မောင်အောင်မွန် - ကိုယ်တွေ့ 7 July 1962


 မောင်အောင်မွန် - ကိုယ်တွေ့ 7 July 1962
ကျွန်တော်တွေးမိသလိုရေးပါမည် (၃၄၄)
(မိုးမခ) ဇူလိုင် ၁၁၊ ၂၀၁၈

(၁)
ကျွန်တော်သည် သတင်းသမား (Professional News Writer) အဖြစ်ခံယူထားသူမို့ ဤဆောင်းပါးပါ အချက်အလက် တစ်ခုမကျန် မှန်ကန်ကြောင်း တာဝန်ခံပါ၏။ စဟေ့ဆိုကတည်း ကြိုတင်ပြင်ဆင်ထားသည့် မမှန်မကန်မတိမကျ သတင်းများ စတင်ခဲ့ကြရာ-- ကြာလေကြာလေ အမှန်နှင့်ဝေးလေ၊ ထင်ကြေးနှင့်ရေးသားမှု အမုန်းဒေါသ-- စသည်တို့က လွှမ်းမိုးလာခဲ့သည်။
(၅၆)နှစ်ကြာလာသောအခါ ဘယ်အခြေရောက်နေပြီဆိုသည်ကို စာဖတ်သူတို့ စဉ်းစားကြည့်ကြပါကုန်။

(၂)
၁၉၅၃ ခု၊ ဇွန်လတွင် ကျွန်တော်ရန်ကုန်တက္ကသိုလ်ရောက်၏။
နေခွင့်ရသည့် သထုံဆောင်ရှေ့ ကျောင်းလမ်းကအထွက် ညာဘက်ရှိ အားကစားရုံဘေးက (၅)မိနစ် လျှောက်သွားလျှင် တကသ အဆောက်အအုံသို့ရောက်သည်။ ထိုနှစ်တွင်ဖြစ်ပွါးသည့် တကသ ရွေးကောက်ပွဲ ပျက်ခြင်း၊ အောက်တိုဘာတစ်လ ကျောင်းပိတ်ရေး အရေးအခင်းများတွင် ကိုယ်တိုင်ပါဝင်ခဲ့၏။

တကသ ၌ပျော်ပိုက်၍ ခေါင်းဆောင်ကြီးငယ်တို့နှင့် ခင်မင်ရင်းနှီးခွင့်ရသည်။ တကသ ထုတ်အိုးဝေမဂ္ဂဇင်း (၁၉၅၆-၅၇) မှ ဆက်စပ်၍မရပါ--၀တ္ထုမှသည် ကျောင်းပြီးခဲ့သည့်တိုင် နှစ်စဉ်မှန်မှန်ရေးခဲ့သည်မှာ ၈-၇-၁၉၆၂ နေ့ တကသ ဖြိုဖျက်ချိန်တွင် ပါသွားသော နောက်ဆုံးအိုးဝေမှ ခေါင်းဆောင်ကြီးတို့နေ့--၀တ္ထုအထိဖြစ်။ တကသ ခေါင်းဆောင်ကြီးငယ်တို့နှင့် ရင်းနှီးခဲ့ရာ ကိုဘကောင်း၊ ကိုယု၊ ကိုစိုးသိန်း--စသူတို့ကနေ ကိုဗဆွေလေး၊ ကိုညိုဝင်း၊ ကိုအောင်သိမ်းနိုင်၊ ကိုစိုးဝင်း--စသူတို့အထိဖြစ်သည်။
စာဖတ်သူတို့ စဉ်းစားကြည့်ကြပါကုန်။

 (၃)
၁၉၅၉ခု၊ အောက်တိုဘာလ (၁၇) ရက်နေ့က မြန်အသံတွင် စက်မှုလက်ထောက်အဖြစ်စ၀င်ခဲ့ရာ၊ ပြည်လမ်းအသံလွှင့်ရုံကြီး မပြီးသေး၍ အချောသတ်ရာ၌ ပါဝင်ခွင့်ရခဲ့သူဖြစ်သည်။ ဘယ်အခန်းမှာ ဘယ်သူတွေ ရုံးထိုင်ကြသည်အထိ မသိချင်၍မရပါ။ စတင်ထည်ထောင်သူ ဦးခင်ဇော်(K) အင်ဂျင်နီယာချုပ် ဦးဝင်းမောင် တို့မှသည်လုပ်ဖော်ကိုင်ဖက်များထိ ခုစာရေးရင်း ရှင်နေသေးသူများနှင့် တယ်လီဖုန်းဆက် မေးမြန်းနိုင်၏။

