စိုင်းလျန်း (Sai Leang) - "RCSS/SSA အပစ်ခတ် ရပ်ပြီးပြီလား"


စိုင်းလျန်း (Sai Leang)  - "RCSS/SSA အပစ်ခတ် ရပ်ပြီးပြီလား"
မိုးမခ၊ ဇွန် ၁၊ ၂၀၁၈


(NCA လက်မှရေးထိုးထားသော RCSS/SSA နှင့် တပ်မတော်တို့ကြား တိုက် ပွဲများ ဖြစ်ပွါးနေခြင်းနှင့် ပတ်သက်၍၎င်း သဘောတူထားသော စာချုပ်ပါ အချက်အလက်များနှင့်ပတ်သက်၍ မတူကွဲလွဲသော နားလည်မှု များနှင့်ပတ်သက်၍၎င်း လက်ရှိ JMC တွင် တာဝန်ယူနေသော RCSS ကိုယ်စားလှယ်တဦး၏ အမြင်အား ဝေဖန်ပိုင်းခြားသုံးသပ်နိုင်ပါရန် ဖေါ်ပြပါသည်။ စာရေးသူ စိုင်းလျန်း Sai Leang ၏ အာဘော်သာ ဖြစ်ပါသည်။ ဘက်အားလုံး၏အခြေအနေနှင့်အမြင်များအား ထည့်သွင်း သုံးသပ်နိုင်ရန် ရည်ရွယ်ပါသည်။ (ဆောင်းပါးကို မျှဝေပေးသူ စာရေးဆရာ မောင်မောင်စိုး မှတ်ချက်))

အပိုင်း (၁)

တကယ်တော့လဲ RCSS/SSA ဟာ ၂၀၁၁ ကစပြီး ၂၀၁၅ အထိ အစိုးရနဲ့ ပြည်နယ်အဆင့်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်၊ပြည်ထောင်စု အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (၂ ကြိမ်) ငြိမ်းချမ်းရေး အပေါ် တစိုက်မတ်မတ် လုပ်လိုတဲ့ "Deed of Commitment” နဲ့ နောက်ဆုံး တနိုင်ငံလုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ကိုလက်မှတ်ထိုးခဲ့တာ အားလုံး (၅) ကြိမ်ရှိခဲ့ပြီ ဆိုပေမဲ့ အခုထက်ထိ အစိုးရ တပ်မတော်နဲ့ ကြိုကြားကြိုကြား တိုက်ပွဲတွေ ဖြစ်နေဆဲပါပဲ။ အများအားဖြင့် တော့လဲ အပစ်ခတ်ရပ်ပြီးပြီ ဆိုပြီး ဘာကြောင့် မရပ်ပဲ ပစ်နေကြသေးတာလဲ လို့ စိတ်ထဲမှာ သံသယ ရှိကြမှာ အမှန်ပါ။ တခါတခါတော့လဲ တိုက်ပွဲတွေရှိ နေဆဲမို့ အပစ်ခတ်ရပ်လိုက်တာ တကယ်ရော ဟုတ်ရဲ့လားလို့ ဖြစ်စဉ်မှာ ပါနေတဲ့သူတယောက်အနေနဲ့တောင် သံသယ ဖြစ်မိတာပါ။ တကယ်တော့ လည်း ဖြစ်စဉ်ကို အမြဲလေ့လာနေသူတွေအနေနဲ့ နားလည်နိုင်ကြမယ်ဆိုပေမဲ့ တခြားကိုယ့်ရဲ့လုပ်ငန်းဆောင်တာတွေနဲ့တနေ့တနေ့ အလုပ်များနေရတဲ့သူ တွေအတွက်တော့ တခါတခါသာ သတင်းတွေကြားရပြီး ဖြစ်စဉ်ရဲ့ ဖြစ်ရတဲ့ အကြောင်းရင်းကို ဆက်စပ်ပြီး မသိနိုင်ကြတာ သဘာဝပါပဲ။ ဒါကြောင့် အားလုံးကို ခြုံငုံပြီး မြင်နိုင်အောင်လို့ သိသမျှ မှတ်သ်မမျှတ်နေဲရ့ ကြိုးစားပြီး ရေးပါ့ မယ်။

