ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၃)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၃)
(မိုးမခ) ဇွန် ၁၉၊ ၂ဝ၁၈


ငဘိုတစ်ယောက်ကြောင့် တိဗက်တို့ ငါးပါးမှောက်ခဲ့ရခြင်းဖြစ်သည်။ ငဘိုဟူသော အသံကိုကြားလျှင် အခုချိန်ထိ တိဗက်တို့ က ထုချင်ထောင်းချင်စိတ်တွေ ရှိနေကြသေးသည်။ တိဗက်အရေးကို ဦးဆောင်ဖြေရှင်းမည့်သူမရှိ။ အဲဒီအချိန်တုန်းက ယခု ဘုန်းတော်ကြီးဒလိုင်းလားက အသက်တစ်ဆယ့်ငါးနှစ်အရွယ်သာရှိသေးသည်။ တိဗက်ပြည်တွင်းရေးတွေ အကြီးအကျယ် ရှုပ်ထွေးနေချိန်တွင် နိုင်ငံတော်၏ အမြင့်ဆုံးအာဏာကို ဒလိုင်းလားမားဘုန်းတော်ကလေးကလွဲ၍ မည်သူ့ကိုမျှ မအပ်နှင်း လိုကြ။ တိဗက်ပြည်သူများက ဘုန်းတော်လေးဒလိုင်းလားမားကို နိုင်ငံတော်၏ အမြင့်ဆုံးတာဝန်ကိုယူပြီး တိဗက်အရေးကို ဦးဆောင်ဖြေရှင်းပေးစေချင်ကြသည်။ အစပိုင်းတုန်းကတော့ ဘုန်းကြီးလေးက ငြင်းပါသေးသည်။ သူ့မှာ တိဗက်ကို ဦး ဆောင် နိုင်လောက်သည့် အတွေ့အကြုံမရှိ။ ပြီးတော့ အသက်ငယ်လွန်းနေတာကြောင့်လည်း ပြည်သူတွေ ရဲ့တောင်းဆိုမှုကို လက်မခံခဲ့ခြင်းဖြစ်သည်။ သို့သော် နောက်ဆုံးတော့ ပြည်သူတွေရဲ့ အကြိမ်ကြိမ်တောင်းဆိုမှုကို လိုက်လျောပြီး အသက်တစ် ဆယ့်ငါးနှစ်အရွယ်မှာ တိဗက်ပြည်ရဲ့ အာဏာအမြင့်ဆုံးဖြစ်သည့် ရဟန်းမင်းအဖြစ်နှင့် နိုင်ငံတော်၏ နိုင်ငံရေးအမြင့်ဆုံး အာဏာကိုရယူပြီး တိဗက်နိုင်ငံရေးကို ထဲထဲဝင်ဝင် ဦးဆောင်ခဲ့ရလေသည်။

တိဗက်ပြည်သူတွေ အပ်နှင်းလာသည့် သမိုင်းပေးတာဝန်ကို တရားဝင်ကျယ်ကျယ် ပြန့်ပြန့်ထမ်းဆောင်နိုင်ဖို့ နိုင်ငံ့ဥသျှောင် အဖြစ် နိုဝင်ဘာလတွင် ဒလိုင်းလားမား ဘုန်းတော်လေးကို နန်းတင်ပွဲကျင်းပကြလေသည်။ တရုတ်ပြည်မကြီးတွင် မော်စီ တုန်းဦးဆောင်သည့် အာဏာရကွန်မြူနစ်တို့ တိဗက်ပြည်ကို မျက်စောင်းထိုးနေချိန်၊ တိဗက်ပြည်ကောင်းကင်ယံတွင် မုန် တိုင်းတွေ စတင်ဝင်ရောက်လာချိန်တွင် အသက်ဆယ့်ငါးနှစ်အရွယ် ဒလိုင်းလားမားကလေးကို တိဗက်ပြည်သူတွေက အ များကြီး မျှော်လင့်ထားကြလေသည်။

တိဗက်ပြည်ရဲ့ တောင်တန်းတွေပေါ်မှာ အန္တရာယ်အရိပ်အငွေ့တို့ ယှက်သန်းနေသည့်တိုင် ပြည်သူတွေက စိတ်မအေးစရာ သည်အဖြစ်တွေကို ခဏမေ့ထားကြပြီး နန်းတက်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြလေသည်။ တိဗက်ပြည်၏ သာ သနာ့အရေး၊ နိုင်ငံ့အရေးတွင် ဒလိုင်းလားမားက အကြီးဆုံး အမြင့်ဆုံးဖြစ်သည်။ သာသနာပိုင်လည်း သူ၊ နိုင်ငံ့ဥသျှောင်လည်း သူ။

