ကာတွန်းငွေကြည်၊ မြန်မာမြူးဇစ်ပွဲ နဲ့ စာရေးဆရာညီတင့် အစီအစဉ်များ





ကာတွန်းငွေကြည်၊ မြန်မာမြူးဇစ်ပွဲ နဲ့ စာရေးဆရာညီတင့် အစီအစဉ်များ
K (မိုးမခ) ဇွန် ၁၉ ၊ ၂၀၁၈

မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်းအစီအစဉ်မှာ ကာတွန်းဦးငွေကြည် ဟောပြော
မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှစီစဉ်သော ကာတွန်းပညာမျှဝေခြင်း အစီအစဉ်ကို ရန်ကုန်မြို့ အမှတ်(၁၇၃/၁၇၅) ပန်းဆိုးတန်းတာဝါ-အခန်းအမှတ် (၆၀၁)၊ ပန်းဆိုးတန်းလမ်း(အလယ်)မှာရှိတဲ့ မြန်မာနိုင်ငံကာတွန်းဆရာများအသင်း ရုံး ခန်းမှာ (စနေနေ့) ဇွန်လ ၁၆ရက် နေ့လယ် ၁ နာရီ မှ ၃နာရီထိ ကျင်းပပြုလုပ်ခဲ့ပါတယ်။

ယခုပထမဆုံးအကြိမ်အဖြစ် ကာတွန်းပညာမျှဝေခြင်း အစီအစဉ်မှာ ကာတွန်းဆရာ ဦးငွေကြည်မှ ဟောပြော ပြီး ခေါင်းစဉ်ကတော့ စာနယ်ဇင်းကာတွန်းသမားဘဝ/ အတွေ့အကြုံများဖြစ်ပါတယ်။

ကာတွန်းဦးငွေကြည်ဟာ မဂ္ဂဇင်း၊ ဂျာနယ်၊ စာနယ်ဇင်းလောကတွင် ငွေကြည်၊ မောင်လင်း ကလောင်များဖြင့် နှစ်ပေါင်း ၅၀ကျော် ကာတွန်းရေးဆွဲလာခဲ့ပြီး အသက် ၇၀ ကျော်အရွယ် အကန်တော့ခံကာတွန်းဆရာတဦးဖြစ်ပါတယ်။



(Myanmar Music Festival – MMF)အမျိုးသားကဇာတ်ရုံမှာ ဇွန် ၁၇ ဖျော်ဖြေ
ပဉ္စမအကြိမ်မြောက် မြန်မာဂီတပွဲတော် (Myanmar Music Festival – MMF)က ကြီးမှူးကျင်းပတဲ့ CELEBRATION CONCERT ဖျော်ဖြေပွဲကို ရန်ကုန်မြို့မြို့မကျောင်းလမ်းရှိ အမျိုးသားကဇာတ်ရုံမှာ ယနေ့ ဇွန်လ ၁၇ ရက် ညနေ ၆နာရီမှ ည ၈နာရီခွဲထိ ၀င်ကြေးအခမဲ့ဖြင့် ဖျော်ဖြေသွားတယ်။

ယခု မြန်မာဂီတပွဲတော် (Myanmar Music Festival – MMF)ကို ကျင်းပလာခဲ့တာ အကြိမ်အားဖြင့် ငါးကြိမ်မြောက်ဖြစ်ပြီး ယခုကြိမ်မှာတော့ မွန်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ နေပြည်တော်၊ မန္တလေးနဲ့ ရန်ကုန်တို့မှ လူငယ် ၂၅ ဦးတို့က UCSI နဲ့ Sunway တက္ကသိုလ်ကြီးတို့မှ မလေးရှားကျောင်းသား ၃၃ ဦးတို့နယ်အတူတကွ တပတ်ြ ကာမြင့်တဲ့ စခန်းသွင်းဂီတလေ့ကျင့်မှုများ ပြုလုပ်ကာ ဖျော်ဖြေပေးသွားကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

အစီအစဉ်များကတော့ ယဉ်ကျေးမှုဝန်ကြီးဌာနက ရိုးရာတေးဂီတပညာရှင်များဟာ နိုင်ငံတကာ အနုပညာရှင်များ ဖြစ်ကြတဲ့ စန္ဒရားပညာရှင် Kimball Gallagher နှင့် Kaiyin Huang ၊ mezzo soprano အသံ အဆို ပညာရှင် Yiling Chaing ၊ မြန်မာနိုင်ငံမှ ဧည့်ဂီတပညာရှင်များအဖြစ် မေဆွိနှင့် ၀င်းကိုခိုင်၊ အောင်မိုးကျော်၊ ကယ်ဗင်ရန်း၊ ပြည်ဖြိုးအောင်တို့နဲ့ အတူတကွ ဖျော်ဖြေပေးသွားကြပြီး “ကျွန်ုပ်၏ ပုံးကွယ်နေသော မြို့” လို့ အမည်ပေး ထားတဲ့ မြောက်ဦးမြို့ ရှေးဟောင်းအမွေအနှစ် ရုပ်ရှင်ကို (My Hidden City – Mrauk U HeritageFilm) ကိုလည်း ပြသပေးသွားတယ်။

