K ငြိမ်းချမ်း ● ကဗျာဆရာ ကောက်နွယ်ကနောင်နှင့် တွေ့ဆုံခြင်း

K ငြိမ်းချမ်း ● ကဗျာဆရာ ကောက်နွယ်ကနောင်နှင့် တွေ့ဆုံခြင်း
(မိုးမခ) ဇွန် ၁၉၊ ၂၀၁၈

၂၀၁၄ ခုနှစ် ENVOY ဂျာနယ်မှာ အမှုဆောင် အယ်ဒီတာအဖြစ်ဆောင်ရွက်ခဲ့စဉ် ကဗျာဆရာ၊ စာရေးဆရာတွေနဲ့အကြောင်း အရာအလိုက် အင်တာဗျုးများလုပ်ဖြစ်ခဲ့ပါတယ်။ ထိုဆရာ၊ ဆရာမများကတော့ မောင်စိမ်းနီ၊ မောင်မှိုင်းလွင် (အင်းဝ)၊ မောင်တင်သစ်၊ မောင်သိန်းဇော်၊ စန်းဦး၊ အောင်ဇင်မင်း၊ ကိုရဲလွင်၊ သစ္စာနီ၊ မင်းသစ်၊ စမ်းစမ်းနွဲ့ (သာယာဝတီ)၊ ဖျာပုံနီလုံဦး၊ မောင်ဒေါင်း၊ ဘုန်းသက်ပိုင်၊ ကောက်နွယ်ကနောင်၊ မောင်သွေးသစ်၊ မိုးဝေး၊ အောင်ဘညိုတို့ဖြစ်ပါတယ်။

အဲဒီဆရာ၊ ဆရာမများထဲမှ ဆရာ မင်းသစ်၊ မောင်စိမ်းနီ၊ ဆရာ အောင်ဘညို၊ ဆရာ ကောက်နွယ်ကနောင်တို့ကတော့ ကွယ်လွန်ခဲ့ကြပါပြီ။

ဆရာ/မများနဲ့ခဏတာ မေးမြန်းခဲ့ရမှုအတွက် ဂုဏ်ယူဝံ့ကြွားဖြစ်ရပြီး အကြောင်းအရာများကလည်း လတ်ဆတ်ဆဲမို့ ဧပြီ လ၂၀ ရက်နေ့က ကွယ်လွန်သွားခဲ့တဲ့ ကဗျာဆရာ ကောက်နွယ်ကနောင် ကွယ်လွန်ခြင်း ၃ လပြည့်အတွက် ၂၀၁၄ ခုနှစ်၊ ၁ဝ လပိုင်းကလုပ်ခဲ့တဲ့ ဆရာနဲ့အင်တာဗျူးကို မိုးမခဝိုင်းတော်သား K ငြိမ်းချမ်းက ပြန်လည်တင်ဆက်လိုက်ပါတယ်။

မေး ။  ။  ဆရာက နှစ်ကာလများစွာ သောင်းပြောင်းထွေလာမဂ္ဂဇင်းအယ်ဒီတာလုပ်ခဲ့တော့ နအဖလက်အောက် စိစစ်ရေး ကာလ ငွေမင်ရည်သုတ် အစုတ်ဖြဲခံကဗျာတွေအကြောင်း ပြောပါဦးဆရာ။
ဖြေ ။   ။ ငွေမင်ရည်သုတ်တယ်ဆိုတာက စာဖတ်သူတွေမဖတ်စေချင်လို့ မသိစေချင်လို့တမင်လုပ်တာ။ စာနယ်ဇင်းတွေမှာ သူတို့ကိုဆော်တယ်ထင်တဲ့ ကဗျာတွေကို ပထမအမည်းပိတ်ပေးရတယ်။ ဒီကဗျာကို ပိတ်ဆိုရင် ရုံးက ပြန်ကျတော့ ပုံနှိပ် စက်မှာ တပြင်လုံး အနက်ပိတ်ရတယ်။ စာပေစိစစ်ရေးရုံးကို နမူနာအဖြစ် ကြိုတင်တာကို ရုံးက ဖြုတ်ထုတ်သတ်လုပ်ပြီးမှ စာဖောင်တွေကို အပြီးရိုက်ရတာ။ ခုခေတ်လို ကွန်ပျူတာအော့ဖ်စက်တွေ မဟုတ်ဘူးလေ။ ခဲစာလုံးခေတ်ဆိုတော့ အရမ်း လက်ဝင်တယ်။ စာပေစိစစ်ရေးက နည်းမျိုးစုံနဲ့တင်းကျပ်။ မဂ္ဂဇင်းထုတ်တဲ့သူတွေကလည်း နည်းမျိုးစုံနဲ့ကျော်ဖြတ်လာခဲ့ကြ တာပါပဲ။

