ရန်နောင်(ဗိုလ်တထောင်) - ဝမ်းအိုဝမ်း ကိုမြတ်စံ တဖြစ်လဲ သုံးရောင်ခြယ်ကိုမြတ်စံ



ရန်နောင်(ဗိုလ်တထောင်) - ဝမ်းအိုဝမ်း ကိုမြတ်စံ တဖြစ်လဲ သုံးရောင်ခြယ်ကိုမြတ်စံ
(မိုးမခ) ဇွန် ၁၀၊ ၂၀၁၈

သုံးရောင်ခြယ်ကိုမြတ်စံ တယောက် မနက်လင်းအားကြီးက အရေးပေါ် ဆေးရုံတင်လိုက်ရပါတယ်။ ဒီသတင်းကို သူ၏ နှမဖြစ်သူ မသူဇာက လူမှုကွန်ရက်စာမျက်နှာပေါ်တင်လိုက်မှ သိတာပါ။ ဖျားနေတာ ရှစ်ရက် လောက် ရှိပြီတဲ့။ အစာလည်း မဝင်ဘူးတဲ့။ သတင်း သိသိချင်း အပြေးသွားချင်ပေမယ့် မောင်ရန်နောင် ရောက်နေတဲ့ နေရာက ဇေကမ္ဘာဝင်းအတွင်းက ရန်ကုန်စက်မှုဇုန်မှာလေ။ ဇေကမ္ဘာဝင်းကတော့ ကမ္ဘာကျော် သတင်းဖြစ်တဲ့ ဆေးပြားတွေ အများကြီး သယ်ဆောင်လာတဲ့ ကွန်တိန်နာကားကြီး ပိုင်ရှင်မဲ့ မိတဲ့နေရာပေါ့။

ကိုမြတ်စံကို နိုင်ငံရေးလောကမှာ သုံးရောင်ခြယ် မြတ်စံ ဆိုပြီး လူသိများပါတယ်။ ၁၉၈၈ ခုနှစ် ရှစ်လေးလုံးအရေးတော်ပုံအပြီးမှာ ကိုမြတ်စံတို့ရဲ့ သုံးရောင်ခြယ်အဖွဲ့က ပိုမိုလူသိများ ထင်ရှားလာတာပါ။ အခု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ်လုံခြုံရေးကို စတင်ကာ တာဝန်ယူခဲ့သူတွေပေါ့။ ဒေါ်အောင်ဆန်းစုကြည် ရွှေတိဂုံအနောက်ဖက်မုဒ်မှာ တရားဟောတော့မယ်ဆိုတော့ ကိုမြတ်စံတို့က သုံးရောင်ခြယ်လက်ပတ်တွေနဲ့ လုံခြုံရေး တာဝန်ယူခဲ့တာပေါ့။ အဲဒီတုန်းက မောင်ရန်နောင်တို့က ကလေးသာသာ ရှိသေးတာပါ။

ဒေါ်အောင်ဆန်းစုကြည် ဘယ်ကိုသွားသွား သုံးရောင်ခြယ်အဖွဲ့က လုံခြုံရေးတာဝန်ယူခဲ့ရတာပေါ့။ တကမ္ဘာလုံး ဝက်ဝက်ကွဲအောင် ကျော်ကြားသွားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သေနတ်နဲ့ ချိန်တယ် ဆိုတဲ့ ဧရာဝတီခရီးစဉ်အပြီးမှာတော့ သုံးရောင်ခြယ်အဖွဲ့ကို စစ်အစိုးရက တော်တော်ကြီးကို မျက်မုန်းကျိုးသွားခဲ့ပါတယ်။

ကိုမြတ်စံ အဖမ်းစခံရတော့ ပုဒ်မ ၁၀(က) နဲ့ ဖြစ်ပေမယ့် ဥပဒေအရ ထောင်ထဲမှာ ခြောက်လနေပြီးရင် ပြန်လွှတ်လေ့ရှိတာကို ကိုမြတ်စံကိုကျတော့ ခြောက်လပြည့် ပြန်လွှတ်၊ ထောင်ပေါက်ဝကနေ ၁၀ (က)နဲ့ ထပ်ဖမ်းလိုက် ၊ အဲဒီလို ထုတ်လိုက် သွင်းလိုက်နဲ့ သုံးနှစ်လောက် လုပ်ပြီးမှ ထောင် (၁၀ )နှစ်ချပြီး တောင်ငူထောင်ကို ရွှေ့လိုက်တာပါ။