ယခုပြုလုပ်ရတဲ့ မြန်မာဂီတပွဲတော် (Myanmar Music Festival – MMF)နဲ့ပတ်သက်ပြီး “ယခုသံစုံသီဆိုမှုမှာ ပါဝင်သူတွေ ကို MMF မှ ဖေဖော်ဝါရီလအတွင်းမှာ ပြုလုပ်တဲ့ အသံစစ်ဆေးမှုက တစ်ဆင့် ရွေးချယ်ခဲ့ပါ တယ်။ အဖွဲ့ဝင်တွေ အားလုံး ဟာ မြန်မာနိုင်ငံတစ်ဝန်း မတူညီတဲ့ နေရာဒေသ အသီးသီးကလာရောက်ခဲ့ကြတာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ရဲ့ မျှော်မှန်း ချက်ကတော့ နိုင်ငံအ၀န်း မတူညီတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက အဆိုရှင်တွေ ပါဝင်လာစေလျက် အမျိုးသား အဆင့် မြန်မာ့အဆိုရှင်အဖွဲ့တစ်ခုကို ဖန်တီးဖို့ ဖြစ်ပါတယ်”လို့ ပွဲစီစဉ်ပြုလုပ်သူတို့က ဆိုထားပါတယ်။

စာရေးဆရာ ညီတင့်ရေးသားတဲ့ စာအုပ်သစ်မိတ်ဆက်ပွဲ မန္တလေးကွန်မြူနတီစင်တာမှာ ပြုလုပ်
စာရေးဆရာ ညီတင့်ရေးသားတဲ့ ၀ရမ်းပြေး ရုပ်ပုံလွှာအမည်ရတဲ့စာအုပ်သစ်မိတ်ဆက်ပွဲအခမ်းအနားကို မန္တလေးမြို့ချမ်း အေးသာဇံမြို့နယ် ၆၈×၆၉၊ ၃၂×၃၃ လမ်းကြား အမှတ် ၁၂ (A)ရှိ Mandalay Community Centerမှာ ဇွန်လ ၁၈ရက် နေ့လယ် ၁နာရီကနေ ၃နာရီထိ ပြုလုပ်သွားပါတယ်။

ယခု စာအုပ်ကို မန္တလေးမြို့ရှိ ခြူးခြူးစာပေတိုက်ကနေ ထုတ်ဝေခြင်းဖြစ်ပြီး စာအုပ်ထုတ်ဝေရခြင်းနဲ့ပတ်သက်ပြီးလည်း “အထက်ဗမာပြည်ရဲ့ရှစ်လေးလုံးအရေးတော်ပုံအတွင်း ၁၉၈၈-၈၉ အထက်ဗမာနိုင်ငံဗကသ ကထုတ်ဝေတဲ့ ဗဟိန်းဂျာနယ်၊ မန္တလေးခရိုင် သမဂ္ဂကထုတ်ဝေတဲ့ တပ်လှန့်သံဂျာနယ်တွေ အထက်ဗမာပြည်ကျောင်းသားသမဂ္ဂစာစောင်တွေမှာ က လောင်နာမည်အမျိုးမျိုးနဲ့ ခေါင်းကြီး၊ ဆောင်းပါး၊ ၀တ္ထု၊ ကဗျာများရေးသားပေးခဲ့သူ၊ ဗမာပြည်ကွန်မြူနစ်ပါတီ မြေအောက် လှုပ်ရှားမှုနဲ့ပတ်သက်ပြီး ၁၉၈၉ခု ဇူလိုင်အာဇာနည်နေ့အပြီးမှာ န၀တထောက်လှမ်းရေးတပ်က ဖမ်းဆီးဖို့ အလိုရှိနေတဲ့သူ ရဲဘော်မိတ်ဆွေများ အကျဉ်းထောင်မှာ ဖမ်းဆီးနှိပ်စက်ခံနေရချိန် အနှစ် ၂၀ကျော်လောက် အညာကျေးလက် တရွာပြီး တရွာထွက်ပြေးရှောင်ပုန်းနေခဲ့ရတဲ့ ၀ရမ်းပြေးတစ်ယောက်ရဲ့ရုပ်ပုံလွှာ ‘၀ရမ်းပြေးရုပ်ပုံလွှာ’ စာအုပ်ကို ခြူးခြူးစာအုပ်တိုက် က ထုတ်ဝေပါတယ်” လို့ ဖိတ်စာမှာ ရေးသားထားပါတယ်။

Comments