မောင်အောင်မွန် - ကိုယ်တွေ့ 8 July 1962



မောင်အောင်မွန် - ကိုယ်တွေ့ 8 July 1962
ကျွန်တော်တွေးမိသလိုရေးပါမည် (၃၄၅)

(မိုးမခ) ဇူလိုင် ၁၃၊ ၂၀၁၈

(၁)

 ကျွန်တော်သည် သတင်းသမား (Professional News Writer) အဖြစ်ခံယူထားသူမို့ ဤဆောင်းပါးပါ အချက်အလက် တစ်ခုမကျန် မှန်ကန်ကြောင်း တာဝန်ခံကြောင်းထပ်ပြောကာ ဆက်လက်ရေးသားပါမည်။ မြန်ပြည်တွင် မြန်မာ့အသံ၌ နှစ်(၂၀)၊ နိုင်ငံခြားသတင်းထောက်၊ ကုလသမဂ္ဂ ပြန်ကြားရေးဌာန၊ UNCEF တို့၌ ဘာသာပြန်၊ Radio Moscw ၌(၃) နှစ်၊ ဘန်ကောက်တွင် အလွတ်သတင်းထောက်အဖြစ်(၃)နှစ်၊ VOA ၌ (၁၅)နှစ်လုပ်ပြီးနောက် အနားယူကာ ဗာဂျီးနီးယားပြည်နယ်တွင် စာရေး စာဖတ် Resaerch လုပ်နေပါသည်။ ထို့ကြောင့် 7 July 1962 အကြောင်း မမှန်မကန်မတိမကျ ရေးသားမှုများ၊ ပေါ့ပျက်ပျက်ရေးမှုများကို Check. Recheck. Check again. ဟူသော သတင်းသမားကျင့်ဝတ်အရ ယုတ္တိမဲ့၍ မထိမတို့။ သို့မှသာ စာဖတ်သူများ အမှန်ကိုသိနိုင်မည်။

 (၂)

၁၉၆၂ ခု၊ ဇူလိုင်လ (၈)ရက်နေ့ မနက် (၆) နာရီလောက် ဧရာမမြည်ဟီးသံကြီးနှင့် ဘော်ဒါဆောင်ကြီး တုန်ခါသွားတော့မှ နိုးလာလေတော့၏။ မိုးလင်းနေပြီ၊ အခြားသူများနည်းတူ ပြည်လမ်းဘက်သို့ ပြေးလာခဲ့၏။ တက္ကသိုလ်ဓမ္မာရုံနားပင် မရောက်သေး၊ တကသ အဆောက်အအုံကြီး ဖြိုဖျက်ခံလိုက်ရဟု သတင်းကြားရ၏။ ခြေလှမ်းပိုသွက်စွာနှင့် ရောက်သွားရာ မြင်လိုက်ရပုံ ခုတိုင်ရင်နင့်နေဆဲပါ။(ပုံကိုကြည့်)
အသက်(၈၂) နှစ်ကျော်အနေနှင့်ပင် အနိစ္စဟု တရားနှင့်မဖြေနိုင်သေးပါ။
အုတ်ကျိုးအုတ်ပဲ့တွေကြား အလောင်းတို့ သွေးကွက်တို့ ဘာမှမမြင်ရ။ လွန်ခဲ့သော (၄)ရက်နေ့က နေ့လယ်စားခဲ့သော တကသ၊ နောက်ဆုံး ဥက္ကဋ္ဌ ကိုဗဆွေလေးက ဘာလုပ်ရမှန်းမသိ ယောင်အအဖြစ်ပြီ ရဲဘော်ကြီးရေဟု ပြောခဲ့ရာ တကသ၊ ကျွန်တော့်အား စာရေးဆရာ မောင်အောင်မွန်ရယ်လို့ ဖြစ်လာစေသည့် အိုးဝေမဂ္ဂဇင်းရဲ့မိခင် တကသ--၊ စသဖြင့် တကသ---။
ထို တကသ ကားမရှိတော့ပြီ။

