လင်းငယ် ● ကျယ်ကျယ်ဖော်

လင်းငယ် ● ကျယ်ကျယ်ဖော်
(မိုးမခ) ဇွန် ၂၆၊ ၂၀၁၈

(၁)
အခု အခန်းထဲမှာ တယောက်တည်း။
အခန်းဆိုတာကလည်း အိမ်နဲ့အဝေးကြီးမှာ ရှိတဲ့နေရာ။ အိမ်နဲ့ဝေးတဲ့အပြင် ဘာသာစကားတူလူတွေနဲ့ ဝေးတဲ့နေရာ။ ဘာ သာစကားမတူတဲ့ လူတွေဆိုပေမယ့် သူနဲ့ ကိုယ်နဲ့ အဆက်အသွယ်လုပ်လို့ရတဲ့ ဘာသာစကားတော့လည်း တတ်ပါရဲ့။ ကိုယ့်အမေဆီက တတ်တဲ့စကားမဟုတ်တော့ ရင်ဘတ်ထဲက စကားလုံးတွေ၊ ဒဏ်ရာတွေ၊ အမှတ်တရတွေကို ခံစားဖွဲ့သီဖို့ အတွက် အားမရ။ အားရပြန်ရင်လည်း နားလည်သူက ကိုယ်နှယ်တူ ဖြစ်ဖို့မလွယ်။ နားမလည်ရင်တောင် နားထောင်ပေးဖို့ လူရှိမယ်မထင်။ အားလုံးက ရုန်းကန်လှုပ်ရှား၊ ကြိုးစားနေကြရတဲ့ အဝိုင်းအဝန်း။ ငွေပေးပြီး နာထောင်မယ့်လူရှာရင်တောင် ရင်ဘတ်အစစ်တော့ ပါလာမယ်မထင်။

ကိုယ့်အနားမှာ နေနေကြတဲ့ မြန်မာပြည်က လူအုပ်စုတော့ ရှိသား။ သူတို့ဆီသွားရင်လည်း ဘာလုပ်နေကြလဲ အဆင်ပြေကြ လား။ အင်းဟုတ်တယ်။ ဒီလောက်ပဲ ပြောလို့ရတယ်။ မြသန်းတင့်အကြောင်း၊ ကိုတာအကြောင်း၊ စံပယ်ဖြူနုအကြောင်း၊ ကျော်ဝင်းအကြောင်းနဲ့ သူတို့စာအုပ်တွေအကြောင်း ကျနော် ဘယ်လိုပြောမလဲ။ အို ... ငါ အိမ်လွမ်းနာ ကျနေတာများလား။

(၂)
မဆီမဆိုင် အဖိုးကြီးနှစ်ယောက်ကို သတိရမိတယ်။ နယ်မြို့လေးမှာ နေခဲ့စဉ်က ကိုယ့်အိမ်ခေါင်းရင်းမှာ နေကြတဲ့အဖိုးကြီး နှစ်ယောက်။ တယောက်က စစ်သားအိုကြီး၊ နောက်တယောက်က ဝန်ထမ်းဘဝက အငြိမ်းစားဟောင်းတယောက် ဖြစ်မယ်။ သိပ်တော့မသေချာ။ မှတ်မိနေတာ အကောင်းတော့မဟုတ်။ အဖိုးကြီးနှစ်ယောက်က စကားတွေ အားရပါးရ ပြောတတ်ကြ တယ်။ မနက်ဆိုလည်း အစောကြီးထပြီး ပြောကြတယ်။ နေ့ခင်းဆိုလည်း ပြောနေကြတာပဲ။ သူတို့ ဘာတွေပြော လည်း သေချာ အာရုံစိုက်နားမထောင်ဖြစ်ခဲ့ဖူး။ အဖြစ်အပျက်အဟောင်းတွေပဲ ဖြစ်မှာပါ။ မှတ်မှတ်ရရ သားလေးမွေးပြီးခါစက အဖြစ်အပျက်တခု။ သားလေးကို နို့တိုက်ပြီး သိပ်ထားချိန်ဆို အဖိုးကြီးနှစ်ယောက်ရဲ့အသံနဲ့ ခဏခဏ လန့်လန့်နိုးတယ်။ သားအမေက အဖိုးကြီးနှစ်ယောက်ကို ခဏခဏ မကျေမနပ်ဖြစ်ရတယ်။ ကလေးနိုးတော့ သူပင်ပန်းတာကိုး။ ကိုယ်လည်း အတူတူရယ်။ စကားတွေ ပြောလည်း ပြောနိုင်လွန်းကြတဲ့ အဖိုးကြီးနှစ်ယောက်။