"သမိုင်းကြောင်း အစ"
ဥပဒေပိုင်းဆိုင်ရာ ခိုင်ခံ့တဲ့ခံတပ်ကြီးအဖြစ် ၂၀၀၈ အခြေခံဥပဒေကို နှစ်ရှည်လများစွာ အချိန်ယူရေးဆွဲပြီး စစ်အုပ်ချုပ်ရေးစံနစ်မှဒီမိုကရေစီ အသွင် ကူးပြောင်းရေးကို လုပ်ဖို့အသင့်ဖြစ်တဲ့အချိန်ကစပြီး ၂၀၁၀ မှာ ရွှေးကောက်ပွဲ ကျင်းပပြီး အနိုင်ရလာတဲ့ ကြံ့ခိုင်ရေးပါတီက အစိုးရဖွဲ့လိုက်တဲ့အခါမှာ သမ္မတဦးသိန်းစိန်က သြဂုတ်လ ၂၀၁၁ မှာ တိုင်းရင်းသားလက်နက်ကိုင်တော် လှန်ရေးအဖွဲ့အစည်းတွေကို အပစ်အခတ်ရပ်ပြီးငြိမ်းချမ်းရေး ရယူဖို့ကမ်း လှမ်းခဲ့တယ်။ စပြီးကမ်းလှမ်းတုန်းကဆိုရင် ခေတ်အဆက်ဆက် အစိုးရရဲ့ သဘောထားအတိုင်းပါပဲ တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးဖြစ် တည်လာခြင်းသည် နိုင်ငံရေးပြသနာကြောင့် ဖြစ်တည်ခဲ့တာကို သိလျှက်နဲ့ လက်မခံခဲ့ကြပါဘူး၊ ဖွဲ့ဖြိုးတိုးတက်မှုနည်းလို့၊ အသိအမြင်မကျယ်လို့ ခေတ် နောက်ကျနေလို့ ဆင်းရဲလို့ လက်နက်ကိုင်သောင်းကျန်းကြတယ်ဆိုပြီး လုပ် ကြံဇာတ်တွေနဲ့ အမြဲပဲဆေးရောင်ချယ်ခဲ့တာကြောင့် စပြီးကမ်းလှမ်းကတည်း က နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းလမ်းနဲ့ဆွေးနွေးအဖြေရှာသင့်တယ်ဆို တဲ့ အစီအစဉ် မရှိခဲ့ပါဘူး။ ဒါကြောင့်လဲ သူတို့ ယုံကြည်ခံယူတဲ့အတိုင်း လက်နက်နဲ့ laptop လဲကြစို့ တို့ ဘာတို့ဖြစ်လာရှိလာခဲ့တာပါ။ ဒါပေမဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေ တစိုက်မတ်မတ်တောင်းဆိုလာတာတွေက နိုင်ငံရေးပြဿနာကို လက်နက်ကိုင်ပြီး ဖြေရှင်းတာထက် နိုင်ငံရေးဆွေးနွေးပွဲနဲ့ ဖြေရှင်းတာသင့်တော်တာမို့အပစ်ခတ်ရပ်ဖို့ ကမ်းလှမ်းတိုင်း တိုင်းရင်းသား လက်နက်ကိုင်တော်လှန်ရေးများရဲ့တောင်းဆိုမှုက နိုင်ငံရေးဆွေးနွေးပွဲပါ။ ဒီလိုပါပဲ သမ္မတဦးသိန်းစိန်အစိုးရက ဝန်ကြီးဦးအောင်မင်းကို ဦးဆောင်စေ ပြီး အပစ်အခတ်ရပ်ဖို့ RCSS/SSA ကို ကမ်းလှမ်းလာတော့ အပစ်အခတ် မရပ်ခင် ၂၀၁၁ စက်တင်ဘာလ ၁၉ ရက်နေ့မှာ ဦးအောင်မင်းနဲ့ ထိုင်းနိုင်ငံ ချင်းရိင်းမြို့မှာ ပဏာမတွေ့ဆုံပွဲ လုပ်ခဲ့ပါတယ်။ အဲ့ဒီတွေ့ဆုံပွဲမှာ RCSS/SSA ရဲ့တောင်းဆိုချက်တွေကတော့

၁။ အပစ်အခတ် ရပ်စဲထားဖို့
၂။ နိုင်ငံရေးဆွေးနွေးပွဲတွေ စပေးဖို့
၃။ ဒေသတွင်း နှစ်ဘက်ပူးပေါင်းညှိနှိုင်းပြီးဖွဲ့ဖြိုးရေးလုပ်ငန်းတွေလုပ် ဆောင်ဖို့
၎။ နှစ်ဘက် ပူးပေါင်းညှိနှိုင်းပြီး မူးယစ်ဆေးဝါး နှိမ်နှင်းဖို့ ဆိုပြီး တောင်းဆိုခဲ့တာ အပစ်အခတ် ရပ်စဲဖို့ 