ကျွန်တော်တို့ခေတ် ကျောင်းဝင်ကြေးနှင့်အတူ တကသ အတွက် ၁ိ ပေးသွင်းရ၍ ကျောင်းသားတိုင်း တကသ ၀င်ဖြစ်ပြီး ရန်ကုန်တက္ကသိုလ် အက်ဥပဒေ (Rangoon University Act) တွင်လည်း တကသ သည် ကျောင်းသားအားလုံးကို ကိုယ်စားပြုသည့် တရားဝင်အဖွဲ့အစည်းဖြစ်သည်ဟု အတိအလင်းဖေါ်ပြကျင့်သုံး၏။ သို့သော်လည်း မေလ (၉)ရက်နေ့တွင် ထိုဥပဒေ ကိုဖျက်သိမ်းလိုက်ကြောင်း အာဏာသိမ်း တော်လှန်ရေးကောင်စီက ကြေညာလိုက်ပြီ။

 နောက်နေ့တွင် ဗိုလ်ချုပ်ကြီးနေ၀င်းက ရန်ကုန်တက္ကသိုလ် ကောင်စီဝင်များအား ဒဂုံရိပ်သာသို့ ခေါ်ယူပြီး ကောင်စီကိုဖျက်သိမ်းလိုက်ကြောင်း ပြောကြားသည်။ အပြန်အလှန်ပြောပြီးနောက် ပါမောက္ခချုပ် ဒေါက်တာသာလှ နှုတ်ထွက်၏။ (၄၁) ဦးပါဝင်သော ကောင်စီကို ဗိုလ်မှူးချုပ်သန်းဖေ၊ ဗိုလ်မှူးချုပ် စန်းယု၊ ဗိုလ်မှူးကြီး သန်းစိန်၊ ဗိုလ်မှူကြီးတင်စိုးနှင့် တော်လှန်ရေးကောင်စီခန့် ပါမောက္ခချုပ် ဦးကာတို့ပါဝင်သည့် (၅) ယောက်နှင့် အစားထိုးလိုက်ကြောင်း မေလ(၁၇) ရက်နေ့တွင် ထပ်မံကြေညာသည်။

 တကသ ကိုယ်စားလှယ် ဦးတီပီဝမ်းနှင့် ဦးမောင်မောင်ကျော်တို့လည်း မပါဝင်တော့။

၁၉၆၀-၆၁ အိုးဝေမဂ္ဂဇင်း တွင် မောင်အောင်မွန်၏ ၀တ္ထုအပြင် ကိုဘကောင်း ပေးထားသည့် ကလောင်ခွဲ မောင်အေးကျော် နည်မည်နှင့်ရေးသော အောင်ဆန်းဒိုင်းရ ရန်ကုန်တက္ကသိုလ် ဘောလုံးအသင်း အကြောင်းဆောင်းပါးလည်းပါသည်။ စာမူရှင်များနှင့် ကြော်ငြာရှင်များအား မေတ္တာလက်ဆောင်ပေးရန် တံဆိပ်တုံးရိုက် လက်မှတ်ထိုးထားသည့် စာအုပ်များ တကသ အထွေထွေအတွင်းရေးမှူး ရုံးခန်းတွင် ရှိနေမည်။ ရောင်းမည့် အိုးဝေမဂ္ဂဇင်းများလည်း အထုပ်လိုက် တကသ စာကြည့်တိုက်တွင်ရှိနေမည်။
ကျောင်းဖွင့်စမို့ အနည်ငယ်လောက်သာ လူတွေလက်လက်ထဲရောက်ဦးမည်။

Burma Online Book Shop မှ ဦးဝင်းကိုကိုထံမှရသော တကသ ၏နောက်ဆုံးအိုးဝေမဂ္ဂဇင်းအဖုံး ဖြစ်ကြောင်း ကျေးဇူးတင်စွာဖြင့် ဖေါ်ပြပါ၏။

(၃)

 ဘော်ဒါဆောင်ပြန် ရေမိုးချိုးပြီး မြန်အသံသို့ ကျွန်တော်လာခဲ့၏။
အ၀င်ဂိတ်စာင့်က ခါတိုင်းလိုရဲများမဟုတ်၊ စစ်သားများဖြစ်နေပြီ။ ကျွန်တော့်ဝင်ခွင့်ကပ်ပြားကို စစ်သားက ဖတ်နေရာ ရင်တွင်းနာကြည်းစိတ်နှင့် ဟိုဘက်မှာ ဓာတ်ပုံပါတယ်--ကြည့်ဟုပြောလိုက်မိသည်။ (၅၆)နှစ်ကြာ အသက်(၈၂) နှစ်အရွယ် ပြန်တွေးမိရင်း ရှက်သလိုလိုခံစားမိ၏။
တကသ ဖြစ်ရပ်များဝေးလို့ ထိုစစ်သားလေးခမျာ တကသ ဆိုတာဘာမှန်းပင် သိရှာမည်မထင်ပါ။ စာဖတ်သူများ စဉ်းစားကြပါကုန်။

