မြတ်စံ - ကျနော်နဲ့ မိုဟာမက်အာကြီး



မြတ်စံ - ကျနော်နဲ့ မိုဟာမက်အာကြီး
(မိုးမခ) ဇွန် ၆၊ ၂၀၁၈

မနေ့က TV Channel နိုင်ငံခြားသတင်းတော်တော်များများမှာ ကမ္ဘာကျော်လက်ဝှေ့ချန်ပီယံ မိုဟာမက်အာလီ အသက် ၇၄ အရွယ်မှာကွယ်လွန်သွားတဲ့အကြောင်းကြည့်မိနေရင်း ကျနော့်ရဲ့သူငယ်ချင်းလည်းဖြစ်။ နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်လည်းဖြစ်တဲ့ ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဇော်မင်း (ခ) အာဗြဲ (ခ) ခမောက်ကြီး (ယ္ခု USA မှာနေထိုင်) ကို အမှတ်ရမိပါတယ်။ ၁၉၈၈ မတ်လ ၁၆ ရက်နေ့။ RIT ကျောင်းသား ကိုဖုန်းမော်၊ ကိုစိုးနိုင်တို့ကို ၁၉၈၈ မတ်လ ၁၃ ရက်နေ့မှာ တစ်ပါတီ အာဏာရှင်အောက်က အုပ်ချုပ်မှုယန္တားယားစက်ရဲ့ မမှန်ကန်တဲ့ဖြေရှင်းမှုကြောင့် ကျဆုံးခဲ့ရတဲ့အပေါ် ရန်ကုန်တက္ကသိုလ်ကျောင်းသားကျောင်းသူများရဲ့ အာဏာရှင်စံနစ်ကို စတင်အံတုတဲ့အချိန် - ဒီမိုကရေစီစံနစ်အတွက် ဗွေဆော်ဦးစတင်တဲ့ ခြေလှမ်းအစ… ဒီမိုကရေစီအရေးတော်ပုံတော်လှန်ရေးလို့ ပြောရမဲ့အချိန် - ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမရှေ့မှာ မတရားဖိနှိမ်မှုတွေကို ရဲရဲဝံ့ဝံ့ မားမားမတ်မတ် ရပ်တည်ပြောကြားခဲ့ပြီး ၂၀၀၇ခုနှစ်အထိ ဒီမိုကရေစီရေးလှုပ်ရှားဆောင်ရွက်မှုမှာ တစိုက်မတ်မတ် ပါဝင်ခဲ့သူပါ။

၁၉၈၈၊ မတ်လ ၁၆ ရက်နေ့ ဘွဲ့နှင်းသဘင်ခန်းမရှေ့ကနေ သပိတ်စစ်ကြောင်းချီပြီး RC 2 လှိုင်တက္ကသိုလ် သပိတ်စစ်ကြောင်းနဲ့ သွားပေါင်းဖို့ကြိုးစားရင်း အင်းလျှားကန်ဘောင် တံတားဖြူမှတ်တိုင်အနီးမှာ ကျောင်းသား/သူတွေ သွေးမြေကျခဲ့တာကို အကြောင်းပြုပြီး နောင်တစ်ချိန် တံတားနီ နေ့လို့ သမိုင်းမှတ်တမ်းတင်ခဲ့ရတဲ့ နေ့တနေ့ပါ။ အဲ့ဒီအချိန်က မောင်မောင်ကျော်၊ ကိုမင်းဇေယျ စတဲ့ပုဂ္ဂိုလ်တွေလိုပဲ မိန့်ခွန်းတက်ပြောစဉ်မှာ လယ်သမားတွေဆောင်းတဲ့ ခမောက်ကြီးကိုဆောင်းပြီး မိန့်ခွန်းပြောခဲ့လို့ သူ့ကို ခမောက်ကြီးလို့ လူသိများပြီး ခမောက်ကြီးလို့ နာမည်တွင်ခဲ့သလို သူရဲ့ပါးစပ်ပြဲပြဲနဲ့ ဒိုးဒိုးဒေါက်ဒေါက်ပြောတတ်တဲ့အတွက် ခင်မင်ရင်းနှီးသူတွေက နာမည်အရင်း ဇော်မင်း ထက် အာဗြဲ လို့ခေါ်ကြပါတယ်။ ပိုရင်းတဲ့ကျနော်တို့ ကိုကိုကြီးတို့က အာကြီး လို့ ချစ်စနိုးနဲ့ခေါ်ကြပါတယ်။ (Rဇာနည်လို့ ခေါ်တဲ့ အဆိုတော်ကိုလည်း သူ့ရဲ့ရှေ့ဆုံးနာမည်ကို အမှီပြုပြီး ခေါ်တာဖြစ်သလိုမျိုးပေါ့။ အဲ့ဒီအချိန်တုန်းကတော့ မူလOrginal အာကြီး ပါ။)