7 July 1962 နေ့က ကျွန်တော် မနက်ပိုင်း အလုပ်ဆင်းရသည်။

 (၆) နာရီ မြန်အသံသို့ရောက် အသံလွှင့်အစီအစဉ်များ ပြီးဆုံး၍ မွန်းလွဲ (၂) နာရီခွဲ၌ ရုံးဆင်းရသည်။ ၁၉၆၂ ခု၊ ဇူလိုင်လထုတ် ရှုမ၀မဂ္ဂဇင်းတွင် မောင်အောင်မွန်၏ ရူးတုန်းမိုက်တုန်းသည်အရွယ်ဝတ္ထု ပါလာသည်။ စာမူခမထုတ်ရသေး။ ညနေဘက်တွင် ရန်ကုန်တက္ကသိုလ်နှင့် ရေတပ်ကန်ကြမည့် ဘောလုံးပွဲလည်းရှိ၏

 (၄)
4 July 1962 နေ့ကလို တကသ စားသောက်ဆိုင်မှာ သွားစားဖို့ မည်သူကမှအဖေါ်လာမစပ်၊ ကျွန်တော်ကလည်း လိုက်မရှာ၊ နေထိုင်ရာ ဘော်ဒါဆောင်က ထမင်းချိုင့်လည်း အေးစက်နေရော့မည်။ တစ်ခါတလေတော့လည်း ပျင်းပျင်းနှင့် ထိုထမင်းအေး ဟင်းအေးစားကာ ဘော်ဒါဆောင်မှာ ၀တ္ထုထိုင်ရေးစမြဲပင်။ ဘော်ဒါဆောင်က နံပါတ် (၄၅) အာတီးယားလမ်းမှာပါ။
မြန်အသံက လမ်းလျှောက်ပြန်လျှင် (၁၀) မိနစ်၊ ဘတ်စ်ကားစီလျှင် (၁၀) ပြား။ လှည်းထိပ်သို့ဖြစ်စေ တကသ စားသောက်ဆိုင်သို့ဖြစ်စေ လမ်းလျှောက်သွားလျှင် (၁၀) မိနစ်ပင် မကြာချင်။

 (၅)

7 July 1962 နေ့တွင် ကျွန်တော်မြို့ထဲထွက်ခဲ့၏။

မဂိုလမ်းက စားနေကျဆိုင်တွင် နေ့လယ်စာစားသည်။ ဗိုက်လေးလေးနှင့် ဗိုလ်ချုပ်ဈေးကိုဖြတ်၊ ဂုံးတံတားကိုကျော်ပြီးနောက် ဆင်းဒွစ်လမ်းရှိ ရှုမ၀မဂ္ဂဇင်းတိုက်သို့ဝင်၏။ စာမူခနှင့်မေတ္တာလက်ဆောင် ရှုမ၀မဂ္ဂဇင်းယူ၏။ အတိုင်ပင်ခံစာတည်း ဆရာတင့်တယ်က လက်ခံစကားပြော၍ နားထောင်ခွင့်ရလိုက်၏။
ဘောလုံးပွဲ အချိန်နီးလာပြီ။ ထို့ကြောင့် ယောက်လမ်းဘက်လျှောက်ကာ အောင်ဆန်းကွင်းသို့ လာခဲ့သည်။ ပရိသတ်အတော်များ ပွဲကလည်းပွဲကောင်း၊ ရန်ကုန်တက္ကသိုလ်က ရေတပ်ကို ၄-၀ နှင့်နိုင်သည်။ ဘယ်ဝင်း နေ၀င်း (၂) ဂိုး၊ မော်လမြိုင်ကောလိပ်က ပြောင်းလာသသူ စင်တာဖောဝပ် အောင်ခင် (၂) ဂိုးသွင်းသည်။
ပွဲအပြီး ရန်ကုန်တက္ကသိုလ်ဘောလုံးသမားများနှင့်ကပ်ပြီး နဂါးကားနှင့်ပြန်လာ၏။