ကိုမြတ်စံကို လွှတ်ချင်လို့ ထောက်လှမ်းရေးက မေးပါတယ်။ မင်း ဒေါ်စုကြည် ကို ထောက်ခံသလားတဲ့။ ကိုမြတ်စံကြီး ပြန်ဖြေပုံက သင်းပါတယ်။ ကျနော် ဒေါ်စုကြည်ကို မသိပါဘူးတဲ့။ ဒေါ်အောင်ဆန်းစုကြည် ကိုပဲ သိတာပါတဲ့။

တကယ်တော့ ကိုမြတ်စံ မိဘနှစ်ပါးဟာ အနုပညာရှင်တွေပါ။ စာရေးဆရာ၊ သတင်းစာဆရာ မင်းနွယ်ဆွေနဲ့ အကနည်းပြဆရာမ ဒေါ်ဝင်းဝင်းဝါတို့ပါ။ ဒီလို အနုပညာရှင် မိဘများက ပေါက်ဖွားလာတဲ့ ကိုမြတ်စံဟာ ဂီတကို နားလည်တဲ့ အသံဖမ်းအင်ဂျင်နီယာ အလုပ်ကို လုပ်နိုင်ပေမယ့် နိုင်ငံရေးနောက်ကြောင်းမကင်းလို့ ဘယ်သူကမှ အလုပ်မပေးနိုင်ခဲ့ကြပါဘူး။

ကျောင်းသားဘဝ အေးအေးဆေးဆေး ကျောင်းတက်ချင်ပေမယ့် ထောင်တကာ လှည့်နေရတဲ့ မောင်ရန်နောင်ံ အကိုကြီး ကိုမြတ်စံဟာ ဒေါ်အောင်ဆန်းစုကြည် နိုဘယ်ဆု ရတော့ ဂုဏ်ပြုလို့ အဖမ်းခံခဲ့ရသူပါ။ သူ့ ရဲ့ လူငယ်ဘဝကို တိုင်းပြည်အတွက် ပစ်ချကာ စတေးခံခဲ့သူပါ။ ထောင်က ပြန်လွှတ်လာလို့ ဘာမှ မကြာသေးဘူး။ ၂၀၀၇ ရွှေဝါရောင် သံဃာ့အရေးတော်ပုံကြီးပေါ်လာတော့ ဝင်ကာ ဆင်နွှဲလိုက်တာပေါ့။

၂၀၁၀ မှာ ကိုမြတ်စံ ထောင်က ပြန်လွှတ်လာတယ်။ မောင်ရန်နောင်တို့ စိန်ပေါလ်ကျောင်းသားဟောင်းတွေ စုပြီး တော်ဝင်နှင်းဆီမှာ စိန်ပေါလ်ကျောင်းသား နိုင်ငံရေးအကျဉ်းသားဟောင်းများကို ဂုဏ်ပြုခဲ့ကြတယ်။ ကိုမြအေး၊ ဇေယျာသော် တို့ ပါတာပေါ့။

ဒေါ်အောင်ဆန်းစုကြည်က ပါတီကို အသစ်ပြန်လည် မှတ်ပုံတင်ပြီး ရွေးကောက်ပွဲဝင်ဖို့ ဆုံးဖြတ်တော့ လွတ်တော်ကိုယ်စားလှယ်တနေရာ ဝင်ပြိုင်ဖို့ သူ့ကို ပြောခဲ့ပေမယ့် နေရာ မယူချင်တတ်တဲ့ ကိုမြတ်စံ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မပြုခဲ့ပါဘူး။

ထောင်ထဲက နှိပ်စက်ကလူ ပြုလိုက်တဲ့ ဒဏ်တွေနဲ့ ခါးကနေ ကျောရိုးတလျှောက် ဒဏ်ရာတွေ ရှိနေပေမယ့် ခွဲစိတ်လို့ မရတဲ့အတွက် ကုသမှု မပြုနိုင်ပဲ လေ့ကျင့်ခန်းနဲ့သာ နေနေရတဲ့ ကိုမြတ်စံဟာ တုတ်ကောက်တချောင်းနဲ့ တိုင်းပြည်အတွက်ဆို ကျရာနေရာကနေ အမြဲပါဝင်နေသူပါ။