ဆိုတဲ့နေရာမှာ RCSS/SSA အနေနဲ့ ရောက်တဲ့နေရာဒေသမှာ ရပ်ထားပြီး (မတိုးချဲ့ဖို့) ရည်ညွှန်းပါ မြို့နယ်တွေမှာ ကျေးလက်ဒေသတောရွှာတွေမှာ RCSS/SSA အနေနဲ့ တည်ရှိလှုပ်ရှားနေမယ် အစိုးရတပ်မတော်အနေနဲ့ နယ်မြေ/စစ်ဆင်ရေးလှုပ်ရှားမှုတွေလုပ်မယ်ဆို တိုက်ခိုက်မှုရှောင်ရှားနိုင်အောင်လို့ ဆက်ဆံရေးရုံးများမှတဆင့် ဆက်ဆံ အကြောင်းကြားပြီး ဆက်ဆံရေးရုံးများက တာဝန်ရှိတပ်မှူးများကို ရှောင်ရှား နိုင်အောင် အကြောင်းကြားပေးဖို့ ဆိုပြီး တင်ပြတာကို ဝန်ကြီးဦးအောင်မင်း ကလည်း လက်ခံခဲ့တယ်။ စာအားဖြင့် ပေးလိုက်တာကိုလည်း နောင်မှာ ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်မှာ "မူအား
ဖြင့် သဘောတူသည်" ဆိုပြီး ပြန်လည်ဖော်ပြထားပါတယ်။ 

ဒါနဲ့ပဲ ပြည်နယ် အဆင့် အပစ်အခတ်သဘောတူစာချုပ် ကို ၂၀၁၁ ဒီဇင်ဘာလ ၂ ရက်နေ့ တောင်ကြီးမှာ ချုပ်ဆိုခဲ့ကြတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့သဘောတူထား တာတွေအကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားလုပ်ဆောင်ခဲ့ကြသလို ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုနိုင်ဖို့ စိုင်းပြင်းခဲ့ကြတယ်။ အဲ့ဒီနဲ့ တဆက်တည်းပြည်ထောင်စုအဆင့် ပစ်ခတ် တိုက်ခိုက်မှုရပ်စဲနိုင်ဖို့အတွက် ဆက်ပြီးဆွေးနွေးခဲ့တော့ ပြည်ထောင်စု အဆင့်ကို ၂၀၁၂ ဇန္နဝါရီလ ၂၆ ရက်နေ့မှာ သဘောတူညီချက် (၁၁) ချက်နဲ့ ဌာနချုပ်နယ်မြေအတွက်နဲ့အခြားဆွေးနွေး လို့မပြီးပြတ်သေးတာတွေ ရှိတာ ကြောင့် ပြည်ထောင်စုအဆင့်အတွက် ပြီးပြတ်အောင် ထပ်ဆွေးနွေးဖို့အတွက် သဘောတူခဲ့ကြတယ်။ 

သဘောတူထားတဲ့အတိုင်း ဆက်ဆွေးနွေးခဲ့ကြတာ ၂၀၁၂ မေလ ၁၉ ရက်နေ့မှာ ဒုတိအကြိမ် ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးစာချုပ်ကို တောင်ကြီးမှာချုပ်ဆိုခဲ့တဲ့ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်ရဲ့စာချုပ်အဆက်အဖြစ် ကျိုင်းတုံ မှာ ချုပ်ဆိုနိုင်ခဲ့တယ်။ ဒီကျိုင်းတုံစာချုပ်ကတော့ တောင်ကြီးမှာ သတ်မှတ်ခဲ့တဲ့ ဌာနချုပ်အတွက်နေရာဒေသများက အခြားလက်နက်ကိုင်အဖွဲ့ များရှိတာကြောင့် ပြဿနာများရှောင်ရှားနိုင်ကြရေးအတွက် မြေပုံညွှန်းအတိအ ကျနဲ့ ဖော်ပြထားပြီး မြေပြင်အခြေအနေကိုတော့ နှစ်ဘက် ထပ်ပြီးကွင်းဆင်း အကောင်အထည်ဖော်ဖို့ သဘောတူခဲ့တယ်။ (စာချုပ်များကို ရှုတ်ထွေးမှု မဖြစ်အောင် အပိုင်းလိုက်မှာ လေ့လာနိုင်ဖို့ရာပုံများနဲ့ ထည့်သွင်းသွားပါ့မယ်)

