K ငြိမ်းချမ်း - ကဗျာဆရာကြီး ညွှန့်သစ် ပြောတဲ့ သမဂ္ဂဆိုတာ


K ငြိမ်းချမ်း - ကဗျာဆရာကြီး ညွှန့်သစ် ပြောတဲ့ သမဂ္ဂဆိုတာ

(မိုးမခ) ဇွန် ၂၊ ၂၀၁၈

မြန်မာနိုင်ငံမှာ ကျောင်းသားသမဂ္ဂ၊ အလုပ်သမားသမဂ္ဂ၊ တောင်သူလယ်သမားသမဂ္ဂ၊ ကဗျာဆရာ သမဂ္ဂ၊ စာရေးဆရာ သမဂ္ဂ အစရှိသဖြင့် သမဂ္ဂဆိုတဲ့အမည်ကို ဂုဏ်ယူဝင်းပစွာ အခိုင်အမာရှိခဲ့ကြတာကို စာရေးဆရာကြီးတွေ ရေးတဲ့စာအုပ် များမှာရော သက်ရှိထင်ရှားတွေ ပြောပြချက်တွေအရပါ သိရှိခဲ့ရပါတယ်။ ဒါပေမယ့်ကျနော်တို့ခံစားသိတတ်ချိန်မှာတော့ အဆိုပါ သမဂ္ဂဆိုတဲ့စကားလုံးဟာ နှိပ်ကွပ်ချေမှုန်းခံနေခဲ့ရပါတယ်။(အဖွဲ့၊ အသင်း အမည်ပြောင်းခိုင်းတာတွေအပြင် မှတ်ပုံတင်တဲ့ကိစ္စရပ်တွေ)

ခုများကျတော့ လူ ၃ယောက်ရှိရင်ပဲ ဖွဲ့လို့ရတဲ့အဖွဲ့အစည်းပုံစံမျိုး ဖြစ်နေမြင်နေရတော့ သမဂ္ဂဆိုတာဘာလဲ၊ ဘယ်လို ရပ် တည်ဆောင်ရွက်ခဲ့သလဲဆိုတာ သိရဖို့ ကျောင်းသားသမဂ္ဂ၊ ကဗျာဆရာသမဂ္ဂတွေမှာ ထိတွေ့ပါဝင်ဆောင်ရွက်ခဲ့တဲ့ အသက် ၇၁နှစ်ရှိပြီဖြစ်တဲ့ ကဗျာဆရာကြီး ညွှန့်သစ်နဲ့ မိုးမခ ၀ိုင်းတော်သား K ငြိမ်းချမ်းက တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ ဆရာက ကျောင်းသားသမဂ္ဂမှာလည်း ၀င်ရောက်လုပ်ကိုင်ဆောင်ရွက်ဖူးတော့ သမဂ္ဂ ဆိုတာ ဘယ်လိုအဓိပ္ပာယ် ဆောင်ပါသလဲ။ ဘာကြောင့် စစ်အစိုးရကာလတွေတလျှောက်လုံး ဒီစကားလုံးကို ကြောက်ခဲ့ပိတ်ပင်ခဲ့တယ်လို့ထင်ပါ သ လဲ။
ဖြေ ။ ။ သမဂ္ဂဆိုတာတော့ ၁၉၃၀နောက်ပိုင်း ကျောင်းသားလှုပ်ရှုားမှုတွေထဲကနေ ပေါက်ဖွားလာတာပါ။ ၁၉၃၆ လောက် ကျ အားကောင်းမောင်းသန်ရှင်သန်ရပ်တည်နေပါပြီ။ လွတ်လပ်ရေးရပြီးနောက်ပိုင်းတွေမှာ ကျောင်းသားတွေပြည်သူတွေ လူငယ်တွေကနေ စာပေသမားတွေကနေစပြီးတော့ အများသဘောတူ အဲဒီကနေ သမဂ္ဂဆိုတဲ့နိုင်ငံရေးအဖွဲ့အစည်းတွေ စာပေအဖွဲ့အစည်းတွေ လုပ်ခဲ့တယ်ပေါ့။ အထူးသဖြင့် စစ်အစိုးရကာလတွေမှာ သမဂ္ဂဆိုတာကို လက်မခံတဲ့သဘောရှိခဲ့ တယ်။ ဆိုလိုတာက သမဂ္ဂဆိုတာ ပြည်သူတွေကျောင်းသားတွေစာပေသမားတွေအားလုံးက လက်ခံပြီး ပေးခဲ့တဲ့ဖွဲ့စည်း ခဲ့တဲ့ နာမည်လည်းဖြစ်တယ်။ တကယ်လည်း သမိုင်းကြောင်း ကောင်းခဲ့တယ်။

