နေချိုသွေး - နိုင်ငံဟာ နစ်နေတဲ့ ကန္တာရလိုကဗျာ

KT#
 နိုင်ငံဟာ နစ်နေတဲ့ ကန္တာရလိုကဗျာ
နေချိုသွေး
(မိုးမခ) မေ ၁၀၊ ၂၀၁၈

ချောက်ကမ်းပါးအောက်ပစ်ချခံထားရတဲ့နှစ်များစွာမှာ
လူကြီးတယောက်ဟာ ငါ
လူငယ်တယောက်ဟာလည်း ငါပဲ
ကလေးတယောက်ဟာ ငါ။

လက်ရုံးတွေကို လာမဖြုတ်နဲ့
မျက်လုံးတွေကို လာမပိတ်နဲ့
ငါ့နားတွေကို လာမကလိနဲ့။
စိတ်ကိုတမြေ့မြေ့ကြွေကျအောင်လို
ခန္ဓာကိုယ်အနှံ့သေနတ်နဲ့ပစ်ခတ်သလို ခံရဆိုးခဲ့
ရှေ့တိုးဖို့ခြေလှမ်းတွေကိုသံခြေကျင်းတွေနဲ့အလှဆင်ခံထားရ
ဒီနေ့နဲ့ မနက်ဖြန်တွေကို ထူးခတ်ခံထားနေရ
နွားခြေရာခွက်ထဲက ဖားငယ်တစ်ကောင်လောက်တောင်
မာန်မာနတွေကြီးကျယ်ခမ်းနားခွင့်မရ
ဖြစ်ရပုံများ
ရယ်ရမလား
ငိုရမလား
ဝမ်းနည်းရမလား
ဝမ်းသာရမလား
ကျေးဇူးပဲတင်ရတော့မလား။

သောင်ပြင်မှာလွတ်ကျောင်းခံရတဲ့ခွေးလို
ငါတို့ဘဝများ
ကမ္ဘာကြီးဟာရွာဆို
နိုင်ငံဟာ
ရွာလည်နေတဲ့မျက်စိသူငယ်နားသူငယ်တွေကိုမွေးထုတ်ရာအရပ်
အခိုင်းအစေကျွန်ကောင်းတွေကိုထုတ်လုပ်တဲ့စက်ရုံ
ဒုက္ခသည်တွေစုဝေးရာစခန်း
``လောက်´´တွေစားကျက်ကျရာနေရာ
ဥပဒေရဲ့အထက်ကအာဏာရှင်တွေရဲ့ဝပ်ကျင်း
ဆွံ့အနားမကြားနဲ့မယောင်ရာဆီလူးတွေရုပ်တည်ကြီးထိုင်နေတဲ့ပြတိုက်
သေနတ်တဖက်ငြိမ်းချမ်းရေးတဖက်နဲ့ငတ်ကျန်မွဲတေနေတဲ့နိုင်ငံ
လူကြီးမင်းတို့မို့လုပ်ရက်လေချင်း
သွေးသံရဲရဲခန္ဓာကိုယ်ဆန်ကာပေါက်တွေနဲ့
နစ်နေတဲ့နိုင်ငံရဲ့အဆီအနှစ်တွေကိုစစ်ယူနေကြပုံများ
မျက်ရည်ကြားက တိုင်းပြည်ဟာ တကယ့်ကိုခမ်းခမ်းနားနား။ ။
                                                                          

Comments