ထိုနေ့က ကျွန်တော် နေ့လည်ပိုင်း တာဝန်ကျ၍ သာမန်အသံသွင်း ကိစ္စများသာလုပ်ရသည်။ အရေးကြီး ဥပမာ၊ အာဏာမသိမ်းမီ BBS Studio A မှ တိုင်းရင်းသားနှီးနှောဖလှယ်ပွဲ မျိုးဆိုလျှင် အဆင့်မြင့် လက်ထောက်အင်ဂျင်နီယာကသာ ကြီးကြပ်ပြီး ကျွန်တော်တို့အသံဖမ်းရသည်။

၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့မနက် အသံလွှင့်ခဲ့သော ဗိုလ်ချုကြီးနေ၀င်း၏ အာဏာသိမ်းမိန့်ခွန်း--အသံသွင်းပြီးသား တိပ်ခွေကို ဆက်သွယ်ရေးတပ်မှ ဗိုလ်မှူးသန်းတင် မြန်မာ့အသံသို့ လာပို့ခြင်းဖြစ်ပါသည်။

ထို့နောက် တော်လှန်ရေးကောင်စီ ကြေညာချက်(၁)၊ (၂)၊(၃)--စသည်တို့--လည်း ချိပ်ပိတ်စာအိတ်ကို စတူဒီယိုထဲ၌ အချိန်ကပ်ပြီး ဖွင့်ကာ မြန်မာ့အသံက ကြေညာရခြင်းသာဖြစ်၏။

 ပြည်လမ်းအဆောက်အအုံသစ်ကြီး မပြီးသေး၍ မြန်မာ့အသံ တည်ထောင်သူ ညွှန်ကြားရေးဝန် ဦးခင်ဇော် (K)ပင် ရုံးမထိုင်ရသေး၊ အနောက်ဘက်တန်းကို တပ်မတော် စိတ်ဓာတ်စစ်ဆင်ရေးဌာနကသိမ်းပိုက် ရုံးဖွင့်နေနှင့်ပြီ။

၁၉၅၉ ခု၊ အောက်တိုဘာလ အလုပ်ဝင်တော့ တွဲဘက် မြန်မာ့အသံ၏ စက်ပိုင်းဆိုင်ရာကို လုပ်ရသည့် ကျွန်တော်တို့စက်မှုလက်ထောက်များလည်း စိတ်ဓာတ်စစ်ဆင်ရေးဌာန၌ လစာထုတ်ရ၊ စစ်ဗိုလ်များ၊ ဦးစောဦး၊ ဦးချစ်လှိုင်၊ ဒေါ်ရီကြိန်၊ ဦးခင်မောင်ရှိန် စသည့် အရပ်သားအရာရှိများနှင့် သိခွင့်ရသည်။
ထို့အချက်သည် စာရေးရာ၌ ကျွန်တော့်အဖို့ အသုံးဝင်လာ၏။

(၄)

7 July 1962 နေ့က ကျောင်းသားများဆန္ဒပြပွဲသည် အရပ်သားမငြိမ်သက်မှု (Civil Unrest) ပါ။
၁၉၅၃ ခု၊ အောက်တိုဘာ အရေးအခင်းတုန်းက ရန်ကုန်တက္ကသိုလ်နယ်မြေတွင်းသို့ ရဲများ၊ ပြည်ထောင်စုရဲ (UMP) များသားဝင်ခဲ့သည်။ ကျောင်းသားလေး ဟယ်ရီတန် သေဆုံးရသည့် ၁၉၅၆ ခု၊ မတ်လ (၂၂) ရက်နေ့ အရေးအခင်းတွင်လည်း အဓိကရုန်းနှိပ်နင်းရေး ရဲများသာ ကိုင်တွယ်ခဲ့သည်။
ယခုတော့ တကသ အနီး၌ စစ်သားများကပါ နေရာယူထားပြီ။
စစ်မြေပြင်မဟုတ်သော်လည်း အာဏာသိမ်းစစ်အစိုးရ တက်နေသည်မဟုတ်ပါလား။ ရာဘာကျည်ဆန်မဟုတ်၊ တကယ့်ကျည်ဆန် အစစ်များနှင့်ဆိုတော့လည်း ပစ်မိန့်ရချင်း ပစ်ကြမည်။ ကွပ်ကဲသူက ဗိုလ်မှူးစိန်လွင်ဖြစ်သည်။ သူမဟုတ်ဘဲ ဘယ်စစ်ဗိုလ်ကကော ပစ်မိန့်ပေးပါလျက်နှင့် မပစ်ဘဲ နေရဲမည်လော၊ နေပါမည်လော။
စာဖတ်သူတို့ စဉ်းစားကြပါကုန်။