မေး ။ ။ ဆရာ ပါဝင်ဆောင်ရွက်ခဲ့တဲ့ ရန်ကုန်ခရိုင်လုံးဆိုင်ရာကျောင်းသားများ သမဂ္ဂအကြောင်းနဲ့ လှုပ်ရှားဆောင်ရွက်ခဲ့ ကြပုံတွေ ပြောပြပေးပါ။
ဖြေ။ ။ အဲဒါကတော့ ၁၉၆၀-၆၁ကာလမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ ဥက္ကဌက ကိုသက်၊ အတွင်းရေး မှူးက ကိုတင်ထွန်းတို့က အလွတ်ပညာသင်ကျောင်း ဦးအောင်ကိုးကျောင်း ကြည့်မြင်တိုင်မှာ ကျောင်းတက်တုန်း သူတို့က စည်းရုံးရေး လာဆင်းတယ်။ အဲဒီကာလမှာ ကမောက်ကမ ပညာရေးကာလ။ အဲဒီတော့ အမျိုးသားပညာရေး တည် ဆောက်ရေး ဆိုပြီးတော့ သမဂ္ဂက တောင်းဆိုနေတဲ့အချိန်၊ အစိုးရပညာရေး ကမောက်ကမဖြစ်နေချိန် ဘာဖြစ်လဲဆိုတော့ တန်းခွဲတန်းကျတွေ ဖြစ်တယ်။ တခါကျကျောင်းထုတ်စနစ်ဖြစ်တယ်။ နောက်တခုက ကျောင်းသားတွေနေဖို့ဆို ဆရာ အ ခက်အခဲ၊ ကျောင်းအခက်အခဲတွေဖြစ်တယ်။ နောက်တခုက ကျောင်းစာအုပ်တွေကလည်း ဈေးကြီးတယ်။ အဲလိုဖြစ်တဲ့ အခါကျတော့ ပညာရေးအပေါ်မှာ အမျိုးသားပညာရေးတည်ဆောက်မှုကို ကျောင်းသားသမဂ္ဂတွေက တောင်းဆိုခဲ့တယ်။ အစိုးရပညာရေးဆန့်ကျင်ရေး အမျိုးသားပညာရေးတည်ဆောက်မှုဆိုပြီး သမဂ္ဂတွေက တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြတယ်။

မေး ။ ။ ကဗျာဆရာသမဂ္ဂနဲ ဆရာ စထိတွေ့မိတဲ့ကာလနဲ့ သူတို့လှုပ်ရှားဆောင်ရွက်ခဲ့ကြပုံတွေကိုလည်း ပြောပြပေးပါ။
ဖြေ ။ ။ အဲဒီတုန်းက ကျောင်းသားသမဂ္ဂမှာလုပ်ခဲ့တော့ ကိုဖိုးထင်က ရန်ကုန်ခရိုင်လုံးဆိုင်ရာကျောင်းသားများသမဂ္ဂ ဥက္ကဌ။ ရုံးကတော့ ကိုယ်တို့ ဒီ တကသ အဆောက်အဦမှာ။ အတွင်းရေးမှူးက ကိုဥာဏ်ဝင်း၊ ကိုဖိုးထင်ဆိုတာက မောင်ကျော် ထင် ဆိုပြီး ကဗျာရေးတယ်။ ရေးတဲ့အခါကျတော့ အဲဒီကာလက ကိုလေးအောင်တို့ ကိုသင်းခိုင်တို့ကလည်း ရန်ကုန် ခရိုင်သမဂ္ဂထဲမှာပါတယ်။ သူတို့က သမဂ္ဂမှာလုပ်ရင်း ကဗျာဆရာတွေလည်းဖြစ်ကြတယ်။ အဲဒီမှာ စာရေးဆရာ၊ ကဗျာ ဆရာတွေနဲ့စ ထိတွေ့မိနေတာပေါ့။ ၆၀-၆၁ခုလောက်က။ အဲဒီအချိန်မှာ ကဗျာဆရာသမဂ္ဂဥက္ကဌက ဆရာဒဂုန်တာရာ၊ အတွင်းရေးမှူးက ဆရာ နေသွေးနီ၊ တွဲဖက်က မောင်လေးအောင်၊ အမှုဆောင်တွေက မောင်သင်းခိုင်(ပျဉ်းမနား)၊ ကြည် ညို၊ မင်းလှညွန့်ကြူး၊ မောင်လင်းယုန် (ရှမ်းပြည်)၊ မြင့်သြ၊ မောင်ကျော်ထင်(ကိုဖိုးထင်)၊ နုသဇင်(သင်းရိပ်သာ) စတဲ့အဖွဲ့ ၀င်တွေက ကဗျာဆရာသမဂ္ဂမှာပါတယ်။ သူတို့က ဘာရည်ရွယ်ချက်လဲဆိုတော့ အဲဒီကာလမှာ မြန်မာ့ဆိုရှယ်လစ်လမ်း စဉ်ပါတီကနေ ပြည်တွင်းငြိမ်းချမ်းရေးခေါ်တဲ့ ကာလ၊ မြန်မာ့ဆိုရှယ်လစ်ဝါဒကိုတည်ဆောက်မယ်ဆိုပြီး ပြောတဲ့အချိန် ဆရာဒဂုန်တာရာ တို့က တကယ်တမ်းစစ်မှန်တဲ့ ဆိုရှယ်လစ်ဝါဒဖြစ်ဖို့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ဆိုပြီး ရည်ရွယ်ချက်နဲ့ ဒီ ကဗျာဆရာ သမဂ္ဂကိုဖွဲ့ခဲ့တာပဲ။ ဖွဲ့လည်းအပြီး သြဂုတ်လမှာ ရေအယဉ်ဆိုတဲ့စုပေါင်းကဗျာစာအုပ်ထွက်တယ်။ အဲဒါ ဘာလဲဆိုရင် ငြိမ်းချမ်းရေးကို ဖော်ဆောင်တဲ့ ငြိမ်းချမ်းရေးကို ရည်ရွယ်ပြီး ကဗျာစာအုပ်တွေ ထုတ်ခဲ့ကြတာဖြစ်တယ်။

