သားကြီးမောင်ဇေယျ - မိုးကိုမျှော်နေပါပြီ


သားကြီးမောင်ဇေယျ  - မိုးကိုမျှော်နေပါပြီ
(မိုးမခ) ဇွန် ၇၊ ၂၀၁၈


အင်းစိန်ထောင် အဆောင် ( ၃ )အပေါ်ထပ်၊ အခန်း ( ၂ ) မှာဖြစ်ပါတယ်။

၁၉၇၆ ခုနှစ် ၀န်ကျင်။ အချိန်က ညနေ ၄ နာရီ ၊ အဆောင်ပိတ်ချိန်။

“မင်းတို့က နံရံကို ခေါင်းနဲ့ တိုက်တဲ့ကောင်တွေ မှတ်လောက်အောင် ပုံစံပေးရမယ် အားလုံးပုံစံ”

ကျားဟိန်းသလို ဟိန်းလာတဲ့ တန်းစီးအောင်မြင့် ရဲ့ အသံနဲ့ အတူ ကျနော်တို့ ကျောင်းသား ၄ ယောက် နာဂ ထွန်ကြည် (ဥပဒေ ကျောင်းသား) ၊ ဌေးဝင်း (ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသား) တင်မောင်ကြည် ခေါ် ကဗျာဆရာ မောင်မောင်စနေ(ဓါတုဗေဒ ကျောင်းသား) နဲ့ ကျနော်တို့ တွေ တင်ပုလ္လင်ခွေထိုင်၊ လက်နှစ်ဖက် ကို ဒူးပေါ်ဆန့်ဆန့်တင်၊ ရင်ကိုကော့၊ ရှေ့ကိုတည့်တည့်ကြည့်၊ လက်သီးကျစ်ကျစ်ဆုပ်ထားမိပါတယ်။

ထောင်ထောင်မောင်းမောင်း ရွှေသွားတ၀င်းဝင်း နဲ့ တန်းစီးအောင်မြင့်ဟာ သူ့လက်ထဲက ငါးမူးလုံးလောက်ရှိတဲ့ ကြိမ်လုံးနဲ့ ဟန်ပါပါ တချက်ဝင့်ကာ အချက်ပေးလိုက်ပါတယ်။

မုဒိန်းသမားတွေ၊ တပ်ပြေးတွေ၊ ဓါးပြတွေ၊ ခိုးဆိုးနှိုက်တွေ စုစုပေါင်း ဆယ်ယောက်လောက်ဟာ ကျွန်တော်တို့ ရဲ့ ရင်ဘတ်တွေကို ရှေ့တည့်တည့် က ပြေးကန်သူကန်၊ နောက်ကျောဖက်က ဖိနောင့်နဲ့ပေါက်သူပေါက်၊ ခေါင်းကို ကြိမ်ဒုတ်နဲ့ရိုက်သူရိုက် ၀ုန်းဒိုင်းကြဲသွားပါတော့တယ်။

နံရံကိုခေါင်းနဲ့ တိုက်ချင်တဲ့ကောင်တွေ ကြောက်ပြီလား၊ မှတ်ပြီလား ဆိုတဲ့ ကြိမ်းဝါးသံတွေ တဆောင်လုံး ဆူညံသွားပါတယ်။

ကျွန်တော်စိတ်ထဲမှာတော့ ငါတို့ နံရံကို ခေါင်းနဲ့တိုက်ရမယ်၊ ငါတို့ နံရံကိုခေါင်းနဲ့တိုက်ရမယ်။ ငါတို့အားလုံးတညီတညွတ်ထဲနံရံကိုခေါင်းနဲ့တိုက်ရမယ်။ ဒါမှ ဒီတံတိုင်းနက်ကြီးတွေ ပြိုကျမှာ ဆိုတဲ့ စိတ်က ပို ပို ခိုင်မာလာပါတယ်။

ဟုတ်ပါတယ်။ ကျွန်တော်တို့ နံရံကိုခေါင်းနဲ့တိုက်ရမှာပါ။ သူတို့ထင်သလို ခေါင်းနဲ့ နံရံကိုပြေးဆောင့်သလို အချဉ်းနှီးလုပ်ရပ်မျိုးလုပ်မှာမဟုတ်ပါဘူး။ ကျွန်တော်တို့ ခေါင်း သုံးပြီ၊ နံရံတွေကို ဖြိုရမှာပါ။ တနည်းအားဖြင့် ဦးနှောက်သုံးပြီး နံရံ အို ကြီးတွေကိုဖြိုရမှာပါ။

