မျိုးတေဇာမောင် ● အီရတ်ကဗျာဆရာမ ဒန်ယာ မီခါအီးလ်ရဲ့ ကဗျာရှည်တပုဒ်

 မျိုးတေဇာမောင် ● အီရတ်ကဗျာဆရာမ ဒန်ယာ မီခါအီးလ်ရဲ့ ကဗျာရှည်တပုဒ်
(မိုးမခ) ဇွန် ၅၊ ၂၀၁၈

ဒန်ယာ မီခါအီးလ်ကို ၁၉၆၅ အီရတ်နိုင်ငံ၊ ဘဂ္ဂဒတ်မှာ ဖွားမြင်ခဲ့ပါတယ်။ ဘဂ္ဂဒတ်တက္ကသိုလ်က အင်္ဂလိပ်စာပေ ဘီအေ ဘွဲ့ရခဲ့ပါတယ်။ အာဏာရှင် ဆတ်ဒမ်ဟူစိန်ခေတ်မှာ သူမဟာ Baghdad Observer သတင်းစာအတွက် ဂျာနယ်လစ် ၊ဘာသာပြန်သူအဖြစ်တာဝန်ထမ်းဆောင်နေစဉ်မှာပဲဒီလိုအရေးအသားတွေကြောင့် ဆာဒမ်ဟူစိန်ရဲ့ ရန်သူတော်စာရင်းသွင်းခံခဲ့ရသူဖြစ်ပါတယ်။

နောက်ဆုံး အန္တရာယ်ရှိလာတဲ့အခါသူမ အမေရိကကို ထွက်သွားရတော့တယ်။ မစ်ချီကန်ပြည်နယ် Wayne State University က မဟာဝိဇ္ဇာဘွဲ့ရခဲ့ပါတယ်။ အဲ့ဒီနောက်မှာ သူမကြုံခဲ့ဖူးတဲ့ အီရန်-အီရတ်စစ်ပွဲနဲ့ လေးဆယ့်သုံးရက်ကြာခဲ့တဲ့ ၁၉၉၂ ပထမပင်လယ်ကွေ့ စစ်ပွဲ အတွေ့အကြုံတွေကိုထင်ဟပ်တဲ့ ကဗျာတွေပါဝင်တဲ့ ကဗျာစာအုပ်နှစ်အုပ်ထုတ်ဝေခဲ့တယ်။ သူမကဗျာရေးတဲ့အခါ အဓိကကိုင်တွယ်တဲ့အကြောင်းအရာကတော့ "စစ်" ပါပဲ။

၂၀၀၁ မှာထုတ်ဝေခဲ့တဲ့ တတိယကဗျာစာအုပ်ဆိုရင် စာအုပ်အမည်ကိုက The War Works Hard /စစ်ပွဲဟာ အလုပ်ကြိုး စားတယ်ဖြစ်ပြီး ဒုတိယပင်လယ်ကွေ့စစ်ပွဲအတွေ့အကြုံတွေ ပါဝင်လာပါတယ်။ သူမဟာ စကားလုံးနည်းနည်းလေးနဲ့ကြောက် မက်ဖွယ်အမှန်တရားကိုပြနိုင်ခဲ့တယ်။ စစ်ပွဲအကြောင်းရေးတဲ့အခါ စစ်ကို မိန်းမ၊ မိခင်၊ ဇနီး၊ သူငယ်ချင်းအဖြစ် သုံးတတ်တာ တွေ့ရတယ်။၂၀၀၁ မှာ သူမ ဟာ ကုလသမဂ္ဂရဲ့ Human Rights Award for Freedom of Writing ဆုကိုရခဲ့ပါတယ်။ The War Works Hard ကို ၂၀၀၅ ခုနှစ်မှာ Elizabeth Winslow က ဘာသာပြန်တဲ့အခါ PEN Translation Award ရရှိခဲ့ပါတယ်။ အဲ့ဒီ့စာအုပ်ကိုပဲ Elena Chiti က ၂၀၁၁မှာ အီတာလျံလိုဘာသာပြန်ခဲ့သေးတယ်။