အဲဒီကာလမှာ ကဗျာစာအုပ်တွေ မြို့နယ် သမဂ္ဂတွေအလိုက်ကို ထွက်ခဲ့ကြတယ်။ အဲဒီတုန်းက အနုပညာစိတ်လည်း ရှိတယ်။ လူငယ်တွေနဲ့လည်း တထပ်တည်း ကျတယ်။ ဆရာဒဂုန်တာရာဆိုရင် စာပေသစ်ကို စတင်ပြီးမွေးဖွားခဲ့တယ်။ လုပ်ခဲ့တဲ့အခါကျ အရေး အသားက အစ လေးလုံးစပ်လင်္ကာကနေ နောက်ဆုံးလွတ်လပ်လင်္ကာထိလျှောက်သွားတယ်။ နောက်ဆုံးမှာ ဆရာ တာ ရာသည် ခေတ်ပေါ်ကဗျာကိုတောင် လူငယ်တွေရဲ့ခေတ်နဲ့ပေါ်တဲ့အပေါ်မှာ လက်လည်းလက်ခံ တယ်။ ထောက်လည်း ထောက်ခံတယ်။ တာရာမဂ္ဂဇင်းလည်းထုတ်ခဲ့တယ်။ နောက် ဆရာက စာရေးဆရာများအသင်း မှာလည်း ဥက္ကဌ လုပ်ခဲ့တယ်။ ၁၉၅၀-၅၁ပေါ့။ ပြီးမှ မဆလခေတ်မှာ ဆိုရှယ်လစ်ဝါဒအစစ်အမှန်ဖြစ်ဖို့ဆိုပြီးတော့ ကဗျာဆရာသမဂ္ဂကို လူငယ်တွေနဲ့ပူးပေါင်းပြီးတော့ ဖွဲ့လိုက်တာ။ ၁၉၆၃၊ ဇွန် ၁၆ရက်မှာ။

ကဗျာဆရာသမဂ္ဂကနေထုတ်တဲ့ ရေအယဉ်စာအုပ်မှာ ကျွန်ုပ်တို့၏လမ်းညွှန်သဘောတရားဆိုပြီး ခုလိုရေးထားပါတယ်။ “ယင်းရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းအပ်သော မြန်မာနိုင်ငံကဗျာဆရာသမဂ္ဂ၌ လမ်းညွှန်စာပေသဘောတရားရှိရပေလိမ့်မည်။ ကဗျာရေးသူသည် ပြည်သူတို့ဘ၀နှင့်မကွဲမကွာ ဆက်စပ်ဖွဲ့နှောင်ခြင်းပေါ်၌ အခြေပြုလျက် ပြောင်းလဲလှုပ်ရှားနေသောလူ့ ဘ၀ကို သရုပ်ဖော်ခြင်း ယင်းလှုပ်ရှားမှုတွင်ပါဝင်သော လူတန်းစားတိုက်ပွဲ၊ ငြိမ်းချမ်းရေးတိုက်ပွဲ သရုပ်ဖော်ခြင်းတို့ကို သီကုံးရပေမည်။ ယင်းတို့ဘ၀နှင့် ဘ၀တိုက်ပွဲတို့ကို သရုပ်ဖော်ရာ၌ ဆိုရှယ်လစ် ဦးတည်ချက်ဖြင့် မွှမ်းထုံရပေမည်။ ယင်း ဆိုရှယ်လစ် သရုပ်ဖော်စာပေ၀ါဒသည် မြန်မာနိုင်ငံကဗျာဆရာ သမဂ္ဂ၏ မီးရှူးတန်ဆောင်အဖြစ် ထွန်းညှိအပ်သော လမ်းညွှန်သဘောတရားဖြစ်ပေသည်”လို့ရေးသားပါရှိပါတယ်။

