ကျော်ထင် ● ကြိုးစားမှု ဘိန်းကျွေးခြင်း
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၈
(မိုးမခ) ဇွန် ၂၄၊ ၂၀၁၈
(၁)
လူတယောက်မှာ ရည်ရွယ်ချက် ရှိဖို့ လိုသလား မလိုဘူးလားဆိုတာပြောဖို့ ကိုယ့်ဘဝကိုပဲ ပြန်လှည့်ကြည့်ရမယ်ထင်ပါတယ်။ ကိုယ်လုပ်နေတဲ့ ပုဂ္ဂလိကဆရာဆိုတာ ကိုယ်ရည်ရွယ်ခဲ့တဲ့ သက်မွေးဝမ်းကျောင်း အလုပ် ဟုတ်လို့လား။ ဟုတ်တယ်ဆိုရင် ဒီလိုအသက်မွေးဖို့ ဘယ်လို ကြိုးစားလုပ်ခဲ့ရသလဲ။
မဟုတ်ဘူးဆိုရင် တခြား ဘာတွေကို ရည်ရွယ်ခဲ့တာလဲ။
ဖြစ်ချင်တာဟာ ရည်ရွယ်ချက်လား။ရည်ရွယ်ချက်ဆိုတာ ဖြစ်ချင်တာလား။
ဖြစ်ချင်တာနဲ့ပဲ ရည်ရွယ်ချက်ဖြစ်သွားသလား။
(၂)
ဒါဆိုရင်တော့ ဖြစ်ချင်တာတွေက အများသား။ အမိမြေမှသားကောင်းများကြည့်ပြီး စစ်သားဖြစ်ချင်ခဲ့တယ်။ ကျော်အောင်မော်၊ စိုင်းလားရှိုး၊ မောင်ငြိမ်းချမ်းတို့ရဲ့ ရုပ်ပြတွေဖတ်ပြီး ရုပ်ပြပန်းချီဆရာဖြစ်ချင်လွန်းလို့မန္တလေးပန်တျာကျောင်းမှာ အစား ဆင်းရဲခံခဲ့တယ်။ ကဗျာဆရာဖြစ်ချင်လွန်းလို့ အမေ့အဆူခံပြီး ကဗျာတွေရေးခဲ့တယ်။
မောင်စိန်ဝင်း(ပုတီးကုန်း)၊ ခက်မာ၊ နွမ်ဂျာသိုင်းတို့ကို အားကျပြီး အင်ဂျင်နီယာဖြစ်ချင်တာနဲ့အတူ စာရေးဆရာဖြစ်ချင်ခဲ့တယ်။
ကျော်ဟိန်းကြောင့် ရုပ်ရှင်မင်းသား ဖြစ်ချင်တာ၊ သစ်လုပ်ပြီးချမ်းသာနေတဲ့ ရုံပိုင်ကိုကြည့်ပြီး ဘူတာရုံပိုင် ဖြစ်ချင်တာနဲ့ တိုက်ကြက်တွေ အများကြီးမွေးပြီး တိုက်ကြက်ပညာရှင်တယောက် ဖြစ်ချင်လွန်းလို့ ဂျပန်ဓားကြီးကို တိုက်ကြက်နဲ့ လဲပစ်တာတောင် ပါပါသေးတယ်။
သဘောင်္သားဦးလေးဆီရောက်တော့ သင်္ဘောသားဖြစ်ချင်ခဲ့တယ်။ ရုပ်မြင်သံကြားစက်နဲ့ အောက်စက်တွေကို ပြုပြင်ဖို့ဆိုပြီး တာမွေ၊ ဗိုလ်စိန်မှန်ကွင်းနားက အော်စကာအီလက်ထရောနစ် ဆားဗစ်မှာ ပညာသင်ခဲ့တယ်။ ဘောလုံး အကျော်အမော်တယောက် ဖြစ်ချင်လွန်းလို့ ဘောကန်ဖိနပ် လိုက်ငှားကန်ခဲ့ဖူးတယ်။ ငှားထားတဲ့ဘောကန်ဖိနပ်ကို မသိသားဆိုးဝါး သူခိုးက ခိုးသွားတာ ကြုံဖူးတယ်။