 သူ့ရဲ့နောက်ကြောင်းလေးကို ပြောပြနေတဲ့ ရည်ရွယ်ချက်က မိုဟာမက်အာကြီး ဆိုလို့ ဟာဂျီ အမည်တွင်တဲ့ မက္ကာဘုရားဖူးပြန်ပုဂ္ဂိုလ်တွေနဲ့ ရောထွေးမြင်မိသွားမှားစိုးလို့ပါ။ ကဲ… မိုဟာမက်အာကြီး ရယ်လို့ ဖြစ်ပုံက ဒီလိုပါ…။

၁၉၉၁ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှာ ဒေါ်အောင်းဆန်းစုကြည် နိုဘယ်လ်ငြိမ်းချမ်းရေးဆု ရရှိတဲ့အပေါ် တစ်နိုင်ငံလုံးမှာရှိတဲ့ တက္ကသိုလ်ကျောင်းတွေအားလုံးက ထောက်ခံတဲ့ဆန္ဒပြပွဲတွေ လုပ်ပြီး ငြိမ်းချမ်းရေးဆုရှင် ဒေါ်ဆောင်ဆန်းစုကြည် ကို လွှတ်ပေးဖို့၊ ဆုသွားရောက် လက်ခံရယူဖို့ ဖိအားပေးတောင်းဆိုတဲ့ လှုပ်ရှားမှုဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ နဝတ စစ်အစိုးရကလည်း ဂုဏ်ပြုချီးမြှင့်တဲ့အနေနဲ့ ကျနော်တို့အားလုံးကို တသက်တစ်ကျွန်းထောင်ဒဏ်နဲ့ အနိမ့်ဆုံး ၁၀နှစ်ပြစ်ဒဏ်အထိ စစ်ခုံရုံးဖွဲ့ကာ အပြစ်ပေးခဲ့ပါတယ်။ အားလုံးဟာ အရေးပေါ်စီမံချက်ဥပဒေပုဒ်မ ၅/ည နဲ့ အပြစ်ပေးခံရတာပါ။ ပုဒ်မ ၅/ည ရဲ့အမြင့်ဆုံးပြစ်ဒဏ်မှာ ဥပဒေက ခွင့်ပြုထားတာ ၇ နှစ် ထက် မကျော်ရ။ ဒါပေမဲ့ ကျနော်၊ ဇော်မင်း (ခ) အာကြီး နဲ့ ကိုကိုကြီးတို့ သုံးဦးဟာ တစ်သက်တစ်ကျွန်းပြစ်ဒဏ် ကျခံခဲ့ရပြီး ကျန်ကျောင်းသား/သူများဟာ ၁၅နှစ် ၁၀နှစ် ကျခံခဲ့ရ။

