မောင်တူး ● ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင်စခဲ့ပြီ

မောင်တူး ● ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင်စခဲ့ပြီ
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၈

ဒီနေ့ဟာ သူရဲကောင်း၊ အာဇာနည်၊ အရှိုချင်းလူမျိုး ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးကို မဆလအစိုးရက ကြိုးပေးကွပ်မျက်ခဲ့တဲ့ ၄၂ နှစ်ပြည့်နေ့ပါ။

ဂျူးလိယက် ဖူးချစ်ရဲ့
ကြိုးစင်ပေါ်က မှတ်တမ်းများ
တို့ ရဲဘော်ရဲ့ ကြိုးတိုက်ထဲက ပုံရိပ်များ
ကြိုးစင်သွားရာ၊ ခြေရာပြတ်ထင်
ကြိုးစင်အတက်၊ သွေးမပျက်တာ
ကြိုးစင်ထက်မှာ
ရဲလက်နီစွေး ခွပ်ဒေါင်းသွေးနဲ့
အရေးတော်ပုံဖွဲ့ခဲ့သည်။ ။

(ဆလိုင်း တင်မောင်ဦး ကျဆုံးခြင်း ၃၄ နှစ်မြောက် အထိမ်းအမှတ်)

မောင်လွမ်းဏီ၂၄ - ၆ - ၂၀၁၀

ဆလိုင်းရဲ့ အဓိပ္ပါယ်က အရှိုချင်းဘာသာအရ ရဲစွမ်းသတ္တိရှိသောယောက်ျား ဖြစ်ပါတယ်။ ဆလိုင်းတင်မောင်ဦးကို ကြိုးပေး သတ် ခဲ့တာက ၁၉၆၇ ခုနှစ် ဇွန် ၂၆ မနက်စောစော။ အဲ့ဒီ သမိုင်းဝင်မနက်ခင်းအကြောင်းကို သူ့ရဲ့ ရဲဘော်ရဲဘက် ကို အောင်ထူးရေးတဲ့ “ ကိုတင်မောင်ဦး၊ မေ့လျော့နေသော အာရှတိုက်၏သူရဲကောင်း” စာအုပ် စာမျက်နှာ ၂၀၉၊ ၂၁၀၊ ၂၁၁ တွေမှာ အခုလို ဖေါ်ပြထားပါတယ်။

● ကြိုးပေးသတ်ရန် စီစဉ်ခြင်း
ကိုတင်မောင်ဦး၏အဒေါ်အား ကိုတင်မောင်ဦးကို ကြိုးပေးသည့်ညဖြစ်စဉ်ကို ချင်းအမျိုးသား ထောင်ဝန်ထမ်းက ပြန်ပြော ပြခဲ့သည်။ စစ်အရာရှိများနှင့် ထောင်အာဏာပိုင်များက ကိုတင်မောင်ဦးကို ကြိုးစင်သို့ခေါ်ရန် ရောက်လာသည်။ သူတို့က လျှို့ဝှက်ကွပ်မျက်ရန် ပြင်ဆင်ကြသည်။ အခန်းတံခါးဖွင့်ပြီး သူ့ကို အပြင်ထွက်ရန် အမိန့်ပေးသည်။ “ရဲတဲ့သူဝင်ခဲ့” ဟု ကို တင်မောင်ဦးက စိမ်ခေါ်လိုက်သည်။ သူ့ကိုဆွဲထုတ်ရန် အသန်မာဆုံး လူ ၃ ယောက်ဝင်အလာ ကိုတင်မောင်ဦးက ပြန်လည် တိုက်ခိုက်ရာ အားလုံးမှောက်သွားကြသည်။ ကျန်လူများ သူ့အခန်းထဲ မဝင်ရဲတော့ပါ။ နောက် ငါးမျှားချိတ်ကြီးများ တပ်ထား သော ကြိုးကြီးများကို ဝှေ့ပြပြီး - အေးအေး ဆေးဆေး အပြင်ထွက်လာ။ မထွက်လာရင် ဟောဒီငါးမျှားချိတ်ကြိုးတွေသုံးပြီး အပြင်ခေါ်ထုတ်မယ် ဟု ပြောသဖြင့် ကိုတင်မောင်ဦးသည် ခေါင်းမော့လျှက် အခန်းပြင် တလှမ်းချင်း ထွက်လာခဲ့သည်။ ကြိုး စင်သို့ လှမ်းလျှောက်ရင်း “ရဲဘော်တို့၊ သူတို့ ငါ့ကို ခိုးသတ်နေကြပြီ” ဟု ထောင်ထဲရှိ ကျောင်းသားတွေကို ဦးတည် အော် ပြောလိုက်တိုင်း ထောင်ဝန်ထမ်းတွေကလည်း လက်ခုတ်တီးခြင်း၊ အော်ဟစ်ခြင်းတွေနဲ့  သူ့အသံကို ဖုံးသွားအောင် လုပ်ကြ သည်။