ရှေ့ကကုန်းတော့ နောက်ကပေါ်ဆိုသလို ပိတ်တဲ့ကဗျာတွေကိုမှ စာဖတ်ပရိသတ်တွေက ပိုစိတ်ဝင်စားတယ်။ ဖတ်လို့ရ အောင် ကြံဖန်နည်းလမ်းရှာတယ်။ ဖတ်လို့ရတယ်။ ကော်သုတ်ပိတ်ထားတာကိုရေနူးပြီး ပြန်ခွာဖတ်တယ်။ ငွေမင်ရည် သုတ်ထားရင်နေရောင်မှာ ထောင်ကြည့်ပြီး ဖတ်လို့ရတယ်။ ကျနော်ရေးတဲ့ကဗျာတွေလည်း ခဏခဏ အပိတ်ခံရတာပဲ။ ဆိုပါစို့ ၁၉၈၅တုန်းက ရုပ်ရှင်အောင်လံမဂ္ဂဇင်းမှာ အဖွင့်ပါတဲ့ “ကြိုးဆွဲရုပ်များ” ကဗျာ။ ဆရာဗဂျီအောင်စိုးသရုပ်ဖော်ပုံနဲ့ ဖတ်မရအောင် ကော်သုတ်ပိတ်တယ်။ ကျနော်ကလည်း မရရအောင် ခွာပြီး ဖတ်ခဲ့ရပါတယ်။

ဒီကဗျာက ရုပ်သေးရုပ်တွေအကြောင်း ကြိုးဆွဲတဲ့အတိုင်း လှုပ်ရှားရတဲ့ဇာတ်ရုပ်တွေ ပွဲပြီးရင် ဇာတ်ခုံနောက် သေတ္တာ တွေ ကြား ပြန်ရောက်။ ခေါင်းညိတ်၊ လက်လှုပ်၊ မကတတ်တောတဲ့အကြောင်းပြောထားတာ။ မလုံတဲ့အိုး၊ တုတ်ထိုးရုံနဲ့အာ ဆိုသ လို သူတို့လိပ်ပြာ သူတို့မလုံတာနဲ့ အပိတ်ခံရတဲ့ကဗျာပါပဲ။ ဒါမျိုးတွေက အများကြီး ကြုံခဲ့ပါတယ်။

မေး ။  ။  မဆလခေတ် (မိုးဝေကဗျာခေတ်) နအဖခေတ် (၉၀ နောက်ပိုင်း) တွေ ဆရာက ကဗျာရေးရင်း ဖြတ်သန်းခဲ့သူ ဆို တော့ အာဏာရှင်အဆက်ဆက်ရဲ့စာပေသမားတွေအပေါ် ရန်သူလိုဆက်ဆံခဲ့ပုံတွေ ပြန်ပြောင်းပြောပြပေးပါဆရာ။
ဖြေ ။  ။ ရန်သူလိုဆက်ဆံတာ မပြောနဲ့။ အခုဆိုရင် အနှစ် ၄ဝ ပြည့်သွားပြီ။ အသက် ၂၀ကျော်တုန်းက ၇၄ ဝန်းကျင်။ မဆလ ခေတ်၊ “မငြိမ်းမချမ်းနဲ့ကဗျာ”စာအုပ်ထုတ်လို့ ပုဒ်မ (၅) (င) နဲ့ အဖမ်းခံရတယ်။ ရာဇသတ်ကြီး ပုဒ်မ၁၂၄ (က) ဆို တာာက အစိုးရကိုအကြည်ညိုပျက်အောင် စာရေးခဲ့တာကိုး။ ဟင်္သာတထောင်မှာ လေးနှစ်ကျော်၊ တမင်ဆွဲထားတာလေ။ ရုံးထုတ် လိုက် အမှုစစ်လိုက်နဲ့ ပြီးတော့လည်း ခံဝန်နဲ့ တရားသေလွှတ်ခဲ့တာပါပဲ။ ဒီတုန်းကလည်း ဘောင်းဘီချွတ်တွေကို ကျနော်တို့ က ကဗျာနဲ့ အသေဖဲ့တာ။ ရေးတဲ့ကဗျာတွေကလည်း ...

