ဆရာထက်မြက်၏ အမျိုးသားစာပေဆုဆိုင်ရာ ပြောကြားချက်
ရန်နောင်(ဗိုလ်တထောင်) ဇွန် ၁၂၊ ၂၀၁၈
အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး ကော်မတီ၏ ၂၀၁၇ ခုနှစ် အမျိုးသားစာပေဆု စိစစ်ရွေးချယ်ရေး မူဝါဒများနှင့် ပတ်သက်သော စာနယ်ဇင်းရှင်းလင်းပွဲကို ဇွန်လ ၇ ရက် နံနက် (၁၀) နာရီက ရန်ကုန်မြို့ ၊ သိမ်ဖြူလမ်း၊ အမှတ် ၂၂၀ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။ သတင်းနှင့် ဓါတ်ပုံ - ရန်နောင်(ဗိုလ်တထောင်)
ဆရာထက်မြက်၏ ရှင်းလင်းပြောကြားချက်မှာ ...
ကျနော်တို့ စာပေညီလာခံရဲ့ ဆုံးဖြတ်ချက်ကို စတုတ္ထစာပေဆု ကော်မတီက ဆန့်ကျင်တယ်ဆိုတဲ့ သဘောထားကို (၁) အချက်အနေနဲ့ ပြောချင်ပါတယ်။ အခု ကျနော်တို့ ကဗျာဆုပြသနာပေါ်နေတဲ့ဟာက မော်ဒန်ကဗျာမှ ဆုပေးရေးဆိုတာ မဟုတ်တဲ့အကြောင်း ကိုပြောချင်ပါပါတယ်။ အခု ပိုပြီးတော့ ကြီးကျယ်လာတာက သမိုင်းတွေရဲ့တရားခံ မဖြစ်ချင်ဘူးဆိုတဲ့ စကားက တော်တော်လေးရင့်သီးတယ်လို့ ထင်ပါတယ်။ ဒါတွေက မပြောသင့် မပြောအပ်တာတွေပါ။ ဘယ်သူဟာ အခု သမိုင်းတရားခံ ဖြစ်ဘာကြသလဲ ၊ ဘယ်သူဟာ သမိုင်းမှာ သူရဲကောင်းဖြစ်ကြသလဲဆိုတာ အခု အမျိုးသားစာပေဆု ကော်မတီဝင်တွေ ၊ ကျနော်တို့ ဖြတ်သန်း ခဲ့တဲ့ စာရေးဆရာတွေထဲမှာ အများကြီး သိသာပါတယ်။ အဲဒီတော့ ဒီ သမိုင်းတရားခံကိစ္စကိုတော့ ဒီလောက် ကြီး ကြီးကြီးကျယ်ကျယ် ပြောဖို့မလိုဘူးလို့ ကျနော်ထင်နောတာ တစ်ချက်ပါ။
ပထမ ကျနော်ပြောချင်တဲ့ ကိစ္စ က စာပေညီလာခံ ကိစ္စ။ စာပေညီလာခံ ကျင်းပဖို့ဆိုတဲ့ ကိစ္စကို စတင်တာက စာရေးဆရာ မြေမှုန်လွင်ပါ။ သူ ကစတင်ပြီးတော့ ကျနော်တို့ စာပေအဖွဲ့အစည်းတွေကို စာပို့ရင်းနဲ့ စာပေညီလာခံ လုပ်ကြရအောင်ဆိုတဲ့ဟာကို ကျနော်တို့ တက်ကြပါတယ်။ ကျနော်တို့ စာရေးဆရာ သမဂ္ဂက သုံးဦးတက်ပါတယ်။ ဆရာကြည်နိုင် ပါတယ်။ အစဆုံး အကုန်သိပါတယ်။ ဆရာလင်းထင် ပါတယ်။ ဆရာမ ရွှေကူမေနှင်း ပါပါတယ်။ စာပေညီလာခံ ကျင်းပ ဖို့ကိစ္စကို ပြန်ကြားရေးဝန်ကြီး ဆရာဖေမြင့်ကနေပြီးတော့ ကျနော်တို့ စာရေးဆရာ အဖွဲ့အစည်း ဆယ့်တစ်ဖွဲ့ကို ဖိတ်ပြီးတော့ ရှင်းလင်းပွဲလုပ်ပါတယ်။ အဲဒီမှာ ဝန်ကြီးနဲ့ ပတ်သက်လား