ဂီတာသမားတယောက်ဖြစ်ချင်တဲ့စိတ်ကတော့ ဥယျာဉ်စုဘုန်းကြီးကျောင်းထဲမှာ ခဲနဲ့ထုခံလိုက်ရတဲ့ သူငယ်ချင်းတွေကို ကြည့်ပြီး အစရှာ မရဖြစ်သွားခဲ့တာလည်း ထည့်တွက်လို့ ရသေးတယ်။ လက္ခဏာတတ်ချင်လို့ ကိုင်ရိုတွေ ဖတ်ဖြစ်တယ်။
လက္ခဏာကျမ်းတွေ လေ့လာဖြစ်တယ်။တွေ့သမျှလူ လက်ဆွဲပြီး မွေးမွေးချင်း ပဲလှော်မဝါးတတ်သေးဘူးတို့၊ ဆုံးဆုံးချင်း အသက်ထွက်မယ်တို့ ဟောကိန်းတွေထုတ်ခဲ့ဖူးတယ်။ အမျိုးယုတ်တွေနဲ့ မတွေ့ခင်ထိ နိုင်ငံရေးသမားတယောက်အဖြစ်လည်း ရူးရူးမူးမူး ဖြစ်ချင်ခဲ့ဖူးတယ်။
အဲ့ဒီလို တောင်တောင်အီအီ ဖြစ်ချင်တာတွေထဲမှာ ယခုလက်ရှိ အသက်မွေးနေတဲ့ပုဂ္ဂလိကဆရာ ဖြစ်ချင်တဲ့စိတ်ကတော့ တကယ်ကို မပေါ်ပေါက်ခဲ့ဖူးပါဘူး။ တကယ်တော့ စောစောက ဖြစ်ချင်တဲ့စိတ်တွေဟာ အရူးချေးပါ ဖြစ်ချင်ခဲ့တာတွေချည်း ပါပဲ။ စည်းနဲ့ စနစ်နဲ့ ဖြစ်ချင်ခဲ့တာတွေ မဟုတ်ပါဘူး။ ရည်ရွယ်ချက်ဆိုတာထိ ပေါက်မြောက်ခဲ့တာ မဟုတ်ပါဘူး။
(၃)
ရည်ရွယ်တယ်ဆိုတာ ဘာလဲ။ ရည်ရွယ်တယ်ဆိုတာ ဦးတည် အာရုံထားတာပါပဲ။ ဖြစ်ချင်တာကို ဦးတည်ထားရမယ်။ ပြီးတော့ တစိုက်မတ်မတ် အာရုံ စူးစိုက်ထားရမယ်။ မဖြစ် ဖြစ်အောင်လုပ်တော့မယ်။ ဒါပေမဲ့ အဲ့ဒီလို စူးစူးစိုက်စိုက်အာရုံထားမှပဲ ဖြစ်တော့တာလားဆိုတော့လည်း မဟုတ်ဘူးဆိုတာ တွေ့နေရတယ်။
ကြိုးစားလို့ဆိုတာတွေက တခါတရံကျ ဘေးပန်းရောက်နေတတ်တာ တွေ့ရတယ်။ ဒါပေမဲ့လည်း တနင်္ဂနွေနေ့မှာ ဝက်ခြေထောက်နဲ့မျှစ်ချဉ်ချက်စားမယ်၊ ဒီဇင်ဘာမှာ ပြင်ဦးလွင်က ပန်းပွဲတော်သွားမယ်၊ ရန်ကုန်ကအပြန် စွယ်စုံကျမ်းစာအုပ်တွေ အဟောင်းတန်းကဝယ်ခဲ့မယ် ...စတဲ့ အသေးအဖွဲရည်ရွယ်တာမျိုးတွေထဲကတော့ ရည်ရွယ်တဲ့အတိုင်း ဖြစ်တတ်တာတွေ ရှိပါတယ်။
လကုန်ရင် ဖုန်းမှန်ကွဲနေတာ လဲပစ်ရမယ်၊ ထိုင်မသိမ်းထဘီဝတ်ပြီး ဘွဲ့တက်ယူမယ်၊ မာစတာဆက်တက်မယ်၊ မာစတာပြီး ရင် ပါရဂူဘွဲ့ယူမယ်ဆိုတာမျိုးတွေလည်း အပါအဝင်ပေါ့။
