မိုးချိုသင်း ● တာဝန်ကျေတဲ့ ဘဝနေနည်း

မိုးချိုသင်း ● တာဝန်ကျေတဲ့ ဘဝနေနည်း
(မိုးမခ) ဇွန် ၁၄၊ ၂၀၁၈

ဟိုတနေ့က ကိုကျော်ဝဏ္ဏက ကျောင်းတုန်းက လှုပ်ရှားမှုတွေ မမေ့ရအောင် ချရေးနေလို့ ကိုယ်လဲ ဘာမှ မယ်မယ်ရရ မလုပ်ခဲ့ပေမယ့် သဲပိစိအနေနဲ့ သတိရတာလေးတွေ ရေးချင်စိတ်ပေါက်လာလို့ ရေးလိုက်အုံးမယ်။

ကိုယ်က တက္ကသိုလ်ရိပ်သာလမ်းက တက္ကသိုလ် ဆရာ ဆရာမများနေတဲ့ ပုဂံခြံဝင်းမှာမွေးခဲ့သူမို့ အရေးအခင်းတွေနဲ့ မစိမ်းခဲ့ ဘူး။ ငယ်ငယ်ကလေးဘဝက ဦးသန့် အရေးအခင်းမှာ အဖေက ဟောပြောပွဲနားထောင်ဖို့ သွားရင်း ကိုယ့်ကို ခေါ်သွားဖူးတယ်။ တက္ကသိုလ်ဆေးရုံရှေ့သစ်ပင်အောက်ကနေ ဟောပြောပွဲကို အဖေ့ပုခုံးပေါ်ကနေ နားထောင်ခဲ့ရတာ၊ ဟောပြောပွဲ အပြန် လမ်းမှာ အချီခံရတဲ့ကိုယ်က ပင်ပန်းနေပြီ။ အဖေ တလှည့် အမေတလှည့် ချီပြီး လမ်းလျှောက် ပြန်ရတာ။ အသက် ၂ နှစ် စကား သေချာ မပြောတတ်ပေမဲ့ ကြားရဖန်များနေတဲ့ ဦးသန့် ဗိမ္မာန်တည်ဆောက်ရေး ဒို့အရေး ဒို့အရေး လောက်တော့ အော်တတ်ခဲ့တယ်။ ပုဂံခြံဝင်းလေးက တက္ကသိုလ် ပရ၀ဏ်ထဲမှာပဲရှိတော့ စစ်တပ်ပစ်လို့ ပြေးလာကြတဲ့ ကျောင်းသူ ကျောင်းသားတွေကို အဖေတို့ အမေတို့က အိမ်ထဲမှာ ဖွက်ထားပေးကြတယ်။ ဘုန်းဘုန်းတွေလဲ ပါတယ်။ အိမ်အောက်မှာ၊ အိမ်သာအပေါ်က ထပ်ခိုးလေးမှာ၊ ကုတင်အောက်တွေမှာ..။ အမေက ကိုယ်တို့ကို လန့်သွားမစိုးလို့ အဲဒီအခန်းထဲမှာ ကိုကို တွေ မမတွေ ရှိတယ်နော် ရှူးတိုးတိုး .. တဲ့။ ကိုယ့်အမတွေက ရေခွက်လေးတွေကို ပြောင်နေအောင် အထပ်ထပ်ဆေးပြီး ပုန်းနေတဲ့ ကျောင်းသူကျောင်းသားတွေကို ရေတိုက်ခိုင်းလို့ ခေါက်တုံ့ ခေါက်ပြန် ရေတိုက်နေရလို့ ပျော်နေခဲ့တာ မှတ်မိတယ်။