မသေချာ မရေရာတော့တဲ့ အနာဂတ်တွေနဲ့အတူ အနိုင်ကျင့်ကျူးကျော်ခံရခြင်းတွေက ကင်ဆာဆဲလ်တွေလို တိဗက်ပြည်ကို အမြစ်တွယ်စပြုနေချိန်။ တိဗက်ပြည်က တဖြည်းဖြည်း မီးရှိန်မြှင့်ပြီး ရေနွေးအိုးထဲ အပြုတ်ခံနေရသည့် ဖားတကောင်နှင့်ပင် တူနေပြန်ပါတော့သည်။ ပီကင်းရဲ့ ဝါးမျိုမှုတွေ တိဗက်ပြည်အရှေ့ပိုင်းကနေ တဖြည်းဖြည်းရွေ့လာနေချိန်မှာ သူ့ကိုကူညီပေးဖို့ တိဗက်က UN ကို အကူအညီတောင်းပါသည်။ သို့သော် တရုတ်ကလည်း UN ကို ကြောက်နေမှာမဟုတ်။ ပိုဆိုးသည်မှာ တိဗက်ပြည်က UN အဖွဲ့ဝင် နိုင်ငံမဟုတ်။ တရုတ်ရဲ့ ကျူးကျော်မှုတွေ ရပ်တံ့ပေးဖို့ အကြံပြုကြသော်လည်း ဗြိတိန်ကိုယ်တိုင်က အိန္ဒိယနဲ့ လက်ဝါးချင်းရိုက်ပြီး အစည်းအဝေးမှာ တိဗက်အရေး ဆက်လက်မဆွေးနွေးကြဖို့ တိုက်တွန်းခဲ့ကြဖူးသည်။ အမေရိ ကန်ပြည်ထောင်စုကလည်း ကိုးရီးယားကျွန်းစွယ်အရေး အလေးပေးနေချိန်။ တိဗက်အရေးကား သည်လိုနှင့်ပင် ချောင်ထိုးခံ လိုက်ရလေသည်။ "တရုတ်စစ်တပ်ကြီးက တိဗက်ကို တဖြည်းဖြည်းဝါးမျိုနေတဲ့အခုလိုအချိန်မျိုးမှာ ငါတို့ကို ဘယ်သူမှ ကယ် မည့်သူမရှိတော့ပါလား" ဟု ဘုန်းတော်ကြီး ဒလိုင်းလားမားက ဝမ်းနည်းစကားဆိုပါသည်။ ပြောင်းလဲနေသော ကမ္ဘာ့အခြေ အနေတွေ တချက်ကလေး မျက်ခြေပြတ်လိုက်ရုံမျှဖြင့် ဘဝပျက်သွားနိုင်သည်ဟူသော သင်္ခန်းစာကို တိဗက်တို့ ကောင်း ကောင်း နားလည်လိုက်ချိန်မှာ အချိန်က နောက်ကျသွားခဲ့လေပြီ။