● ကြိုးပေးခြင်း
လက်နောက်ပြန် ကြိုးချီထားသော ဆလိုင်းတင်မောင်ဦးကို လည်ပင်းကြိုးကွင်းစွပ်ကာ ဒေါက်ဖြုတ်ချပြီး စီရင်ခဲ့ကြတယ်။ သူ နောက်ဆုံးပြောသွားတဲ့စကားကို ချင်းအမျိုးသား ထောင်ဝန်ထမ်း ပြန်ပြောပြခဲ့တာက ...

“မင်းတို့ ငါ့ခန္ဓာကိုယ်ကိုသာ သတ်လို့ရမယ်။ ငါ့ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ သတ်လို့ရမှာမဟုတ်ဘူး။ မင်းတို့ စစ်ဘိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာ မဟုတ်ဘူးကွ” ဟု ပြောခဲ့ပါတယ်။

စာရေးသူ ကိုအောင်ထူးက ဗြိတိသျှအုပ်ချုပ်ခဲ့တဲ့ ၁၉၂၄ ကနေ အခုတိုင် နှစ် ၁၈၀ ကျော်အတွင်း မည်သည့် ကျောင်းသား ခေါင်းဆောင် တဦးတလေကိုမှ တရားရုံး၏ စီရင်ဆုံးဖြတ်ချက်ဖြင့် နည်းလမ်းတကျ သေဒဏ်ပြစ်ဒဏ်စီရင်ခဲ့ဘူးခြင်း မရှိပါဟု ရေးသားခဲ့ပါတယ်။ ဒါကြောင့်လည်း ဆလိုင်းတင်မောင်ဦးကို ကြိုးပေးခဲ့တဲ့ ၁၉၇၆ ခုနှစ်၊ ဇွန်လ ၂၆ ရက်ဟာ သမိုင်းဝင်နေ့ရက် ဖြစ်ပါတယ်။ အခု ၄၂ နှစ် မြောက်ပြီလေ။

 

ဦးသန့်သပိတ် (သီချင်း)
ရေး- အမည်မသိ၊ ဆို- ကိုမြတ်သူ

(ခြေဆင်း) ထောင့်ကိုးရာခြောက်ဆယ့်နှစ် -သမိုင်းရေး သွေးမတိတ်မီ - လွန့်လူးလို့ - နိုးထလာချေပြီ။

(ဒို့ကျောင်းသားများ စောင့်မျှော်ခဲ့သည် xအခွင့်အရေးကိုရရှိခဲ့သည် x တကမ္ဘာလုံးလေးစားရတဲ့ x ဦးသန့်ဈာပန အကြောင်း ပြလို့အတည် x ၇၄ ဒီဇင်ဘာ မဖြေသာအကြောင်းတရားက ဇတ်လမ်း စလေပြီ x ငြိမ်းချမ်းရေးကို ဖက်တွယ်ခဲ့သူ x စစ် အုပ်စုကို ဆန့်ကျင်ခဲ့သူ x ဦးသန့်လိုလူ ရာဇ၀င်ထူးလို့ အာဏာရူးတို့ ရန်စမီးပျိုး အညှိုးထားခဲ့သည်။) (နှစ်ခေါက်ဆိုရန်)