ဒီလိုနဲ့ အင်းစိန်ထောင်တိုက်ဝင်းများရှိတဲ့ ၄ တိုက် (အတို) မှာ နေခဲ့ရပါတယ်။ ၂၄ နာရီ တစ်ရက် အချိန်မှာ ၁၅ မိနစ်ခန့် ရေချိုး မိလ္လာချချိန်လေးပဲ တိုက်ပိတ်ထားတဲ့ အခန်းကျဉ်းလေးထဲကနေ အခန်းရှေ့ တိုက်စင်္ကြန်လမ်းမပေါ် ထွက်ခွင့်ရတာပါ။ ကျနော်၊ ကိုကိုကြီး နဲ့ ဇော်မင်းတို့ သုံးယောက်နေတဲ့ အခန်းထဲမှာ အာကြီးဟာ နဂိုကတည်းက ကျောင်းသားဘဝ ခပ်ငယ်ငယ်ကတည်းက အားကစားသမား ဘောလုံးကန် လက်ဝှေ့ထိုး ဝါသနာပါသူပါ။ ကျနော်က ပိန်ပိန်ရှည်ရှည်။ ကေကျု့လို့ ခေါ်တဲ့ ကိုကိုကြီးကလည်း လူကောင်ခပ်သေးသေး။ အာကြီးကတော့ မိလ္လာရေချိုးမချခင် ဒိုက်ထိုး အိပ်ထ မ တင် လုပ်နဲ့ သူတစ်ယောက်ထဲ ပြိုင်ပွဲဝင်မဲ့ အားကစားသမားတစ်ယောက်လို အမြဲတက်ကြွနေပါတယ်။ ကျနော်တို့အခန်း အလှည့်ရောက်လို့ တာဝန်ကျဝန်ထမ်းက တံခါးလာဖွင့်ပြီးတာနဲ့ ၄တိုက် (အတို) ရဲ့ ပေ ၁၀၀ ခန့်ရှိတဲ့ မြေနီလမ်းစင်္ကြန်တစ်လျှောက် ခေါက်တုံ့ခေါက်ပြန်ပြေးပြီးမှ ရေချိုးပါတယ်။ဒါက အာကြီး (ခ) ဇော်မင်း ရဲ့နေစဉ်ထောင်တွင်းဘဝ လှုပ်ရှားဟန်တစ်ခုပါ။ ၁၉၉၂ ကနေ ၁၉၉၄ ဇွန်လ အထိ။

အတူနေ အခန်းဖော်အပြင် အခန်းအမှတ် ၁၉ ကနေ အခန်းအမှတ် ၃၀ အထိရှိတဲ့ လေးတို လို့ ခေါ်တဲ့ လေးတိုက်အတိုမှာ နိုင်ငံရေးလှုပ်ရှားမှုအရ ဖမ်းထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကလည်း အလွှာစုံ အဖွဲ့အစည်းစုံ အယူအဆမျိုးစုံနဲ့ သူတွေပါ။ ပါတီစုံဒီမိုကရေစီခေတ်ရဲ့ အစမို့လား မသိ။ ပြင်ပနိုင်ငံရေးလှုပ်ရှားမှုမှာ မရှိပဲ ထောင်ထဲကို ပါတီစုံအောင် ထည့်ထားတဲ့အချိန်ဆိုတော့ အသွင်သဏ္ဍန်အမျိုးမျိုး အယူအဆအမျိုးမျိုးပေါ့။ နေရတာကလည်း တစ်ရက် နှစ်ရက် တစ်လ နှစ်လ မဟုတ်တော့ တခါတရံ ညနေ ညဘက် တစ်ခန်းနဲ့ တစ်ခန်း လက်ရှိအခြေအနေတွေ လုပ်ကိုင်ဆောင်ရွက်ခဲ့တဲ့ ဖြစ်စဉ်တွေကို အော်ပြောကြရင်း အာကြီး ထုံးစံအတိုင်း ဘယ်သူ့ကိုမှ အားမနာပဲ ဒိုးဒိုးဒေါက်ဒေါက် ပြောတတ်တော့ တချို့တချို့သောသူများအတွက် နည်းနည်း နားကြားမြင်းကပ်ပုံ ရပါတယ်။ မတူကွဲပြားခြင်းကိုလက်ခံပြီး ဘုံရည်မှန်းချက်ဖြစ်တဲ့ စစ်အာဏာရှင်ကို တော်လှန်တဲ့နေရာမှာ ပကတိအခြေအနေကို ရှင်းလင်းစွာမြင်တတ်ပြီး ခေါင်းဆောင်တစ်ယောက်ကို အားကိုးမှုမလွန်ကဲဖို့ ပြောတတ်တဲ့သူဝသီကြောင့် တချို့တွေနဲ့ သိပ်အဆင်မပြေ။