မပတ်သက်လားဆိုတာကို ကျနော် ပြောချင်တာပါ။ အဲဒီတုန်းက စာရေးဆရာတွေကို ကိုယ်စားပြုပြောတဲ့နေရာမှာ ကျနော့်အလှည့်ရောက်တာ့ ကျနော်တင်ပြတာက အခုခေတ်က အရင် နှစ်ပေါင်း (၅၀) က စစ်အစိုးရခေတ် မဟုတ်တော့ဘူး။ အခုဟာက ကြိုက်တဲ့သူကြိုက်မယ် ၊ မကြိုက်တဲ့သူ မကြိုက်ဘူးပေါ့။ ဒါပေမယ့် မညင်းသာမရှောင်သာ လက်ခံရမှာကတော့ ဒီကနေ့ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရရဲ့ ဒီမိုကရေစီခေတ်လို့ ကျနော်တို့ ပြောလို့ရတယ်။ ကျနော့်ရဲ့ သဘောထားကတော့ ဒီမိုကရေစီတစ်ပိုင်းခေတ်လို့ ပြောမှာပေါ့။ အဲဒီလိုခေတ်မျိုးမှာ ကျနော်တို့ ဒီ အစိုးရက ကြီးမှူးပြီးတော့ စာပေညီလာခံ လုပ်စေချင်တယ်။ အဲဒါ တော်တော်လေး ဒီမိုရေစီကျတယ်ဆိုပြီးတော့ ကျနော်တင်ပါတယ်။
၁၉၆၂ ခုနှစ်က အဲဒီလို စာပေညီလာခံ ကျင်းပခဲ့ဘူးတယ်။ အာဏာသိမ်းပြီး မကြာခင်မှာ အဲဒီ အာဏာသိမ်းကောင်စီရဲ့ ပြန်ကြားရေးဝန်ကြီးဖြစ်တဲ့ ဗိုလ်မှူးကြီးစောမြင့်က ဦးဆောင်ပြီးတော့ ကမ္ဘာအေး မှာ ကျင်းပတယ်။ စာရေးဆရာ ကဗျာဆရာ တော်တော်များများ လာကြပါတယ်။ တချို့ဆို ၆၃ ငြိမ်းချမ်းရေး ပျတ်တဲ့အချိန်မှာ ရှောင်နေရတဲ့ လူတွေတောင်မှာ အဲဒီကို တက်ပါတယ်။ တက်တဲ့အခါမှာ ထောက်လှမ်းရေးက ဖမ်းတယ်။ ဆရာမြသန်းတင့်ဆို ထောက်လှမ်းရေးက အတင်းဝင်ဖမ်းတယ်။ အဲဒါကို ကဗျာဆရာတွေနဲ့ လူငယ် တွေက တားတယ်။ ဒီ ညီလာခံမှာ မဖမမ်းသင့်ဘူးလို့ တားတဲ့အခါမှာ ဗိုလ်မှူးကြီးစောမြင့်ကိုယ်တိုင် ကျနော် တာဝန်ယူတယ် မဖမ်းပါနဲ့ဆိုပြီး တားခဲ့တယ်။ အဲဒီလိုပဲ ဒီဘက် ဒီမိုကရေစီခေတ်မှာ အစိုးရက ဦးဆောင်ပြီး တော့ လုပ်သင့်တယ်လို့ ကျနော်တင်ပါတယ်။
တင်တော့ ဝန်ကြီး ဦးဖေမြင့်ကိုယ်တိုင်က ဒီအထဲမှာ အစိုးရအ နေနဲ့ရော ကျနော့်အနေနဲ့ရော လုံးဝမပတ်သက်ပါဘူးတဲ့။ မပတ်သက်ဖို့လည်း ကိုမြေမှုန်လွင်တို့ လာဆွေးနွေး တုန်းကလည်း ငြင်းဘူးပါတယ်တဲ့။ ကျနော် မပါဝင်မပတ်သက်ဘဲနဲ့ စာရေးဆရာတွေအားလုံးက လွတ်လပ်တဲ့ စာပေအဖွဲ့အစည်းတွေအားလုံး ပါဝင်ပြီးတော့ ကျင်းပပါဆိုပြီး ခါးခါးသီးသီးပဲ ငြင်းပယ်ခဲ့ပါတယ်။ အဲဒီတော့ ဒီကိစ္စက ဆရာဦးဖေမြင့် မပါတာ သေချာပါတယ်။ ဒါက (၁) အချက်ပေါ့။