၂၀၀၉ မှာ Elizabeth Winslow နဲ့ပူးတွဲဘာသာပြန်ခဲ့တဲ့ Diary of a Wave Outside the Sea စာအုပ် ဟာ   the Arab American Book Award ချီးမြင့်ခံရပါတယ်။ ၂၀၁၃ မှာတော့ ဒန်ယာမီခါအီးလ်ဟာ 15 Iraqi Poets ကို တည်းဖြတ် အမှာစာရေးပြီး ထုတ်ဝေခဲ့ပါတယ်။ အခု သူမဟာ မစ်ချီကန်ပြည်နယ်မှာနေထိုင်ရင်း မစ်ချီကန်တက္ကသိုလ်မှာ သင်ကြားပို့ချနေ ပါတယ်။ အမေရိကန်-အီရတ် ကဗျာဆရာမတယောက်အနေနဲ့ ဒန်ယာ မီခါအီးလ်ဟာ သူမကိုင်တွယ်နေကျ အကြောင်း အရာဖြစ်တဲ့ စစ်ပွဲနဲ့ပတ်သက်တာအပြင် ''ဣိတ္တိယဖြစ်မှု'' ကိုပါ ကိုင်တွယ်ရေးဖွဲ့လာတာတွေ့ရပါတယ်။ အခုတင်ဆက်မယ့် ကဗျာကတော့ ၂၀၁၅ ခုနှစ်မှာထုတ်ဝေတဲ့ The Poetry of Arab Women (A Contemporary Anthology) မှာပါဝင်တဲ့ သူမရဲ့ ကဗျာရှည်တပုဒ်ဖြစ်ပါတယ်။

မိုး

ပထမမိုးစက်
ဘုရားသခင်ရဲ့ မိုးတွေရွာကျတဲ့အခါ
သူငယ်ချင်း၊ ကျေးဇူးပြုပြီး
ခဏလောက် တိတ်တဆိတ် နေပေးပါလား
ဒါမှာ ပြောစကားတွေ မိုးမစိုမှာ။

ဒုတိယမြောက်မိုးစက်
ပင်လယ်သေ အနီးမှာ ကပ်ပြီး
ဝမ်းနည်းနေတဲ့ ပုလွေဟာ သမ်းဝေတယ်
ပြီး၊ လူသေတွေ ပင်လယ်ထဲက ထမြောက်ကြ
ကျမကတော့ ပေါ့ပေါ့ပါးပါးပဲ
ဒါပေမယ့် ဟော့ဒီမှာမြင်ရတာ!
ကျမအပေါ်ကောင်းမွန်တဲ့သေဆုံးသူတွေ
ထမြောက်လာတာ!

တတိယမြောက်မိုးစက်
ဒါဘာလဲ
ကျမရဲ့နှလုံးသားလား
နှလုံးသားထဲ ဘာမှ တဒုတ်ဒုတ်မြည်မနေဘူး
ဒါပေမယ့် ငှက်တွေညကို ဘယ်မှာကုန်ဆုံးစေခဲ့သလဲ။

စတုတ္ထမြောက်မိုးစက်
စင်ယော်တစ်ကောင် ဘေးဘီကိုငေးနေ
ကြေးမုံ သန်းပေါင်းများစွာကိုမြင်ရ
ကြေးမုံတွေထဲက စုတ်ပြတ်နေတဲ့ တောင်ပံသန်းပေါင်းများစွာ။

ပဉ္စမမြောက်မိုးစက်
ထွက်ပေါက်တွေမှာ ကျမရဲ့နှလုံးသားရှိတယ်
တံခါးတွေဆီဦးတည်တဲ့ထွက်ပေါက်တွေ
စင်္ကြန်လမ်းတွေဆီဦးတည်တဲ့ တံခါးတွေ
ပြတင်းပေါက်တွေဆီဦးတည်တဲ့ စင်္ကြန်လမ်းတွေ
ကျမရဲ့နှလုံးသားဆီဦးတည်တဲ့ ပြတင်းပေါက်တွေ။

