သာထက်အောင် ● ဇာတ်ခုံပေါ်က"ငိုချင်း" နဲ့ ဇာတ်ခုံအောက်က"ငိုခြင်း"

သာထက်အောင် ● ဇာတ်ခုံပေါ်က"ငိုချင်း" နဲ့ ဇာတ်ခုံအောက်က"ငိုခြင်း"
(မိုးမခ) ဇွန် ၂၈၊ ၂ဝ၁၈

(ဓါတ်ပုံလေးတွေကြည့်ပြီး စိတ်ကအတိတ်မှာ တရစ်ဝဲဝဲ။ ကြာခဲ့ပြီပဲ ..၊ ကြာဆိုနှစ်ပေါင်း ၃ဝ နီးပါးရှိခဲ့ပြီ။ ရန်ကုန်မှာနေတဲ့ ကျွန်တော့်အကိုက ကြာခင်အိမ်ပြောင်းတော့မှာမို့ ပစ္စည်းတွေ သိမ်းရင်း ထုပ်ပိုးရင်း ကျွန်တော်နဲ့ပတ်သက်တဲ့ ဓါတ်ပုံလေးတွေ တွေ့လို့ viber နဲ့ လှမ်းပို့ပေးပါတယ်။ တပုံက NLD အဖွဲ့ဝင်ကဒ်ပြားပုံ၊ တပုံက ဒေါ်စု ၄၅ နှစ်မြောက်မွေးနေ့မှာ ကျွန်တော်တို့ မင်္ဂလာတောင်ညွှန့် (ဖို့မြေ) ရုံးကထုတ်တဲ့ပို့စကဒ်ပုံ၊ ဆရာတင်မိုးကဗျာလေးနဲ့၊ ပန်းချီကိုမျိုးမြင့်ဆီက အလှူခံလာတဲ့ ဒေါ်စု ခမောက်    ဆောင်းထားတဲ့ပုံလေးနဲ့၊ ပြီးတော့ ကျွန်တော့်မွေးနေ့ဆုတောင်းလေးနဲ့။ လွမ်းလို့ကောင်းနေတုန်း နောက်တပုံ တွေ့လိုက်တော့ အလွမ်းက ပိုသည်းလာပြန်ပါတယ်။ ဆရာမောင်သော်ကရယ်၊ ပန်တျာကြည်လင်ရယ်၊ ကျွန်တော်ရယ် မုံရွာ NLD ရုံးအပေါ်ထပ်မှာ စကားဝိုင်းဖွဲ့နေတဲ့ပုံ။

သြော်... ခေတ်တွေစနစ်တွေပြောင်း ... အဟောင်းပုံအကြောင်းစုံဇာတ်လမ်း၊ သေသူသေ ကြေသူကြေ ပျောက်သူပျောက် ဖေါက်သူဖေါက်  ကြောက်သူကြောက်၊ ဒီမိုကရေစီခရီးတထောက်မှာ ကျွန်တ်ေတို့ချစ်တဲ့ ဆရာမောင်သော်က ကျဆုံးသွားတာ ဒီနှစ်ဇွန်လ ၁၁ ရက်နေ့မှာ၂၇ နှစ်တင်းတင်းပြည့်ခဲ့ပါပကော။