"သဘောတူစာချုပ် ချုပ်ပြီးတာနဲ့ စခဲ့တဲ့ ပြသနာ
ဒီနေရာမှာ သတိထားစေချင်တာက ပဏာမတွေ့ဆုံပွဲမှာရောက်တဲ့ နေရာဒေသမှာ ရပ်တန့်ပြီး "ပိုနေမြဲ ကျားနေမြဲ" နဲ့ တဘက်နဲ့တဘက် ဆက်ဆံရေးရုံးကနေ အကြောင်းကြားညှိနှိုင်းသွားဖို့ သဘောတူထား တာနဲ့ ပထမ ပြည်နယ်အဆင့်မှာစာဖြင့်တောင်းဆိုထားမှုများကို သဘောတူညီချက် ၁ (ခ) မှာ မူအားဖြင့် သဘောတူတယ်လို့ ဖော်ပြထားပါတယ်။ ပြည်နယ်အဆင့်မှာတော့ ဌာနချုပ်နယ်မြေ သတ်မှတ်ကြဖို့ သဘောတူညီချက် ၁ (က) မှာ သဘောတူခဲ့ကြသလို ဌာနချုပ်နယ်မြေမှာ အဖွဲ့ဝင်များနဲ့ မိသားစု ဝင်များ နေထိုင်ဖို့ သဘောတူခဲ့ကြတယ်။ ဆွေးနွေးတုန်းကတော့ အဖွဲ့ဝင် အင်အားအတွက် အိမ်ခြေ ၂၀၀ ကိုသော်၎င်း လုံခြုံရေးအတွက် လက်နက်ကိုင် အင်အား ၆၀ ကိုသော်၎င်း အတွက်ပဲ ဆွေးနွေးခဲ့တယ် ဆိုပေမဲ့ စာချုပ်မှာ အရည်အတွက်ထည့်တာတော့ မကောင်းဘူး အဆင်မပြေဘူး အဖွဲ့ဝင်များလို့ ထည့်လိုက်ရင်ကို အဆင်ပြေပါတယ် ဆိုပြီး အရည်အတွက် မထည့်ခဲ့ပါ။

 ပြသနာက ဒီက စတာပါပဲ။ အရေအတွက် မထည့်ခဲ့မိတော့ "အဖွဲ့ဝင်များ" ဆို ကတည်းက အဖွဲ့ဝင်များအားလုံးကို ဆိုလိုကြောင်းဆိုပြီး "အဖွဲ့ဝင်များအား လုံး" ဌာနချုပ်မှာပဲနေဖို့ အမြဲ ကန့်ကွက် ဖိအားပေး တွန်းတော့တာပါပဲ။ ရောက်တဲ့နေရာမှာ ရပ်ထားပါ "ပိုနေမြဲ ကျားနေမြဲ" position ကို ထိန်းပါ ဆိုတာတွေ နားမလည်တော့ဘူး။ စာချုပ်က ဒီလိုရေးထားပြီး နှစ်ဘက် သဘောတူလက်မှတ်ရေးထိုးထားတော့ သဘောတူထားတဲ့အတိုင်း လုပ်ရ မယ်ဆိုပြီး နေ့စဉ်နဲ့အမျှ ကန့်ကွက်ဖိအားပေးလာပါလေရော။

တပ်မတော်မှ အမြဲကန့်ကွက်ခဲ့တာက တကြောင်း ဌာနချုပ်မှာပဲ အားလုံးပြန်နေဖို့အကြောင်းပြပြီး နယ်မြေရှင်းလင်းရေးတွေလုပ်တာကြောင့် ကိုယ့်ဖက်ကလည်း ရှောင်ရင်းရှောင်ရင်း မရှောင်နိုင်တဲ့အဆုံး တိုက်ပွဲတွေ ဖြစ်ခဲ့ရတယ်။

NCA မထိုးခင်က စာရေးသူအနေနဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲကို တာဝန်ပေးအပ်ခြင်း မခံရသေးတာကြောင့် အပစ်ရပ်ပြီး မရပ်နိုင်သေးတာ ကိုတွေ့ပြီး နားမလည်နိုင်ခြင်းများနဲ့ဖြစ်ခဲ့ရတယ်။အဖွဲ့အစည်းရဲ့ခေါင်းဆောင်ပိုင်း ငြီးငြူသံတွေ အမြဲကြားခဲ့တာက တပ်မတော်က မိမိတို့အဖွဲ့အ စည်းအနေနဲ့ ပြည်ထောင်စုရောပြည်နယ်အဆင့်ပါ (၃) ကြိမ်တိုင်လက်မှတ် ထိုးပြီးသည့်တိုင် ဘာလို့ လိုက်လံရှာဖွေပြီး တိုက်နေတာလဲ၊ တိုက်ခိုက်မှုတွေ လျော့ချနိုင်အောင် နှစ်ဘက်အကြီးအကဲများ တွေ့တဲ့အခါတိုင်းလဲ ကျိုင်းတုံ စာချုပ်ပါအတိုင်း လုပ်ဖို့ချည်း ပြောနေတယ်။ ကိုယ့်ဖက်ကလည်း အားလုံးရဲ့ စာချုပ်ပါအတိုင်းလုပ်ရက်သားနဲ့ ကျိုင်းတုံစာချုပ်အရ RCSS/SSA အဖွဲ့ဝင်တွေ အားလုံး မိုင်းတော့ မိုင်းထား (ဌာနာချုပ်အတွက် သတ်မှတ်ပေးသည့်နေရာ ဒေသ) မှာ နေဖို့ချည်းပဲ ပြောနေတယ် ဆိုပြီး နားမလည်နိုင်ကြပါ၊ ဘာဖြစ်လို့ လဲ ဆိုတော့ သတ်မှတ်နေရာသည် ဌာနချုပ်အတွက်သာ ရည်ညွှန်းပြီး ကနဦး ကတည်းက မိမိတို့တပ်ဖွဲ့များအနေဖြင့် ရောက်တဲ့နေရာဒေသမှာ နေနေဖို့ "ပိုနေမြဲ ကျားနေမြဲ" position ကို ကိုင်ထားတာကိုး၊ ဟိုကတော့ ဘုရားပြီး ငြမ်းဖျက်လို့ မေ့နေပြီ ဒါမှမဟုတ် မေ့ချင်ယောင်ဆောင်နေပြီ ဆိုတာကို နားမလည်နိုင်ခဲ့ဘူး။