ဒလိုင်းလားမား ဘုန်းကြီးလေးကို တိဗက်ပြည်ကနေထွက်ပြေးဖို့ ခေါင်းဆောင်အချို့က တိုက်တွန်းခဲ့ဖူးသည်။ ဘုန်းကြီးလေး ဒလိုင်းလားမားက ငဘိုဦးဆောင်သည့် အဖွဲ့ဝင် ငါးဦးပါဝင်သော ငြိမ်ချမ်းရေးအဖွဲ့ကို ဘေဂျင်းသို့ လွှတ်လိုက်လေသည်။ ဘေဂျင်းက လက်ခံပါသည်။ သို့သော် ဆွေးနွေးရန်မဟုတ်။ ရာဇသံပေးရန်သာဖြစ်သည်။ သည်အတိုင်း ငြိမ်းချမ်းစွာ ပီကင်း ရဲ့အုပ်ချုပ်မှုကို ခံမလား။ ဒါမှမဟုတ် ပီကင်းနဲ့ စစ်ပွဲဆင်နွှဲမလား။ တိဗက်ယဉ်ကျေးမှု၊ တိဗက်စာပေ၊ တိဗက်သာသနာ အရေးစသည့် တိဗက်ပြည်ရှေ့ရေးနဲ့ပတ်သက်ပြီး အချက်ပေါင်း ၁၇ ချက်ပါဝင်သည့် စာချုပ်ကို ချုပ်ဆိုခဲ့ကြသည်။ ၁၉၅၁-ခုနှစ် မေလ ၂၃ ရက်နေ့တွင် မြို့တော်ဘေဂျင်းတွင် လက်မှတ်ရေးထိုးကြလေသည်။ တိဗက်သည် တရုတ်၏ အစိတ်အပိုင်းဖြစ် သည်ဆိုသောအချက်ကို ဘုန်းတော်ကြီးဒလိုင်းလားမားက လက်မခံ။ သို့သော် တိဗက်သည် တရုတ်ပြည်၏ အစိတ်အပိုင်း ဖြစ်သည်ဆိုသည့်စာချုပ်ကို ငဘိုက လက်မှတ်ထိုးပေးလိုက်သောအခါ တိဗက်တို့မှာ ဘုမသိ ဘမသိဖြင့် ရေတိမ်နစ်ရရှာ ပါ တော့သည်။  အမှန်ဆိုလျှင် ဘုန်းတော်ကြီးဒလိုင်းလားမားပင် မသိ။ တိဗက်အစိုးရတဖွဲ့လုံးလည်း မသိလိုက်ရ။ တိဗက်သည် တရုတ်၏အစိပ်အပိုင်းဖြစ်ကြောင်း လက်မှတ်ရေးထိုး လိုက်ပြီဖြစ်ကြောင်း  လေဒီယိုကနေ အသံလွှင့်လိုက်မှ ဘုန်းတော်ကြီး ဒလိုင်းလားမားနှင့် တိဗက်ပြည်သူတွေက သိလိုက်ရခြင်းဖြစ်သည်။ တိဗက်ပြည်ရှေ့ရေးအတွက် ပီကင်းရဲ့ပြောသမျှကို ခေါင်းညိတ်ရုံမှတပါး ရွေးချယ်စရာ လမ်းမရှိတော့။

အောက်တိုဘာလတွင် မော်စီတုန်းနှင့် ချူအင်လိုင်တို့၏ ပိုစတာများကို လေထဲလွှင့်လို့ ချီတက်လာခဲ့သော အင်အားနှစ် သောင်းရှိ တရုတ်စစ်တပ်ကြီးက မြို့တော်လာဆာကို  သိမ်းပိုက်ပြီးနောက် ဋ္ဌာနချုပ်အဖြစ် ရုံးစိုက်လိုက်ပါတော့သည်။ တိ ဗက်ပြည်သူတွေက မော်စီတုန်းရုပ်ပုံပါ ပိုစတာများကိုင်ကာ မြို့ထဲကိုချီတက်လာသည့် တရုတ်စစ်သားများကို ငေးကြည့်နေ ကြပြီးနောက် လက်ခုပ်လက်ဝါး ပြိုင်တူတီးလိုက်ကြလေသည်။ သူတို့တီးလိုက်သောလက်ခုပ်ကား ဝမ်းသာ၍တီးခြင်းမဟုတ်။ တိဗက်ရိုးရာ ယုံကြည်မှုတခုရှိသည်ဟု ဆိုပါသည်။ ပြည်သူအများစုပေါင်း၍ လက်ခုပ်တီးခြင်းသည် မကောင်းဆိုးဝါးများကို နှင်ထုတ်ခြင်းပင်ဖြစ်လေသည်။ လေပြင်းတချက် တိုးအဝှေ့မှာ လေထဲလွင့်ပါသွားသည့် မော်စီတုန်း၏ ပိုစတာများကိုကြည့်ပြီး တိဗက်တို့ရင်ထဲ မဝံ့မရဲမျှော်လင့်ခဲ့ကြဘူးသည်။ ဟိမဝန္တာတောင်တန်းတွေပေါ်ကနေ လွင့်ပျံလာသည့် လေနုအေးက တိဗက်တို့ရဲ့ရင်ကို အရင်လိုမနွေးထွေးစေပါလေတော့။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၆၊ ၁၇၊ ၂ဝ၁၈
0