တရက်မှာတော့ အဖိုးကြီးတယောက်က ဆုံးပါးသွားတယ်။ မကြာပါဘူး။ ကျန်တဲ့အဖိုးကြီးလည်း အိပ်ယာထဲလဲတော့တာပဲ။ အိမ်ဘေးနားဝန်းကျင်မှာလည်း တိတ်ဆိတ်သွားတယ်။ ဒီလိုကျတော့လည်း ဟာတာတာ။ ဘဝမှာ အလုပ်တွေ အများကြီး လုပ်ခဲ့ပြီးပြီ။ အသက်တွေကြီးလာပြီ။ စကားပြောတာ လုပ်ဖို့ပဲ တတ်နိုင်တော့တယ်။ အခု စကားပြောဖော် မရှိတော့ဘူးဆိုတော့ သေတာပဲ ကောင်းပါတယ်။ ဒီလိုများ ကျန်ခဲ့တဲ့ အဖိုးကြီးတယောက် တွေးနေမလား။

(၃)
လူတွေ အဖော်မရှိရင် ဘာလုပ်ကြလဲ။ အတွေးတွေ တွေးကြမှာပေါ့။ ဘာတွေတွေးကြလဲ။ ကောင်းတာများလား မကောင်းတာ များလား။ အခုခေတ်ကတော့ ကမ္ဘာကြီးမှာ နည်းပညာဆိုတာကြီးက လူတွေကို ဆက်သွယ်ထားပေးတယ်။ အတွေးတွေကို နည်းပညာနဲ့ မျှဝေကြတယ်။ ကိုယ်လည်း ပျင်းတာနဲ့ လူမှုကွန်ယက် ဆိုတာကြီးကိုပဲ (ကိုယ့်နိုင်ငံကလူတွေလို) ကြည့်မိတာပဲ။ သူများတွေ ပြောတာတွေ (ရေးထားတာတွေ) လိုက်ဖတ်ကြည့်တာပဲ။ ကြုံရင် စိတ်ပါရင် ဝင်ရေးတာပဲ။ မဆိုးဘူးပဲ နည်းနည်း တော့ လူတွေနဲ့ ဆက်သွယ်နေမိသား။ စကားပြောလို့တော့ ရသား။ အပျင်းတော့ပြေသား။ ဇူကာဘတ်ကို ပြေးပြီးတောင် ဦးချချင်စိတ်ပေါ်လာတယ်။ ဒီလိုနဲ့ မသုံးရ မနေနိုင် ဖြစ်လာတယ်။ မနက်အိပ်ယာထနိုးနိုးချင်း ဘယ်သူ ဘာတွေ ရေးတင်ထား မလဲ ဖွင့်ကြည့်ရတယ်။ အလုပ်လုပ်နေရင်း ခဏလေး ကြည့်လိုက်ပါဦးမယ်။ ထမင်းစားရင်းလည်း ပျင်းတာ တယောက်တည်း စားရတာ။ ခဏကြည့်ရင်းစားမယ်။

ကြည့်ရင်း ကြည့်ရင်း ... ကြည့်မြဲ ... ကြည့်မြဲ။

သူများတွေရေးထားတာမှာ လူတွေအများကြီး မှတ်ချက်တွေပေးကြ၊ ရေးကြနဲ့ အားရစရာကြီး။ ကိုယ်ရေးလိုက်တဲ့ စာတိုလေး တွေအောက်မှာတော့ ဘယ်သူကမှ အရေးတယူလာမပြောကြ။ ရင်းနှီးတဲ့ မိတ်ဆွေတချို့ကလွဲရင်ပါ့။ သူတို့ကလည်း ကိုယ့် ဘဝ ဘာဖြစ်နေတာ သိချင်မှ သိမှာ။ ကိုယ်ကတော့ ရင်ထဲက မကျေနပ်တာကို ဖွင့်ဟလိုက်တယ်။ ရယ်သွားတဲ့လူနဲ့ ပြောင် တောင်တောင် လုပ်သွားတဲ့သူနဲ့။ ငါ့ကျတော့ ဘယ်သူမှ အဖတ်မလုပ်ပါလား ပိုပြီးခံစားလာရတယ်။ ဒါပေမယ့် တော်ပါသေး တယ်။ အိမ်က မိသားစုနဲ့ အဝေးက သူငယ်ချင်းတွေနဲ့ လိုအပ်ရင် ဆက်သွယ်လို့ရနေသေးတော့ မသုံးလို့လဲ မဖြစ်ပြန်ဘူး။ သိတော်မူတဲ့အတိုင်း မြန်မာပြည်က အစိုးရလူကြီးမင်းများ၊ သတင်းဌာနများကလည်း ဒီပလက်ဖောင်းကြီးကို အားပါတရကြီး သုံးနေကြပြန်တော့ စွန့်ရခက်တယ်။ လုပ်ငန်းသဘောအရလည်း လိုနေပြန်ရော။