 ထူးခြားသည်ကား ခါတိုင်းလို အော်ဟစ်ဆူညံသံတွေ မကြားရ။ ဆရာငြိမ်း မြို့ထဲ နေရစ်ခဲ့၍မပါ၊ အသင်းမန်နေဂျာ ဒေါက်တာမောင်ရှိန်ပါလာသည်။ သထုံ၊ မော်လမြိုင်၊ ဘားအံသို့ ချစ်ကြည်ရေးသွားကန်စဉ် ကျွန်တော် မြန်အသံက ခွင့်ယူပြီးလိုက်ပါသွားဖူးသည်။ ခင်မင်ခဲ့သော ငွေကိုင်၊ ကျော်ကျော်၊မောင်ပြုံး---စသူတို့လည်း မကြုံစဖူး စကားနည်းနေကြ၏။

ထုံးစံအတိုင်း ထွက်လာခဲ့ရာ--တက္ကသိုလ်ရိပ်သာလမ်းနှင့် အင်းယားလမ်းထောင့်၌ စစ်သားများ--ရဲများ စောင့်နေကြပြီး ကျွန်တော်တို့ကားကို တားသည်။ မောင်ပြုံးပြေးဆင်းသွားပြီး ငါတို့ဘောလုံးသမာတွေ အဆောင်ပြန်တာ ဘာလို့တားရတလဲဟု ပြောဆို စကားများစဉ်-- ကားပေါ်ကနေ ကိုပြုံးပြန်တက်ခဲ့ပါဟု ၀ိုင်းအော်ကြ ပြန်ခေါ်ကြသည်။

 ဆရာဒေါက်တာမောင်ရှိန်ပါက ကားကို အင်းယားလမ်း၊ ၀င်ဒါမီယာလမ်း--ထို့နောက်ဦးဝိစာရလမ်း အတိုင်းမောင်းစေ၏။ ဟံသာဝတီအ၀ိုင်းနားတွင် စောင့်နေသောစစ်သားများက လုံးဝသွားခွင့်မပေးပြန်သဖြင့် အားလုံးဆင်းပြီး လမ်းလျှောက်ကြရသည်။

မိုးကတဖွဲဖွဲရွာနေ၏။

 ဘောလုံးကိုင်ဖိနပ်ကို လက်ကကိုင်ကြ၊ ကျွန်တော်ကလည်း ရှုမ၀မဂ္ဂဇင်း မိုးမစိုရန် ကိုယ်နှင့်ကပ်ထား၊ ငွေကိုင်၏ပခုံးကို ဖက်ကာလျှောက်လာကြသည်။ မြန်မာ့အသံရှေ့ ပြည်လမ်းမကြီးပေါ် လူသွားလူလာကင်းကာ စစ်သားများသာ တွေ့ရ၏။ ဘောလုံးသမားများ သူတို့နေရာ ပုဂံဆောင်ဘက် ချိုးဝင်သွားရာ--ကျွန်တော်လည်း တစ်ယောက်တည်း အာတီးယားလမ်းထိပ်၊ ထို့နောက်ဘော်ဒါဆောင်သို့ လျှောက်ပြန်လာခဲ့ရသည်။

(၆)

ကျွန်တော့်အခန်းရှိရာ အပေါ်ထပ်သို့ တက်လာသောအခါ ထမင်းချိုင့်ဖွင့်စားကြသော စားပွဲတွင်စုပြီး ရေဒီယိုနားထောင်နေကြ၍ ၀င်ရပ်လိုက်သည်။ သေဆုံးသော ကျောင်းသားအမည်၊ အတန်း၊ မိဖအမည်တို့နှင့် မြန်မာ့အသံက ကြေညာနေခြင်းဖြစ်သည်။ မည်သူမှစကားမပြောနိုင်ကြ။
ကျွန်တော်လည်း သိသလိုလို ရိပ်မိသလိုလို။

 ကြေညာလို့ပြီးသွားတော့မှ သိသူများက နေ့လယ်ဘက်က အဆောင်စည်းကမ်းသစ်များကို တကသ၌ စည်းဝေး ကန့်ကွက်ပြီးနောက် အဓိပတိလမ်းမတစ်လျှောက် ဆန္ဒပြကြ၊ အချိန်ကြာလာသည်နှင့်အမျှ လူပိုများ သွေးဆူလာ၊ ရဲတွေရောက်လာ တကသ ခေါင်းဆောင်များအား ဖမ်းသွားပြီစသည့် သတင်းကြောင့် ပါမောက္ခချုပ်သစ် ဦးကာ၏ မော်တော်ကားကို မီးရှို့လိုက်ကြ၊ နောက်တော့ စစ်သားများရောက်လာ--စသဖြင့်။