ဒါပေမဲ့ နှစ်ဆယ်ကျော် ကာလကတည်းက ပုဂံသွားဖို့ ရည်ရွယ်ခဲ့တာ ခုထိမရောက်သေးတာမျိုးလည်း ရှိနေတယ်။ စားဖိုမှူး အလုပ်နဲ့သဘောင်္တက်မယ်ဆိုပြီး ကန်တော်ကြီးမှာ အချက်အပြုတ်သင်တန်းတက်တယ်။ သဘောင်္သားရုံးကို ခြေချင်း လိမ်နေအောင် သွားရတယ်။ ခြောက်ထပ်ရုံး ခဏခဏရောက်ရတယ်။ ပင်လယ်ရေကြောင်း ညွှန်ကြားရေးဦးစီးဌာနဆီ မကြာ မကြာ ဝင်ထွက်ရတယ်။မြေနီကုန်းမှာဖွင့်ထားတဲ့ သဘောင်္ကုမ္ပဏီဆီ သွားရတယ်။ ဒါပေမဲ့ သဘောင်္သား မဖြစ်ခဲ့ဘူး။ ကုက္ကိုင်းရေကူးကန်မှာ ရေကူးသင်မယ် စိတ်ကူးတယ်။ ဒါပေမဲ့ ဒါတွေ ဘာမှမဖြစ်ခဲ့ပြန်ဘူး။
(၄)
အဲ့ဒီ့လို မဖြစ်ခဲ့တဲ့ ဖွဲ့စည်းတည်ဆောက်ချက်တွေကိုကြည့်ပြီး ကြိုးစားဖို့ မလိုဘူးလို့ ဆုံးဖြတ်ပေးနေတာလားဆိုတော့ မဟုတ်ပါဘူး။ စာရေးသူ့ အတွေ့အကြုံအရဆိုရင်တော့ လူဟာ ဘယ်လောက်ပဲကြိုးစားကြိုးစား သူ့သတ်မှတ်ပြဋ္ဌာန်းမှုအရပဲ ဖြစ်နေနိုင်တာလို့ ပြောချင်တာပါ။ ပြီးတော့ ကြိုးစားပြီး အရာမထင်တဲ့သူတွေဘဝကို ရေစုန်ချပစ်တာမဖြစ်စေချင်လို့ ပြောတာ လည်း ဖြစ်ပါတယ်။
ဒါကြောင့် ရည်ရွယ်သလို ကြိုးစားတယ်။ ကြိုးစားသလိုက ဖြစ်မလာဘူး။ ဒီလိုဖြစ်မလာလို့လည်း ဘာမှသွေးပျက်စရာမရှိပါ ဘူး။ ဘဝဆိုတာ ဖြစ်နဲ့ မဖြစ်ကို ကိုယ်ကအကြွင်းမဲ့ပိုင်နိုင်တာ မဟုတ်ပါဘူး။ ဒီလိုဘာလို့ပြောသလဲဆိုတော့ လူဟာ လူဖြစ်ပါပြီဆိုကတည်းက သတ်မှတ်ပြဋ္ဌာန်းခံရပြီးသား ဖြစ်နေတယ်ဆိုတာကို ၉၉ ရာခိုင်နှုန်း ယုံကြည်နေလို့ ပြောတာပါပဲ။
ကိုယ်က ဘာဖြစ်ချင်ပါတယ်ဆိုပြီး ကြိုးစားကြိုးစား ဖြစ်ချင်မှ ဖြစ်တာပါပဲ။ လူကြံရင် ထရံတောင် တုတ်ချောင်းဖြစ်နိုင်တယ်ဆိုတာမှန်ပေမယ့် တုတ်ချောင်းတွေကို ထရံဖြစ်အောင် ဘယ်လိုလုပ်မလဲဆိုတာကတော့ တော်တော်ပြောဖို့ခက်ပါတယ်။ ကြိုးစားရင် ဘုရားတောင် ဖြစ်ခွင့်ရှိတယ်သာဆိုတယ် ဘုရားဖြစ်ဖို့အတွက်ကျတော့ နေ့ညတွေ ရွှေ့လာလိုက်တာ ကမ္ဘာတစ်သိန်း၊ ကမ္ဘာနှစ်သိန်းဒီလိုချီလာမယ်ထင်ပါတယ်။
ကြိုးစားတိုင်းဖြစ်ရမယ်ဆိုရင် မိုဟာမက် ဘယ်သူဖြစ်မလဲ။
ယေရှု ဘယ်သူဖြစ်မလဲ။
သိဒ္ဓတ္ထဘယ်သူဖြစ်မလဲ။