အပိုင်း (၂)

"ဆက်ရှိနေသေးတဲ့ ထိတွေ့မှုများ"
နားမလည်ခြင်းများနဲ့ ဖြတ်ကျော်ခဲ့တော့ တိုက်ပွဲကြီးငယ် ဖြစ်ခဲ့ရတယ်။ နှစ်ဘက်ဆုံးရှုံးမှုတွေ ဖြစ်ခဲ့ရတယ်။ RCSS/SSA ဘက်ကတော့ ပျောက်ကြား စနစ်နဲ့ တိုက်ခိုက်တော့ တဘက်ကပိုပြီးအကျအရှုံးပိုများမှတော့အမှန်ဆိုပေမဲ့ ငြိမ်းချမ်းရေးကာလ ပစ်ခတ်ရပ်စဲတဲ့ကာလမှာတော့ မဖြစ်သင့်တော့တဲ့ အခြေအနေတွေပါ။ ဒီထက်ပိုပြီးမဖြစ်သင့်တာက နှစ်ဘက်ထိတွေ့မှုကြောင့် ဒေသခံပြည်သူတွေ အကြောက်တရားနဲ့နေနေရသလို ထိခိုက်ဒဏ်ရာရတာတွေ သေကြေဆုံးရှုံးမှုတွေနဲ့ မကြုံသင့်ဘဲ ကြုံခဲ့ရတယ်။ ထိတွေ့မှုတွေ များလာ ပြင်းထန်လာပြီဆို နှစ်ဘက်လူကြီးများ တွေ့လိုက်ဆွေးနွေးလိုက်ရင် ခဏ တဖြုတ်တော့ လျော့ချသွားနိုင်တယ်ဆိုပေမဲ့ မကြာပါဘူး ထပ်ဖြစ်ပြန်ရော။ 

ဒီလိုနဲ့ပဲ ခေါင်းဆောင်များကလည်း "ပိုနေမြဲ ကျားနေမြဲ" ကို ဆုပ်ကိုင်ထား တာမို့ တပ်မတော်ဘက်က ရန်လိုမှုတွေကို နားမလည်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ ငြိမ်း ချမ်းရေးဖြစ်စဉ်ပေါ်မှာ တစိုက်မတ်မတ် လုပ်ဆောင်ဖို့ရည်ရွယ်ချက်ရှိကြောင်း ပြသတဲ့အနေနဲ့ အစိုးရနဲ့ ထပ်တခါ "Deed of Commitment” ကို ၂၀၁၅ ဖေဖေါ်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့မှာ လက်မှတ်ထိုးခဲ့ကြတယ်။ ပြောသ လိုပါပဲ ထိုးပြီး ခဏတာလေးတော့ ထိပ်တိုက်တွေ့မှု ရန်လိုလှုပ်ရှားမှုများ ရပ်တန့်နိုင်တယ် ဆိုပေမဲ့ ၂၀၁၅ အောက်တိုဘာလ ၁၅ ရက်နေ့ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် ချုပ်ဆိုတဲ့အထိ ထိပ်တိုက်ထိ တွေ့မှုများက ရှိနေဆဲပါပဲ။

"NCA လက်မှတ်ထိုးပြီးကာလ"
၂၀၁၁ ဒီဇင်ဘာလ မှာ သမ္မတဦးသိန်းစိန်ခေတ် ဖိတ်ခေါ်ခဲ့တဲ့ ပစ်ခတ်ရပ်စဲရေးမှာ ပထမဆုံးအဖွဲ့အနေနဲ့ လက်မှတ်ထိုးပြီးတဲ့နောက်ပိုင်းမှာ တော့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေူအဖွဲ့အစည်းများလည်း တဖွဲ့ ပြီးတဖွဲ့ လက်မှတ်ထိုးလာကြပြီး အဲ့ဒီကတဆင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပစ်ခတ်ရပ်စဲေးလုပ်ရင် တနိုင်ငံလုံးအတွက် လွမ်းခြုံပါမှ လိုချင်တဲ့ စစ်မှန်တဲ့ ထာဝရငြိမ်းချမ်းရေးဆိုတာရမှာမို့ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စေရေး သဘောတူစာချုပ်ကိုပါ ကြိုးစားကြရင်း ၂၀၁၅ မှာ အပြီးသတ်နိုင်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ ၂၁ ဖွဲ့မှာ (၈) ဖွဲ့သာ လက်မှတ်ထိုးခဲ့ကြပါတယ်။ 

လက်မှတ်ထိုးပြီးတဲ့နောက်မှာတော့ သဘောတူ ညီမှုများကို အကောင်အထည်တဲ့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် ပြည် ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ကို ဖွဲ့စည်းခဲ့သလို ပစ်ခတ်တိုက်ခိုက်မှုသဘောတူစာချုပ် ချိုးဖောက်မှုများကို စောင့်ကြည့်ဖို့အ တွက်တနိုင်ငံလုံးဆိုင်ရာပစ်ခတ်တိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ JMC ကို ဖွဲ့ခဲ့ပါတယ်။ စာရေးသူလဲ အဖွဲ့အစည်း၏တာဝန်ပေး မှုအရ ပြည်ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ စောင့်ကြည့် ရေးကော်မတီ JMC-U မှာ အဖွဲ့ဝင်အဖြစ် တာဝန်ယူလာရပါတယ်။

တာဝန်ယူလိုက်ရင်ကိုပဲ ချက်ချင်းထိတွေ့ရတာကတော့ မိမိတို့ ပုံမှန် နယ်မြေတွင်း လှုပ်ရှားနေတဲ့တပ်ဖွဲ့ဝင်များသည် သတ်မှတ်နေရာများမှ ကျူးကျော်ဝင်ရောက်လာတာကြောင့် သဘောတူစာချုပ်အား လိုက်နာရန် NCA ကို မချိုးဖောက်ရန်ဆိုတာတွေကတပ်မတော်က တိုင်ကြားလာတာကို နေ့စဉ်နဲ့ အမျှ တွေ့လာရတယ်။ ဒါတွေကိုနှစ်ဘက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုတဲ့ပွဲတွေမှာ ပါခဲ့ဖူးတဲ့ခေါင်းဆောင်များကိုမေးကြည့် တော့ အထက်ကပြောခဲ့သလို တပ်ကတော့ ဆွေးနွေးစဉ်က တမျိုးဖြစ်ခဲ့ သော်လည်း ခုမှာ ရန်လိုမှုများနဲ့ တိုင်ကြားလာမည်မှာ ဓမ္မတာဖြစ်နေပြီဖြစ် ကြောင်း ပြောပြပါတယ်။ 