(၄)
အရင်က သူငယ်ချင်းတွေနဲ့ လဖက်ရည်ဆိုင်ထိုင်ကြတယ်။ ထွေရာလေးပါးပြောကြတယ်။ အကျိုးရှိတဲ့ စကားတွေတော့ ဟုတ်ချင်မှဟုတ်မှာ။ ဒါပေမယ့် ဖွဘုတ်ထက်တော့ အန္တရာယ်ကင်းတယ်။ သူငယ်ချင်း လေဥကို ရိသဲ့သဲ့ လုပ်နိုင်တယ်။ ဝေယံဆိုတဲ့ကောင်ကို ခပ်မာမာ ပြောပစ်လိုက်လို့ရတယ်။ ကောက်ကောက်အကြောင်းကို အပစ်ကင်းစွာ ဟာသလုပ်နိုင် တယ်။

ဒီတပတ်အားလပ်ရက်မှာတော့ ကိုယ့်ကိုယ်ကို ဖိအားပေးပြီး ငယ်သူငယ်ချင်းဆီ ပြန်သွားခိုင်းရတယ်။ မဖတ်ဖြစ်တာ ကြာပြီ ဖြစ်တဲ့စာအုပ်တွေဆီ။ ငယ်သူချင်းဆီက စကားဟောင်းတွေ ပြန်ပြောင်းကြားရသလိုမျိုး စာအုပ်ထဲမှာ ကိုယ်နဲ့ ဘဝတူ တယောက်တွေ့ပါလေရော။ သူကတော့ ပျင်းရင် စာရေးပြီး စကားပြောသတဲ့။ သူကလည်း တယောက်တည်း စကားပြောဖော် မရှိသော သူ့ရဲ့ အဝေးက မိတ်ဆွေထံ စာရေးတယ်။ ပြီးတော့ ဝါသနာတူ မိတ်ဆွေတွေကို တကူးတက ဖိတ်ပြီး စကားပြောဖို့ တိုက်တွန်းသတဲ့။ သူကိုယ်တိုင်လည်း စိတ်တူကိုယ်တူ မိတ်ဆွေတွေကို အခါအားလျော် ဖိတ်ပြီး စကားပြောရသတဲ့။ စကား ပြောဖော်အတွက် ဖန်တီးအားထုတ်ရခြင်း။

“တခါတရံမှာ ကျွန်တော့်အနေနဲ့ သူငယ်မလေးတယောက် သူ့အရုပ်ကလေးနဲ့ စကားပြောပုံမျိုး ပြောရပါတယ်။ သူငယ်မလေး အနေနဲ့ သူပြောတဲ့စကားဟာ အရုပ်ကလေး နားမလည်ဘူးလို့ သိပါတယ်။ သို့သော်ငြား တယောက်ယောက်နဲ့ စကားစမြည် ပြောခြင်းက ရအပ်တဲ့ ပျော်ရွှင်မှုကို အရုပ်ကလေးနဲ့ ဖန်တီးတာပါပဲ” (ရှိုပင်ဟွာ)

ကိုယ့်မှာရော။ သူငယ်ချင်းတွေက အသက်ကြီးလေလေ တာဝန်တွေ၊ ရာထူးတွေနဲ့ အဝေးမှာ။ အနီးမှာ ရှိသူကျပြန်တော့လည်း တလမှာ တခါတောင် မတွေ့ဖြစ်ကြ။ မတွေ့ဖြစ်ကြတဲ့ အတူတူ အဝေးရောက်နေတာကပဲ လွမ်းလို့ ကောင်းသား။