ပစ်မိန့် မည်သူကပေးမည်နည်း။ ၁၉၆၂ ခု၊ မတ်လ (၂) ရက်နေ့နောက်ပိုင်း မြန်မာ့အသံကို တော်လှန်ရေးကောင်စီက အသုံးများခဲ့သည်။ အထူးသဖြင့် အရှေ့ဘက်မျက်နှာစာ အစွန်ဆုံးအခန်းကို ပြန်ကြားရေးဝန်ကြီးအတွက် သီးသန့်ထားရှိ၏။ ထိုအခန်းသည် စတူဒီယိုမဟုတ်သဖြင့် အခန်းထဲ ပြောဆိုသံကို အသံဖမ်းနားထောင်လို့မရ။

7 July 1962 နေ့ကတော့  ကွပ်ကဲရေးရုံးခန်းဖြစ်လာ၏။

ဗိုလ်အောင်ကြီး၊ ဗိုလ်ကျော်စိုး၊ ဗိုလ်လှဟန် စသူတို့ရုံးထိုင်ကြသည်။ ထို့နောက် ပစ်မိန့်ပေးသည်၊ ပစ်သည်၊ သေကုန်ကြသည်။ ထို့နောက် သတင်းထုတ်ပြန်ရာ၌ ထိုသို့ပစ်ရာ၌ သေဆုံးသူများ စာရင်းသာပါ၏။ သေဆုံးသူဦးရေနှင့်ပတ်သက်၍သာ စောဒကတက်ကြပြီး ပစ်ဖို့မည်သူ ဆုံးဖြတ်အမိန့်ပေးသည်ကို ကျွန်တော်လို သာမန်လူငယ်အပါအ၀င် မည်သူမှမမေးကြ၊ စိတ်မ၀င်စားကြပါ။

 နောက်နေ့ထုတ် သတင်းစာများကလည်း မြန်မာ့သတင်းစဉ်က ပေးသည့်အတိုင်းသာဖေါ်ပြရ၏။

(၅)

8 July 1962 နေ့နံနက်တွင် တကသ အဆောက်အအုံကြီး ဖြိုဖျက်ခံလိုက်ရသည်။
ထိုသို့ပြိုကျလောက်အောင် ပြင်းထန်အားကောင်းသည့် ဒိုင်းနမိုက်များ စစ်တပ်အပြင် ဘယ်ကများ ရနိုင်ပါမည်နည်း။ စစ်သားကိုင် မောင်းပြန်သေနတ်နှင့် ကျောင်းသားကို ပစ်သတ်သလောက် မလွယ်ကူပါ။ အချိန်ယူ စနစ်တကျ ပြင်ဆင်လုပ်ဆောင်ခြင်းဖြစ်သည်။ သွေးစွန်းသောလက်က ကမ္ဘာပျက်ချိန်ထိပါသွားမည့် ဧရာမ ရာဇ၀တ်မှုကြီး နာရီပိုင်းအတွင်း နောက်ထပ်တစ်မှု ထပ်မံကျူးလွန်လိုက်ပြန်ပြီ။

တကသ ဆိုသည်မှာ သမိုင်းဝင်တွင် အဆောက်အအုံ မဟုတ်ပါလား။

 မြန်မာပြည်ရှိ အသင်းအဖွဲ့များအနက် တကသ သည်သာလျှင် စနစ်အကျဆုံး၊ စည်းမျဉ်းအတိုင်း အကျင့်သုံးဆုံးဖြစ်သည်။ မြန်မာ့လွတ်လပ်ရေး တိုင်ပွဲဝင်နိုင်ရန် ခေါင်းဆောင်ကြီးငယ်များ၊ သတင်းစာဆရာ၊ စာရေးဆရာ စသည့်အနုပညာရှင်များ-- စသူတို့ကို တကသ ကမွေး၏။
တကသ ခေါင်းဆောင်များ ရောက်သွားတော့မှ ဒို့ဗမာအစည်းအရုံး နိုင်ငံရေးအရ ပီပြင်လာသည်ဟု ရေးသားကြသည်။ သခင်သိန်းဖေ(မြင့်) က ဆရာကြီးသခင်ကိုယ်တောမှိုင်းအား ဒို့ဗမာအစည်းအရုံးသို့ ခေါ်ဆောင်လာသည်။ ထို့နောက် ကွန်မြူနစ်ပါတီ၊ ဆိုရှယ်လစ်ပါတီ၊ ဖဆပလ စသည်တို့ ဖွဲ့တတ် လုပ်တတ်ရန် တကသ သည်လေ့ကျင့်ရေးကျောင်း မဟုတ်ပါလား။