ပြီးတော့ ဆော့ခရေးတီးဖြစ်အောင်၊ ပလေတိုဖြစ်အောင်၊ ဟေဂယ်ဖြစ်အောင်၊ အိုင်းစတိုင်းဖြစ်အောင်၊ နျူတန်ဖြစ်အောင်၊ မက်ခ်စ်ဖြစ်အောင်၊ နီရှေး ဖြစ်အောင်၊ ဘီဂိတ်ဖြစ်အောင်၊ ဗီသိုဗင်ဖြစ်အောင်၊ ချက်ကော့ဖြစ်အောင် ဘယ်နှယောက် ကြိုးစား ပြနိုင်မလဲ။ ကြိုးစာရင် ဖြစ်နိုင်တယ်ဆိုတာဟာ လက်တဆုပ်စာလူတွေအတွက်လောက်သာ မှန်နိုင်တာပါ။ ဒီလိုအနည်း အကျဉ်းလောက်သာမှန်တဲ့သီအိုရီနဲ့ လောကကြီးကို မတွက်ထုတ် ကြည့်စေချင်ပါဘူး။ တကယ်က ဘယ်သူပဲဖြစ်ဖြစ် သတ်မှတ်ပြဋ္ဌာန်းခံဘဝနဲ့ နေလာကြတာပါပဲ။
တမျိုးထပ်ပြောရရင် ကံကသီလို့ ရည်ရွယ်ရာကို ရောက်သခိုက်နဲ့ကြုံရတာပဲဖြစ်ပါတယ်။ အဲ့ဒီ့အခါမှာ အဲ့လိုရောက်ရှိသူဟာ သူဒီလိုဖြစ်ရတာ သူဘယ်လောက်ကြိုးစားလို့၊ ဘယ်လို လုပ်ကိုင်ခဲ့လို့ဆိုတာတွေနဲ့ စင်စကား ပြောပါလိမ့်မယ်။ စင်စကား ဆိုတာက နေရာတခုဆီရောက်ပြီးမှ ပြောထွက်တဲ့စကားမျိုးကို ဆိုလိုတာပါ။
ဥပမာပါ။
၁၈ ရာစုနောက်ပိုင်းမှာ မိန်းမတွေ မဲပေးခွင့် ရကိုရမယ်လို့ ၁၇ ရာစုက လူတွေထဲမှာ ဘယ်သူမှ ရည်ရွယ်ချက်ရှိရှိ တတ်အပ်သေချာ ပြောကြားခဲ့ကြတာရှိသလဲ။ ဗမာ့လွတ်လပ်ရေးဟာ ၁၉၄၈ မှာ ရကိုရရမယ်လို့ ၁၈၈၆ ဇန်နဝါရီလမှာ ဘယ်သူကြွေးကျော်နိုင်ခဲ့ဖူးသလဲ။ ဖြစ်နိုင်ချေရောင်ခြည်သန်းလာမှသာ ပြောရဲတာပါ။ ပြီးတော့ ရသွားမှသာ ဒို့ ဘယ်လို ရည်ရွယ်အားထုတ်ခဲ့လို့၊ ဒို့ ဘယ်လိုညီညွတ်ခဲ့လို့၊ ဒို့ ဘယ်လို ကြိုးစားခဲ့လို့ဆိုပြီးနိုင်ငံ့သူရဲကောင်းဝတ္ထုတွေရေးရေး ပြတော့တာပါပဲ။ ဒါမျိုးကို စင်စကား ခေါ်တာပါပဲ။ ဒါပေမဲ့ တခုပြောထားလိုတာက အဲ့ဒီလို ကြိုးစားအားထုတ်တာတွေမပါဘဲ လည်းဖြစ်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ဖြစ်ချိန်တန်လာလို့ ကြိုးစားတာတွေက အကွက်စိပ်စိပ်ပေါ်လာတာ ဖြစ်တယ်လို့လည်း မြင်နိုင်ပါသေးတယ်။
(၅)
ဗုဒ္ဓအတွေးအခေါ်အရဆိုရရင် အကြောင်းပေါင်း မြောက်မြားစွာပေါင်းစုပြီးမှ လွတ်လပ်ရေးရတာပါပဲ။ ဒါကို တစုတဖွဲ့ တယောက်တည်းကြောင့်ဆိုတာမျိုး လာချိုးရင်တော့ အလွန်တရာ ဉာဏ်တိမ်လွန်းတဲ့ ဇာတ်ညွှန်းနဲ့ရေးထားတဲ့ဟာသကားကို ကြည့်ရသလိုပဲ နေပါလိမ့်မယ်။
ထပ်ပြောရရင် အိန္ဒိယဟာဘာလို့ ၁၉၄၇ မှာ လွတ်လပ်ရေးရသလဲဆိုရင် လွတ်လပ်ရေးဟာ ကြိုးစားလို့ တခုတည်းကြောင့် ရရတာလား။ ရမယ့်အချိန်ကို သတ်မှတ်ပြဋ္ဌာန်းထားလို့ လွတ်လပ်ရေး ရရတာကိုကော ထည့်မတွက်သင့်ဘူးလား။ ကြိုးစားလို့ လွတ်လပ်ရေးရတယ်ဆိုရင် ကြိုးစားလို့ ကျွန်ဖြစ်ကြတာလား။
