သက်ဝေ - တခါက လက်ဆောင်



သက်ဝေ - တခါက လက်ဆောင်
(မိုးမခ) ဇွန် ၃၊ ၂၀၁၈

အခန်းတံခါးကို ဖွင့်လိုက်တော့ တံခါးအဝက ကြမ်းပြင်ပေါ်မှာ ဖဲကြိုးအနက်ရောင်စည်းထားတဲ့ လက်ဆောင်ထုပ်တစ်ခုကို မမျှော်လင့်ပဲ တွေ့လိုက်ရတယ်။ တွေ့တွေ့ခြင်း ဒါဟာ လက်ဆောင်ထုပ်ရယ်လို့ အတတ်ပြောနိုင်တာကလည်း သေသေသပ်သပ် လှလှပပ ထုပ်ပိုးပြီး ဖဲကြိုးနဲ့ ပန်းပုံဖေါ်ပြီး စီးနှောင်ထားတာကို မြင်လိုက်ရလို့ပဲ။ ရုတ်တရက် ကောက်ယူမယ် ပြင်ပြီးမှ စိတ်ထဲမှာ တစ်မျိုးဖြစ်သွားပြီး လက်ကို အသာ ပြန်ရုပ်လိုက်တယ်။ ပြီးတော့ အဲဒီအထုပ်ကလေးကို သေသေချာချာ ကြည့်နေမိတယ်။ လေးထောင့်မကျတကျ လက်တစ်ဝါးသာသာအရွယ်ရှိတဲ့ ရှည်မျောမျော လက်ဆောင်ထုပ်ကလေးဟာ ဖဲကြိုးအနက်ရောင်ကို ပန်းပွင့်ပုံပေါ်အောင် ခွေလိပ် ချည်ထားရုံသာမက ထုပ်ထားတဲ့ ထုပ်ပိုးစက္ကူကလည်း အနက်ရောင်နဲ့ပဲ။ အနက်ရောင်မှ ဘာအစက်အပြောက်၊ ဘာအဆင်ဒီဇိုင်း၊ ဘာပန်းပွင့် တစ်ပွင့်တလေမှ မပါတဲ့ အနက်ရောင်ပြောင်ပြောင် စက္ကူလေးနဲ့။ ဒီလက်ဆောင်ကို အိမ်ခန်းဝအရောက် ပို့လိုက်တဲ့သူဟာ ကိုယ် အနက်ရောင်ကို သိပ်ကြိုက်မှန်းသိတဲ့သူတွေထဲက တစ်ယောက်ယောက်များလား ဆိုတဲ့ အတွေးနဲ့ စိတ်ထဲမှာ နည်းနည်းတော့ လှုပ်ရှားသွားခဲ့တယ် ဆိုတာကိုတော့ ဝန်ခံရမှာပဲ။

အဲဒီနောက်…
မိနစ်ပိုင်းလေးမှာ ဖြစ်ပျက်သွားတဲ့ အဖြစ်တွေကတော့ စာနဲ့ ရေးပြလို့ မရအောင်ကို မြန်ဆန်လွန်း… ပြီးတော့ နည်းနည်းလည်း ဆန်းကြယ်လွန်းနေတယ်။ အနားက စားပွဲပေါ်မှာရှိတဲ့ ရေပုလင်းထဲက လက်ကျန်ရေကို အကုန် မော့သောက်လိုက်တယ်၊ ပြီးတော့ အသက်ကို ဝအောင်ရှူ၊ စိတ်ကို အတတ်နိုင်ဆုံး အေးချမ်းအောင်ထားပြီး အဖြစ်အပျက်ကို စာနဲ့ (ရေးတတ်သလောက်) ရေးပြနိုင်အောင် ကြိုးစား စာစီနေမိတယ်။

*****

ဒီလိုလေ…
အခန်းဝမှာ တွေ့ရတဲ့ လက်ဆောင်ထုပ်လေးကို အနည်းငယ် လှုပ်ရှားနေတဲ့ စိတ်အစဉ်နဲ့ ကောက်ယူလိုက်တယ်။ စိတ်လှုပ်ရှားတယ်လို့ ဆိုရတာကလည်း ဒီအထုပ်ကလေးထဲမှာ ဘာတွေ ပါလာသလဲဆိုတာကို သိချင်စိတ်ထက် ဒါလေး ဘယ်က ရောက်လာတာလဲ၊ ဘယ်သူကများ တတန်တက စီစဉ်ပြီး ပို့လွှတ်လိုက်တာလဲ၊ မွေးနေ့နဲ့ မနီး၊ ခရစ်စမတ်၊ နှစ်သစ်ကူး စတဲ့ အမှတ်ရစရာ နေ့စွဲတွေနဲ့လည်း ဘယ်လိုမှ မနီးစပ်လှတဲ့ အခုလိုအချိန်မျိုးမှာ ဒီလက်ဆောင်ဟာ ဘာအထိမ်းအမှတ်အတွက်များ ရောက်လာတာလဲဆိုတာကို သိချင်စိတ်က ပိုများရတယ်။ ပြီးတော့ အပျော်စိတ်ကလေးလည်း တစ်ဝက်တစ်ပျက် စွက်လို့။ အင်းလေ… စဉ်းစားကြည့်ပါဦး… မနက်စောစော အခန်းတံခါးဝမှာ လက်ဆောင်လေးတစ်ခု ရောက်နေတယ်ဆိုတာ (တဆိတ်တော့) ပျော်စရာကောင်းတယ်လို့ မထင်မိဘူးလား။

လက်ဆောင်ထုပ်လေးကို ကောက်ယူပြီး အခန်းထဲလှည့်ဝင်၊ အခန်းတံခါးကိုလည်း (ဘယ်သူမှ ဝင်လာလို့ မရအောင်) သေသေချာချာ သော့ကို နှိပ်ပြီး ပိတ်လိုက်တယ်။ ပြီးတော့ အဲဒါလေးကို စားပွဲပေါ်မှာ ညင်ညင်သာသာ (တယုတယ) ချတယ်။ ပန်းပွင့်ပုံ ဖဲကြိုးခွေလေးထဲက အစ တစ်စကို ဆွဲယူလိုက်တော့ အလိုက်သင့် ပါလာတယ်။ ဆက်ဆွဲလိုက်တော့ ချည်ထားတဲ့ ပန်းပွင့်လေးက တဖြည်းဖြည်းနဲ့ အကုန် ပြေလျော့သွားတယ်။ လက်ထဲမှာ အသာ ဆ ပြီး ကိုင်ကြည့်ရသလောက်ကတော့ လက်ဆောင်ဟာ လေးထောင့်ဘူး အမာလေးတစ်ခုပဲ၊ အထဲမှာ ဘာရှိနိုင်မလဲ ဆိုပြီး လှုပ်ကြည့်တော့ ဘာသံမှ မကြားရဘူး။ ဘယ်လို လက်ဆောင်မျိုးပါလိမ့်…

အတွေးနဲ့အတူ အနက်ရောင်ထုပ်ပိုးစက္ကူကို ဖြေစရာ အစ လိုက်ရှာတယ်။ ထောင့်တစ်နေရာမှာ ခေါက်ချိုးထားတဲ့ အရာလေးတွေ့တော့ အဲဒီနေရာကနေ စပြီး စက္ကူကို ခပ်ဖြေးဖြေး ခွာကြည့်တယ်။ ပိုးသားလိုပြောင်ချောနေတဲ့ စက္ကူဆိုတော့ အခါများစွာမှာ ဖွင့်ဖေါက်ကြည့်ဖူးတဲ့ လက်ဆောင်ထုပ်တွေလို ပုံမကျ ပန်းမကျ စုတ်ပြဲသွားတာမျိုးမဟုတ်ပဲ အလိုက်သင့်လေး ကွာလာတာကို တွေ့ရတယ်။ အို… အထဲက ဘူးကလေးကလည်း အနက်ရောင်ပါလား။ ဘူးကတော့ ရိုးရိုး စက္ကူဘူးပဲ၊ အပေါ်ဖက်အခြမ်းကို မပြီး ဖွင့်လိုက်ရတဲ့ ဘူးမျိုး။ ဘူးကို ဖွင့်ဖို့ တခဏတော့ တုံ့ဆိုင်းနေသေးတယ်… စိတ်ထဲမှာ တစ်မျိုးပဲ။ အနက်ရောင်တွေကလည်း များလှချည့်… အရာရာဟာ ကိုယ်အင်မတန်နှစ်သက်တဲ့ အနက်ရောင်တွေနဲ့။ ဒီလိုသာဆို ပို့လိုက်တဲ့သူဟာ ကိုယ့်အကြောင်းနဲ့ ကိုယ့်အကြိုက်ကို တော်တော်ကြီး သိနေတဲ့သူတွေထဲက တစ်ယောက်ယောက်ပဲ ဖြစ်ရမယ်လို့ စိတ်လှုပ်ရှားတဲ့ကြားက ခန့်မှန်းနေမိသေးတယ်။ ဘူးပေါ်မှာ သို့… ဘယ်သူ ဘယ်ဝါ လို့ အစချီထားတဲ့ ရည်ညွှန်း စာလေး တစ်လုံးတစ်လေ၊ ဒါမှမဟုတ် ကိုယ့်နာမည် အတိုကောက် စာလုံး၊ ဒါမှမဟုတ် ပေးပို့သူရဲ့ နာမည်စာလုံးလေး၊ လက်မှတ်လေး၊ နေ့စွဲလေး စတဲ့ အမှတ်အသား တစ်ခုခုများ ပါလိမ့်နိုးနဲ့ ဘူးကို လှည့်ပတ်ပြီး ရှာကြည့်နေမိတယ်။ တကယ်က အနက်ရောင်ပေါ်မှာ စာလုံးပေါ်အောင် ရေးဖို့ဆိုတာ ခက်သားလား။ တခါတခါတော့ စာရေးကရိယာတွေ ရောင်းတဲ့ ဆိုင်မှာ ရွှေရောင် ငွေရောင် မင်ချောင်းတွေထည့်ထားပြီး စက္ကူအနက်ရောင်ပေါ်မှာ ရေးလို့ ရတယ်လို့ စာတမ်းထိုးထားတဲ့ ဘောပင်မျိုး တွေ့ဖူးတယ်။ အဲလို အထုးတလည်ပြုလုပ်ထားတဲ့ မင်တစ်ခုခုနဲ့မှ ရေးလို့ရမှာ။ ကြည့်ရသလောက်တော့ ဘာအမှတ်အသား၊ ဘာစာလုံး တစ်လုံးတစ်လေမှ မတွေ့ရဘူး။ ဒါနဲ့ပဲ အဲဒီဘူးလေးရဲ့ အဖုံးကို အသာ မပြီး ဖွင့်ကြည့်ဖို့သာ ကြိုးစားရတော့တာ။

