နှစ်ပေါင်း ၈၀ သက်တမ်းရှိပြီဖြစ်တဲ့ နဂါးနီအသင်းထုတ်စာအုပ် ဒုတိယအကြိမ် ပြန်လည်ထွက်ရှိလာ



နှစ်ပေါင်း ၈၀ သက်တမ်းရှိပြီဖြစ်တဲ့ နဂါးနီအသင်းထုတ်စာအုပ် ဒုတိယအကြိမ် ပြန်လည်ထွက်ရှိလာ
K (မိုးမခစာအုပ်စင်) ဇွန် ၄၊ ၂၀၁၈


နဂါးနီအသင်းကြီးမှ ၁၉၃၈ခုနှစ် သြဂုတ်လတွင် ထုတ်ဝေခဲ့ဖူးသော ပြည်သူ့အာဏာနှင့် ပြင်သစ်အရေးတော်ပုံ အမည်ရတဲ့ စာအုပ်ကို ယခုနှစ်ပေါင်း ၈၀ အကြာတွင် ယဉ်မျိုးစာပေက ဒုတိယအကြိမ်အဖြစ် မေလအတွင်း ပြန်လည်ထုတ်ဝေထားပါ တယ်။

ပြည်သူ့အာဏာနှင့်ပြင်သစ်အရေးတော်ပုံ စာအုပ်တွင် စာအုပ်အကြောင်း၊ နိဒါန်း၊ ဆွန်ယက်ဆင်ဘာသာ၊ ပြည်သူ့အာဏာ ဟောချက်၁၊ ပြည်သူ့အာဏာဟောချက်-၂၊ ပြည်သူ့အာဏာဟောချက်-၃၊ ပြင်သစ်အရေးတော်ပုံ အစရှိတဲ့အခန်းများပါ ၀င်ပါတယ်။

စာအုပ်မှာ ထူးခြားချက်က ရေးသားသူကလောင်အမည်မပါဘဲ နဂါးနီအသင်းတံဆိပ်သာရိုက်နှိက်ပြီး နဂါးနီအသင်းရဲ့ ၈ အုပ်မြောက်ထုတ်ဝေခဲ့တဲ့စာအုပ်လို့လည်း သိရပြီး အသင်းသားများအတွက်သာ ထုတ်ဝေခဲ့တယ်လို့ စာအုပ်အကြောင်း က ဏ္ဍမှာ ရေးသားထားပါတယ်။

စာရေးဆရာကြီး သိန်းဖေမြင့်က ဆွန်ယက်ဆင်ဘာသာဟုအမည်တပ်ကာ ၂၅၊ ၇၊ ၁၉၃၈ ရက်စွဲနဲ့ အမှာစာရေးသားထားပြီး အမှာစာမှာ “ဒေါက်တာဆွန်ယက်ဆင်၏တရားများမှာ ဓနရှင်ရော ဆင်းရဲသားပါ လက်ျာရော လက်ဝဲပါ နှစ်ခြိုက်ကြသည်။ အဘယ်ကြောင့် နှစ်ခြိုက်ကြသနည်း။ ဤမေးခွန်းကို သင်တို့စိတ်၌ထား၍ နဂါးနီမှထုတ်ပြီးသော ‘လူမျိုးရေးတရား’ ထုတ်ဆဲ သော ‘ပြည်သူ့အာဏာ’ ထုတ်လတံ့သော ‘ပြည်သူ့ဝမ်းစာ’တို့ကိုဖတ်လျှင် များစွာ အကျိုးဖြစ်ထွန်းဖွယ်ရာရှိပေသည်”လို့ ထည့်သွင်းရေးသားထားပါတယ်။

(ယခုကဏ္ဍအတွက် ပူးပေါင်းပါဝင်လိုသူများသည် မေတ္တာလက်ဆောင် စာအုပ်နှစ်အုပ်ဖြင့် 09-790 96-20-67 သို့ ဆက် သွယ်နိုင်ပါသည်။)

Comments