ဆရာမောင်သော်ကရယ် ပန်တျာကြည်လင်ရယ် ကျွန်တော်ရယ် မုံရွာNLD ရုံးပေါ်မှာ မြန်မာ့ဇာတ်သဘင်အကြောင်းစကားဝိုင်းဖွဲ့ခဲ့တာ ၈၈ အရေးအခင်းအပြီး စစ်ကိုင်းတိုင်းစည်းရုံးရေးခရီးစဉ်အတွင်းမှာပါ။ တနေ့ ကျွန်တော်တို့အဖွဲ့ ချင်းတွင်းမြစ် ကိုဖြတ်ပြီး အနောက်ဖက်ကမ်းက ဆားလင်းကြီး၊ ဆားထုံး၊ ယင်းမာပင် ပုလဲဘက်ထွက်ခဲ့ပါတယ်။ ယင်းမာပင်မြို့ရဲ့ ရုံးကြီးတရုံးရှေ့ကွင်းပြင်ပေါ်မှာ မိုးဗြဲဒယ်ကြီးမွှေနေတဲ့လူတယောက်ကို အဖွဲ့ဝင်တယောက်က လက်ညှိုးထိုးပြီး ဟိုမှာ ပန်တျာ ကြည်လင် မုန့်ဟင်းခါးချက်နေတယ်ဆိုတော့ ကျွန်တော်တို့အံ့သြသွားတယ်။ ဘယ်လိုဖြစ်တာလည်း စပ်စုကြည့်တော့ သူတို့ လည်း ရေရေရာရာ မသိ။ အရေးအခင်းပြီးကတည်းက ယင်းမာပင်မှာ သောင်တင်နေပြီး မုန့်ဟင်းခါးချက်ရောင်းနေတယ်ဆိုတာပဲ သိကြတယ်။ ကျွန်တော်နဲ့ ပန်တျာကြည်လင်သိတယ်။ ဝင်စုံစမ်းကြည့်ဖို့ကောင်းတယ်ဆိုတော့ ဆရာမောင်သော်က ကလည်း သဘောတူတယ်။ အပြန်ဝင်တွေ့မယ်ဆိုပြီး ခရီးဆက်ကြတယ်။ ပုလဲကအပြန်မှာ ဝင်တွေ့တော့ သူ သိပ်ဝမ်းသာ သွားတယ်။ နယ်ပေါင်းစုံ လူပေါင်းစုံနဲ့ ဆက်ဆံရသူဆိုတော့ သူကျွန်တော့်ကို ရုတ်တရက် မမှတ်မိဘူး။ ဆင်ဖြူကျွန်းကို ခင်ဗျားရောက်ဖူးတယ်မဟုတ်လားဆိုတော့မှ သူ့နဖူးသူရိုက်ပြီး သိပြီ သိပြီ ဖြစ်တော့တာ။


၁၉၇၄ - ၇၅ လောက်က ထင်ပါရဲ့။ ယခု LA မှာနေတဲ့ သူငယ်ချင်းခင်မောင်အေးက ကျွန်တော်နဲ့ ဆိပ်ဖြူမြို့နယ်ထဲက တွဲ ဖက်အထက်တန်းကျောင်းတခုမှာ ကျောင်းဆရာ အတူလုပ်ခဲ့ဖူးပါတယ်။ (၂) နှစ်လောက်လုပ်ပြီး သူက ဇာတိချောက်မှာ (ထွန်းသစ် နည်းပြသင်တန်း) ဆိုပြီး ကျူရှင်ဖွင့်၊ ကျွန်တော်က ဆင်ဖြူကျွန်းပြန်၊ သူ့ကျူရှင်က မြန်မာစာပြဆရာနဲ့ ဘယ်လို အဆင်မပြေဖြစ်ကြသလဲမသိ၊ ထွက်သွားတော့ မြန်မာစာပြဖို့ ဆရာလိုနေတာနဲ့ ကျွန်တော့်ကို လာချောဆွဲပါတော့တယ်။ မနက် ဆင်ဖြူကျွန်းကနေ နေ့ခင်း (၁) နာရီလောက် ချောက်ရောက် ညနေတချိန် (၂) နာရီလောက်စာသင်၊ နောက်နေ့မနက် တချိန် ထပ်သင်၊ ညနေ မော်တော်နဲ့ ဆင်ဖြူကျွန်းကိုပြန် တပတ်တခါ။


အဲလိုနဲ့ တနေ့ ချောက်က ဆင်ဖြူကျွန်းအပြန် မော်တော်ပေါ်မှာ လူတယောက်နဲ့ ဘေးချင်းကပ်ထိုင်မိပါတယ်။ သူက ဆင်ဖြူ ကျွန်းရောက်ဖို့ ဘယ်လောက်လိုသေးသလဲ၊ ဘယ်ဆိပ်ကမ်းတွေရပ်သလဲမေးတော့ ဒေသခံဖြစ်တဲ့ ကျွန်တော်က စလေမှာ ရပ်မယ်၊ ပြီးရင် ပုခန်းငယ်၊ ပြီးရင် ဆင်ဖြူကျွန်းရောက်ပြီ။ အရင်ကရောက်ဖူးလားမေးတော့ ရောက်ဖူးတယ်၊ မေ့တေ့တေ့ ဖြစ်နေပြီတဲ့။ လူပုံက အရပ်ခပ်ပျပ်ပျပ် ခပ်နွဲ့နွဲ့၊ သူ့ဆံပင်ယောင်ကို ပုဝါလေးနဲ့ပေါင်းလို့ အသံကဇာတ်သမားအသံမျိုး၊ ကွဲရှရှ ကျွန်တော်ရိပ်မိပြီ၊ ဇာတ်မင်းသားတယောက်ယောက်ဖြစ်မှာပဲဆိုပြီး သူ့ကို တချက်ကြည့်လိုက်တော့ သူ့ရဲ့သာမန်ထက်နည်းနည်းပိုကြီးတဲ့နှာခေါင်းကို သတိထားမိပြီး ခင်ဗျားပန်တျာကြည်လင်မဟုတ်လားဆိုတော့ ဟုတ်ပါတယ်တဲ့။ ဆင်ဖြူကျွန်းကိုဇာတ်ကဖို့လာတာတဲ့။ သူ့အဖွဲ့က မနက်ဖြန်မှလိုက်လာမှာ သူက ကြိုတင်စီစဉ်ရအောင် တရက်ကြိုထွက်လာတာတဲ့။