ဒီလိုနဲ့ တတိယအကြိမ် JMC-U အစည်းအဝေး ကျင်းပမယ်လုပ်တော့ ညီနောင်တိုင်းရင်းသားအဖွဲ့အစည်းများက ရုံးမှ RCSS/SSA နှင့်နှစ်ဘက်ချုပ်ဆိုထားတဲ့ သဘောတူစာချုပ်များ အစည်းအဝေး တွင်း ဝေမှာဖြစ်တဲ့အတွက် ဒီကိစ္စတွေဆွေးနွေးမှာဖြစ်ကြောင်း အကြောင်း ကြားလာတော့ ဘယ်နေရာမှာ ဘာဟာနေလဲ ဘာတွေမှားနေလဲဆိုတာ သေသေချာချာဖတ်တော့မှ "အိမ်ခြေ ၂၀၀ သော တပ်ဖွဲ့ဝင်များနဲ့မိသားစု ဝင်များအတွက် ရေးထားသည်မှာ "တပ်ဖွဲ့ဝင်များနဲ့ မိသားစုဝင်များ" လို့သာ ရေးထားတာကြောင့် အစိုးရမှ တပ်ဖွဲ့ဝင်များဟု ဆိုရာတွင် တပ်ဖွဲ့ဝင်များအားလုံးကို ဆိုလိုကြောင်း တင်ပြလာတော့ မိမိမှလည်း အမှန်တကယ်မှာ "အိမ်ခြေ ၂၀၀ သော တပ်ဖွဲ့ဝင်များအတွက်သာ ဆွေးနွေးခဲ့ကြောင်း၊ ဗီဒီယို မှတ်တမ်းဖိုင်များလည်းရှိကြောင်း တပ်ဖွဲ့ဝင်များ ဟု ဆိုရာတွင် "အားလုံး" ဟု မဆိုထားကြောင်း တပ်ဖွဲ့ဝင် "များ" ဟု ဆိုရာတွင် နှစ်ယောက်အထက်သော အများကိန်းကို "များ" ဟု မြန်မာလို ရေးနိုင်သောကြောင့် "တပ်ဖွဲ့ဝင်များ" ဟုဆိုရာတွင် "တပ်ဖွဲ့ဝင်များအားလုံး" ဟု မည့်သို့မျှ အဓိပ္ပါယ် ဖွင့်ဆို၍ မရကြောင်း ငြင်းဆိုခဲ့တယ်။ မိမိရဲ့ငြင်းဆိုချက်ကို တပ်မတော်မှ လက်မခံ ခဲ့ဘူးဆိုပေမဲ့ "အားလုံး" ဆိုတဲ့စကားလုံး တကယ်ပင် မပါတာကတကြောင်း ဆွေးနွေးစဉ်ကလည်း ထိုသို့ မဆိုလိုခဲ့တာကိုသိနေခြင်းကလည်း တကြောင်း ကြောင့် ယခု အချိန်ထိ သူ့ရပ်တည်ချက် ကိုယ့်ရပ်တည်ချက်များနဲ့ JMC တွေ မှာ ငြင်းခုံနေကြဆဲ ဖြစ်ပါတယ်။ ဒါကို ဖြေရှင်းနိုင်ဖို့ သဘောတူစာချုပ်များကို နှစ်ဘက်နားလည်မှုတူအောင် ပြန်လည်ဆွေးနွေးသင့်တယ်လို့ သဘောထား ရှိကြပေမဲ့လည်း တဘက်နဲ့တဘက်ယုံကြည်မှု တိုးတက်မှု မရှိသေးတဲ့ အပေါ်မူတည်ပြီး အခုထက်ထိတော့ အလွှတ်သဘော တခါသာ တွေ့ဆုံရပြီး ကြေကြေလည်လည် မဆွေးနွေးနိုင်သေးပါ။

အဲ့ဒီနဲ့အတူ တပ်ဖွဲ့ဝင်များ နေထိုင်သွားလာပြီးအသက်မွှေးကျောင်းအတွက် ရေးထားတဲ့ကိစ္စမှာလဲ ကျနော်တို့ဘက်ကတော့ ခေါင်းထဲမှာ "ပိုနေမြဲ ကျားနေ မြဲ" ရပ်တည်မှုကို ဆွဲကိုင်ထားတာကြောင့် စာချုပ်ထဲ ဖော်ပြပါ မြို့နယ်များဟာ မိမိတို့တပ်များ ရောက်ရှိနေတဲ့နေရာဖြစ်လို့ သူတို့ရဲ့ အသက်မွှေးဝမ်းကျောင်း ကိစ္စရပ်သာ ဖော်ပြခြင်းဖြစ်တာကြောင့် အဲ့ဒီ အပိုဒ်သည်လဲ အဆိုပါမြို့နယ်များမှာ (တပ်လှုပ်ရှားနယ်မြေ) ထပ်ဖော်ပြဖို့ မလိုဘဲ စာချုပ်များရဲ့အားလုံးကို ခြုံငုံပြီး အဓိပ္ပါယ်ဖွင့်ရင် အဲ့ဒီအဓိပ္ပါယ် ယူဆလို့ ရတယ်ဆိုတဲ့ ယူဆမှုကြောင့် တဘက်ကတော့ "စာချုပ်များ အားလုံးကို ခြုံငုံပြီး အဓိပ္ပါယ်ဖွင့်ဆိုတာထက်" အဲ့ဒီတပိုဒ်ထဲကိုသာ ကွက်ပြီး အဓိပ္ပါယ်ကောက်ယူတာကြောင့်" ပုံမှန်လှုပ်ရှား နေတဲ့ RCSS/SSA တပ်ဖွဲ့ဝင်တွေကို နယ်မြေကျူးကျော်ဝင်ရောက်လာသူ တွေဆိုပြီး အခုထက်ထိ စွပ်စွဲသလို ကျနော်တို့ကလည်း RCSS/SSA ရဲ့ ရပ်တည်ချက်အတိုင်း ငြင်းခုံနေဆဲ ဖြစ်တာမို့ ဒါတွေကို ကြေလည်အောင် ပြေလည်အောင် မဖြေရှင်းနိုင်သေးသရွေ့ ပစ်ခတ်ရပ်ထားတဲ့ RCSS/SSA ဟာလည်း အပစ်မရပ်သလိုပဲ ရှိနေအုန်းမှာပါပဲ။