သေနတ်တပြပြနဲ့
လူသတ်ကြမှာလား
ဟယ်… သွေးဆာသူကြေးစား
ကိုင်ထားတဲ့သေနတ်နဲ့ ပစ်သတ်လိုက်စမ်း
ဒူးရမ်းမယ် မထင်နဲ့
ဘာပဲပြောပြော တောသုံးထောင်မှာ
အုပ်စိုးတာ ဘယ်သူလဲ
ငရဲခွေးလား ပြည်သူ့ခွေးလား
ခွဲခွဲခြားခြားသိတယ်” ဆိုတာမျိုးတွေ

ပူလောင်ခြင်းတွေက
ဆူအောင်ညည်းနေကြပြန်တယ်
ခေတ်အငတ်မြေကို
စစ်ဖိနပ်တွေကို နင်းပြန်တယ်
တရေးမအိပ်အား ဆွေးသိပ်နားဖို့
အေးရိပ်များကို ဒို့ရှာတယ်။

ဒီတုန်းက ကျနော်တို့က နယ်မှာ၊ ရန်ကုန်မှာက ၇၄ ဇွန် အလုပ်သမားသပိတ်၊ ဦးသန့်ဈာပနအရေးအခင်းတွေနဲ့တိုက်ပွဲသံ တွေနဲ့ နိုင်ငံရေးမီးတောက်တွေ ဟုန်းဟုန်းထတောက်လောင်နေချိန်ပဲပေါ့။

မေး ။  ။  ဆရာ့ရဲ့နှစ်ပေါင်းများစွာ သိမ်းဆည်းပြီဲးမှ ထုတ်ဝေခဲ့တဲ့ “ပြုံးချိုဖတ်ဖို့” ကဗျာရှည်စာအုပ်နဲ့ပတ်သက်ပြီးလည်း ပြောပြပေးပါဦး။
ဖြေ ။  ။ အဲဒီတုန်းက ကျနော် အလုပ်ဆင်းရတဲ့ မိုးဝေမဂ္ဂဇင်းက ၉၇လမ်း ကန်တော်လေးမှာ ဆရာမ ခင်သစ်လွင်တို့ ထုတ် တဲ့အချိန်။ စတော့ဂိတ်ရုံး(သိမ်ဖြူမီးရထားခုံးကျော်)ဘေးမှာ သံဃာပါတီ ဗမာပြည်ဆိုပြီး အောက်ခံအနီမှာ အဖြူရောင်လက်ဝဲစာလုံးနဲ့ရေးထားတဲ့ဆိုင်းဘုတ်ရှိတယ်။ ကျနော့်မျက်စိရှေ့မှာပဲ သွေးရဲရဲ သံရဲရဲ အတုန်းအရုန်းလဲကျ၊ သေနတ်ဒဏ်ရာရပြီး ထွက်ပြေးကြနဲ့ ကျောင်းသားတွေရဲ့မြင်ကွင်းကို ကျနော့်တသက် မေ့မရတော့ဘူး။ နောက်ပိုင်း ကျနော့်ညီ ပြုံးချိုလည်း နှစ်ရှည်ထောင်ကျသွားတယ်။ သက်ဝင်းအောင်က မန္တလေးထောင်မှာ အသက်ဆုံးရ တယ်။ ကျနော်လည်း နယ်ပြန်ရောက်ပြီး ၂နှစ်လောက်အကြာမှာ ကဗျာရှည်က ရေးပြီးသွားတယ်။ အန္တရာယ်ရှိလို့ သိုသို သိပ်သိပ် သိမ်းထားရ။ ကျနော့်ဆီက ပြည်က ကွယ်လွန်သွားတဲ့ ကဗျာဆရာချမ်းငြိမ်းအေးရောက်လာ။ ကဗျာရှည်ကို ရွတ်ပြရင်း ပြည်နဲ့တွံတေးမှာ တိတ်တဆိတ်ကဗျာရွတ်ပွဲတွလုပ်ဖြစ်တယ်။