နောက်တစ်ချက်က စာပေညီလာခံ ကျင်းပတော့ ဆယ့်တစ်ဖွဲ့ တိုင်းက ကျနော်တို့ တစ်နိုင်ငံလုံးမှာရှိတဲ့ စာရေးဆရာအားလုံးကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ မဟုတ်ပါဘူး။ အဲဒါကို ကောင်းကောင်းနာလည် သဘောပေါက်ဖို့ လိုပါတယ်။ အဲဒီအဖွဲ့အ စည်းတွေ အားလုံးနီးပါးကလည်း အခုချိန်ထိ ပြည်ထဲရေးဌာနမှာ မှတ်ပုံမတင်ရသေးပါဘူး။ ကျနော်တို့လည်း မှတ်ပုံမတင်ရသေးဘူး။ မှတ်ပုံမတင်ရသေးပေမယ့် စာပေအဖွဲ့အစည်းတွေအဖြစ်နဲ့ ဆုံကြပြီးတော့ စာပေညီလာ ခံကို လွတ်လပ်တဲ့စာပေ ၊ လွတ်လပ်တဲ့အသံ ဆိုတဲ့ ဆောင်ပုဒ်နဲ့ ကျင်းပတယ်။ အဲဒီတုန်းကတော့ ဆရာဦးဖေ မြင့်က ပြောပါတယ်။ လိုအပ်တာကို ကျနော်တို့ ပြန်ကြားရေးဝန်ကြီးဌာနက ကူညီပါ့မယ် ပြောပေမယ့် ကျနော် တို့ အလှူခံတဲ့အခါမှာ အလှူခံပုဂ္ဂိုတွေရဲ့ လုပ်အားကောင်းလို့လားမသိဘူး သိန်းပေါင်း ၂၄၀၀ အထိ ရပါတယ်။ အဲဒါက ကျနော်တို့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက အလှူခံပေးတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် ရန်ကုန်တိုင်းအစိုးရအဖွဲ့က တစ်ပြားသားမှ ပါဝင်ပတ်သက်တာမဟုက်ပါဘူး။ ကျနော်တို့ ကျင်းပတဲ့အခါမှာ ငွေ ကလည်းရှိတဲ့အတွက်ကြောင့် တော်တော်လေး ထိုက်သင့်သလောက် ကျင်းပနိုင်ပါတယ်။
ကျင်းပတဲ့အခါမှာ စာတမ်းတွေ တင်ခွင့် အချိန်မပေးနိုင်ပါဘူး။ အားလုံးပေါင်း ဆွေးနွေးပွဲ (၆၀) ကျင်းပပါတယ်။ အဲဒီ (၆၀) ရတဲ့ ဟာကို ကော်မတီကနေ ပြန်ဆုံးဖြတ်ပြီးတော့ (၄၀) ကို ညီလာခံမှာ တက်လာတဲ့ ကိုယ်စားလှယ်တွေအားလုံးက သဘောတူမတူ မဲအနည်းအများ ခွဲကြပါတယ်။ ပြီးရင် ပြန်ကြားရေးဆိုင်ရာပို့မယ်။ ပြည်ထဲရေးဆိုင်ရာပို့မယ်။ အဲဒီကနေ သူတို့ လက်ခံရင်ခံမယ်။ လက်မခံရင် မခံဘူး။ သူတို့ အထက်ကိုတင်ရင်လည်း တင်မယ်။ ညီလာခံမှာ ဆုံးဖြတ်တယ်ဆိုတဲ့ဟာက အတည်မဟုတ်ပါဘူး။
အဲဒီထဲမှာ ဘယ်ကိစ္စပေါ်လာလဲဆိုတော့ ကဗျာဆု တစ်ဆု ပေးရေး နှစ်ဆုပေးရေး။ အဲဒါကို တင်တဲ့အခါကြတော့ အများစုက ကဗျာဆု နှစ်ဆုပေးရေးဆိုတာကို ဆုံးဖြတ်ပါ တယ်။ အဲဒါက အမျိုးသားစာပေဆုကော်မတီက ဆုံးဖြတ်တာမဟုတ်သလို ပြန်ကြားရေးဝန်ကြီးဌာနကလည်း မဆုံးဖြတ်ပါဘူး။ ဝန်ကြီးတစ်ယောက်အနေနဲ့ ဆုံးဖြတ်ပိုင်ခွင့် မရှိပါဘူး။ အဲဒီမှာ ပြောကြတယ်။ ဝန်ကြီးက သဘောတူတယ် မတူဘူးဆိုတာ။ သူပြောချင်ပြောပါလိမ့်မယ်။ ကျနော်တော့ မကြားပါဘူး။ အဲဒီကိစ္စကြီးက အခု သတင်းစာထဲမှာ ပါလာတော့ ဝန်ကြီးက ရှေ့တစ်မျိုး နောက်တစ်မျိုး ပြောသလိုမျိုးတွေ။ တကယ့် အမှန် တရားကြီးက မဟုက်ပါဘူး။