အဲသလိုနဲ့ နှစ်ယောက်သား ဇာတ်မင်းသားနဲ့ ကျောင်းဆရာ လေမိလာလိုက်ကြတာ ဆင်ဖြူကျွန်းဆိပ်ကမ်းရောက်တာ တောင် လေကမပြတ်ချင်ဘူး။ သူကလည်း ပွဲကြည့်ဖို့လာဖြစ်အောင် လာပါဆိုလို့ တညပက်လက်ကုလားထိုင်တလုံးနဲ့ မိုး အလင်းကြည့်ဖြစ်ခဲ့ပါသေးတယ်။ ကျွန်တော်ကလည်း သူပွဲနားတဲ့တရက် အိမ်ခေါ်ထမင်းကျွေး အရက်တိုက်လိုက်ပါသေး တယ်။ ကျွန်တော်နဲ့ ပန်တျာကြည်လင်တို့ရဲ့တွေ့ဆုံရင်းနှီးမှုက ဒါလောက်ပါပဲ။ အခု နှစ်ပေါင်းများစွာကြာမှ ယင်းမာပင်မှာ မုန့်ဟင်းခါးရောင်းနေတယ်ကြားရတော့ စိတ်လည်းမကောင်းဘူး။ တွေ့လည်း တွေ့ချင်တယ်။ တွေ့လည်း တွေ့ရော ....

"အဖြစ်ကတော့ ပြောမပြောချင်ပါဘူးဆရာတို့ရယ်... ကျွန်တော်တို့အဖွဲ့ ဒီနားတဝိုက် လှည့်ကနေတုန်း ဗြုန်းဆို အရေးအ ခင်းကြီးဖြစ်တော့ လမ်းပန်းအဆက်အသွယ်တွေပြတ်၊ မြို့တိုင်းလိုလို ဆန္ဒတွေပြကြ၊ ညမထွက်ရ အမိန့်တွေ ဘာတွေက လည်းရှိတော့ ကျွန်တော်တို့အဖွဲ့ကြီး ဒီမှာပိတ်မိနေရော။ ကိုယ့်ရပ်ကိုယ့်ရွာနဲ့နီးတဲ့အဖွဲ့သားတချို့ကတော့ ဖြစ်သလိုပြန် ကြပေမယ့် ရပ်ဝေးကအဖွဲ့သားတွေ သားထောက်သမီးခံမရှိတဲ့သူတွေ၊ ဘယ်ပြန်လို့ ပြန်ရမှန်းမသိတဲ့သူတွေ ဒီတပြုံတမ ကြီးကို တင်ကျွေးထားဖို့ကလည်း ရေရှည်မှာမလွယ်ပြန်ဘူး။ မြို့လူထုအကူအညီနဲ့ ဒီယင်းမာပင်မှာပဲ ခိုကပ်နေပြီး ဖြစ် သလိုနေ ဖြစ်သလိုစားပေါ့။ ကြာတော့ ရှိတာလေးတွေလည်းပြောင်ပြီလေ။ ဒီဇာတ်အဖွဲ့မှာ ကျွန်တော်က ဇာတ်ဆရာ  အဖွဲ့ခေါင်းဆောင်၊ ဒီတော့ ကျွန်တော် တခုခုဆုံးဖြတ်မှဖြစ်မယ်၊ အဖွဲ့သားတွေစားဖို့ မငတ်ဖို့ ကျွန်တော့်မှာတာဝန်ရှိတယ်ခံယူပြီး တတ်သည့်ပညာမနေသာပေါ့ဆရာရယ်။ ခုလို မုန့်ဟင်းခါးသည်ဘဝရောက်ရတာပါ။ မြို့လူထုကလည်း ကျွန်တော်တို့ အဖြစ်ကိုသိလို့ စာနာစွာနဲ့ အားပေးကြပါတယ်"