မေး ။ ။ စာရေးဆရာသမဂ္ဂ၊ စာရေးဆရာအသင်း၊ ကဗျာဆရာ သမဂ္ဂ၊ ကဗျာအဖွဲ့၊ အသင်းအမျိုးမျိုး အမည်တံဆိပ်တွေ ကွဲလွဲနေမှုအပေါ် ဆရာ့ အမြင်။
ဖြေ ။ ။ အမှန်မှာကတော့ ဟိုးအရင်တုန်းကလို စာရေးဆရာအသင်းရှိမယ်၊ သမဂ္ဂရှိမယ် ခုလည်း ဒီလိုပေါ့။ အသင်းပဲ ဖြစ်ဖြစ် စာရေးဆရာသမဂ္ဂပဲဖြစ်ဖြစ် အဲဒီအသင်းအောက်မှာ ဖြစ်သင့်တာက စာပေသမားတွေပါမယ်၊ ကဗျာဆရာတွေ ပါမယ်၊ သတင်းသမားတွေပါမယ်၊ ပန်းချီဆရာတွေလည်းဖြစ်နိုင်တယ်၊ စာပေနဲ့ပတ်သက်တဲ့အဖွဲ့အစည်းဆိုတာ တဖွဲ့ပဲ ဖြစ်သင့်တယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ စာရေးဆရာများသမဂ္ဂပဲဖြစ်ဖြစ်၊ စာရေးဆရာအသင်းပဲဖြစ်ဖြစ် တခုခုကို ဦးတည်ပြီး ဖွဲ့။ ဖွဲ့ပြီးရင် ညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးဖြစ်ဖို့ ဒီနေ့ကာလရဲ့အရေးကြီးဆုံးအချက်ပဲ။ ညီညီညွတ်ညွတ်နဲ့ တရားဥပ ဒေနဲ့အညီပေါ့။ လက်ရှိ နှစ်ပေါင်း ၇၀ ပြည့်လာတဲ့ ပြည်တွင်းစစ်ကြီးကို ကန့်ကွက်ဖို့ဆန့်ကျင်ဖို့ ငြိမ်းချမ်းရေးရဖို့ သမဂ္ဂက ပါဝင်ဆင်နွှဲသင့်တယ်။ အဲဒါမှ စစ်မှန်တဲ့ ငြိမ်းချမ်းရေးလည်းရမယ်။

မေး ။ ။ ယခင် ဆရာကြီး ဒဂုန်တာရာ၊ ဆရာနေသွေးနီတို့ရဲ့ကဗျာဆရာသမဂ္ဂ လှုပ်ရှားဆောင်ရွက်မှုတွေနဲ့ ယခုဒီဘက် ခေတ် သမဂ္ဂတွေ လှုပ်ရှားဆောင်ရွက်မှု၊ ရပ်တည်မှုကအစ ဘာတွေကွာဟမှုရှိနေသလဲ ဆရာ့အမြင်။
ဖြေ ။ ။ အပြောင်းအလဲဆိုတာတော့ ၄၈ခု ကနေပြီးတော့ ၆၂ခု စစ်တပ်အာဏာသိမ်းတဲ့အထိ အဖွဲ့အစည်းတွေက သိပ်များ များစားစားမရှိခဲ့ဘူး။ အလွန်ဆုံးရှိရင် တဖွဲ့နှစ်ဖွဲ့၊ သတင်းစာဆရာအသင်းတို့ စာရေးဆရာအသင်းတို့ စာရေးဆရာသမဂ္ဂ တို့က လွတ်လွတ်လပ်လပ် ညီညီညွတ်ညွတ်နဲ့လုပ်ခဲ့ကြတယ်။ စစ်တပ်လည်းပေါ်လာရော ဘာလိုဖြစ်လဲဆို သူတို့က သူတို့ ဦးဆောင်တဲ့ သူတို့လမ်းညွှန်တဲ့ မြန်မာနိုင်ငံကဗျာဆရာ အသင်းဆိုပြီး အသစ်ပြန်ဖွဲ့လိုက်တယ်။ ဖွဲ့ခိုင်းတဲ့အခါ အဲမှာတင် လွတ်လပ်မှုဆိုတာမရှိတော့ဘူး။ သူတို့ချုပ်ကိုင်မှုနဲ့ စစ်အာဏာရှင်စနစ်အောက်မှာ သူတို့ခွင့်ပြုပေးသလောက်ပဲ လုပ်ခဲ့ရ တယ်။ စာပေစိစစ်ရေးဆိုတာလည်း မဆလခေတ်နောက်ပိုင်းမှာ ပေါ်လာတာ။ ဆိုလိုတာက တောက်လျှောက်ကတော့ အသင်းအဖွဲ့ဆိုတာ သိပ်များများစားစား ဖွဲ့ခွင့်မပေးဘူး။ ပေးရင်တောင် သူတို့ခွင့်ပြုမှ။ အဲတော့ အဖွဲ့အစည်းတွေကို မှတ်ပုံ တင်ခိုင်းတယ်။ ဟိုးအရင်တုန်းက ဖဆပလခေတ်တောက်လျှောက် မှတ်ပုံတင်ရတဲ့အဖွဲ့ဆိုတာ မရှိဘူး။ စစ်အစိုးရတွေ လက်ထက်ရောက်မှ မှတ်ပုံတင်ခဲ့ကြရတာ။ ဒီဘက်ကာလတွေ အထိအောင်။ အရင်တုန်းက စာပေစိစစ်ရေးဆိုတာလည်း မရှိဘူး။