ကဗျာရှည်မှာက အပိုင်းလေးပိုင်း ခွဲပြီးရေးထားတာပါ။ အရေးအခင်းအကြိုကာလ၊ ၆၂နှစ်ကနေ ၈၈အထိ၂၆နှစ်တာကာလ၊ သြဂုတ်လအတွင်း တနေ့ချင်းဖြစ်ပျက်ခဲ့တာတွေ။ နောက်မျိုးဆက်တွေအတွက် ရှေ့ခရီးကြမ်းကို ပုံဖော်ရင်းရေးထားတာပါ။ တိုင်းပြည်မီးလောင်ရင် ပြည်သူတွေ မီးမြှိုက်ခံရတာပါပဲ။ ဒီမိုကရေစီရေး စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးကို လူထုတရပ် လုံး ပါဝင်လာတဲ့အချိန်မှာ ကဗျာဆရာတွေလည်း အတူတကွပေါင်းစည်းတိုက်ပွဲဝင်ခဲ့တယ်ဆိုတာ “ ပြုံးချိုဖတ်ဖို့ကဗျာ”ဟာ မှတ်တိုင်တခုပါပဲ။ စာမူကြမ်းရေးထားပြီး ၂၂ နှစ်လောက်ကြာမှ ပုံနှိပ်စာအုပ်အဖြစ်ထုတ်ဝေနိုင်ခဲ့ပါတယ်။

ခေတ်ဆိုးခေတ်ကျပ်ကြီးထဲမှာ ကဗျာဆရာတွေရဲ့ရပ်တည်မှုဟာ မလွယ်လှပါဘူး။ သမိုင်းနောက်ခံ ကဗျာရှည်တပုဒ်ရေး ဖို့အတွက် နှစ်ပေါင်းများစွာ ဥထားခဲ့ရတဲ့ကဗျာရှည်ဖြစ်ပါတယ်။

နောက် ၈၈ တုန်းက မိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာ။ အရေးအခင်းကြီးဖြစ်တော့ မိုးဝေမဂ္ဂဇင်းလည်း ရပ်လိုက်ရတယ်။ ကဗျာ ဆရာ ငသိုင်းချောင်းဝံသာတို့ ဇူလိုင် ၈၈မှာ ထုတ်တဲ့ “လွှင့်မျောအစဉ်နှင့် ရသမိုးကောင်းကင်” ကဗျာမဂ္ဂဇင်းမှာ ကျနော် ရေး တဲ့ “ငါ့ညီမလေးရဲ့ လက်ကိုင်ပုဝါ” ကဗျာပါတယ်။ ၈၈ အရေးအခင်းကာလ ကဗျာ အဲကဗျာကိုပဲ ကိုမြင့်ဦး (ဆုစာပေ) က ကြိုက်လို့ အင်တာနေရှင်နယ် မဂ္ဂဇင်းမှာ အင်္ဂလိပ်မြန်မာနှစ်ဘာသာနဲ့ဖော်ပြတော့ စိစစ်ရေးက ဖြုတ်တယ်။

ကျနော်ကလည်း ကဗျာ ၄၉ပုဒ်ပေါင်းပြီး “ငါ့ညီမလေးရဲ့လက်ကိုင်ပုဝါ”ကဗျာလုံးချင်းစာအုပ် ကိုစိုးနိုင်အဖုံးနဲ့ ပန်းရိုင်းမြေ စာအုပ်တိုက်ကနေ ၇ အုပ်မြောက်အဖြစ် ထုတ်တယ်။ စာပေစိစစ်ရေးက စာမူခွင့်ပြုချက်မျက်နှာဖုံး ခွင့်ပြုချက်တွေ ရပြီး သား။ ဖြန့်ချိခွင့်ရဖို့စောင့်နေတဲ့အချိန်၊  အဲဒီမှာ အမေရိကန်က ကဗျာဆရာမ တဦးရောက်လာလို့ သံရုံးက မိတ်ဆက်ပွဲ လုပ်တယ်။ ဆရာမ ရွှေကူမေနှင်းက ကျနော့်ရဲ့“ငါ့ညီမလေးရဲ့လက်ကိုင်ပုဝါ” အင်္ဂလိပ်လို ရွတ်တယ်။ ပွဲမှာက ၈၈ ကျောင်းသူ တွေ ရှိတယ်။ ဘယ်လိုမှ ထိန်းလို့မရဘူး။ ဆရာမ ရွှေကူမေနှင်းလည်း ကဗျာရွတ်ပြီးရော ချုံးပွဲချငိုကြွေးကြတယ်။