ကျွန်တော် ဖတ်ဖူးတဲ့ ဂျင်ဂျစ်ခန် ပုံပြင်ကလေး ကိုပြန်သတိရပါတယ်။ တရုတ်မဟာတံတိုင်းကြီးကို သူ ဖြိုတုန်းကပေါ့။ ဒီ တံတိုင်းကြီးကို ဖြိုဖို့ သူ အကြိမ်ကြိမ်းကြိုးစားခဲ့ပါတယ်။ ဒါပေမယ့် အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ရတယ်။ သူ့ရွာမှာ စစ်ရှုံးသူတစ်ယောက်အဖြစ် အထီးကျန် ဖြစ်ကာ နေ့စဉ်နဲ့အမျှ အရက်ဆိုင်မှာ အချိန်ကုန်နေခဲ့ရပါတယ်။ တနေ့ အရက်ဆိုင်က မီးဖို လုပ်ထားတဲ့ ကျောင်တုံး တွေပေါ်ကို ရေအေးတွေ ဖိတ်ကျပါတယ်။ ကျောက်တုံးတွေဟာ မီးအပူရှိန်ကြောင့် နီရဲအောင်ပူနေပါတယ်။ အေးစက်နေတဲ့ ရေဟာ မီးအပူ ပြင်းပြင်းနဲ့ ထိထားတဲ့ ကျောက်တုံးနဲ့ ရုတ်တရက်ထိမိတဲ့ အခါ ကျောက်တုန်းဟာ ဖြတ်ကနဲ့ကွဲသွားပါတော့တယ်။ ဒါကိုသတိထားမိတဲ့ ဂျင်ဂျစ်ခန်ဟာ တရုတ်မဟာတံတိုင်းကြီးကို ဖြိုဖို့ အကြံရသွားပါတော့တယ်။ နောက်တကြိမ် စစ်တိုက်တဲ့အခါ မိုးရွာခါနီးအချိန်ကို စောင့်ပြီး တရုတ်မဟာတံတိုင်းကြီးကို မီးရှို့လိုက်ပါတယ်။ မီးရှိန်ရလာတာနဲ့ တချိန်ထဲလိုလို မိုးက ရွာချလိုက်တော့ မဟာတံတိုင်းကြီးပြိုကွဲသွားပြီး တရုတ်ပြည်ကြီးကို အနိုင်ရလိုက်ပါတယ်။

အဲဒီပုံပြင်နဲ့ ထောင်ထဲက အတွေ့အကြုံတွေဟာ အခက်အခဲတွေ့တိုင်း ပြန်လည်မြင်ယောင်လာတတ်ပါတယ်။ အထူးသဖြင့် မဖြစ်နိုင်တော့ပါဘူး ၊ လက်လျှော့ လိုက်စမ်းပါ၊ နံရံကို ခေါင်းနဲ့ မတိုက်ချင်စမ်းပါနဲ့လို့ အပြောခံရချိန်မှာ ပိုပို မြင်ယောင်လာတတ်ပါတယ်။

လက်ရှိအခြေအနေမှာ လာဘ်စားမှုကို တိုက်ဖျက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ လက်လျှော့လိုက်စမ်းပါ။ ဒါဟာ အမြစ်တွယ်နေပြီ၊ ယဉ်ကျေးမှု ဓလေ့ထုံးစံ တခုလိုတောင်ဖြစ်နေပြိ၊ မိုးခါးရေသောက်လိုက်ပါ ဆိုတဲ့ စကားသံတွေဟာ ကျွန်တော်တို့ကို စိန်ခေါ်နေသလိုဖြစ်နေပါတယ်။

မင်းတို့လုပ်လို့ ဘာမှ ဖြစ်လာမှာမဟုတ်ဖူး၊ မင်းတို့လက်ထဲမှာ သေနတ်ရှိလား၊ မင်းတို့လက်ထဲမှာ ငွေရှိလား၊ မင်းတို့လက်ထဲမှာ အာဏာရှိလား၊ မင်းတို့ကို သစ္စာခံမယ့် ပါးကွက် အာဏာသားတွေရှိလား၊ ယန္တယားတွေရှိလား၊ လို့ ပြောဆိုသံတွေဟာ ခုတလော ပိုမိုကျယ်လောင်လာပါတယ်။

အခုချိန်မှာ ကျွန်တော်တို့ ကို ကာရံပိတ်ဆို့ထားတဲ့ လာဘ်ပေးလာဘ်ယူမှုတံတိုင်းကြီးတွေ၊ အာဏာရှင် သစ္စာခံ အရာရှိဆိုး တံတိုင်းကြီးတွေ၊ မတရားတဲ့ ဥပဒေ တံတိုင်းကြီးတွေ၊ ကျား ၊ မ ခွဲခြားမှုတံတိုင်းကြီးတွေ၊ လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုတံတိုင်းကြီးတွေ အဲဒီတံတိုင်းကြီတွေ၊ အဲဒီနံရံ အိုကြီးကြီးတွေကို ခေါင်းနဲ့ တိုက်ရပါဦးမယ်။ ခေါင်းသုံးပြီး တိုက်ရပါဦးမယ်။ တနည်းအားဖြင့် ဥာဏ်ပညာသုံးပြီး အဲဒီ တံတိုင်းကြီးတွေကို ဖြိုချရပါဦးမယ်။ ကျွန်တော်တို့ မိုးကိုမျှော်နေပါပြီ။

သားကြီးမောင်ဇေယျ ( ၂- ၆- ၂၀၁၈ )
0