 သေနတ်သံများကို ကျွန်တော်တို့ဘော်ဒါဆောင်ကပင် ကြားရသည်တဲ့။

ကျွန်တော့်အခန်းဝ၌ ထမင်းချိုင့်ချထားသော်လည်း စားချင်စိတ်မရှိ။ ရေလည်းမချိုးမိ၊တနေကုန် ၀တ်ထားသည်နှင့်သာ အိပ်ယာပေါ်လှဲချလိုက်၏။ တကသ ဘက်သို့ သွားကြည့်ချင်--မြင်လည်းမမြင်ချင်ပြန်။
ဘောလုံးသမားများ အဖြစ်က ပိုဆိုးပါမည်။ ပုဂံဆောင်ပြန်ရောက်တော့ ထမင်းးစားခန်းပိတ်သွားပြီမို့ သောက်ဖို့ရေပင်မရှိ၊ ခါတိုင်းလို လှည်းထိပ်သို့ ထွက်စားလို့မရဟု နောက်ပိုင်းတွင် သူတို့ပြောပြ၏။
ချွေးတွေနှင့် စိတ်ကလည်း မကြည်မလင်၊ သြော် ကန့်ကော်ရနံ့သင်းတဲ့ တက္ကသီလာမှာ ခုတော့ အရှင်လတ်လတ် ပစ်သတ်ခံရသူ ကျောင်းသားတို့ရဲ့ သွေးစိမ်းနံ့--ယမ်းနံ့များ လွှမ်းနေပြီလော၊ ဥသြတွံသံအစား အစိမ်းသေရသူတို့ ၀ိဥာဉ်များရဲ့ ငိုညည်းသံများ နေရာယူလာပြီလား--စဖြင့် တွေးမိ၍ထင်ပါရဲ့။

အိပ်မက်လိုလို တစ္ဆေခြေက်သလိုလို--ဂယောက်ခြောက်ခြား--၊ အော့ချင်သလိုလို အံချင်သလိုလိုနှင့်၊
မနက် (၆) နာရီလောက် ဧရာမမြည်ဟီးသံကြီးနှင့် ကျွန်တော်တို့ဘော်ဒါဆောင်ကြီး တုန်ခါသွားတော့မှ နိုးလာလေတော့၏။

 (၇)

7 July 1962 နှင့်ပတ်သက်၍ မကျေနပ်ကြ၊ ဒေါသထွက်ကြ၊ နာကြည်ကြခြင်းသည် ဖြစ်သင့်ပါသည်။ သို့သော်လည်း ဗိုလ်နေ၀င်းလော--ဗိုလ်အောင်ကြီးလောဟု သားစဉ်မြေးဆက် ငြင်းနေကြခြင်းထက်ပို၍ ကြည့်သင့်မြင်သင့် လေ့လာသင့်ကြပါ၏။ ပိုမိုကျယ်ပြန့်သော ဖြစ်ရပ်မှန်ကို သိချင်ကြသူများရှိပါမည်။ သိချင်ကြသည်ထက် ဆက်လက်စူးစမ်းလေ့လာလိုသူများလည်း ရှိသင့်ရှိစေချင်ပါသည်။

ထိုရည်ရွယ်ချက်ဖြင့် ကျွန်တော်ဤဆောင်းပါးကိုရေးပါသည်။

အစတွင်ဆိုခဲ့သည့်အတိုင်း မိမိ၏ကိုယ်ပိုင် ခံစားချက်များ ခဏမျိုသိပ်ထားကာ သတင်းသမားကျင့်ဝတ် အတတ်နိုင်ဆုံး ကျင့်သုံးပြီးရေးသားခြင်းဖြစ်၏။ အချိန်များစွာယူ အချက်အလက်များမှန်ကန်ရန် ဟိုနိုင်ငံ သည်နိုင်ငံ တယ်လီဖုန်းဆက်၊ အကိုးအကားများ Research လုပ်ထားရပါသည်။ ထို့ကြောင့် စာဖတ်သူတို့က ဖတ်ကြည့်ပြီးမှသာ မိမိ၏အမြင်ကို Comment ရေးစေချင်ပါသည်။
ကျွန်တော်မျှော်မှန်းသည့်အတိုင်း တုန့်ပြန်မှုများရှိလာပါက 8 July 1962 ကိုဆက်ရေးသားမည်ဟု တွေးမိကြောင်းပါ။

 ၂၀၁၈ ခု၊ ဇူလိုင်လ (၇) ရက်နေ့။

Comments