(လူသာမန်လို ဆက်ဆံခဲ့သည် × ဒို့ပြည်သူ အများစုနဲ့ ကျောင်းသားထုက မခံမရပ်နိုင်ပြီ x ထိုက်တန်စွာ ဦးညွှတ်ရမည် ထိုက်တန်စွာ ဂုဏ်ပြုရမည် x ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် x ကျောင်းသား ခေါင်းဆောင်တင်မောင်ဦးက ဦးဆောင်စခဲ့ပြီ x အဓိပတိလမ်းပေါ်မှာ ခွပ်ဒေါင်းတွေစုဝေးလို့ x စစ်အုပ်စုဆန့်ကျင်ရေးနဲ့ ဂူဗိမာန် ဖြစ်မြောက်ရေး ဆုံးဖြတ်ခဲ့ကြသည်× ကျောင်းသားပြည်သူ ပေါင်းစုဝေးလို့ × ဈာပနအခမ်းအနားကို ခြိမ့်ခြိမ့်သဲသဲ ကျင်းပလေပြီ × သမဂ္ဂအဆောက်အဦး မြေပြင် ကမ္ဘာ့ရဲ့ ခေါင်းဆောင်ကြီး လဲလျောင်းအိပ်စက်နေရန်ရွယ်ရည်)   (နှစ်ခေါက်ဆိုရန်)

(ဂူဗိမာန်ကြီးတည်ဆောက်ကြပြီ × ပြည်သူများနဲ့ ပေါင်းစည်းလို့ညီ ×ခွပ်ဒေါင်းဇာနည် × ဘာမထီသွေးတို့ × ပြည်သူရေးတွက် ရှေ့သို့လှမ်းတက်ချီ × အယုတ်တမာ အာဏာရူးတွေက × လူသားမဆန် မောင်းပြန်သေနပ်များနဲ့ ပစ်ခတ်ဖြိုခွင်း ဖြေရှင်းခဲ့ လေပြီ × ကမ္ဘာမကျေနိုင်ပြီ တက္ကသိုလ် မြေမဟီ ခွပ်ဒေါင်းသွေးတို့ နီရဲခဲ့ကြပြီ။

(ဘယ်လိုပင် သတ်ကြပါစေ ဒို့မသေ × ဘယ်လိုပင် ဖြိုခွင်းပါစေ ဒို့မမှုပေ × ခွပ်ဒေါင်းသွေး သံဓိဋ္ဌာန် ဒူးထောက်လို့ အညံ့မခံ ဘူးဟေ × အရိုးကျေကျေ အရေခမ်းခမ်း × မကြောက်တမ်း မရွံ့တမ်း သွေးလမ်းကို ဖြတ်ချီလှမ်းမည်× ညီ ညီ ညီ ညီ × ချီ ချီ ချီ ချီ ခေတ်ဟောင်းဖြိုဖျက်× တိုက်ပွဲဆက်ကြမည်။)

ကျောင်းသားတပ်တော်သီချင်း၊ ကျောင်းသားသမဂ္ဂသီချင်းတွေဟာ ကျနော်တို့ အမြဲဆိုနေကျ သီချင်းတွေပေါ့။ ဒီဇင်ဘာ ရောက်ရင် ဦးသန့်သပိတ်သီချင်း ဆိုမိနေတတ်သလို ဇွန် ၂၆ နီးတိုင်းလဲ ဒီသီချင်းကို သတိရမြဲ မဟုတ်လား။ (ဒို့ဗမာတွေ သိက္ခာမနွမ်းရအောင် ကျောင်းသားခေါင်းဆောင် တင်မောင်ဦးက ဦးဆောင်စခဲ့ပြီ) ဆိုတဲ့နေရာမှာ အကျယ်ဆုံးဆိုလိုက်မိမြဲပေါ့။