ဒီသတင်းက အပြင်မှာ ပျံ့သွားတယ်။ ကျနော့်ရဲ့ဖြန့်ဖို့လုပ်နေတဲ့ ငါ့ညီမလေးရဲ့လက်ကိုင်ပုဝါ ကဗျာလုံးချင်း လုံးဝဖြန့်ချိခွင့် မရတော့ဘူး။ အပိတ်ခံရတယ်။ စာပေစိစစ်ရေးဆိုတာက အဲဒီလို ညစ်ခဲ့တယ်။ ထုတ်ဝေသူရော ကဗျာရေးသူပါ အထိနာ အောင် နည်းမျိုးစုံနဲ့နှိပ်ကွပ်ခဲ့ကြတာပါပဲ။ ပုံနှိပ်စာအုပ်အဖြစ် ရိုက်နှိပ်ခဲ့ပြီး ဘယ်လိုမှ ဖြန့်ချိခွင့်မရတဲ့ကဗျာစာအုပ်။ ဒါမျိုး တွေလည်း ကြုံခဲ့ရပါတယ်။

မေး ။  ။ ယနေ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ တပ်မတော်တို့ရဲ့ပြည်တွင်းစစ်နဲ့ပတ်သက်ပြီးတော့ရော ကဗျာဆရာ တယောက်အနေနဲ့ဘာများ ပြောချင်ပါသလဲ။ သက်ဆိုင်သူတွေကို ဘာများအကြံပြုချင်ပါသလဲဆရာ။
ဖြေ ။   ။ကျန်ာတို့တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြည်တွင်းစစ်ဆိုတာက အရှည်ကြာဆုံးစစ်ပွဲ။ နှစ် ၆ဝကျော်လာပြီ။ လွတ်လပ် ရေး ရကတည်းက တိုက်လာတာ။ ခုထိ သေနတ်သံတွေ မစဲသေးဘူး။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်တွေ လက်မှတ် တွေထိုးထားပေမယ့်လည်း ဆော်နေကြတုန်းပဲ။ လက်နက်ကိုင်ထားတဲ့သူတွေကို လက်နက်စွန့်ပါလို့ သွားပြောလို့မရဘူး။ နှစ်ဖက်စလုံးက ယုံကြည်မှုမရှိကြဘူး။ အကျိုးစီးပွားဖြစ်ထွန်းနေတဲ့သူတွေက ငြိမ်းချမ်းရေးရဖို့ မလိုလားကြဘူးလေ။

စစ်ပြေးဒုက္ခသည်တွေဘဝကို တချက်လောက်မှ ငဲ့မကြည့်ဘူး။ စကားဝိုင်းပေါ်မှာပဲ စကားလုံးတွေကို လိုရာဆွဲ အဓိပ္ပာယ် ဖွင့်ဆိုလွဲချော်မှုတွေနဲ့ အပြန်အလှန်နားလည်ယုံကြည်မှု မရှိသရွေ့ ငြိမ်းချမ်းရေးက ဝေးနေဦးမှာပဲ။ စစ်ဆိုတာက သေနတ် သံတွေ ပွက်လောညံ ယမ်းခိုးတွေ မွှမ်ထူနေ သွေးရဲရဲ လူသေအလောင်းတွေကြားမှာ အမေ အမေရေ ကျနော် ဘယ်ကို သွားရမှာလဲအမေ ဆိုတဲ့ အမေပျောက်ကလေးရဲ့ငိုကြွေးသံတွေ ကျည်ဆန်ရာ ဗရပွ စုတ်ပြဲဖွာလန်ထဘီတစ သွေးစွန်းပေ မီးခိုးတလူလူ လူသူမရှိ တွယ်ငြိ မီးကျွမ်း သစ်ငုတ်တိုထိပ်မှာ တရိပ်ရိပ်လူးလှိမ့်လွင့်ပျံ စစ်အနိဌာရုံတွေပါပဲ။

မေး ။  ။ ၂၀၁၄-စက်တင်ဘာလကုန်ပိုင်းက သမ္မတဦးသိန်းစိန် မိန့်ခွန်းထဲမှာ ငြိမ်းချမ်းရေးစာချုပ်လက်မှတ်မထိုးဖြစ်ရင် ၂၀၁၅ရွေးကောက်ပွဲလည်း မရေရာတဲ့သဘောမျိုး ပါလာတယ်။ ဒါနဲ့ပတ်သက်ပြီးလည်း ဆရာ ဘယ်လိုမြင်ပါသလဲ။ ဆရာ့အမြင်လေး။
ဖြေ ။  ။ သမ္မတကြီးက ၂၀၁၅ ရွေးကောက်ပွဲ မရေရာတဲ့သဘောမျိုး ပြောလာတာ ဟုတ်ပါတယ်။ ကျနော်ကတော့ ၂၆ သုံးလီဆိုတာကြီးကို သွားတွေးမိတယ်။၂၀၁၅ဟာ သိပ်ကိုအရေးကြီးပါတယ်။ ၂၆ သုံးလီ အဖြစ်မခံဖို့ အရေးကြီးပါတယ်။ နောင်မျိုးဆက်တွေ အတွက် ၂၀၁၅မှာ အပြတ်မရှင်းနိုင်ရင်တော့ စစ်အာဏာရှင် စစ်အုပ်ချုပ်ရေး သက်ဆိုးရှည်နေဦးမှာ ပါပဲ။