ဆဌမမြောက်မိုးစက်
ကျမကိုယ်ထဲမှာ နှလုံးသားတစ်ခု
နှလုံးသားထဲမှာ နံရံတွေ
နံရံတွေထဲမှာ ပတ်ကြားအက်ရာတွေ
ပတ်ကြားအက်ရာတွေထဲမှာ သေနေတဲ့လေ။

သတ္တမမြောက်မိုးစက်
ကော်ဖီဟာ အေးနေပြီ!
သူငယ်ချင်း ငါဘာလုပ်ရမလဲ
ငါ ခုန်ဝင်စရာနေရာလွတ်မရှိတော့ဘူး
မျက်ရည်တစ်စက်လို ငါ့အတွက်ကျလာမယ့်
ငှက်တကောင်မှမရှိ
ငါနှလုံးသားကလွဲလို့ အစိမ်းရောင်ဘာမှမရှိ
ဒီနေ့အဖို့ နေကြာပန်းဟာ လှည့်မလာတော့ဘူး
ပြီး၊ဘာသာစကားဟာ ''ငါ'' ကလွဲလို့
တခြားနာမ်စားတလုံးမှ မမှတ်မိတော့ဘူး
သူငယ်ချင်း၊ ငါဘာလုပ်ရမလဲ
အခု ကော်ဖီဟာအေးနေပြီ။

အဌမမြောက်မိုးစက်
ကျမ ရှင့်ဆီပြန်လာခဲ့ပြီ
ဒါပေမယ့် ကျမနဲ့အတူ ယူမလာဖြစ်ခဲ့တာ
ကျမစိတ်ဝိညာဉ်ရဲ့ အပြာရောင်ရယ်
ကျမအပြစ်အနာအဆာရဲ့ အစိမ်းရောင်ရယ်
အရုဏ်ဦးရဲ့ မည်းမှောင်ခြင်းရယ်
ငိုက်မျဉ်းမှုရဲ့ အဖြူရောင်ရယ်
ဆိုတော့
ကျမ ရှင့်ဆီပြန်လာဖြစ်ခဲ့ရဲ့လား။

နဝမမြောက်မိုးစက်
နေ့ဘက်မှာ
ကျမ ရှင့်အုတ်ဂူဆီလာခဲ့တယ်
အဲ့ဒီမှာ
ငှက်တွေ သူတို့ရဲ့ အမှတ်ရခြင်းဥတွေကို အုကြ။
ညဘက်
ကျမ အိပ်မက်တခုမက်ခဲ့
အိပ်မက်ထဲ ကျမဟာ မျက်မြင်သက်သေ။

ဒသမမြောက်မိုးစက်
ညနေဟာ အဖြူ
ပြီး နှလုံးသားဟာ
ရေခဲလွှမ်းနေတဲ့ဇော်မွှားပန်းတစ်ပင်
ညနေဟာ အဖြူ
ရာဇဝင်ဟာ နှင်း
မျက်လုံးတွေ
ဘက်ဂဒတ် အော့ဗဇားဗားသတင်းစာ*
ရှင့်လက်တွေ
ချိန်းဆိုမှုတွေရဲ့
နှင်း။

စားပွဲထိုးရောက်လာပြီး
ကျမရဲ့ဖန်ခွက်ထဲ ရေခဲနှစ်ခဲထည့်သွားခဲ့တယ်
ကျမက ကျမရဲ့နှလုံးသားကို ဖန်ခွက်ထဲထည့်ခဲ့။
ရေခဲလိုအေးစက်တဲ့ မိတ်ဆွေတွေအတွက်
နှလုံးသားက ပွက်ပွက်ညံတာ ဒါ့ကြောင့်ပဲ။

Dunya Mikhail (Iraq) ရဲ့ Rain

* ကဗျာဆရာမ အလုပ်လုပ်ခဲ့တဲ့ သတင်းစာ

ဘာသာပြန်
မျိုးတေဇာမောင်

Comments