လင်းသက်ငြိမ် ● လွယ်လိုက်တဲ့ကဗျာတွေ


လင်းသက်ငြိမ် ● လွယ်လိုက်တဲ့ကဗျာတွေ
(မိုးမခ) ဇွန် ၅၊ ၂၀၁၈

အဲ့ကောင် ရေးတဲ့ကဗျာတွေပေါ့
လွယ်လိုက်တဲ့ကဗျာတွေ
နရီမသိ စည်းမသိ စက္ကူစတွေကို လေထဲကျဲလိုက်သလို
လွယ်လိုက်တဲ့ကဗျာတွေ
အဲ့ကောင် ရေးတဲ့ကဗျာတွေပေါ့
နီယိုမသိ ကွန်ဆက်ချူရယ်မသိ
ပေါ့ပေါ့ပါးပါး ကြွပ်ကြွပ်အိတ်တွေအတိုင်း
နိုင်ငံရေးအမြင်မရှိ အနုပညာအသိမရှိ
လွယ်လိုက်တဲ့ ကဗျာတွေ
ချားလ်ဘန်းစတိုင်းမသိ မာမွတ်ဒါဝှစ်မသိ
လွယ်လိုက်တဲ့ ကဗျာတွေ
ရေးလိုက်မှဖြင့် ဒီအတိုင်းချည်း
ကဗျာမရှိ ပါရမီမရှိ အရာရာနတ္ထိ
အောင်ချိမ့်နဲ့မတွေ့ဖူး လှသန်းနဲ့ မတွေ့ဖူးတဲ့ကောင်ရဲ့ကဗျာ
လွယ်နေတာဆန်းသလား
ဒါကြောင့် အဲ့ကောင်မပေါက်တာ
ငွေမရှိ ဆုမရှိနဲ့ ဘယ်ဆရာကောင်းသမားကောင်းမှ မတွေ့တော့
အဲ့ကောင် ကဗျာတွေ လွယ်နေတာပေါ့
လွယ်လိုက်တဲ့ ကဗျာတွေ
ပွဲတက်နည်းနည်း သောက်ဝိုင်းနည်းနည်းနဲ့
ဆယ်နှစ်တဲ့ အဲ့ကောင် ကဗျာရေးလာတာ
ဘယ်ဖြစ်မလဲ လွယ်နေတဲ့ကဗျာတွေကိုး
နိုင်ငံခြားမရောက်ဖူး လက်ရွေးစင်ကဗျာစာအုပ်ထဲမပါဖူး
လွယ်လိုက်တာမှ ညံ့တဲ့ဖက်အထိ ထိုးကျနေတဲ့
အဲ့ကောင်ကဗျာတွေ
မကောင်းတတ်လို့သာ ဖတ်လိုက်ရတာ
မကောင်းတတ်လို့သာ မိတ်ဆွေဖြစ်လိုက်ရတာ
ခပ်လွယ်လွယ်ကဗျာတွေရေးနေတဲ့ ခပ်ညံ့ညံ့ကောင်ပါ
ဒီမနက် အဲ့ကောင်ကဗျာတွေတွေ့ရတယ်
လွယ်လွန်းတဲ့ကဗျာတွေပါပဲ
တရေးနိုးထရေးရင် အပိုဒ် ၂၀ ဆယ်လောက်
တထိုင်တည်းရေးပြလို့ရတဲ့ ကဗျာတွေပါပဲ
အသိုင်းအဝိုင်းမရှိ အပိုင်အယ်ဒီတာမရှိ
လွယ်လိုက်တဲ့ ကဗျာတွေ
အဲ့ကောင်နေရာမှာ ငါသာဆို ရှက်လွန်းလို့သေမှာပဲ
မရောင်းရတဲ့စာအုပ်နဲ့ လူကြိုက်မများတဲ့ကောင်
ရွေဘော်စာတွေလို အလိပ်လိပ်အခွေခွေ
အဲ့ကောင်ကဗျာတွေ
မိုးရာသီမြက်ပင်တွေလို
အဲ့ကောင်ကဗျာတွေ
လမ်းမှာအဲ့ကောင်ကိုတွေ့ရင် မမြင်ချင်ယောင်ဆောင်လိုက်
စာအုပ်တွေထဲမှာ အဲ့ကောင်ကဗျာကိုတွေ့ရင် ကျော်ပစ်လိုက်
လွယ်လိုက်တဲ့ ကဗျာတွေ
အဲ့ကောင်ရေးတဲ့ ကဗျာတွေ။

လင်းသက်ငြိမ်

Comments