ဘာကြောင့်လဲဆိုတော့ ကဗျာဆုနှစ်ဆုပေးရေးကို အများစုက ထောက်ခံတာမှန်ပါ တယ်။ ကျနော်ပြောချင်တာ ကဗျာဆုနှစ်ဆုပေးရေးကို ဝန်ကြီးဌာနကိုတင်လိုက်တာ ရောက်တယ်မရောက်ဘူး ကျနော်မသိဘူး။ နောက်တစ်ခုက ဘာလဲဆိုတော့ စက္ကူဈေးတွေ တက်နေတဲ့ကိစ္စကို ကုန်သွယ်ရေးဝန်ကြီးဌာန ကို စာတင်ရမယ့် ကိစ္စပါပဲ။ အဲဒီလို ဆုနဲ့မပတ်သက်တဲ့ ပြသနာတွေလည်း အချက် (၄၀) တက်လာပါတယ်။ ဒီ အချက် (၄၀) တက်လာတဲ့ဟာက အစိုးရက လိုက်နာကျင့်သုံးဖို့ဆိုတာ လုံးဝမပါပါဘူး။ ကျနော်တို့ လွတ်လပ်တဲ့ အသံ ၊ လွတ်လပ်တဲ့ စာရေးဆရာတွေအားလုံးက တင်လိုက်တဲ့ ဆုံးဖြတ်ချက်တွေဖြစ်ပါတယ်။ အဲဒါကိုလည်း ကျနော်တို့အားလုံး သဘောပေါက်ဖို့လိုပါတယ်။
အဲဒီတော့ တကယ်ဆုံးဖြတ်ပြီးတော့ ဆုပေးရတာက အမျိုးသား စာပေဆု ရွေးချယ်ရေးကော်မတီက ပေးရတာဖြစ်တဲ့အတွက် ကော်မတီက တရားမျှမျှတတ ကြည့်ပြီးတော့ ပိတ် ထားတဲ့စာအိပ်နဲ့ ရေးလိုက်တဲ့ တစ်ဆုပေးရေး နှစ်ဆုပေးရေးမှာ တစ်ဆုပေးရေးဆိုတာကို ဆုံးဖြတ်လိုက်တာပါ ပဲ။
အတည်ပြုလိုက်တဲ့အခါမှာ တစ်ခုတော့ရှိတယ်။ ကျနော်တို့ အဲဒီတုန်းက သဘောတူညီချက်နဲ့ တစ်ဆုပါမ လား နှစ်ဆုပါမလားဆိုတဲ့နေရာမှာ နှစ်ဆုပေးရေးသမားတွေက နှစ်ဆယ့်သုံးယောက် ရှိပါတယ်။ တစ်ဆုပေးရေး ကို သဘောတူလိုက်လို့ အဲဒီ နှစ်ဆယ့်သုံးယောက်က ထွက်မသွားပါဘူး။
နောက်တစ်ချက်က ကဗျာဆု ကိစ္စပါပဲ။ ကျနော်တို့ကိုယ်တိုင်ကလည်း ကဗျာနှစ်ဆုပေးရေးဆိုတာကို မှန်မလားဆိုတဲ့ သံသယတောင်ဝင်တယ် ။ ကဗျာရဲ့ ခေတ်ပေါ်တိုးတက်မှုက ကျနော်တို့ဆီမှာတင်မဟုက်ဘူး။ ကမ္ဘာကြီးမှားလည်း ပြောင်းလဲလာတယ်။ အဲဒါကြီးက သမိုင်းရေစီးကြောင်းတစ်ခု ဖြစ်လာတယ်။ အဲဒီလို ငြင်းပယ်လို့မရတဲ့ဟာကို မတားကြပါနဲ့။ တားလို့မရပါဘူး။ သမိုင်းတရားခံ ဘယ်သူဖြစ်မလဲဆိုတာက သမိုင်းကို စောင့်ကြည့်လိုက်ပါလို့ ပြောချင်ပါတယ်။

Comments