မြစ်ဆုံမှာ ဆည်ဆောက်တာကို ကာကွယ်ဖို့ အတွက် ဧရာဝတီကို ကာကွယ်ကြ ဆိုတာ သူတို့ရဲ့ လှုပ်ရှားမှုပါ။ ပန်းရဲ့လမ်း၊ အဖြူရောင်သက်တံ့ စတဲ့ အဖွဲ့တွေ၊ Pen Myanmar ရဲ့ လှုပ်ရှားမှုတွေဟာ သီချင်းလေး ဆိုပေးလိုက်၊ ကဗျာလေး ဝင်ရွတ်ပေးလိုက်နဲ့ သူ တတ်နိုင်တဲ့နေရာကနေ တိုင်းပြည်ကို တာဝန်ကျေနေဆဲ လူတယောက်ပါ။

ဒီလို ဝေဒနာ ဒဏ်ရာတွေ တပွေ့တပိုက် ခံစားနေရပေမယ့် တိုင်းပြည်က လူငယ်လူရွယ်တွေ ဖက်ဒရယ် စနစ်ကို နားလည်စေဖို့ ကျေးလက်တောရွာမကျန် လိုက်လံကာ ဟောပြောပို့ချပေးနေတဲ့ ကိုမြတ်စံကြီး ဒီတခါ တော့ ငှက်ဖျားထပ်မိလာပြန်ပါတယ်။ ၁၉၉၅ လောက်က အမိခံခဲ့ရတဲ့ ငှက်ဖျားဟာ နောက်တကြိမ် ထပ်မိတော့ အဖျားက ရက်ရှည်သွားပါတယ်။ အဖျား ရက်တာရှည်သွားတော့ အကိုကြီး ကိုမြတ်စံ ဖျားနာရာကနေ သတိလစ်မေ့မျောသွားတဲ့ အခြေအနေ ဖြစ်သွားတာပေါ့။

အခုတော့ အကိုကြီးကိုမြတ်စံ ရွှေဂုံတိုင်အထူးကုဆေးရုံမှာ တက်ရောက်ကုသနေတဲ့ အကိုကြီးကိုမြတ်စံကို မြင်တော့ မောင်ရန်နောင် တအားစိတ်မကောင်းဖြစ်မိတယ်။ ကိုယ်တွေက ပူခြစ်နေပြီး နှုတ်ခမ်းတွေ တဆတ်ဆတ်တုန်နေတာ မြင်လို့ တာဝန်ကျဆရာမ ခေါ်တော့ ဆရာမက စအိုထဲ ဂြိုလ်တု ထည့်ပေးတယ်။ အော် ကိုမြတ်စံကြီး ထောင်ထဲမှာလည်း အနှိပ်အစက်ခံရ၊ ဆေးရုံရောက်တော့လည်း စအိုထဲ ဂြိုလ်တုသွင်းခံရ နဲ့လို့ စိတ်မကောင်းဖြစ်နေတုန်း ဆရာမက ချောကလက် ရှိလားတဲ့။ ဗယ်လင်တိုင်းလည်း မရောက်သေးပဲ ချောကလက် လာမေးနေတော့ ထူးဆန်းစွာနဲ့ မေးကြည့်တော့မှ သူ့ ငှက်ဖျားဆေးက ချောကလက်နဲ့ တွဲသောက်ရတာတဲ့လေ။ အဖျားတိုင်းကြည့်တော့ အဖျားသွေးက တစ်ရာ့တစ် ဒဿမ နှစ်တဲ့။

အော် ခုတော့ ဝမ်းအိုဝမ်း ကိုမြတ်စံ ဖြစ်ပြန်ပြီလို့ တွေးတောမိလိုက်ပါတော့တယ်။ သုံးရောင်ခြယ် ကိုမြတ်စံကနေ ဝမ်းအိုဝမ်း ကိုမြတ်စံပေါ့လေ။


Comments