အဲတော့ ဒီဘက်အဖွဲ့အစည်းတွေများလာတဲ့အခါကျတော့ ၂၀၁၅ ရွေးကောက်ပွဲလည်းပြီးရော ဘာပဲပြောပြော ဒီမိုကရေစီနိုင်ငံလည်း ဖြစ်လာပြီဆိုတော့ တစုံတရာလွတ်လပ်ခွင့်တော့ ရလာပြီး ရတဲ့အခါကျ စာပေအဖွဲ့အစည်းတွေ တော်တော်များများ ဖွဲ့လာနိုင်တယ်။ လက်ရှိလည်း တရားဝင် ၁၁ ဖွဲ့လောက်ရှိတယ်။ အဲဒီကနေ စာပေညီလာခံဆိုပြီး ဒုတိယအကြိမ်မြောက် လုပ်ခဲ့နိုင်တယ်။ ဒါပေမယ့် ဒီအဖွဲ့အစည်းတွေများလာတယ်ဆိုတာ လွတ်လပ်မှုရှိတဲ့ ကာလ ဖွဲ့ခွင့်ရတဲ့အခါကျတော့ လူငယ်တွေက စုစုစည်းစည်း မဟုတ်ဘဲနဲ့ကိုယ်စိတ်တိုင်းကျ သီးခြားလုပ်သလိုဖြစ်နေတယ်။ ညီညွတ်မှုလည်း မရှိဘူး။ ဖြစ်သင့်တာကတော့ ဟိုးအရင်လို အလွန်ဆုံးရှိ တဖွဲ့နှစ်ဖွဲ့ပေါ့။ စုစုစည်းစည်းနဲ့သမဂ္ဂဖြစ်အောင်။ ခုဟာတော့ အဲလိုကို ဒီကာလမှာ ဖြစ်ကိုမဖြစ်သေးဘူး။ ခုဟာက စာရေးဆရာအသင်းတွေ သမဂ္ဂတွေ ၁၄၊ ၅ဖွဲ့လောက်ကို ဖြစ်နေတယ်။ အဲဒါကိုက သိပ်အားရစရာ မကောင်းဘူး။

မေး ။ ။ သမဂ္ဂနဲ့ပတ်သက်ပြီး ကဗျာဆရာကြီး မောင်သင်းခိုင်က နံနက်ခင်းဂျာနယ်မှာထင်တယ်၊ အမည်ရွေးတာက အစ လိုဂို၊ အလံစသဖြင့် ဘယ်လိုတွေ လုပ်ဆောင်ခဲ့ရသလဲဆိုတာ အသေးစိတ်နီးပါး သူကိုယ်တိုင်ပါဝင်ခဲ့တဲ့ ကဗျာဆရာ သမဂ္ဂ အတွေ့အကြုံတွေကို ပြောခဲ့ဖူးပါတယ်။ တတိုင်းပြည်လုံးမှာ ရှိတဲ့ ကဗျာဆရာတွေ ပါဝင်တဲ့ ကဗျာဆရာသမဂ္ဂဖြစ်ဖို့ ဘယ်လိုလုပ်ဆောင်လှုပ်ရှားဆောင်ရွက်သင့်သလဲဆိုတာ အကြံပြုပေးပါဦး။
ဖြေ ။ ။ အဲဒါကတော့ လက်ရှိရေးနေတဲ့ကဗျာဆရာတွေ အထူးသဖြင့် လူငယ်တွေပေါ့၊ လူလတ်ပိုင်းတွေရှိမယ်၊ လူငယ် ပိုင်းတွေရှိမယ်။ ဗမာနိုင်ငံလုံးဆိုင်ရာ ကဗျာဆရာ သမဂ္ဂဆိုပြီး ဖွဲ့လို့ရပါတယ်။ အသင်းဖြစ်ဖြစ် သမဂ္ဂဖြစ်ဖြစ် အဲဒါနဲ့တွဲပြီး တော့ ညီညီညွတ်ညွတ်နဲ့လုပ်စေချင်တယ်။ အသင်းတခု ဖွဲ့ပြီးရင်လည်း ရန်ကုန်တိုင်းဆိုရင်လည်း ဒဂုံတို့ သာကေတတို့ မြောက်ဥက္ကလာ၊ တောင်ဥက္ကလာ အစရှိသဖြင့်၊ မြို့နယ်အသီးသီးက သမဂ္ဂခွဲတွေ ထပ်ဖွဲ့ရမယ်။ မြို့နယ်အသီးသီးမှာလည်း ထပ်ပြီး သမဂ္ဂတွေဖွဲ့စည်းရမယ်။ မန္တလေးတို့ကျန်တဲ့တိုင်းတွေမှာလည်း ကိုယ့်သမဂ္ဂတွေ အသင်းတွေ ဖွဲ့ရမယ်။ ရန်ကုန် တိုင်းရဲ့ဦးဆောင်မှုနဲ့ဖွဲ့ရမယ်။ အဲဒါမှသာ စုစုစည်းစည်းနဲ့ ညီညီညွတ်ညွတ်နဲ့ တတိုင်းပြည်လုံးပါဝင်တဲ့ကဗျာဆရာ သမဂ္ဂ ဖြစ်လာမယ်။ တကယ်လည်း အောင်အောင် မြင်မြင်ဖြစ်မယ်။