ဦးသန့်ဈာပန အရေးအခင်း (၁၉၇၄ ဒီဇင်ဘာ) ကို ကျောင်းသားခေါင်းဆောင် ဆလိုင်းတင်မောင်ဦးက ဦးဆောင်ခဲ့တာကို ဂုဏ်ယူ ဖေါ်ကျူးတဲ့သီချင်းလေ။

ပဲခူးတိုင်း ကဝမြို့နယ်က NLD ခေါင်းဆောင်တဦးဖြစ်သူ ဦးဟန်စိန်ကတော့ ဆလိုင်းတင်မောင်ဦးရဲ့ ဦးသန့်အရေးအခင်း ကျိုက္ကဆံကွင်း တရားပွဲကို ကြုံခဲ့တဲ့သူပါ။ သူက အခုလို ပြောပြတယ်။

ဆလိုင်းတင်မောင်ဦးက လူထုကို စည်းရုံးတဲ့နေရာမှာ အရမ်း အဟောပြောကောင်းတယ်။ ၁၉၇၄ ခုနှစ် ဒီဇင်ဘာလ ဦး သန့်ရုပ်ကလပ်ကို ကြံတောသင်္ချိုင်းဆီ သယ်ပို့ဖို့ လမ်းစဉ်လူငယ်တွေ  အုပ်စုလိုက် ဝိုင်းထားတဲ့ကြားက သူ့ဘက်ပါအောင် လူထုဘက်ပါအောင် ပြောဟောပြီး ဦးသန့်အလောင်းကို တက္ကသိုလ်ကျောင်းရောက်အောင် လု သယ်သွားနိုင်ခဲ့တယ်။ သူ့ ဘေးမှာ ဦးသန့်ညီ ဦးခန့်က အလောင်းမလုဖို့ တားနေတဲ့ကြားကပေါ့။

ဦးသန့်ဈာပနအရေးအခင်း၊ မှိုင်းရာပြည့် အရေးအခင်းစီစဉ်မှုတွေကြောင့် သူ့ကိုဖမ်း၊ ကြိုးပေးသတ်ခဲ့ကြတာပါ။ ဆလိုင်းတင် မောင်ဦးရဲ့ မိခင်၊ ဖခင် ညီ၊ ညီမတွေအားလုံးကိုလဲ မဆီမဆိုင် ဖမ်းပြီးထောင်ချခဲ့ပါသေးတယ်။ အခုအချိန်မှာ အားရစရာ ကတော့ ဆလိုင်းတင်မောင်ဦး သမိုင်း၊ နှစ်ပတ်လည် အထိမ်းအမှတ်တွေကို ဖေါ်ထုတ်ခွင့် ရလာကြတာပါ။

ထာဝရကြယ်စင်ကြွေ
ဦးလည်မော့မော့
ရင်ကော့ခွပ်ဒေါင်း
သမိုင်းကောင်းခဲ့။

တောင်ဇလပ်နီမောင်း
မပြောင်းသစ္စာ
ခိုင်မာလေးနက်
အောက်ချင်းငှက်လို။
ကြွေလွင့်ခဲ့ငြား

(ငါတို့)