ညနေစောင်းလို့ စစ်သားတွေ ရှင်းချိန်မှ သူတို့ကို ခေါ်ထုတ်၊ အိမ်မှာရှိတဲ့ အဖေ့အဝတ်အစားတွေ လဲပေးပြီး အိမ်ကို အလည်လာတဲ့ ဧည့်သည်ကို ပြန်လိုက်ပို့သလိုလို လုပ် လွှတ်ရတာပါ။ အဝတ်အစား ဖိနပ် လဲ ပေးရတာက သူတို့တကိုယ်လုံး ချွေးတွေသံတွေနဲ့မို့ ရိပ်မိသွားမှာစိုးလို့ပါ။ ပုဂံခြံဝင်းမှာ ရှိတဲ့ ဆရာ ဆရာမတိုင်း ကျောင်းသူကျောင်းသားတွေကို စစ်တပ် လက်ထဲ မရောက်ရေး ဖွက်ပေးခဲ့ကြသူတွေချည်းပါပဲ။ ကိုယ့်အလှည့်ရောက်လာတော့ ကိုယ့်တနိုင် တာဝန်ကျေကြသူတွေပါပဲ။ တယောက်နဲ့တယောက် ငါ့အိမ်မှာ ဘယ်နှစ်ယောက် ဖွက်ထားတယ် ဘာညာ ပြောမနေကြပါဘူး။ "ဖွက်ထားသူရှိရင် ထုတ်ပေးကြနော်၊ ရှာလို့တွေ့ရင် ဖွက်ပေးသူလဲ အကုန်အဖမ်းခံရမယ်" လို့ စစ်ဗိုလ်၀၀ကြီးက အော်နေတဲ့ကြားက တည်တည်ငြိမ်ငြိမ်ပဲ လုပ်သင့်တာကို လုပ်ခဲ့ကြတယ်။ အပြန်မှာ အမေက များများစားစား မတတ်နိုင်ပေမယ့် ဘတ်စ် ကားခလေး သူတို့လက်ထဲ တိတ်တိတ် ထည့်ပေးတာ မြင်ရတယ်။ အဖေလက်ဆွဲခေါ်ပြီး ထွက်သွားလို့ တယောက် လွတ် မြောက်သွားရင် တမိသားစုလုံး စိတ်ချမ်းသာရတယ်။ ကိုယ်တို့တတွေ ကြီးလာမှ ဦးသန်းစိုးနိုင်ဆိုတာ အိမ်လာလည်တော့ “ဆရာ အဲဒီတုန်းက ကျနော့်ကို လက်ဆွဲခေါ်ပြီး တက္ကသိုလ်ဘောလုံးကွင်းထဲ ပို့ပေးခဲ့တာလေ၊ ကျနော်လဲ ပြေးတာ တောထဲထိကို ရောက်ပါရော “ တဲ့။ ဒါဆို အဲဒီ ဦးက လွတ်မြောက်သွားသူတွေထဲက တယောက်ပေါ့။ အဖေက ဘယ်သူ ဘယ်ဝါရယ်လို့ မမှတ်မိတော့ပေမယ့် အဲဒီအကြောင်း ပြောရင်း သူတို့ နှစ်ယောက် ရယ်မောနေကြတာကို သူတို့မျက်နှာတွေ မော့ကြည့်ရင်း မှတ်မိနေပါတယ်။ ဒါက ဗိုလ်နေဝင်း ခေတ်။

ကိုယ်တို့ ၈၈ မှာ တက္ကသိုလ် စ တက်တော့ ၈၈ အရေးတော်ပုံကြီးနဲ့ ကြုံကြိုက်ရပါတယ်။ အဲဒီအချိန်တုန်းက လှိုင်တက္ကသိုလ်မှာ တက်ခါစ။ Main ထဲမှာ ဆန္ဒပြပွဲလေးတွေ ဟိုနား ဒီနား စ ဖြစ်တော့ စိတ်ထဲမှာ စာသင်ရတာလဲ မဖြောင့်၊ မိန်းထဲသွားပြီး ဟောပြောပွဲတွေသာ နားထောင်နေချင်တော့တာပဲ။ လှိုင်မှာလဲ အစမှာ ဘယ်သူမှ လာ မဟောပြောကြတော့ ဆရာတွေ ဆရာမတွေဆီကသာ မိန်းထဲက ဆန္ဒပြပွဲ သတင်းလေးတွေ နားစွင့်နေရတယ်။ နောက်တော့ သူငယ်ချင်း သုံးယောက် မနေနိုင်ဘဲ အတန်းပြီးတာနဲ့ မိန်းထဲ သွားကြတာပေါ့။ မိချောရယ်၊ စဝတ လို့ နောက် ခေါ်တဲ့ စိုးဝင်းတင်ရယ်ပေါ့။ သွားမယ်ဆိုတော့ အဲဒီတုန်းက မခင်မင်သေးတဲ့ အတန်းဖော်သူငယ်ချင်း ယောကျာင်္းလေးတွေက မကြားတကြား သီချင်းဆိုကြသေးတယ်။ "မင်းဘဝအတွက်ပဲ တွေးကာ ပူမိသည်" တဲ့။ ပူစရာပေကိုး။ အဖမ်းခံရရင် လုံထိန်းတွေက ရိုက် တယ်နှက်တယ် ဆိုတော့ ပူစရာပေါ့။ အိမ်ကမိဘတွေ အမတွေကတော့ ပူပေမဲ့ မဆူခဲ့ကြပါဘူး။ ညီအမတွေ ကျောင်းက ပြန်လာလို့ ကိုယ်သိခဲ့ ကြုံခဲ့ရတာတွေ မိသားစု ထမင်းဝိုင်းမှာ ပြောပြကြ၊ နားထောင်ကြ၊ အားတက်ကြ၊ ပျော်ရွှင်ကြပေါ့။ အဲဒီ ညနေခင်းတွေဟာ အင်မတန် စိတ်လှုပ်ရှားစရာ ကောင်းခဲ့တာ အမြဲ လွမ်းမိပါတယ်။ သွားနားအထောင်ကောင်းလို့ စစ်တပ် က ကျောင်းဝန်းကြီးပိတ်ဖမ်းမယ်ဆိုတော့ ၃ ယောက်သား ဘယ်ပြေးရမယ်မသိ၊ ယောင်ချာချာနဲ့။ အတန်းတူ ဘူမိက သူငယ်ချင်း ကိုနေလင်းက အမရဆောင်ဖက်ကနေ ဒီဖက်က ထွက်၊ မြန်မြန် တဲ့။ အဲဒီအပေါက်က ထွက်ခဲ့တာ ကိုယ်တို့ နောက်ဆုံးပဲ ထင်ပါရဲ့။ သူကတော့ အဆောင်ကျောင်းသားမို့ ကျန်ခဲ့တယ်။ သူလဲ နောက်တော့ ထောင် ၁၀ နှစ် အချခံရတယ်။

ကျောင်းတွေပိတ်လို့ မြို့ထဲမှာ လူထုအုံကြွမှု ဖြ စ်တော့ ကျောင်းအနေနဲ့ ဆန္ဒပြပွဲ လိုက်ပြန်တယ်။ အမေက ရေဗူးကအစ ပြင်ဆင် ထည့်ပေးတယ်။ စုရပ်က အင်းစိန် ဘူတာကွေ့ကို အဖေရောအမေရော လိုက်ပို့တယ်။ အဲဒီအချိန်က စစ်အုပ်ချုပ်ရေးလဲ မရုတ်သိမ်းသေးဘူး။ စုရပ်မှာ အဖေ့ကို လာနှုတ်ဆက်တဲ့ ကျောင်းသားတွေကို အဖေက "သမီး လိုက်ပို့တာဗျာ၊ သမီးကို ဂရုစိုက်လိုက်ပါ" မှာလိုက်လို့ ဆန္ဒပြလမ်းလျှောက်ရင်း နေ့လည် ထမင်းထုပ်ဝေတော့ အဖေ့ အမှာခံရသူများ ဘယ်က ပေါ်လာကြတယ် မသိ၊ တယောက်ပြီး တယောက် ထမင်းထုပ်လေးတွေ ကိုယ့်ကို လာကျွေးကြလို့ အများကြီး ဖြစ်နေတာ မှတ်မိနေပါတယ်။ ပြည်သူတွေဆီက ကမ်းတဲ့ ထမင်းထုပ်လေးတွေ ပထမဆုံး စားဖူးခြင်းပါပဲ။ တထုပ်နဲ့ တထုပ် ဟင်းမတူဘူး။ ကိုယ်ရတဲ့ထမင်းထုပ်က မောမောနဲ့ စားလို့ အင်မတန်ကောင်းခဲ့တာပဲ သတိရတော့တယ်။ လသာ၂ ကျောင်းရှေ့မှာ နားရင်း စားကြရတယ်။ အဲဒီနေ့က ကျောင်းသားသမဂ္ဂသီချင်း အလွတ်ရခဲ့တယ်။

ကျောင်းကြီး ၃ နှစ်ပိတ်ပြီး ပြန်ဖွင့်တော့ အိမ်မှာ မိသားစု မစုံတော့ပါဘူး။ အမေလဲ ဆုံး၊ အဖေလဲ အထဲ ရောက်သွားပြီ။ မောင်နှမ ၅ယောက်ပဲ ကျန်ခဲ့တယ်။ ဒါပေမဲ့ ပြည်သူတွေကတော့ မီးခဲပြာဖုံးပဲ၊ သူတို့အထင်တော့ ငြိမ်ဝပ်ပိပြားပေါ့။ အဲဒီတုန်းက အတော်လဲ ညီညွတ်ခဲ့ကြတာ လွမ်းစရာပဲ။ ခေါင်းဆောင်စကားလဲ တသွေမတိမ်း နားထောင်ကြတယ်။ အဲဒီစိတ်ကပဲ အရေးတော်ပုံကို အောင်မြင်ဖို့ တွန်းအားတွေ ဖြစ်ခဲ့တာပါ။ အသေးအမွှားက စ လို့ပါ။ ဒီနေ့တော့ အနက်ရောင် ၀တ်ဟေ့ ဆို အကုန် အနက်တွေချည်း။ အဖြူ ဆို အဖြူ၊ အနီဆို အနီပဲ။ အားလုံးဟာ အတူတူပဲ။ ကုလားဗမာအရေးအခင်း ဖန်တီးချင်လို့ ဟိုမှာ ဒီမှာ ရိုက်ကြ နှက်ကြတယ် သတင်းလွှင့်လဲ သွေးထိုးတိုင်း နားမယောင်တာ ချစ်ဖို့ကောင်းချက်။ အဲဒီသတင်းတွေကြောင့် ကျောင်းက သူငယ်ချင်း ချစ်ကောင်း (နောက် ပြီးခေါ်တဲ့ နံမည်) ကို အားရပါးရ လက်ဆွဲ နှုတ်ဆက်ခဲ့တာ မှတ်မိနေပါသေးတယ်။ သူကတော့ ဘာကြောင့် လာလုပ်သလဲ သိမယ် မထင်ဘူး။ အဲဒါ ဗိုလ်ခင်ညွှန့် တန်ခိုးထွားတဲ့ ခေတ်။

အဲဒီတုန်းက မမေ့နိုင်တဲ့ အဖြစ်လေး တခု-နှစ်ခု ပြောပြချင်ပါသေးတယ်။ ကိုယ့်နဲ့ မေဂျာတူ ချစ်သူငယ်ချင်းတယောက်ရဲ့  မင်္ဂလာဆောင်ကို သွားခဲ့တဲ့ အဖြစ်လေးပါ။ မြက်ခင်းပြင်မှာ လုပ်တဲ့ဧည့်ခံပွဲမှာ အလယ်က သတို့သား သတို့သမီး လျှောက် လမ်းရဲ့ တဖက်တချက်မှာ ဧည့်သည်တွေကို နေရာချပါတယ်။ လာကတည်းက ဧည့်ကြို ကလေးမလေးတွေက သတို့သား ဖက်ကလား သတို့သမီးဖက်ကလား မေးလို့ ဒါမျိုး ထုံးစံတွေနဲ့ မရင်းနှီးလို့ အံ့သြမိတယ်။ မင်္ဂလာမောင်နှံကို လာချီးမြှောက်တဲ့ ကိစ္စမှာ ဧည့်သည်တွေကို ခွဲခြားစရာ လိုသလားလို့ စိတ်ထဲမှာ ဖြစ်မိတာပါ။ ပွဲစတော့ အပွင့်အခက်တွေနဲ့ ဗိုလ်ခင်ညွှန့်နဲ့ အပေါင်းအပါများ ရောက်လာတာပါ။ အဲဒီမှာ သတို့သားဖက်လို့ နေရာချပေးထားတဲ့ ညာဖက်အခြမ်းက ၀ုန်းကနဲ ထ မတ် တပ်ရပ် အရိုအသေပြုကြတာ။ ဒီဖက် သတို့သမီးဖက်က တယောက်မှ မထ။ ဘာလုပ်နေတာလဲ ထကြလေတဲ့၊ အပါးအစေ တွေက ကြိတ် ကြိမ်းလိုက်သေးတယ်။ သူတို့ကတော့ စကားပြောမပြတ်။ ကြည့်လိုက်တော့ ဘူမိဗေဒက ဆရာ ဆရာမ တွေချည်း။ ပါမောက္ခတွေ ဌာနမှူးတွေ ဆရာ ဆရာမတွေ..။ ပညာတတ်တို့ရဲ့ လှပတဲ့ ငြင်းဆန်မှု။ အာဏာရှင် လူသတ်သမားကို ဦးမညွှတ်တဲ့ ယဉ်ကျေးမှု။ အဲဒီနေ့က ကိုယ့်ဆရာ ဆရာမတွေကို ချစ်ခင်စိတ်ထက် ကြည်ညိုလေးစားတာ ပိုလိမ့်မယ်။ စိတ်ထဲမှာ တသိမ့်သိမ့်ဖြစ်ပြီး ကြည်နူးကျေနပ်တဲ့ စိတ်နဲ့ နှစ်ယောက်သား အိမ်ပြန်ခဲ့တယ်။

နောက်တခါလဲ အဲလိုပဲ တခါ ကြုံရပြန်တယ်။ ကိုယ်တို့နှစ်ယောက်က သာ ရေးတွေ သွားခဲပါတယ်။ အဲဒီတုန်းက မဖြစ်မနေ လာဖို့ အတန်တန်ဖိတ်လို့ ကိုယ့်အဖိုးအဖွားလို ချစ်ခင်ရတဲ့ ဘဘဦးသုခ မွေးနေ့ သွားခဲ့ပါတယ်။ အဲဒီအချိန်က အင်ယားကန်ဘောင်က IBC ခမ်းမ က စ ဖွင့်ခါစမို့ အဲဒီမှာ လုပ်တယ်။ ကိုယ်နဲ့ မရင်းနှီးတဲ့ အသိုင်းအ၀ိုင်းမို့ စာပေသမားတချို့ နဲ့သာ တစားပွဲတည်း ထိုင်ခဲ့ပါတယ်။ ပွဲစတော့ ထုံးစံအတိုင်း "သူတို့" ရောက်လာပြန်ပါရော။ ဒီတခါတော့ တခမ်းမလုံးလောက် သဲသဲလှုပ် ထ ကြ ဖားကြ နှုတ်ဆက်ကြ။ အဲဒီအထဲမှာ လျှောက်လမ်းဘေးက စားပွဲ နှစ်လုံးကတော့ နေရာက တုပ်တုပ်မှ မလှုပ်ခဲ့ဘူး။ စကားလဲ မပြော