မေး ။ ။ ဆရာ့အသက်အရွယ်အရ ဖြတ်သန်းမှုအရရော ပြည်တွင်းစစ်ကြီးနဲ့ကြီးပြင်းခဲ့ရပြီး ယခုထိ မငြိမ်းချမ်းနိုင်သေးတဲ့ အပေါ် ကဗျာဆရာတယောက်အနေနဲ့ ဘာပြောချင်တာရှိမလဲ။
ဖြေ ။ ။ အမြင်ပြောရရင်တော့ တောက်လျှောက်က ၁၉၄၈ ခုနှစ်ကနေ လွတ်လပ်ရေးရပြီး ပြည်တွင်းစစ်ဖြစ်လာတာ၊ တနိုင်ငံလုံး ပြည်သူတွေက ဒုက္ခရောက်ရတာ။ အဓိကကတော့ တိုင်းရင်းသားပေါင်းစုံလူမျိုးတွေနဲ့ လက်ရှိ စစ်အုပ်ချုပ်သူ တွေနဲ့ ဖဆပလခေတ်ထဲက ပြည်တွင်းစစ်ဖြစ်တာ။ ဖြစ်တော့ ဖဆပလ၊ ကွန်မြူနစ်ပါတီ ကွဲတာတွေပါတယ်။ လူမျိုးစု အဖွဲ့အစည်းတွေ ကွဲသွားတာ။ တိုင်းပြည်လွတ်လပ်ဖို့ ငြိမ်းချမ်းဖို့ဆိုပြီးတော့ လက်နက်ကိုင်အဖွဲ့အစည်းတွေက အုပ်ချုပ် သူတွေနဲ့စစ်ဖြစ်တာ။ ဖြစ်တဲ့အခါကျတော့ တကယ်တမ်း လွတ်လပ်ရေးရပြီး ပြည်သူတွေက မလွတ်လပ်ဘူး။ ငြိမ်းချမ်းရေး မရသေးဘူး။ ပြည်သူတွေကနေ ကိုယ်စားလှယ်တွေကနေ အဖွဲ့အစည်းတွေကနေ လက်နက်ကိုင်အဖွဲ့တွေကနေ နိုင်ငံ တော်နဲ့ပြဿနာဖြစ်ပြီးတော့ ပြည်တွင်းစစ်ဖြစ်တာ။ အဲဒါကိုက တောက်လျှောက် နှစ် ၇၀ ဖြစ်လာတာ။ ပြည်တွင်းငြိမ်းချမ်း ရေးဆိုတာ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကတောက်လျှောက်လုပ်ခဲ့တာ။ သူက ငြိမ်းချမ်းရေးဖခင်ကြီး။ ဆရာကြီးက ဘာပြောသလဲဆို နှစ်ဖက် သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေးတည်ဆောက်ဖို့၊ အဲဒါက ဘာလဲဆိုရင် ပြည်သူတွေရဲ့အလိုကျ တဖက်အဖွဲ့အစည်းတွေရဲ့ညှိညှိနှိုင်းနှိုင်းနဲ့ အားလုံး အဖွဲ့အစည်းတွေပါဝင်တဲ့ညီညွတ်တဲ့ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ တွေ့ဆုံဆွေးနွေးရေးလုပ်ဖို့ စစ်ရပ်စဲဖို့ နောက် လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ စည်းစည်းလုံးလုံးတည်ဆောက်ဖို့ ဆိုတာ အဓိကအရေးကြီးတဲ့လုပ်ငန်းတွေဖြစ်တယ်။ ခုဆိုရင် နှစ် ၇၀ ရှိပြီ။