ဒါကိုက ကျနော်တို့ရဲ့အတွေးအခေါ်ကော၊ စကားလုံးကောဟာ မူမှန်မှု မရှိတာကို ပြသနေတာပါပဲ။ လွတ်လပ်တာနဲ့ မလွတ်လပ်တာဟာ မျဉ်းတမျဉ်းတည်းရဲ့ ဟိုဘက်ဒီဘက်ဖြစ်ရက်နဲ့တောင် လွတ်လပ်ရေးရတာကျတော့ ကြိုးစားအားထုတ်ခဲ့လို့လို့ အဖြေထုတ်ပြီးမလွတ်လပ်တာကျတော့ ကြိုးစားအားထုတ်လို့ ဖြစ်ရတာလို့ တူညီတဲ့အဖြေကို မထုတ်နိုင်ကြဘူး။ ကြိုးစား အားထုတ်လို့ဆိုတဲ့အဖြေသာ မှန်ကန်တယ်ဆိုရင် သင်္ချာသီအိုရီသဘောအရ ဘယ်မှာအစားထိုးထိုး မှန်နေရမယ်။ ခုဟာက မှားနေတယ်။ မှားနေတယ်ဆိုတော့ နှစ်မျိုးအရမှားနေတာလည်းဖြစ်နိုင်ပါတယ်။ ဘယ်လိုနှစ်မျိုးအရလဲဆိုရင် အတွေးအခေါ်အရရယ်၊ ဝေါဟာရအရ ရယ်ပါပဲ။
(၆)
ဆရာဝန်ရူး ရူးနေတဲ့မိသားတစုမှာ အကြီးမလေးကို ဆရာဝန်ဖြစ်အောင် မိကောဘကောက ဝိုင်းဝန်းကြပ်မတ်အားထုတ်ပေးကြတယ်။ ဒါကြောင့်ပဲ အကြီးမလေး ဆရာဝန်ဖြစ်သွားတယ်။ ဒုတိယသားကိုလည်း ဒီလိုပဲ ကြိုးစားအားထုတ်ပေးကြတယ်။ သူလည်း ဆရာဝန်ဖြစ်သွားတယ်။တတိယ ကလေးကျတော့ ယနေ့ထက်ထိ လမ်းပေါ်မှာ တေနေတုန်း။ သူ့ကျတော့ ကြိုးစားအားမထုတ်ကြဘူးလား။ တကယ်တော့ အဲ့ဒီ့တတိယသားလေး မိုက်လုံးကြီးနေတာဟာ မိုက်လုံးကြီးတဲ့ကောင်ဖြစ်ဖို့ ဖန်လာလို့ပါပဲ။ ဖြစ်ဖို့ သတ်မှတိပြီးလို့ပါပဲ။ အိန္ဒိယ ကျွန်ဖြစ်တယ်။ ကျွန်ဖြစ်ဖို့ သတ်မှတ်ပြဋ္ဌာန်းခြင်းခံရလို့ ကျွန်ဖြစ်တယ်။ လွတ်လပ်ရေးရတယ်။ လွတ်လပ်ဖို့ သတ်မှတ်ပြဋ္ဌာန်းခြင်းခံရလို့ လွတ်လပ်တယ်။ အဲ့ဒီ့ သတ်မှတ်ပြဋ္ဌာန်းမှုတေ ထဲမှာက ရည်ရွယ်ချက်တွေ၊ ကြိုးစားအားထုတ်တာတွေ၊ အသိဉာဏ်ပညာဖွံ့ဖြိုးတာတွေပါ တပါတည်း ပါဝင်နေပါတယ်။
ကြိုးစားအားထုတ်တာ တခုတည်းကြောင့်ဆို အဲ့ဒီ့အရင် စောစောကတည်းက ကြိုးစားခဲ့ပါလား။ ဒီလိုမဟုတ်ဘူး။ တကယ်ဇာတ်ခုံက ဒီလိုမဟုတ်ပါဘူး။ အိန္ဒိယတွေ ကြိုးစားခဲ့တာပါပဲ။ ဒါပေမဲ့ ဖြစ်ဖို့ အချိန်မှ မကျသေးတာပဲ။ ကြိုးစားလို့ တခုတည်း ကြောင့်ရမယ်ဆိုရင် ဗမာပြည်မှာပေါ်ထွန်းနေတဲ့ စစ်အာဏာရှင်စနစ်ကို အရေခွံစုတ်ဖို့ တတ်အပ်သေချာတဲ့ ကာလယန္တရားနဲ့ ဘယ်သူတာဝန်ယူပေးမလဲ။ ဘယ်သူမှ ယူနိုင်တဲ့သူမရှိပါဘူး။