ဘူးကိုဖွင့်အပြီးမှာ မြင်လိုက်ရတဲ့ မြင်ကွင်းဟာ ကိုယ့်ကို တခဏတော့ အသက်ရှူရပ်သွားစေတယ်။ တကူးတကလို့ ယူဆရပြီး သေသေချာချာ (လှလှပပ သေသေသပ်သပ်) စီစဉ်ကြံရွယ်ပြီး အခန်းဝကို အရောက် ပေးပို့လိုက်တဲ့ လက်ဆောင်ဟာ အဲဒါတဲ့လား။ ဖြစ်မှ ဖြစ်ရလေ လို့ ရေရွတ်ရင်း ဝမ်းနည်းစိတ်နဲ့အတူ စားပွဲပေါ်က မြင်ကွင်းကို မမှိတ်မသုန် ငေးကြည့်နေမိတယ်။ ခွေခေါက်နေတဲ့ ဖဲကြိုးအနက်ရောင်၊ ထုပ်ပိုးစက္ကူ အနက်ရောင်၊ လေးထောင့်ဘူး အနက်ရောင်နဲ့အတူ ဘူးထဲက ထွက်လာတဲ့ လက်ဆောင်။ နှမြောတသစိတ်၊ ဝမ်းနည်းစိတ်၊ ယူကျုံးမရစိတ်တွေနဲ့အတူ ဖြစ်ရလေ လို့ နောက်ထပ်တစ်ကြိမ် ရေရွတ်မိပြန်တယ်။ ဒါလေးကို သိစေဖို့ အဲဒီလောက်တောင် အပင်ပန်းခံစရာ လိုလို့လားကွယ်… တကယ်ပဲ ဝမ်းနည်းစရာ။

ဝမ်းနည်းစိတ်နဲ့အတူ အတွေးထဲကို မေးခွန်းတွေ အများကြီး ရောက်လာကြတယ်။ လူတွေဟာ တစ်ယောက်ကို တစ်ယောက် ဘာကြောင့်များ မုန်းကြတာလဲ/ ဘာကြောင့်များ မုန်းချင်ကြတာလဲ/ ဘာကြောင့်များ မုန်းဖို့ ကြိုးစားကြတာလဲ/ ပြီးတော့ အဲဒီ မုန်းတယ်ဆိုတာကြီးကို ဘာကြောင့်များ သိသာ ထင်ရှားစွာ မြင်စေချင်ကြတာလဲ/ မသိ သိအောင် ဘာကြောင့်များ ထုတ်ဖေါ် ပြသချင်ကြတာလဲ။ လူ့အသိုင်းအဝိုင်းမှာ တစ်ယောက်က တစ်ယောက်ကို မုန်းတီးဖို့ ဘယ်လို စိတ်အခြေခံနဲ့ ဘယ်လို အကြောင်းအရာတွေကများ တွန်းအားပေးနေကြတာလဲ။ အဲဒီလို အမေးစကားတွေနဲ့အတူ အမုန်းကြောင့်ဖြစ်လာတဲ့ နောက်ဆက်တွဲကိစ္စတွေကိုလည်း တရှည်တလျား ဆက်တွေးနေမိတယ်။