ဗမာပြည်ရဲ့ပြည်တွင်းစစ်ဆိုတာ ကမ္ဘာမှာ အကြာဆုံး ဖြစ်တယ်။ အဲခါကျတော့ ဒီစစ်ကြီးကို အမြန်ဆုံးရပ်စဲဖို့ဆိုတာ လက်ရှိ ဒီမိုကရေစီအစိုးရခေတ်မှာတောင် ၂၁ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံဆိုပြီး အကောင်အထည်ဖော်နေတယ်။ ဖော်တဲ့အ ခါကျ ဒုတိယညီလာခံမှာပြီးတဲ့အထိကို ညီညီညွတ်ညွတ်နဲ့ မရှိဘူး။ ခု တတိယအကြိမ်ပင်လုံငြိမ်းချမ်းရေးညီလာခံဖြစ်ဖို့  ဆိုတာ လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ တပ်မတော်တို့က ညှိလို့ကိုမရသေးဘူး။ စစ်ရပ်စဲရေး၊ အပစ်ရပ်စဲရေးပြောဆို တောင်းဆိုနေကြပေမယ့် လက်တွေ့ကတော့ နှစ်ဖက်လုံး အပစ်မရပ်။ တိုက်နေကြတုန်းပဲ။ ငြိမ်းချမ်းရေးဆိုတာ မရသေး တော့ စိတ်မကောင်းစရာပါပဲ။ တွေ့ဆုံဆွေးနွေးရေး သူမနာ ကိုယ်မနာငြိမ်းချမ်းရေးဆိုတာ အဖွဲ့အစည်းပေါင်းစုံနဲ့ ညှိညှိနှိုင်း နှိုင်းနဲ့ အမြန်ဆုံးရဖို့ ၂၁ရာစုပင်လုံညီလာခံတို့ NCAတို့ ဘာတို့မှာ သဘောမတူတဲ့ကိစ္စရပ်တွေ လျှော့ချပြီး အားလုံးသ ဘောတူ၊ တပ်နဲ့လည်း တကယ် ညှိညှိနှိုင်းနှိုင်းနဲ့ ဆောင်ရွက်ပြီး တပ်ကလည်း တကယ်ငြိမ်းချမ်းရေး လိုချင်တဲ့တပ်မတော် ဖြစ်မှသာ ပြည်တွင်းငြိမ်းချမ်းရေးအစစ်အမှန်ရနိုင်မယ်။

မေး ။ ။ ယခုဆို မြန်မာပြည်တ၀ှန်း ငြိမ်းချမ်းရေးတောင်းဆိုဆန္ဒပြုပွဲတွေမှာ ကဗျာရွတ်လို့ ဖမ်းဆီးထောင်ချတာတွေလုပ် နေတယ်ပေါ့လေ။ ဒါနဲ့ပတ်သက်ပြီး ကဗျာချစ်သူတွေ ကဗျာဆရာတွေက လူမှုကွန်ရက်တွေမှာရော အပြင်မှာပါ ဝေဖန် အပြစ်တင်မှုတွေမြင့်တက်နေတယ်။ ရန်ကုန်ကဗျာဆရာသမဂ္ဂကလည်း ကန့်ကွက်ရှုတ်ချတဲ့ ကြေညာချက်တစောင် ထုတ် ထားပါတယ်။ ဒါပေမယ့် တာဝန်ရှိသူတွေကတော့ ပြန်လွှတ်ပေးခြင်း၊ တရားစွဲဆိုမှုရပ်ဆိုင်းခြင်းမျိုး လုပ်လာတာ မတွေ့ရပါ ဘူး။ ဒီအပေါ်မှာရော ဆရာ ဘယ်လိုဖြစ်စေ၊ လုပ်စေချင်ပါသလဲ။
ဖြေ ။ ။ ပွင့်ပွင့်လင်းလင်းပြောရရင် လက်ရှိ ဒီမိုကရေစီအစိုးရဖြစ်လာပေမယ့် အုပ်ချုပ်မှုပိုင်းမှာ လက်ရှိအစိုးရနဲ့တပ်မတော် အစိုးရယ် နှစ်ခုဖြစ်နေတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဆိုတာ ခုထက်ထိ ပြင်လို့မရသေးဘူး။ ဖျက်လို့လည်း မရသေးဘူး။ မရတဲ့ အခါကျ အဲဒီရဲ့လွှမ်းမိုးမှုတွေ ရိုက်ချက်တွေက ဒီနေ့ထိ ပြည်သူတွေက ခံနေရတာ။ ငြိမ်းချမ်းရေးက မရသေးဘူးလေ။ အဲဒီ အတွက် ဒီကာလမှာ ဖိနှိပ်မှုတွေ ရိုက်ခတ်မှုတွေရှိနေတယ်။ မီဒီယာတွေမှာတောင် လွတ်လပ်မှုမရှိဘူး။ မီဒီယာလွတ်လပ် ခွင့်ဆိုပြီး အဖွဲ့အစည်းတွေ ပြည်သူတွေက တောင်းဆိုနေကြတယ်။ နိုင်ငံတော်ကလည်း ဒီမိုကရေစီအစိုးရဆိုပေမယ့် အုပ် ချုပ်ရေးပိုင်းမှာ သူတို့ ကိုယ်တိုင် ကြိုးစားနေရတဲ့အတွက် ပြည်တွင်းစစ်ရပ်စဲဖို့ အခက်အခဲဖြစ်တယ်။ ဒီမိုကရေစီရေး ဆန္ဒ ပြတာတို့ငြိမ်းချမ်းရေး တောင်းဆိုတာတို့ ကျောင်းသားသမဂ္ဂတို့စာရေးဆရာအဖွဲ့အစည်းတို့က တောင်းဆိုနေတာ တောင် အနှိမ်ခံရသလို အဖိနှိပ်ခံနေရသလိုဖြစ်နေတယ်။ ဒီမိုကရေစီနိုင်ငံဆိုတာ အစိုးရက အပြည့်အ၀ ဒီမိုကရေစီရေး လွတ်လပ် ခွင့်ရေး ပေးဖို့တော့ တကယ်လိုအပ်တယ်။

