့ ဝေဘန်သံတွေ ညံသွား သည်။ တိဗက်ပြည်တွင်းရေးကို နိုင်ငံခြားလွှမ်းမိုးသွားရင် ဘာသာတရားအတွက် စိုးရိမ်ရကြောင်း ရှေးရိုးစွဲ မျိုးချစ်တိဗက်များက ၀ါဒဖြန့်လေသည်။ စုန်ဘီတောင်ကြား ကနေ မြို့တော်လာဆာအထိဖောက်မည့်လမ်းကို မြင်းကုန်သည် လားကုန်သည်တို့က အပြင်းအထန်ကန့်ကွက်ကြသည်။ ဒီလမ်းပွင့်သွားရင် သူတို့စီးပွါးပျက်သွားမှာကို တွေးပူနေပုံရသည်။
 
၁၉၃၃-ခုနှစ် ဒီဇင်ဘာ ၁၇-ရက်နေ့တွင် တစ်ဆယ့်သုံးယောက်မြောက် ဘုန်းတော်ကြီး ဒလိုင်းလားမား ပျံလွန်တော်မူပါသည်။ အကြပ်အတည်းကာလမှာ ဘုန်းတော်ကြီး ပျံလွန်တော်မူခြင်းက တိဗက်ပြည်ကို ပိုပြီးကပ်ဘေးဆိုက်စေခဲ့သည်။  ဘုန်းတော်ကြီး ဈာပနကို တက်ရောက်ဖို့ တရုတ်ပြည်က သံအဖွဲ့တစ်ဖွဲ့လာရောက်ခဲ့ပြီး အပြန်မှာ တိဗက်နှင့်ဆက်ဆံရေးအတွက် အရာရှိနှစ်ဦးကို ချန်ထားပစ်ခဲ့သည်။ တံခါးကြားထဲမှာ သပ်လျှိုထားခြင်းဖြစ်ကြောင်း တိဗက်တို့ နောင်မှသိလိုက်ရခြင်းဖြစ်သည်။

တစ်ဆယ့်လေးယောက်မြောက် ဒလိုင်းလားမားကို ၁၂၃၇-ခုနှစ်မှာ တွေ့ရှိခဲ့သော်လည်း အသက်က ငယ်လွန်းနေပြန်သည်။ အုပ်ချုပ်ရေး၊ တရားစီရင်ရေးအပါအ၀င် တိဗက် အရေးကိစ္စတွေမှာ မတရားမှုတွေ တပတ်ပြန်လည်သွားသည်။

ဒုတိယကမ္ဘာစစ်ကြီးဖြစ်သောအခါ ဗြိတိန်နဲ့ တရုတ်ကြားမှာ တိဗက်က ကြားနေ၀ါဒကို ဖက်တွယ်ထားသေးသည်။ ၁၉၁၂-ခုနှစ်မှာ တိဗက်ပြည်ထဲက တရုတ်အရာရှိများ အားလုံးကို နှင်ထုတ်လိုက်သောအခါ နောင်တချိန် ငါတို့တိဗက်ကို ပြန်သွားမည်ဟု ပီကင်းက တေးထားလိုက်သည်။ ဒုတိယကမ္ဘာစစ်ဖြစ်ပြီးနောက် ပြည်မကြီးတွင် နေရှင်းနယ်လစ်နှင့် ကွန်မြူနစ်တို့အားပြိုင်ပွဲမှာ ကွန်မြူနစ်တို့ အသာရပြီးနောက် မော်စီတုန်းက တိဗက်ကို မျက်စောင်းထိုးပါလေတော့သည်။ ထိုအချိန်မှစ၍ တိဗက် သည် တရုတ်ပြည်၏ အစိပ်အပိုင်းတစ်ခုသာဖြစ်ကြောင်း ကြုံးဝါးပါသည်။

၁၉၄၇-ခု သြဂုတ်လ ၁၅-ရက်နေ့တွင် အိန္ဒိယက လွတ်လပ်ရေးရပြီဖြစ်ကြောင်း ကြေညာလိုက်သောအခါ တိဗက်တို့သည် လည်း အိပ်မောကျနေရာမှ လန့်နိုးသွားတော့ သည်။ အစပိုင်းတုန်းကတော့ တိဗက်သည် ကိုယ်ပိုင်အုပ်ချုပ်သည့် လွတ်လပ်သော တိဗက်ဖြစ်ကြောင်း အသစ်စက်စက်ဖြစ်သော အိန္ဒိယအစိုးရက တိဗက်ဘက်ကနေ ရှေ့နေလိုက်ပေးပါသေးသည်။ ၀န်ကြီးချုပ်နေရူးကတော့ တိဗက်နဲ့ တရုတ်ကြားမှာ အခြေအနေတွေ ဆိုးဆိုးရွားရွားမဖြစ်စေချင်။ ထို့ကြောင့်လည်း သူက အတတ်နိုင်ဆုံး ညင်သာသောနည်းကို သုံးနေခြင်းဖြစ်သည်။ သို့သော် နဂါးကြီး မကြိုက်မှန်း သိသော အခါ အိန္ဒိယတို့လည်း ရေငုံနှုတ်ပိတ်သွားပါသည်။

၁၉၅၀-ပြည်နှစ် အောက်တိုဘာလ ၇-ရက်နေ့တွင် တရုတ်က တိဗက်ပြည်ကို သိမ်းပိုက် လိုက်ပါသည်။ စစ်သည်အင်အား သုံးသောင်းရှိပြီး စစ်မျက်နှာခြောက်ခုဖြင့် ချီတက်လာ သည့် တရုတ်တပ်မတော်ကြီးကို ခုခံဖို့ဆိုသည်မှာ တိဗက်တို့အတွက် စိတ်ကူးယဉ် ဆန်လွန်းလှသည်။ အဲဒီနေ့ကစလို့ တွယ်ရာမဲ့သွားသော တိဗက်တို့အတွက် မှောင်မိုက်သောညတွေက လှမ်းကြိုနေပြီဖြစ်သည်။

ဆက်လက်ဖော်ပြပါဦးမည်

ကိုသစ် (သီတဂူ)
၆၊ ၅၊ ၂၀၁၈
0