မေး ။  ။ နောက်ဆုံးမေးခွန်းအနေနဲ့ ယနေ့မြန်မာစာပေလောက ဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ရေးသူဖတ်သူအပြင် လက်ရှိအစိုး ရမှာရော တာဝန်ရှိတယ်လို့ ဆရာ ယူဆပါသလား။
ဖြေ ။  ။ ယနေ့စာပေ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာက တာဝန်မရှိပါဘူး။ စာပေ မဖွံ့ဖြိုးမှ ပညာတွေ မတတ်မှ လူညံ့လူရှော် တွေ ဖြစ်နေမှ ဆင်းရဲမွဲပြာကျနေတဲ့တိုင်းပြည်ကို ရေရှည်အုပ်ချုပ်လို့ရမယ်လေ။ ဖွံ့ဖြိုးတိုးတက်ဖို့ မပြောနဲ့ လူတွေ စာမဖတ် တတ်ရင် အကောင်းဆုံးပဲ။ ကျနော်တို့ဗမာပြည်ကြီးက ကတုန်ကယင် အဖျားတက် မျက်နှာဖူးယောင်၊ ဖောင်းပွ၊ လိမ်းဆေး သိပ်ဆေးနဲ့မရဘူး။ ဆေးခါးကြီးတွေ သောက်နေရ၊ နလန်မထဘူး။
လူနာဖြစ်နေတဲ့ဗမာပြည်ကြီးကို ဓားထက်ထက်နဲ့ခွဲစိတ်ကုသမှ ဒါတောင် မသေရုံတမယ်လေး ကျန်မှာ။  ။

● ကဗျာဆရာ ကောက်နွယ်ကနောင် ကိုယ်ရေးအကျဉ်း
ကဗျာဆရာ ကောက်နွယ်ကနောင် (၁၉၅ဝ- ၂၀၁၈)ကို အဖ-ဦးမြဦးမောင်၊ အမိ ဒေါ်လှမြင့်တို့မှ ၁၉၅ဝ ဇန်နဝါရီ-၁ရက်နေ့ ဧရာဝတီတိုင်း၊ ကနောင်မြို့တွင် မွေးဖွား။ မွေးချင်း ၅ ဦး အနက် သားအကြီးဆုံးဖြစ်။

၁၉၆၆ခု စုံထောက်မဂ္ဂဇင်း ဖေဖော်ဝါရီလထုတ်တွင် သေသည်အထိ ကဗျာဖြင့် စာပေလောက ဝင်ရောက်။

စုပေါင်းကဗျာစာအုပ်များတွင်လည်း ဝင်ရောက်ရေးသားခဲ့ပြီး လုံးချင်းကဗျာစာအုပ်အနေနဲ့ ပြုံးချိုဖတ်ဖို့ကဗျာ၊ ငါ့ညီမလေး ရဲ့လက်ကိုင်ပုဝါ၊ ဒီဗုံး အစရှိတဲ့တကိုယ်တော်ကဗျာစာအုပ်များထုတ်ဝေ။ စကားပြေအနေနဲ့ ကျနော်ဆက်တွေးချင်သော ကဗျာများကို ရေးသားခဲ့။ မြစ်ခွဲကိုးစင်းစာပေထူထောင်ကာ ကဗျာ၊ ကဗျာဆိုင်ရာစာအုပ်များ အများဆုံးထုတ်ဝေခဲ့။

မိုးဝေမဂ္ဂဇင်း။ သောင်းပြောင်းထွေလာ ရယ်စရာ မဂ္ဂဇင်း၊ ရွှင်ရွှင်ပျော်ပျော်မဂ္ဂဇင်း၊ ကြယ်စီးချင်းကဗျာမဂ္ဂဇင်းတို့တွင် အယ်ဒီ တာအဖြစ်ဆောင်ရွက်။

၂၀၁၈ ဧပြီ ၂၀ မှာ ဇာတိ ကနောင်မြို့တွင် အသည်းရောဂါဖြင့် အသက် ၆၉ နှစ် အရွယ်တွင် ကွယ်လွန်။

Comments