တပ်မတော်ကိုဖွဲ့စည်းသည့် ရဲဘော်သုံးကျိပ်ထိပ်ပိုင်း ဗိုလ်တေဇ၊ ဗိုလ်လက်ျာ၊ ဗိုလ်ဖေယျ၊ ဗိုလ်ရန်နိုင် တို့သည် တကသ ခေါင်းဆောင်များ မဟုတ်ပါလား။  ဗိုလ်နေ၀င်းလည်း ထိုအချိန်က တက္ကသိုလ်ကျောင်းသား။

7 July 1962 ပစ်သတ်မှုက စစ်တပ်နှင့် ကျောင်းသား သားစဉ်မြေးဆက် ရန်သူဖြစ်သွားစေ၏။
8 July 1962 နေ့ တကသ အဆောက်အအုံကြီး ဖြိုဖျက်မှုကြောင့် တပ်မတော်၏သိက္ခာသည်လည်း စတင်ထိုးဆင်းခဲ့သည်။

 (၆)

ညနေ(၄)နာရီတွင် ကျွန်တော်အလုပ်ပြီး၍ ဘော်ဒါဆောင်သို့ ပြန်လာခဲ့၏။
တဖြေးဖြေးလူစုံလာ၍ ကြားရသည့်သတင်းများ ဖလှယ်ကြ ပြောကြဆိုကြ၏။ စိတ်မကောင်းကြပါ။ ၀ယ်လာကြသော သတင်းစာများကိုစုဖတ်ကြ၏။ တက္ကသိုလ် ကောလိပ် အားလုံးပိတ်လိုက်ကြောင်းသတင်း မိဖများလာတွေ့၊ သုံးဘီးကားများနှင့် အဆောင်များက ပြန်ကြပုံးများကိုမူ တွေ့မြင်ကြရ၏။ မြန်မာ့အသံက ဘာကြေညာမလဲဟု ရေဒီယိုဖွင့်ကာ စောင့်ကြရ၏။ လာပါပြီ--ဗိုလ်ချုပ်ကြီးနေ၀င်း၏ သမိုင်းဝင်သွားသည့် မိန့်ခွန်းကြီး---၊

တကသ အဆောက်အဦကြီးဟာ ကျောင်းသားများကို အလွဲသုံးစားလုပ်ပြီး ကျောင်းအာဏာပိုင်များနဲ့ အစိုးရကို ပုန်ကန်ဖို့လှုံ့နေတဲ့ နေရာဖြစ်ပြီး မြေအောက်သူပုန်များရဲ့ လျှို့ဝှက်ဆက်သွယ်ရာ ဌာနချုပ်ကြီးဖြစ်လို့ ကြာရှည်ခွင့်မပြုနိုင်တော့ဘူး။ မိမိတို့မှာရှိတဲ့ အင်အားအနည်းငယ်ကို သုံးလိုက်တယ်------၊ ဓားကိုဓားချင်း--လှံကိုလှံချင်း ရင်ဆိုင်ဖို့အသင့်ပဲ---- စသဖြင့် အသံလွှင့်ရာ ရေဒီယိုနားထောင်သူတိုင်း ကြားလိုက်ကြရ၏။

ပထမိုင်း မြေအောက်သူပုန်များက BCP ကိုဆိုလိုပြီး ဘာ့ကြောင့် ဖြိုဖျက်ရကြောင်း၊ ဒုတိယပိုင်းက ဆန္ဒပြ ကျောင်းသားများအား စိန်ခေါ်သတိပေးလိုက်ခြင်းဖြစ်သည်။