ငြိမ်ငြိမ်သက်သက်ပဲ ထိုင်နေကြပါတယ်။ ကိုကျော်သူ ပါတယ်၊ မရွှေဇီးကွက် ပါတယ်၊ မသန်းမြင့်အောင် ပါတယ်၊ အံတီကလျာပါတယ်။ ကျန်တဲ့သူတွေတော့ ကိုယ် မသိလို့ နံမည် မပြောနိုင်ခဲ့ပါဘူး။ အဲဒီတုန်းက ကိုယ်တို့က မသန်းမြင့်အောင၊် အံတီကလျာတို့နဲ့သာ စာပေအသိုင်းအ၀ိုင်းထဲကမို့ ခင်မင်ပါတယ်။ ကျန်တဲ့လူတွေနဲ့ မရင်းနှီးသေးဘူး။ ကိုယ်တွေ့မြင်ခဲ့ရတာမို့ စိတ်ထဲမှာ စွဲနေတာ ခုထိပဲ။ ဘာရယ်မဟုတ်ဘူး၊ ထိုင်ရာက ထ ဦးညွှတ်လိုက်တဲ့ ကိစ္စလေး ဖြစ်ပေမဲ့ သူတို့ကတော့ ဒီလိုလုပ်ဖို့ ငြင်းဆန်ခဲ့တယ်။ ကျဆုံးသွားတဲ့၊ အဖမ်းဆီးခံနေရတဲ့ ရဟန်းရှင် လူ ကျောင်းသား ပြည်သူတွေအတွက် သူတို့ ရင်ထဲက သတင်းစကားကို ပါးလိုက်တာပါပဲ။ တခမ်းမလုံးက လူတွေထက် အဲဒီ စားပွဲနှစ်လုံးက လူနည်းစုကို အထူးပဲ တန်ဖိုးထားမိပါတယ်။

အာဏာရှင်ခေတ်အဆက်ဆက်ကို ကံအကြောင်း မလှလို့ ကိုယ်တို့ ဆုံခဲ့ ကြုံခဲ့ကြရတယ်။ တချို့တွေက အသက် စွန့်၊ ဘ၀တွေ စွန့်၊ မိသားစုတွေ စွန့်ပြီး ဆင်းရဲခြင်းနဲ့ မွေးရာပါလို အဖော်လုပ် နေခဲ့ကြတယ်။ သူတို့ စွန့်လွှတ်အနစ်နာခံမှုတွေကို ကိုယ်တိုင်က သိချင်မှ သိပေမဲ့ ပြည်သူတွေရဲ့ နှလုံးသားက ကမ္မည်းတင်ဖို့ ကျယ်ပြန့် နွေးထွေးပါတယ်။ အာဏာရှင်စနစ်ကို ဆန့်ကျင်ဖို့ ရှေ့ဆုံးက အလံကိုင်တဲ့ လူတွေကို ဦးညွှတ် ဂုဏ်ပြုဖို့ ဘယ်တော့မှ မမေ့လျော့သလို နောက်ကနေ ခေါင်းဆောင်မှု တခုတည်းအောက်မှာ တညီတညာ လိုက်နေတဲ့ လူအုပ်ကြီးကိုလဲ အထူးပဲ ကျေးဇူးတင်မိပါတယ်။ ကိုယ့်ဘ၀မှာ အဲလို တည်တည်ငြိမ်ငြိမ်နဲ့ ရပ်တည်ချက်ခိုင်ကျည်တဲ့ လူတွေအများကြီးနဲ့ မိတ်ဆွေဖြစ်နေရတာဟာ ဘ၀ရဲ့ ကျေနပ်စရာတွေထဲက တခုပဲ။ ကိုယ်တိုင်လဲ မှတ်တမ်းမှတ်ရာ မရေးလောက်သော်ငြားလည်း ကိုယ်နိုင်တဲ့ဘက်က တာဝန်ကျေချင်တဲ့ ဒီလို ဘ၀ နေနည်းကို သဘောကျလို့ ကြိုးစားပြီး နေနေပါတယ်။
0