ခုဆိုရင် ကဗျာရွတ်တယ်ဆိုတာတောင် ဆန္ဒပြတဲ့အထဲ သွားရွတ်တာ။ ဆန္ဒပြတာတောင် မဟုတ်ဘူး။ ငြိမ်းချမ်းရေး ကဗျာကို ရွတ်တာ ဒါကို အရေးယူဖို့မလိုဘူး။ ဖမ်းဆီးဖို့မလိုဘူး။ ခုဆိုရင် လူငယ်တွေက မဟာဗန္ဗ္ဓ္ဓုလပန်းခြံထဲ ငြိမ်းချမ်းရေး အတွက် ကဗျာတွေရွတ်ကြတာ လူငယ်တွေ ၃ ယောက် အဖမ်းဆီးခံရတယ်။ အဲဒါမျိုးကိုတော့ လက်ရှိနိုင်ငံတော်အစိုးရက မလုပ်သင့်ဘူး။ ဒီမိုကရေစီရေးအတွက် ငြိမ်းချမ်းစွာတောင်းဆိုတာမျိုးကို တစုံတရာ ခွင့်လွှတ်ဖို့နားလည်ဖို့သင့်တယ်လို့ သဘောပေါက်ပါတယ်။ လက်ရှိမှာလည်း ပြည်သူလူထုတရပ်လုံးက လူငယ်တွေအတွက် ကဗျာဆရာတွေအတွက် လွှတ် ပေးဖို့ တောင်းဆိုဖို့လိုအပ်ပါတယ်။

မေး ။ ။ ဘာများဖြည့်စွက် ပြောချင်တာရှိပါသလဲ ဆရာ။
ဖြေ ။ ။ လက်ရှိပြည်သူလူထုတရပ်လုံး စည်းစည်းလုံးလုံးနဲ့ ဒီမိုကရေစီနိုင်ငံကြီးဖြစ်ဖို့ ဒီမိုကရေစီပီသဖို့ ဆိုတာ နိုင်ငံ တော်ကလည်း တာဝန်ရှိတယ်။ ပြည်သူတွေကလည်း တာဝန်ရှိတယ်။ အထူးသဖြင့် တပ်မတော်ကပိုပြီး တာဝန်ရှိတယ်။ တပ်မတော်ကလည်း ပြည်တွင်းငြိမ်းချမ်းရေးရဖို့ တစုံတရာ တားဆီးမှု ပိတ်ပင်မှုတွေရှိလို့ ဖြစ်တာ။ အဲဒီအတွက် နိုင်ငံ တော်အစိုးရက တပ်နဲ့ညှိညှိနှိုင်းနှိုင်းလုပ်ရင်းနဲ့ တပ်ကို ချုပ်ကိုင်ဦးဆောင်နိုင်ဖို့လိုအပ်တယ်လို့ပြောရင်းနဲ့ ငြိမ်းချမ်းရေးရဖို့ တရားဥပဒေစိုးမိုးဖို့ပြောရင်းနဲ့ နိဂုံးချုပ်ပါတယ်။



ကဗျာဆရာ ညွှန့်သစ် ကိုယ်ရေးအကျဉ်း
အမည်ရင်း- ဦးစိုးညွှန့်

၁၉၄၂၊ နိုဝင်ဘာ ၂၄ရက်ဖွား

ဧရာဝတီတိုင်းဇကာကြီးရွာတွင်အဖ- ဦးအုန်းမောင်၊ အမိဒေါ်ညိုတို့မှ မွေးဖွား

မွေးချင်းညီအကို ၃ယောက် အနက် ဒုတိယသား

၁၉၅၀ ပြည်တွင်းစစ်ဖြစ်ပွားနေချိန် ရန်ကုန်ရောက်

ရန်ကုန်ခရိုင်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ အမှုဆောင် အဖွဲ့ဝင်

ပထမဆုံးကဗျာစာမူ- ၁၉၇၁၊ မိုးဝေမဂ္ဂဇင်းမှာ ဒါပါပဲ ကဗျာဖြစ်

စုပေါင်းကဗျာစာအုပ်များတွင်လည်း ပါဝင်ရေးသားခဲ့

တကိုယ်တော်အနေနဲ့ ခါးသက်တဲ့အရသာ(၁၉၉၄)၊ ကောင်းကင်ပင်လယ် (၂၀၀၄)အင်္ဂလိပ်-မြန်မာနှစ်ဘာသာ (သားဂျာနယ်ကျော် မိုးဟိန်း အင်္ဂလိပ်ဘာသာပြန်ဆို) လုံးချင်းကဗျာစာအုပ် ၂အုပ်ထုတ်ဝေထား

ဇနီး- ဒေါ်မြမြသန်း သား ၃ ဦးရှိ

ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ် ပုသိမ်လမ်းတွင်နေထိုင်ရင်း ကဗျာ၊ ဆောင်းပါးများရေးသားလျက်ရှိ
0