မောင်ရစ် - ၈၈ အနှစ် ၃၀ မှသည် အတိတ်စိတ္တဇအလွန်ဆီသို့

Art - U Win Pe

မောင်ရစ် - ၈၈ အနှစ် ၃၀ မှသည် အတိတ်စိတ္တဇအလွန်ဆီသို့
အယ်ဒီတာ့လက်ရေး - ဇွန် ၂၃၊ ၂၀၁၈


၈၈၈၈ အရေးတော်ပုံကြီးတောင် အနှစ် ၃၀ ပြည့်တော့မယ်။ ကျနော်တို့ လက်ရှိ ပစ္စုပ္ပန်ကာလကို ကြည့်လိုက်တော့ ဒီမိုကရေစီအရေး လမ်းခုလတ်မှာပဲ ရှိပါသေး။ ကျနော်တို့တတွေဟာ အနာဂတ်ကို ပြတ်ပြတ်သားသား မြင်ယောင်မကြည့်နိုင်သေးပဲ အတိတ်ကိုပဲ တလည်လည်နဲ့ ပြန်မြင်ယောင်ကြည့်နေရတုန်း ဖြစ်နေပါတယ်။ အတိတ်ကို သင်ခန်းစာတွေ ယူပြီးတော့ လက်ရှိ ပစ္စုပ္ပန်ကို တည်ဆောက်ရင်း အနာဂတ်ကို ပုံဖော်နိုင်ကြပြီလားဆိုတဲ့ မေးခွန်းကို မဖြေနိုင်ကြသေးဘူး ထင်ပါရဲ့။

လက်ရှိမှာ အတိတ်ကို ပြန်မြင်ယောင်ကြည့်လိုက်တဲ့အခါ ခါးသီးတဲ့ အတွေ့အကြုံတွေ ဖြတ်သန်းမှုတွေက တန်းစီပြီး ပေါ်လာတယ်။ မလုပ်ခဲ့မိတဲ့ အမှားတွေ၊ လုပ်ခဲ့မိတဲ့ အမှားတွေဆိုပြီး နောင်တစကားတွေ ပြောကြတယ်။ နောက် အဲသည်တုန်းက ရဲရင့် စွန့်စားခဲ့ကြတာတွေကို ပြန်လည် ဂုဏ်ယူပြီး မြင်ယောင်ကြရပြန်ပါတယ်။ အတိတ်ကာလက ဖြတ်သန်းခဲ့ ရွေးချယ်ခဲ့ နောက်လိုက်ခဲ့ ဦးဆောင်ခဲ့တဲ့ ကဏ္ဍအသီးသီးကနေ အခု ပစ္စုပ္ပန် ဆိုတာကြီးက ဖြစ်ပေါ်လာရတာပါ။ ကိုယ့်အရပ် ကိုယ့်ဇာတ်မှာ ကိုယ်က ဇာတ်လိုက်ပါ။ ဘယ်သူ့ကိုမှ တရားခံရှာ၊ ဓားစာခံရှာနေစရာ မလိုပါ။ အတိတ်က ဆောင်ခဲ့ပြီမို့ အခု လက်ရှိသည်အခြေကို ရောက်နေပြီး သည်ကနေ ရှေ့ကို ဆက်လက် ဆောင်ကြရပါဦးမယ်။

ကျနော်တို့တွေက အတိတ်ကနေ မရုန်းထွက်နိုင်သေးရင် နောင်တတွေ အကြိမ်ကြိမ်ရကြ၊ စားမြုံ့တွေ ခနခန ပြန်ကြ၊ အတိတ်က သာယာမှုတွေကို ပြန်တမ်းတ၊ လက်ရှိ မဖြစ်လာနိုင်သေးတာတွေမှာ ပြစ်တင် သောကတွေ ရောက်ကြ ဆက်ဖြစ်နေကြရဦးမှာပါ။

ကမ္ဘာမကြေဘူး သီချင်းသံကြားတိုင်း သွေးတွေ နွေးလာတာ ... တူးပို့တူးပို့သံကြားတိုင်း သင်္ကြန်ကို တမ်းတတာ ... စစ်ချီသံတွေကြားတိုင်း ရင်ဘတ်ကြီးတွေ ကော့ကော့လာတာ ... ဓာတ်ပုံဟောင်းလေးတွေ ကြည့်ကြည့်ပြီး မျက်ရည်လည်တာကနေ ကျော်လွန်ပြီးတော့ လက်ရှိ လက်တွေ့ကို သုံးသပ်လို့ အနာဂတ်ကို ဘယ်လို ကိုယ်ဖြစ်စေချင်သလို ဆောင်ကြမှာလဲ တွေးကြရတော့မှာ။