တချို့တွေကတော့ အိမ်သူသက်ထားကို ပုဏ္ဏားတိုင် ပြောကြသတဲ့။ ကျနော်လည်း ပြောပါတယ်။ အကြောင်းအရာများက တိုးတိုးတိတ်တိတ် စကားတွေပိုဆန်ပေလိမ့်မယ်။ မိသားစုအရေး၊ ဆွေအရေး မျိုးအရေး၊ ငွေရေးကြေးရေးက များပေလိမ့်။ တကိုယ်ရည်စာ ထွေးနွေးအေးမြတဲ့ စကားတွေအတွက်လည်း သူက ကျနော့်အတွက် မရှိမဖြစ် တိုးတိုးဖော်။ သို့ပေငြား အသစ်ထွက်တဲ့ စာအုပ်တွေအကြောင်း၊ အက်ဆေးတွေရေးတဲ့ ဆရာမလေးအကြောင်း၊ စာအုပ်တွေနဲ့ လုပ်စားတဲ့ ဟိုလူကြီး အကြောင်းတို့ကြ ခဏခဏ ပြောရခက်တယ်။ သို့မဟုတ် တိမ်တောင်သဖွယ် ရွေးကောက်ပွဲအကြောင်းတို့၊ ပြန့်ကားလာတဲ့ လူ့အခွင့်အရေးနဲ့ ဂျန်ဒါတို့၊ လူကြိုက်များလာတဲ့ ဝါဒီသွေးဆာမှုတို့အတွက် ငြင်းခုံဖို့အတွက်ကျပြန်တော့ ကျယ်ကျယ်ဖော်တွေ လိုပြန်ရော။

အင်း စာအုပ်တွေဟာ ကိုယ့်ရဲ့ ကျယ်ကျယ်ဖော် တမျိုးဖြစ်မယ် ထင်ပါရဲ့။ ငယ်သူငယ်ချင်းဟောင်း စာအုပ်တွေဆီက စကား သံတွေ အားပါးတရ နားထောင်ခွင့်ရသလို ကိုယ်ပြောတာကို နားထောင်မယ့် နောက်ထပ် ကျယ်ကျယ်ဖော်တယောက် ရှိနေခဲ့သေးတာကိုလည်း အခုမှ သတိပြုမိတယ်။ သူကလည်း အခုတလော သိပ်မကျန်းမာဘူး။ နည်းနည်းချူချာတော့ ပြုစု ဂရုစိုက်နေရတယ်။ မကြာမကြာ shut down ဖြစ်ဖြစ်သွားတာကိုး။ ဟိုတလောကပဲ ဆေးခန်းသွားပြလာရသေးတယ်။ အင်း သူသာမရှိရင် အခုဒီစာလည်း ဖြစ်လာမှာမဟုတ်။ ရင်ထဲ စကားတင်းကြပ်မှုလည်း ပြေလျော့မည်မထင်။ ပြန်မပြောတတ်ပေမယ့် ကောင်းကောင်းနားထောင်ပေးလေရဲ့။ မှတ်တမ်းတင်ပေးလေရဲ့။ သူဟာ ကျနော့်အတွက်တော့ ရှိုပင်ဟွာပြောတဲ့ သူငယ်မ လေးရဲ့ အရုပ်မလေးပဲ။ သူလား။ လက်ဆယ်ချောင်းနဲ့ စာစီရတဲ့ကွန်ပြူတာလေး တလုံးရယ်ပေါ့ဗျာ။ အခု သူ့ကိုသုံးပြီး ကျနော့ရင်ထဲက စကားတွေကို ပို့လွှတ်လိုက်တာပဲ။ ပျံချင်ရာ ပျံကြစေတော့။ နားထောင်အပ်သူ နားထောင်ပေရော့။ ကျနော့် ညကတော့ ပေါ့ပေါ့ပါးပါးနဲ့ အိပ်စက်လို့ ရသွားတာပေါ့ဗျာ။

စာကိုး။   ။ ကိုတာ - သူငယ်ချင်းများနဲ့ စကားစမြည်ပြောခြင်း (ကိုတာ၏ ခြစ်ရာများ)
စာပြီး။ မနက် ၁း ၀၀ နာရီ၊ ၂၇ ဇူလိုင် ၂၀၁၈, BKK.

Comments