မြေစမ်းခရမ်းပျိုးမူဝါဒတွေနဲ့သာ လုပ်နေရတာဖြစ်ပါတယ်။ အောင်မြင်သွားရင်တော့ မြေစပ်တာစနစ်ကျလို့၊ ခရမ်းမျိုးကောင်းလို့၊ စိုက်ပျိုးနည်းမှန်ကန်လို့နဲ့ စေတနာကောင်းလို့ ဆိုတာတွေကို မြိန်မြိန်ကြီး ပြောကြတော့မှာပါ။
(၇)
ဒီလိုဆိုလိုက်တာဟာ ကြိုးစားအားထုတ်တာတွေ မလုပ်ရတော့ဘူး၊ မလိုတော့ဘူးလို့ ဆိုလိုက်တာ မဟုတ်ပါဘူး။ ကြိုးစား အားထုတ်မှုတခုတည်းရဲ့ ရလဒ်ကြောင့် ရလာတာမဟုတ်ဘူးလို့ ဆိုလိုရင်းသာဖြစ်ပါတယ်။ ကြိုးစားအားထုတ်တာတွေပေါ်မှာ စိတ်တွေ မနစ်မွန်းသွားစေဖို့ ဖြစ်ပါတယ်။ လူတွေဟာ မိမိရည်ရွယ်ချက်လေး ပျက်ပါပြီ၊ ကြိုးစားခဲ့သမျှ အချည်းအနှီး ပါပဲဆိုပြီးဘဝပျက်မတတ် ယူကျုံးမရဖြစ်တတ်ကြလွန်းလို့ သတိပေးလိုရင်းသာ ဖြစ်ပါတယ်။
ပြီးတော့ လူတွေဟာ ဖြစ်သွားရင် လေတလုံးမိုးတလုံးတိုက်တတ်ကြလို့ သတိပေးလိုက်တာလည်း ဖြစ်ပါတယ်။ ကြိုးစားတိုင်း ဖြစ်ကြကြေးဆို အီလက်ထရောနစ်နဲ့ အောင်မြင်နေတဲ့ ပုဂ္ဂလ်ကြီးကို အခြားလုပ်ငန်းပြောင်းပြီး ခုလိုအောင်မြင်မှုရအောင် ထပ်ကြိုစားခိုင်းကြည့်ပါ။
ဂေါ်လီလုံးတွေ ခေါင်မှန်လို့ အကုန်သိမ်းကျုံးယူတော့မယ့်ကလေးကို မရဘူး ပြန်ပစ်ဆိုသလိုမျိုး ဖြစ်သွားမှာပါ။ သူ ဘယ်လောက်ပဲ လက်တည့်တယ် ပြောပြော ဒီကလေးဟာ ပြန်ပစ်ဖို့ ငြင်းဆန်မှာပါ။ သူ့ကြိုးစားမှုကို သူသံသယရှိမှာ အမှန်ပါပဲ။
ဒီလိုဆိုလိုက်တော့ ဖင်လန်က သစ်လုပ်ငန်းကနေ ဆက်သွယ်ရေးဘက် ကူးပြောင်းပြီးအောင်မြင်သွားတဲ့ နိုကီယာကို လက်ညိုးထိုးပြီးတော့ မပြပါနဲ့။ ပြမယ်ဆိုရင်လည်းနောက်ဆယ်ခု ပြောပါ။ နောက်ထပ် အခုတစ်ရာပြောပါ။ နောက်ဆုံး အခုတစ်ထောင်ပြောပြပါ။
ကမ္ဘာပေါ်မှာ လူပေါင်း သန်း ၇၀၀၀ လောက်ရှိတာကို လက်တဆုပ်လောက်ဖြစ်တာနဲ့ ကြိုးစားရင်ဖြစ်တယ်ဆိုတဲ့သီအိုရီကို ထုတ်ဖို့တော့ မကြိုးစားပါနဲ့။ ယုံလွယ်တတ်တဲ့သူတွေကို ကျုံးသွင်း အရူးမလုပ်စေချင်ပါဘူး။ကမ္ဘာ့နိုင်ငံပေါင်းနှစ်ရာကျော် နျူကလိယား မပိုင်သေးပါဘူး။သူတို့ မပိုင်ချင်ကြလို့ မပိုင်တာ မဟုတ်ပါဘူး။ ကမ္ဘာကြီးအချိန် မကျသေးလို့ မပိုင်တာပါ။