"ဒါပေါ့ .. ကိုကြည်လင်ရယ် ..ခေါင်းဆောင်ဆိုတာ ဒီလိုမှပေါ့။ အခက်အခဲတစုံတရာကြုံလာရင် ကိုယ်ကဦးဆောင်ပြီး ဖြေ ရှင်းရမယ်၊ အနစ်နာခံစရာရှိ ကိုယ်က ထိပ်ဆုံးကခံရမယ်၊ ပိုအပင်ပမ်းခံရမယ် တဖွဲ့လုံးရဲ့တာဝန် ငါ့ပုခုံးပေါ်မှာရှိတယ်လို့ ခံယူနိုင်ရင် ဒါခေါင်းဆောင်ကောင်းပဲ။ လေးစားပါတယ် ကိုကြည်လင်"

ဆရာမောင်သော်ကက ချီးကျူးအားပေးစကားပြောရင်း လမ်းစရိတ်ထုတ်ပေးပြီး မနက်ဖန်မုံရွာကို ဆက်ဆက်လာခဲ့ဖို့ မှာ ကြားပြီး ကျွန်တော်တို့ မုံရွာကိုပြန်ခဲ့ကြပါတယ်။

နောက်နေ့ မွန်းမတိမ်းမီပါပဲ။ မုံရွာ NLD ရုံးကို သူရောက်လာပါတယ်။ အဖွဲ့ဝင်အချို့နဲ့ ကျွန်တော်တို့ပဲဆိုတော့ စကာှးိုင်းကနေ လေးလေးနက်နက် သိပ်သပ်သည်းသည်း ရှိပါတယ်။ ကနေ့ မြန်မာ့ဇာတ်သဘင်အခြေအနေ၊ အနာဂတ်ဇာတ်သဘင်အလား အလာ၊ ကုန်ဈေးနှုန်း၊ ပွဲကူးစရိတ်၊ ပွဲခွန်တွေနဲ့ မြန်မာ့ဇာတ်သဘင် ဆုတ်ယုတ်ခြင်း ဆိုင် မဆိုင်၊ အထူးသဖြင့် မြန်မာ့ဇတ်သ ဘသင်မှာ ငိုချင်းအနုပညာရဲ့ထူးခြားချက် တော်တော်များများ ဆွေးနွေးဖြစ်ကြပါတယ်။ (အဲ့ဒီအသံသွင်းခွေရှာမတွေ့တော့လို့ မတင်ပြနိုင်တာခွင့်လွှတ်ပါ) ကျွန်တော် ပန်တျာကြည်လင်ဇာတ် နှစ်ခါလောက် မိုးလင်းကြည့်ဖူးပါတယ်။ သူရဲ့ကျော်ကြား လှတဲ့ မြစိမ်းရှင်သိုက်သမိုင်းနောပိုင်းဇာတ်ကြီးဆိုရင် ကြိုက်လွန်းလို့ စိတ်ကြိုက်မြန်မာစာယူတဲ့တပည့်တွေကို ရသစာပေ အကြောင်း သင်ရင်း မကြာ မကြာ ကိုးကားခဲ့ဖူးပါတယ်။ ဒါကြောင့် ကိုကြည်လင် အဆို အငို အပြော ဘယ်လောက်တော် တယ်ဆိုတာ ကနဦးကတည်းက သိပြီးသားပါ။ ဒါပေမယ့် အခုလို ဆိုင်းမပါ အတီးဗလာနဲ့ ငိုချင်းကို ဟောဒါက အပြောငို ဟောဒါက အပူငို ဟောဒါက အဖြည့်ငိုဆိုပြီး ငိုချင်း အမျိုးမျိုးကို ဟန်အမျိုးမျိုးနဲ့ဆိုပြသွားတာ ကြားရသူ ကြက်သီးမွှေးညှင်း ထခမန်းပါပဲ။ ဆိုလို့ ငိုလို့ မောတော့ ပေါ့ပေါ့ပါးပါးလေးတွေပြောရင်း တခွက်တဖလား ချကြပါသေးတယ်။ အဲဒလို စားရင်း သောက်ရင်း ကိုကြည်လင်က သူ့သဘင်ဘဝသံဝေဂတခုကို ညည်းပြော ပြောပြပါသေးတယ်။