ထပ်ပြောချင်တဲ့ တချက်ကတော့ စကတည်းက RCSS/SSA က ပေးစာထဲမှာရော စာချုပ်ထဲမှာဖော်ပြထားတဲ့ မြို့နယ်ရဲ့ ကျေးလက်ဒေသတွေ မှာ RCSS/SSA ကတည်ရှိလှုပ်ရှားနေမှာဖြစ်ပြီး တကယ်လို့တပ်က စစ်ဆင် ရေးလှုပ်ရှားမှုတွေ လုပ်မယ်ဆို ရှောင်ရှားပေးနိုင်ဖို့ ဒါမှမဟုတ် ညှိနှိုင်းပေးနိုင်ဖို့ ဆက်ဆံရေးရုံးတွေ ထားရှိပြီး ဆက်ဆံကြမယ်လို့ သဘောတူခဲ့ကြ တယ်ဆိုပေမဲ့ အဲ့ဒီနေရာဒေသတွေသည် RCSS/SSA ရဲ့လှုပ်ရှားနယ်မြေပါလို့ အသိအမှတ်မပြုတာကြောင့် လှုပ်ရှားမယ်ဆိုလဲ အကြောင်းကြားခြင်းမရှိ တာကြောင့် အစမှာ ရှောင်နိုင်ကြပေမဲ့ တဘက်ကမိတ်ဆွေဖြစ်လိုမှုထက် ရန်လိုမှုနဲ့ ချည်းကပ်လာတော့ RCSS/SSA တပ်ဖွဲ့ဝင်များကလည်း မိမိ ကိုယ်ကို ကာကွယ်တဲ့အနေနဲ့ နည်းမျိုးစုံသုံးပြီး ဟန့်တားကာကွယ်ကြမှာဖြစ်တာ ကြောင့် ထိတွေ့မှုတွေလဲ ဆက်ရှိနေဦးမှာ ဖြစ်ပါတယ်။

 NCA ထိုးပြီး နောက်ပိုင်း ယခုအချိန်ထိ လောလောဆယ်မှာတော့ ပစ်ခတ်ထိတွေ့မှုပေါင်း ၂၃ ကြိမ်ထက်မနည်း ဖြစ်ခဲ့ပြီ ဆိုပေမဲ့ ၂၀၁၁ ကနေ ၂၀၁၅ အထိ နှစ်ဘက် သဘောတူစာချုပ် ချုပ်ခဲ့ကတည်းက NCA ချုပ်ဆိုတဲ့အထိ ပစ်ခတ်ထိတွေ့မှု ပေါင်း ၂၀၀ ကျော်နဲ့နှိုင်းရင်တော့ အဆမတန် လျော့နည်းသွားတယ် ဆိုတာ တော့ တွေ့ရပါတယ်။ ဒါလဲ အခြားနေရာဒေသတွေမှာ စစ်မျက်နှာဖွင့်နေလို့ လျော့နည်းသွားသလားမသိဘူး ဆိုတာလဲ ထည့်သွင်းစဉ်းစားဖို့ မမေ့ပါဘူး။

နောက်ဆုံးအနေနဲ့ ခြုံငုံပြီးပြောရရင်တော့ ပစ်ခတ်တိုက်ခတ်မှုကို ရပ်စဲဖို့ (၅) ကြိမ်တိုင်တိုင် လက်မှတ်ထိုးထားပြီ ဆိုပေမဲ့လဲ တခါတခါတော့ RCSS/SSA က အစိုးရနဲ့သဘောတူလက်မှတ်ထိုးထားတာရော ဟုတ်ရဲ့လား ဒါမှမ ဟုတ် ရှိထားတဲ့ကတိကဝတ်တွေ သဘောတူညီမှုတွေက တကယ်ရော အသိအမှတ်ပြုရဲ့လားလို့ သံသယ တွေဖြစ်မိတယ်။ စာဖတ်သူများလည်း ဖြစ်နေတဲ့အခြေအနေတွေ ပိုနားလည်လာစေလိမ့်မယ် လို့ မျှော်လင့်ပါတယ်။ အဓိက ကွာဟချက်ကတော့ အစိုးရ(တပ်မတော်) က စာချုပ်တပိုဒ်ချင်းရဲ့ အဓိပ္ပါယ်ကိုပဲ ကွက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုနားလည်ပြီး ကျနော်တို့က စာချုပ်အား လုံးရဲ့ ဆက်စပ်မှုကို တခုလုံး ခြုံငုံပြီး အဓိပ္ပါယ်ဖွင့်ဆိုနားလည်ကြတာပါပဲ။

အားလုံးကိုလေးစားလျှက်

ရေးသားသူ - စိုင်းလျန်း ( Sai Laeng )

Comments