တစ်ရက်မှာတော့ သူ့ရဲ့အိမ်မိသားစု ဧည်တွေ့ (ထောင်ဝင်စာ) ကနေ မှာထားတဲ့ ရေချိုးရင်ဝတ်ဖို့ ဘောင်းဘီတိုကို သူ့ဇနီး မာမာဝင်းဆီက တကယ့်လက်ဝှေ့ထိုးရင် ဝတ်တဲ့ဘောင်းဘီလည်း ရရော အာကြီးတို့ လုပ်ချလိုက်ပုံက… ခါတိုင်းလို ရေချိုးမိလ္လာချ တံခါးလည်းဖွင့်ရော လေးတိုက် အတို စင်္ကြန်မြေနီလမ်းတစ်လျှောက် ခေါက်တုံခေါက်ပြန် သွေးပူလေ့ကျင်ခန်းလုပ်ရင်း လက်ဝှေ့ထိုးဘောင်းဘီ ဖဲသားအနီ ဘောင်းဘီတိုကိုလည်း ဝတ်ထားရင်း လက်နှစ်ဖက်ကိုလည်း လက်ဝှေ့သမားတွေ ပွဲမစခင် လက်ဝှေ့ရေးပြတဲ့ စတိုင်မျိုးလုပ်ရင်း မိုဟာမက်အာလီ ခေတ်စားခဲ့တဲ့ သီချင်းထဲကစာသားဟန် အသံမျိုးနဲ့ … ရှုး… ရှုး စကားပြောလည်းကောင်းတယ် လက်သီးထိုးလည်းကောင်းတယ်…မိုဟာမက် အာကြီး လို့ အော်ပြီး လုပ်ပြလိုက်တာ ကျနော်နဲ့ ကိုကိုကြီးခမျာ ငိုအားထက်ရယ်အားသန်ဖြစ်ခဲ့ရပါတယ်။

အမှန်တကယ်လည်း အာကြီးဟာ ရန်ကုန်တစ်ဖက်ကမ်း တွံတေးတောကြီးတန်း ခလုပ်ရွာကနေ တက္ကသိုလ်ကျောင်းကို ရောက်လာရသူဖြစ်ပြီး သူနှစ်သက်ခုံမင်တဲ့အားကစားထဲမှာ ဘောလုံးနဲ့ လက်ဝှေ့ဟာ သူရဲ့ဦးစားပေးပါ။ သူကိုယ်ခန္ဓာအလုံးအထည်နဲ့ လက်ဝှေ့ထိုးဟန်ကလည်း ဘာပဲဖြစ်ဖြစ် လူရှိန်လောက်ပါတယ်။

 အခု မိုဟာမက်အာလီ ကွယ်လွန်ကြောင်း သတင်းကြားရချိန်မှာ သူ့ကိုအားကျလေးစားခဲ့ရတဲ့ သူငယ်ချင်းလုပ်ဖော်ကိုင်ဖက် မိုဟာမက်အာကြီးလည်း USA မှာပါပဲ။ တွံတေးသားလေး ဇော်မင်းရဲ့ ကျနော်နဲ့ ကွမ်းသမားများအကြောင်း စာစုလေးကိုဖတ်မိတဲ့အချိန် ကမ္ဘာလက်ဝှေ့အကျော်အမော် ကွယ်လွန်ချိန် သတင်းကြားရချိန်နဲ့ တိုက်ဆိုင်နေလို့ ကျနော်နဲ့ မိုဟာမက်အာကြီး ဆိုတဲ့စာစုလေးကို ရေးလိုက်တာပါ။

သူငယ်ချင်း ဇော်မင်း (ခ) အာကြီးနဲ့ ဇနီးမာမာဝင်း သမီးလေးတို့ ဘဝ သာယာချမ်းမြေ့ပါစေ။

အစဉ်အမြဲမေတ္တာဖြင့်
ကိုမြတ်စံ

Comments