ဆိုလိုချင်တာက ဖြစ်ချိန်တန်လို့ဆိုတဲ့ အချိန်သတ်မှတ်တာကို လျှော့မတွက်မိကြဖို့နဲ့ အားလုံးဟာ သတ်မှတ်ပြဋ္ဌာန်းတာ ခံရပြီးသားဆိုတာကို မမေ့ကြဖို့ပါပဲ။ ပြီးတော့ ကြိုးစားလို့ရတယ်ဆိုရင်လည်း ဒါဟာ သူကြိုးစားလို့ရနိုင်တဲ့ ဝန်တခုပါပဲ။ ဥပမာ ကျူရှင်ဆရာတယောက်ဟာ ဒီည ကျောင်းနားချိန်မှာ ဘီယာသောက်မယ်ဆိုတဲ့ရည်ရွယ်တာမျိုး။
လမ်းဘေးအိပ် လမ်းဘေးစားပြီး တွေ့ရာလူဆီက ပိုက်ဆံလိုက်တောင်းနေတဲ့ခြေသလုံးအိမ်တိုင် တယောက်ဟာ ရလာတဲ့ ပိုက်ဆံနဲ့ အများသူငါအပန်းဖြေတဲ့နေရာတစ်ခုရဲ့ချောင်ကျကျမှာ ဖောချောဝယ်သောက်မယ် ဆိုတာမျိုးပါ။ ဒါမျိုးတွေကို နိုင်သလောက်ကြိုးစားတယ်လို့ ခေါ်တာပါ။ ဆရာတွေကို အကန်တော့ခံထိုက်အောင် ရတနာသုံးပါးရဲ့စင်ပေါ်ကို တက်နိုင်အောင် ဝိနယ ၂၂၇ ခုကို ကြိုးစားစောင့်ထိမ်းခိုင်းလိုက်မယ်ဆိုရင် ဖြစ်နိုင်ပါ့မလား။ ဒါမျိုးတွေက ဖြစ်နိုင်၊ မဖြစ်နိုင် မြင်နိုင်ပေမယ့်အခြားအရာတွေကတော့ သာမန်သိမှာ ထင်ဟပ်နိုင်ဖို့ မလွယ်ပါဘူး။
(၈)
အဲ့ဒီလို ဘယ်အချိန်မှာ အောင်မြင်မလဲ၊ ဘယ်အချိန်မှာ ဖြစ်လာမလဲ၊ ဒါလုပ်ရင် ဒါဖြစ်မှာလား၊ ရည်ရွယ်သလို ဖြစ်လာတာ လားဆိုတာတွေ၊ ငါဘာဖြစ်မှာလဲဆိုတဲ့ ကိုယ့်အတွက်သတ်မှတ် ပြဋ္ဌာန်းထားတဲ့အဖြေတွေကို တပ်အပ်သေချာမသိနိုင်တော့ကျနော်တို့ဟာ အနုမာနနဲ့ကြိုးစားရင် ဖြစ်တယ်ဆိုတဲ့ သီအိုရီကို ထုတ်ယူကြရတာပါပဲ။ ပြီးတော့ ဒါကိုပဲ တကယ့်အမှန်ထင်ပြီး လူ့အဆက်ဆက် ပြောဟော လာကြတော့တာပါပဲ။
ဒီသီအိုရီ မှန်သလားဆိုရင် မမှန်ပါဘူး။ ဒါပေမဲ့ ဒီသီအိုရီ မလိုဘူးလားဆိုတော့ မလိုဘူး မဟုတ်ပါဘူး။ လိုအပ်ပါတယ်။ တ ကယ်ကို လိုအပ်ပါတယ်။ ဒါပေမယ့် ဘဝပုံပေးပြီး လိုအပ်လှတဲ့ လိုအပ်တာမျိုးတော့ မဟုတ်ပါဘူး။ ဥပမာ တက္ကသိုလ်ဝင်တန်းကို ဘာသာစုံဂုဏ်ထူးတွေနဲ့အောင်ပြီးဆေးကျောင်းတက်ဖို့ ရည်ရွယ်ချက်ထားပြီး