ထို့နောက်မကြာမီ ဗိုလ်ချုပ်ကြီးနေ၀င်း လန်ဒန်သို့ထွက်ခွါသွားပြီး၊ ဗိုလ်မှူးချုပ်အောင်ကြီး ခေတ္တ တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌဖြစ်လာ၏။ ရှင်းပါသည်၊ သူတို့(၂) ယောက်သာမက တော်လှန်ရေးကောင်းစီ တခုလုံး၌ တာဝန်ရှိကြောင်း ပေါ်လွင်နေပြီမဟုတ်ပါလား။

၁၉၆၃ ခု၊ ဗိုလ်မှူးချုပ်အောင်ကြီး တပ်ကထွက်ရ၊ အဖမ်းခံရ၊ ထောင်ထဲဝင်လိုက် ထွက်လိုက်နှင့် နှစ်အတန်ကြာတော့မှ သူနှင့်မပတ်သက်လေဟန် လက်ကမ်းစာရေး လက်သိပ်ထိုးဝေငှ ဖြေရှင်း၏။ ဗိုလ်ချုပ်ကြီးနေ၀င်းကလည်း မဆလ အရေးပေါ်ပါတီညီလာခံ၌ မိန့်ခွန်းဆုံးအောင်ပင် မပြောနိုင် ဒေါသကြီးစွာ ကိုယ်လွတ်ရုန်းပြန်သည်။

 ရောက်လေရာဘ၀နောက်သို့ လိုက်ခြောက်နေမည့် ထိုဖြစ်ရပ်ကို ကြောက်ကြောက်နှင့် (၂)ယောက် စလုံးသေသွားကြပြီ။ အဲဒါကိုများ အချိန်ကုန်ခံကာ သားစဉ်မြေးဆက် ဗိုလ်နေ၀င်လား--ဗိုလ်အောင်ကြီးလားဟု မေးနေပြောနေကြခြင်းကို ကျွန်တော်လွန်စွာစိတ်ပျက်မိပါ၏။ ကျောင်းသား ကိုရှုမောင်က တကသ လှုပ်ရှားမှု၌ လုံးဝပါဖူးသူမဟုတ်၊ ကိုအောင်ကြီးကလည်း တက္ကသိုလ်ရောက်ဖူးသူမဟုတ်ပါ။

စာဖတ်သူတို့ စဉ်းစားကြပါကုန်။

(၇)

၁၉၉၂ခု၊ မေလတွင် မြန်ပြည်က ထွက်လာကတည်းက ထို 7 & 8 July 1962 နှင့်ပတ်သက်၍ တကသ အကြောင်းစာအုပ်ရေးမည်ဟု မျှော်မှန်းရည်ရွယ်ပြီး အချက်အလက် အကိုးအကား၊ ဓာပုံများ၊ သတင်းစာများ ရှာဖွေစုစောင်းခဲ့ရာ ယခုအခါ လက်ဝယ်အတော်များနေပါပြီ။
စာရေးဆရာတစ်ဦးသည် သူရေးသောစာကို ဖတ်ချင်ကြ၊ ဖတ်ကြ၊ ကြိုက်ကြလျှင် ပင်ပမ်းရကျိုးနပ် ၀မ်းသာကြစမြဲပါ။ သို့သော်လည်း ကျွန်တော်သည် မျက်စိ(၂)ဖက်စလုံးခွဲထားရ၊ Zaw Gyi One Keyboard ကို ငုံ့ပြီးစာလုံးရှာကာ ရိုက်ရသောကြောင့် ဤဆောင်းပါးပြီးရန် (၄) ရက်ကြာပါသည်။

 တကယ်တော့ တကသ အကြောင်း မကြာခဏကျွန်တော်ရေးခဲ့ပါ၏။

အဆင်ပြေပါလျှင် တကသ မွေးဖွါးခြင်း တစ်ပုဒ်လောက်တော့ ရေးချင်ပါသေးသည်။ ဘယ်အချိန် ဘယ်အခါ ရေးဖြစ်လာမည်ကိုမူ အတတ်မပြောနိုင်--ကြာချင်ကြာမည်။ ဖတ်ကြည့်ပြီးမှသာ မိမိ၏အမြင်ကို Comment ရေးစေချင်ပါသည်။

ကျွန်တော်မျှော်မှန်းသည့်အတိုင်း အခြေအနေပေးလာပါက တကသ အကြောင်း သတင်းသမားအမြင် စာအုပ်ကိုပင် ဆက်ရေးသွားမည်ဟု တွေးမိကြောင်းပါ။

၂၀၁၈ ခု၊ ဇူလိုင်လ (၁၁) ရက်နေ့။

Comments