"ကျွန်တော် ပန်တျာကျောင်းကဆင်းလာစ ကျွန်တော့်မွေးစားအမေဆိုပါတော့ ဓါတ်ပြားတိုက်တခုက နှစ်ပါးသွားသီချင်းတ ပုဒ်ဓါတ်ပြားသွင်းပေးတယ်။ ဆရာတို့လည်း ကြားဖူးမယ်ထင်ပါတယ်။ ခုနှစ်သံချီမြိုင်ထလေး  ..."လေးပျိုနှမ အကိုက ချီမယ် ..ညိုမြမဒီရယ်  .. အကိုကချီမယ် .တီတီတာတာ စကားတွေမကြွယ်လိုက်ပါနဲ့..."

ထားပါတော့။ အဲဒီမြိုင်ထနှစ်ပါးသွားသီချင်းက တတိုင်းပြည်လုံး ပျံ့သွားတယ်။ ခုခေတ်စကားနဲ့ပြောရရင် အရမ်းပေါက်သွား တယ်ဆိုပါတော့။ အသက်ကငယ်ငယ် ပညာကနုနု စန်းလေးကထတော့ ဟိုက ပန်တျာကြည်လင် ဒီကပန်တျာကြည်လင်နဲ့ ၊ ဟောအခုလို သဘင်သက်ရလာလို့ ပညာ သမ္ဘာ ဝါပြည့်လာတဲ့အခါကျ ဟိုတုန်းကလို လျှမ်းလျှမ်းမတောက်တော့ဘူး။

"ဝမ်းမနည်းပါနဲ့ ကိုကြည်လင်။ ဒါအနုပညာသမားအတော်များများကြုံရတတ်တဲ့လောကဓံပါ" ဟိုတုန်းက ဟုန်းဟုန်းတောက် ကျော်ကြားတာက ဇာတ်မင်းသားလေး ပန်တျာကြည်လင်၊ အခုတွေ့နေရတာက သဘင်ပညာရှင် ဦးပန်တျာကြည်လင် ကနေ့မြန်မာ့ဇာတ်သဘင်သမိုင်းရေးကြပြောကြမယ်ဆိုရင် ပန်တျာကြည်လင်ကို ချန်ထားလို့ရမလား။ အဲဒါကမှ တန်ဖိုးအစစ် ပါ။ ငွေတို့ကျော်ကြားမှုတို့ဆိုတာ စန်းလေးတိုက်ဆိုင်မှုလေးကြုံရင် ရတတ်တာမျိုးပါ။

ပွဲသိမ်းလို့ နာရီကြည့်လိုက်တော့ အတော်တောင်မိုးချုပ်နေပြီပဲ။ သူက ဟိုဘက်ကမ်းပြန်ရမှာလှေခါးပေါ်က တထစ်ချင်းဆင်း သွားတဲ့ ကိုကြည်လင် ကျောပြင်ကိုကြည့်ရင်း သက်ပြင်းရှည်ကြီးချမိပါတယ်။ သဘင်ပညာကို မွှေနှောက်ခြောက်ခြားနိုင်တဲ့ ဇာတ်ခုံပေါ်ကနေ ပွဲကြည့်ပရိသတ်ရဲ့အသည်းနှလုံးကိုငိုချင်းများနဲ့ ဖမ်းစားနိုင်တဲ့သဘင့်ကဝေကြီး ဘဝတထောင့်တနေရာမှာ လောကဓံနဲ့ကြုံပြီး ဇာတ်ခုံအောက်ကငိုခြင်းများနဲ့ ဆုံတွေ့နေရပါပကော။ ဇာတ်ခုံပေါ်က ငိုချင်းကနားထောင်ကောင်းသ လောက် ဇာတ်ခုံအောက်က သန်းပေါင်းများစွာသောပြည်သူတွေရဲ့ငိုခြင်းကိုတော့ မကြားမတွေ့မမြင်ပါရစေနဲ့လို့ ကျွန်တော် တယောက်တည်း ဆုတောင်းနေမိထင်ပါရဲ့ ။  ။

သာထက်အောင်  
၂၇၊ ၆၊ ၂ဝ၁၈
0