အတိတ်ကို စွဲလန်းခြင်း၊ လက်မလွှတ်နိုင်ခြင်း၊ အတိတ်ကို ပြန်လည်တည်ဆောက်လိုခြင်းတို့ကို ဘိုလိုကတော့ nostalgia လို့ ခေါ်ပါသတဲ့။ အလုပ်မဖြစ်တဲ့ အတိတ်အစိတ်အပိုင်းတချို့ကို ပစ်ချထားနိုင်ဖို့ လိုပါတယ်။ အဲသည် အတိတ်စွဲစိတ္တဇကို အခြားသူတွေက နိုင်ငံရေးအမြတ်မထုတ်နိုင်အောင် ကာကွယ်ဖို့ လိုပါတယ်။ သည်လိုမျိုး အတိတ်ကာလက ကောင်းကွက်တွေ ရွှေထီးဆောင်းတာတွေကို ကွက်ကွက်လေး ပုံဖော်ပြီး လူထုကို မြှောက်ပင့်ပေးတဲ့နည်းနဲ့ လက်ရှိမှာ ရွေးကောက်ပွဲအနိုင်ရအောင် ကစားသွားသူကြီး အမေရိကန်က သမ္မတကြီး ဒေါ်နယ်ထရန့်ကို သတိရသင့်ပါတယ်။ သူက ကြွေးကြော်ခဲ့တာက "Let's America Great Again!" တဲ့ မဟုတ်လား။ အမေရိကားဟာ ခုချိန်မှာ မနိပ်တော့ဘူးတဲ့။ ဟိုးတုန်းကလို အမေရိကားကို ပြန်နိပ်လာအောင် လုပ်ကြစို့ တဲ့။ သူက အဲသလို လှုံ့ဆော်လိုက်ပါတယ်။ လက်ရှိမှာ အမေရိကားဟာ သူ့ဖာသာသူ ဟုတ်နေတဲ့ဟာကို ဟိုးအတိတ်က လူဖြူတွေ ကွက်ကွက်လေး ကောင်းစားခဲ့တာကို ပြန်မြင်ယောင်အောင် ပွဲထုတ် ပွဲဆူအောင်လုပ်ပြီးတော့ အခုတော့ သူကိုယ်တိုင် ကောင်းစားရေးသက်သက်လုပ်နေပါပြီ။ သည်ဟာကို သင်ခန်းစာ ယူသင့်ပါတယ်။

အာဏာရှင်နိုင်ငံတွေ အာဏာရှင်တွေ စစ်လက်နက်နိုင်ငံထူထောင်သူတွေဟာ အဲသည် ရွှေထီးဆောင်းအတိတ်တွေကို ပုံဖော်ပြီးတော့ လက်ရှိ မျက်မှောက်က ပြည်သူတွေကို အထင်မှား အမြင်မှားတွေနဲ့ ပုံသွင်းကြတော့တာပဲ။ မျိုးချစ်စိတ်တွေ၊ ဘာသာရေးအယူသီးမှုတွေ၊ သွေးခွဲမှုတွေ၊ သံသယစိတ်တွေ၊ ကိုယ်ကျိုးစီးပွားရှေ့တန်းတင်စိတ်တွေဟာ အတိတ်ကို မှန်ကန်စွာ သင်ခန်းစာ မယူနိုင် မယူတတ်သူ လူပြိန်းပရိသတ်ကို လမ်းမှားရောက်အောင် တွန်းပို့နိုင်ပါတယ်။