ကြိုးစားခဲ့တဲ့ကလေး၊ ဘာသာစုံ မထွက်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကို သေကြောင်း ကြံလိုက်တာမျိုး။ ထမင်းမစားဟင်းမစား တစ်လကိုးသီတင်း ငိုနေတာမျိုး၊ ဒါမျိုးတွေ မလိုပါဘူး။ ဘဝဆိုတာမှာ ကြိုးစားတိုင်းမဖြစ်တာ ရှိသလို၊ မကြိုးစားခဲ့တဲ့အရာလည်းဖြစ်နေတာရှိပါတယ်။
စောစောပိုင်းမှာ ပြောခဲ့သလို စာရေးသူဟာ ပုဂ္ဂလိကဆရာအဖြစ် အသက်မွေးဝမ်းကျောင်းပြုဖို့ စိတ်မကူးခဲ့ဖူးဘူး။ မရည်ရွယ်ခဲ့ဘူး။
ဒါပေမဲ့ ဖြစ်လာတယ်။ အဲ့ဒီ့ သက်မွေးဝမ်းကျောင်းနဲ့ပဲ ဘဝကိုစိုစိုဖတ်ဖတ်ရပ်တည်နိုင်ခဲ့တယ်။ ဒါဟာ ရည်ရွယ်သလားဆိုရင် တကယ် မရည်ရွယ်ခဲ့ဘူး။ မရည်ရွယ်တဲ့အပြင် ကျောင်းဆရာဆိုတာကိုတောင် ရှေ့ကဆရာတွေ ကြည့်ပြီး အထင်အမြင် သေိးသေးတယ်လို့ ဝန်ခံရမယ်။ သူတို့ ဘဝနေမှုတွေက နိမ့်တာကိုး။
ဒါပေမဲ့ ကိုယ်တိုင် ဘာသာရပ်သင်ဆရာဖြစ်သွားတယ်။ ဒီ့အတွက် ကိုယ့်အသက်မွေးဝမ်း ကျောင်းကို ကျေးဇူးတင်တယ်။ ဘယ်တော့မှ ဒီကျေးဇူးကို မေ့မှာလည်း မဟုတ်ဘူး။ ပြီးတော့ ကျနော့်ကို ပုဂ္ဂလိကဘာသာရပ်သင်ဆရာဖြစ်အောင် သတ်မှတ်ပြဋ္ဌာန်းလိုက်တဲ့ပြဋ္ဌာန်းချက်ကိုလည်း ကြည်ကြည်ဖြူဖြူ နာယူလက်ခံတယ်။ စက်ဘီးလေးတစီး၊ ထီးလေးတလက်နဲ့ ထမင်းချိုင့်လေးကို စက်ဘီးလက်ကိုင်မှာချည်ပြီး ဆယ်မိုင်ကျော်လောက်ဝေးတဲ့ခရီးကို အသွားအပြန် မိုင်နှစ်ဆယ်လောက်နင်းပြီး စာသင်ရာကနေသိန်းတစ်ရာကျော်တန် ကားလေးတစီးနဲ့ စာလိုက်သင်နေတဲ့အခြေအနေတခု ရောက်သွားတာဟာ ကြိုးစားအားထုတ်မှုတခုတည်းကြောင့် မဟုတ်ပါဘူး။
ဖြစ်ချင်ရင် ဖြစ်တာပဲဆိုတာလည်း ထည့်တွက်ရမှာပါ။ စာရေးသူနိုင်သလောက်ဝန်ကိုပဲ ဘဝက ဖြစ်ခွင့်ပေးတာပါ။ ဆရာကြီးဒေါက်တာလှဘေလို မြန်မာကဗျာ ဧည့်ခံစာတမ်းတွေ နိုင်ငံရပ်ခြားတက္ကသိုလ်တခုမှာ ဖတ်ပြနိုင်တာမျိုးထိတော့ ဒါကို ငါကြိုးစားလို့ဖြစ်တာဆိုပြီးဒီထက်ပိုတဲ့ ကိုယ်ပိုင်လေယာဉ်နဲ့ ကမ္ဘာပတ်ဖို့ စာရေးသူ မရည်ရွယ်ဝံ့ပါဘူး။
(၉)
တကယ်တော့ ကြိုးစားတိုင်းဖြစ်တယ်ဆိုတာ လူ့အဖွဲ့အစည်းကို အဝကျွေးထားတဲ့ ဘိန်းပါပဲ။
ကျော်ထင်
Comments