တကယ်တော့ အမုန်းဆိုတာ ကြိုတင် ကာကွယ်ဆေးမရှိတဲ့ ရောဂါဆိုး - ရောဂါပြင်းပြင်း တစ်ခုပဲ။ အဲဒီရောဂါဖြစ်နေတဲ့အချိန်မှာလည်း သက်သာအောင် ကုသပေးဖို့ ဆေးမရှိဘူး၊ ဆေးရှိခဲ့ရင်လည်း ဘယ်လိုမှ မတိုးနိုင်ဘူး။ အမုန်းတရားဟာ လူတွေကြားမှာ လွယ်လင့်တကူ ကူးစက် ပျံ့ပွားတတ်သလား၊ မကူးစက်အောင်ရော ထိန်းချုပ်လို့ ရနိုင်သလား/ မရနိုင်ဘူးလား ဆိုတာကတော့ လူ့အသိုင်းအဝိုင်းက လူတစ်ဦးချင်း တစ်ယောက်ချင်းစီရဲ့ ကိုယ်ခံစွမ်းအားနဲ့ပဲ သက်ဆိုင်လိမ့်မယ် ထင်ရဲ့။ ကိုယ်ခံအားကောင်းတဲ့သူမှာ အနာရောဂါ ပိုးမွှားတွေ လွယ်လင့်တကူ ဝင်ရောက် ကူးစက်ဖို့ ခက်ခဲသလိုပါပဲ… မေတ္တာတရားကြီးမားတဲ့၊ နှလုံးသား နွေးထွေးတဲ့ သူတွေဆီကို အမုန်းဟာ ရုတ်တရက် တိုးဝင်ဖို့ မလွယ်ကူတတ်ပါဘူး။ ဒါကြောင့်လည်း မုန်းကြတယ် ဆိုတဲ့သူတွေကိုတွေ့တိုင်း သူတို့ရဲ့ နှလုံးသားတွေ အခုထက် အဆပေါင်းများစွာ များစွာ ပိုပြီး နွေးထွေးလာစေဖို့၊ စစ်မှန်တဲ့ အမုန်းမဲ့ မေတ္တာတရားတွေ တစထက် တစ တိုးပွားရှင်သန်လာစေဖို့၊ ပြီးတော့ အနာ ရောဂါဆိုးကြီးတစ်ခုအဖြစ်နဲ့ ပတ်ဝန်းကျင်ကို ဖြန့်ဝေတာမျိုး မလုပ်မိစေဖို့၊ လူ့အသိုင်းအဝိုင်းထဲမှာ (အလွယ်တကူ) ကူးစက် ပြန့်နှံ့မသွားစေဖို့အတွက်သာ အထပ်ထပ် ဆုတောင်းပေးနေမိတာပါပဲ။ ကိုယ့်အတွက်ကတော့ ဒီ့ထက် ကိုယ်ခံအားကောင်းအောင်၊ ဘယ်လိုအမုန်းမျိုးကိုမဆို သက်တောင့်သက်သာခံယူရင်း မေတ္တာထားနိုင်အောင် ကြိုးစားရင်းပေါ့…

*****

အခုလောက်ဆို ကိုယ့်အခန်းဝကိုရောက်လာတဲ့ အနက်ရောင်လက်ဆောင်ထုပ်လေးရဲ့ အထဲမှာ ဘာတွေပါလာတယ်ဆိုတာ အတန်အသင့်တော့ ရိပ်မိလောက်ရောပေါ့။ ဘဝမှာ (မမျှော်လင့်ပဲရခဲ့တဲ့) ထူးထူးခြားခြား လက်ဆောင်တစ်ခုမို့ အကောင်း အဆိုး တန်ဖိုးမဖြတ်နိုင်ပါဘူး၊ ပြီးတော့ (စွဲလမ်း စုံမက်စရာ လက်ဆောင်တစ်ခု မဟုတ်သည့်တိုင်) အမှတ်တရ မပျောက်ပျက်အောင်လည်း သေသေချာချာ သိမ်းဆည်းထားဖြစ်မှာပါ။ ရည်ရွယ်ချက်ရှိရှိ သေသေချာချာ ကြံရွယ်စီစဉ်ပြီး ရောက်အောင် ပို့ပေးလိုက်တဲ့သူကိုလည်း ကောင်းမွန်စွာ လက်ခံရရှိကြောင်းနဲ့ ကျေးဇူးတင်ရှိကြောင်းကို ဒီနေရာကနေ အသိပေးလို့ရနိုင်မလား ဆိုတဲ့ မျှော်လင့်ချက် သေးသေးလေးနဲ့ ဒီစာကို ရေးပါတယ်…

သက်ဝေ
(၁၆ ဒီဇင်ဘာ ၂၀၁၇)
0