လက်ရှိမှာ လက်တွေ့ကျကျ ကြည့်ကြစို့ ဆိုရင် ဘယ်အချက်တွေကို ကြည့်ကြမှာလဲ။ ၂၀၀၈ အခြေခံဥပဒေတော့ မပြင်နိုင်သေးပါ။ ပြင်ဖို့ လိုရင် ပြင်ပါ့မယ်လို့ တပ်မတော်ကတော့ ၀န်ခံထားပါပြီ။ တိုင်းရင်းသားတွေနဲ့ ပင်လုံငြိမ်းချမ်းရေး စာချုပ် မချုပ်နိုင်သေးပါ။ ဖယ်ဒရယ်ပြည်ထောင်စုဆိုတာကို စစ်မတိုက်ဘဲ အတူထူထောင်ပြီး လက်တွဲနေထိုင်ကြရမယ်လို့တော့ လက်ခံထားရပါပြီ။ လွတ်လပ်ခွင့်နဲ့ တရားဥပဒေစိုးမိုးမှု အပြည့်အ၀မရသေးပါ။ သို့သော်လည်း မရသေးတာကို ရနေပါပြီဆိုပြီး အရင်ခေတ်တုန်းကလို ဖုံးကွယ် တားမြစ်လို့ မရတော့ပါ။ အနောက်အုပ်စု အရှေ့အုပ်စု အင်အားကြီးနိုင်ငံတွေရဲ့ ကျးကွက်ရွှေ့ နိုင်ငံရေးကစားမှုတွေ ပိုပြီး ပြင်းထန်လာပါတယ်။ ဒါပေမယ့် သူတို့တွေ အကွက်ရွှေ့နေတာကို မြန်မာပြည်သူတွေက အစွန်း၂ဖက် မရောက်ဘဲ သတိထား သိမှတ်နိုင်ကြပါပြီ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း ဦးထင်ကျော်အစိုးရအုပ်စုနဲ့ အလုပ်မဖြစ်လို့ ဦးဝင်းမြင့်အစိုးရအဖွဲ့သစ်နဲ့ ပြင်ဆင်ကစားနေတာ မြင်နိုင်ပါတယ်။ အတိတ်ကို သင်ခန်းစာယူနိုင်ရင် လက်တွေ့အခြေအနေပေးသလောက်ကို သုံးသပ်ပြီး အနာဂတ်အတွက် ဆက်ရုန်းနိုင်ကြလိမ့်မယ် မျော်လင့်မိပါတယ်။

အနှစ် ၃၀ အကြာမှာ ၈၈ မျိုးဆက်တွေ ၈၈ အရေးတော်ပုံထဲကနေ NLD ပါတီဆိုတာ ပေါ်ထွက်ခဲ့ပါပြီ။ တိုင်းရင်းသားပါတီတွေ၊ လူ့ဘောင်သစ်လို လူငယ်ပါတီတွေလည်း ပေါ်ထွန်းလာခဲ့ပါပြီ။ ABSDF ဆိုတဲ့ ကျောင်းသားတပ်မတော်ဆိုတာလည်း ရပ်တည်နိုင်ခဲ့ ဖြတ်သန်းနေခဲ့ပါပြီ။ ၈၈တွေနဲ့ အရေးတော်ပုံ အဆက်ဆက်က မျိုးဆက်တွေရဲ့ ပြည်တွင်း ပြည်ပမှာ စာနယ်ဇင်းတွေ လူမှုရေး နိုင်ငံရေး စီးပွားရေး အစုအဖွဲ့တွေ အများအပြား ပေါ်ထွက်နိုင်ခဲ့ပါပြီ။ လက်ရှိ ကစားကွင်းတခုဖြစ်တဲ့ ရွေးကောက်ပွဲနိုင်ငံရေးမှာ ပါဝင်ဖို့ ကိုကိုကြီးတို့လို ၈၈ မျိုးဆက်တွေဦးဆောင်တဲ့ နိုင်ငံရေးပါတီတွေ ထူထောင်လာကြတာကိုလည်း ကျနော်တို့က ဝေဖန်မှု သုံးသပ်မှု အကြံပေးမှုတွေနဲ့ ကြိုဆိုကြရဦးမှာပါ။

ကျနော်တို့တတွေအားလုံးက အတိတ်ကသင်ခန်းစာတွေကို အကျိုးရှိအောင် သင်ယူပြီး လက်ရှိ လက်တွေ့ကို တည်ဆောက်ရင်း အနာဂတ်ကို ဆက်သွားကြရုံသာ။ အတိတ်ထဲမှာ တလည်လည်နဲ့ မကျန်ရစ်ဖို့လိုသလိုပဲ အတိတ်စိတ္တဇကို အမြတ်ထုတ်ပြီး Let's Myanmar Great Again လုပ်မယ့်သူတွေ ရှောင်ရှားကြပါစို့။

Comments