နှလုံးသားမှာ၊ ထာဝရဝေ
ခွပ်ဒေါင်းတေးသံ၊ ဆက်ချီနေ။
ပြည်သူ့သားကောင်း၊ ကြယ်စင်ကြွေ။

စစ်အာဏာရှင် ခေတ်တလျောက်ကတော့ ဆလိုင်းတင်မောင်ဦးသမိုင်းကို ဖျောက်ခဲ့ကြပါတယ်။ ဒါပေမဲ့ မမေ့နိုင်သူတွေက လျို့ဝှက်ဖေါ်ထုတ်ခဲ့ကြပါတယ်။ ဟိုတနေ့ကတော့ ရန်ကုန်က တိုင်းရင်းသားကေျးရွာမှာ ချင်းတိုင်းရင်းသားအိမ်ကို ရောက် သွားပါတယ်။ ဆန်ဖွတ်မောင်းထောင်း ဆုံတွေကို ချင်းထုံးစံအတိုင်းတွေ့ပါတယ်။ အဲ့ဒီဘေးနံရံမှာ ချင်းအာဇာနည်တွေရဲ့ ဓါတ်ပုံတွေချတ်ဆွဲထားတယ်။ အဲ့ဒီမှာ ဆလိုင်းတင်မောင်ဦး ဓါတ်ပုံကြီးကို အထင်းသားတွေ့ခဲ့ရတယ်။ အားရစရာပေါ့။ ဖေ ဖေါ်ဝါရီ ၂၀ ချင်းအမျိုးသားနေ့ပြခန်းမှာလဲ ဆလိုင်းတင်မောင်ဦး ဓါတ်ပုံတွေ သမိုင်း အတ္ထုပတ္ထိတွေကို ပြသထားတယ်။ အရင် အာဏာရှင်ခေတ်ကဆို ဒီလိုပြရင် ပွဲကျင်းပသူတွေ အကုန်ဖမ်းပြီပေါ့။ အခုတော့ ဒီနေ့လို ဇွန် ၂၆ ရောက်တိုင်းလဲ အခမ်းအနားတွေ ကျင်းပနေကြပြီ ဆလိုင်းတင်မောင်ဦး စာပေဆုပေးပွဲတောင် ရှိနေပြီ။ ဒါကြောင့် ....

ဆလိုင်းတင်မောင်ဦး သေမယ်ထင်လို့
ဆလိုင်းတင်မောင်ဦးကို ကြိုးပေးကွပ်မျက်
သတ်ဖြတ်ခဲ့တယ်
ငါတို့ နှလုံးသားထဲမှာတော့
ဆလိုင်းတင်မောင်ဦး
ဘယ်တော့မှ မသေ. . .။ ။

လင်းခါး
၈-၃-၂၀၁၄

ဆရာလင်းခါး၊ မောင်လွမ်းဏီတို့ အပါအဝင် ဆလိုင်းတင်မောင်ဦးအကြောင်း ရေးသားသူ ကဗျာဆရာများ၊ “ ကိုတင်မောင်ဦး ၊ မေ့လျော့နေသော အာရှတိုက်၏သူရဲကောင်း ” စာအုပ်အပါအဝင် သူ့အကြောင်း ဆောင်းပါးရေးသူများ၊ သူ့အထိမ်းအမှတ် ပြုလုပ်ကြသူများ အားလုံး (အားလုံး) ကို ဂုဏ်ယူမိပါတယ်။

ဒါတင်မက ဆလိုင်းတင်မောင်ဦး ရုပ်ထု၊ ဆလိုင်းတင်မောင်ဦး ဖေါင်ဒေးရှင်း၊ ဆလိုင်းတင်မောင်ဦး ပညာသင်ဆု စတာ (စတာ) တွေ ဖြစ်လာစေရေး ကြိုးပမ်းကြပြီး ဆလိုင်းတင်မောင်ဦး ကြိုးပေးခံရတာ ၄၂ နှစ်ရှိသွားပေမဲ့ “မင်းတို့ ငါ့ ခန္ဓာကိုယ် ကိုသာ သတ်လို့ရမယ်။ ငါ့ ယုံကြည်ချက်နဲ့ ရပ်တည်ချက်တွေကိုတော့ သတ်လို့ရမှာ မဟုတ်ဘူး။ မင်းတို့ စစ်ဘိနပ်အောက်မှာ ငါ ဘယ်တော့မှ ဒူးထောက်မှာမဟုတ်ဘူးကွ” ဆိုတဲ့ သူရဲ့ နောက်ဆုံး အမိန့်တော်ကို နာခံကြပါစို့ဟုသာ။ ။

Comments