ဇင်လင်း ● တတိယအကျော့ ၂၁ ရာစု ပင်လုံညီလာခံအလွန် ရွှေပြည်တော်နှင့် အနီးအဝေး

ဇင်လင်း ● တတိယအကျော့ ၂၁ ရာစု ပင်လုံညီလာခံအလွန် ရွှေပြည်တော်နှင့် အနီးအဝေး
(မိုးမခ) ဇူလိုင် ၃၁၊ ၂၀၁၈

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယအစည်းအဝေးကို ဇူလိုင် ၁၁ မှ ဇူလိုင် ၁၆ ရက်များအတွင်း အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပြီ ဖြစ်သည်။ ကဏ္ဍအလိုက် အခြေခံမူ အဆိုပြုချက်များကိုတင်သွင်းကြရာ နိုင်ငံရေးကဏ္ဍ အခြေခံမူ အဆိုပြုချက်ကို တပ်မတော်အစုအဖွဲ့ကိုယ်စားလှယ် ဒုတိယဗိုလ်ချုပ်ကြီး ခင်ဇော်ဦး (ငြိမ်း) ကလည်းကောင်း၊ စီးပွားရေးကဏ္ဍ အခြေခံမူအဆိုပြုချက်ကို အစိုးရအစုအဖွဲ့ ကိုယ်စားလှယ် ဦးလှမောင်ရွှေ ကလည်းကောင်း၊ လူမှုရေး ကဏ္ဍ အခြေခံမူအဆိုပြုချက်ကို နိုင်ငံရေးပါတီများအစုအဖွဲ့ကိုယ်စားလှယ် ဦးနိုင်ငံလင်းကလည်းကောင်း၊ မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ကဏ္ဍ အခြေခံမူအဆိုပြုချက်ကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း များအစုအဖွဲ့ ကိုယ်စားလှယ် ခွန်မြင့်ထွန်းကလည်းကောင်း ဖတ်ကြားတင်သွင်းခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့နောက် အစိုးရအစုအဖွဲ့ကိုယ်စားလှယ်ဦးကျော်ကျော်ဟန်၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ် ဦးမင်းဦး၊ တပ်မတော် အစုအဖွဲ့ကိုယ်စားလှယ်ဗိုလ်ချုပ်စိုးနိုင်ဦး၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ အစုအဖွဲ့ကိုယ်စားလှယ် နိုင်အောင် မငေးနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် စောထွန်းအောင်မြင့်တို့က ကဏ္ဍအလိုက်တင်သွင်းသည့် အခြေခံမူ အဆိုပြုချက် အချက် ၁၄ ချက်ကိုထောက်ခံ ဆွေးနွေးကြကြောင်း သိရသည်။  ဦးဆောင်သဘာပတိ ပဒိုစော ကွယ်ထူးဝင်းက ကဏ္ဍအလိုက် တင်ပြလာသည့် နိုင်ငံရေးကဏ္ဍ အဆိုပြုချက် ၄ ချက်၊ စီးပွားရေးကဏ္ဍ အဆိုပြုချက် ၁ ချက်၊ လူမှုရေးကဏ္ဍ အဆိုပြုချက် ၇ ချက်၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင်ကဏ္ဍ အဆိုပြုချက် ၂ ချက် စုစုပေါင်း ၁၄ ချက်အပေါ် အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်သားအစုအဖွဲ့၊ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ အစုအဖွဲ့နှင့် နိုင်ငံရေးပါတီများအစုအဖွဲ့တို့မှ ထောက်ခံတင်ပြပြီးဖြစ်သဖြင့် ကဏ္ဍအလိုက် အဆိုပြုချက် အခြေခံမူများ အားလုံးကို တစ်ပေါင်းတစ် စည်းတည်း အတည်ပြုကြောင်း ကြေညာခဲ့သည်ဟု ဆိုသည်။

၎င်းနောက် ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) မှ တင်သွင်းလာသော စာတမ်းများအား UPDJC အတွင်းရေးမှူးအဖွဲ့ဝင် ဦးမျိုးဝင်းက မှတ်တမ်းတင်ရန် ညီလာခံသို့ အဆိုပြုတင်သွင်းရာဦးဆောင် သဘာပတိက မှတ်တမ်း တင်ကြောင်းကြေညာခဲ့သည်။ ထို့နောက် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁)ရာစုပင်လုံတတိယအစည်းအဝေးမှ အ တည်ပြုခဲ့သော သဘောတူညီချက် ၁၄ ချက်ကိုပြည်ထောင်စု သဘောတူစာချုပ်၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် အစိုးရ အစုအဖွဲ့မှ ဒေါက်တာတင်မျိုးဝင်း၊ လွှတ်တော်အစုအဖွဲ့ ကိုယ်စားလှယ်ဦးအောင်စိုး၊ တပ်မတော်အစုအဖွဲ့ ကိုယ်စားလှယ် ဗိုလ်ချုပ်စန်းမြင့်၊ တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ ကိုယ်စားလှယ် ဒေါက်တာလျန်မှုန်းဆာခေါင်းနှင့် နိုင်ငံရေးပါတီ အစု အဖွဲ့ ကိုယ်စားလှယ် ဦးသုဝေတို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။

‘ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း (၂)’ တွင် အသိသက်သေအဖြစ် အစိုးရအစုအဖွဲ့ တိုင်းရင်းသား ကိုယ် စားလှယ် ဦးထုံဖူးဒဂုဏ်၊ တိုင်းရင်းသား လက်နက်ကိုင် အစုအဖွဲ့ တိုင်းရင်းသား ကိုယ်စားလှယ် နန်းစေးအွာ၊ နိုင်ငံရေးပါတီ အစုအဖွဲ့တိုင်းရင်းသားကိုယ်စားလှယ် တာမြင့်ကျော်၊ အစိုးရအစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူကိုယ်စားလှယ် ဦးကျော်ဝင်း၊ တိုင်းရင်းသားလက်နက်ကိုင် အစုအဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် ဦးလှကျော်အောင်နှင့် နိုင်ငံရေးပါတီအစု အဖွဲ့ ပါဝင်သင့်ပါဝင်ထိုက်သူ ကိုယ်စားလှယ် နန်းခမ်းအုံတို့ လက်မှတ်ရေးထိုးခဲ့ကြကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။ သို့ဖြစ်၍ ကျင်းပပြီးစီးသည့် ‘ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေး’ မှ သဘောတူညီချက် ၁၄ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ်အပိုင်း တစ်ရပ်အဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ယခင်ကျင်းပခဲ့သည့် ဒုတိယ အစည်းအဝေးတွင် သဘောတူညီချက် ၃၇ ချက်ကို ပြည်ထောင်စုသဘောတူစာချုပ်၏ အစိတ် အပိုင်းတစ်ရပ်အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့သည့်အတွက် ပြည်ထောင်စုသဘောတူ စာချုပ်တွင် အချက်ပေါင်း ‘၅၁’ ချက် ထည့်သွင်းနိုင်ခဲ့ပြီဖြစ်သည်။

ညီလာခံဆွေးနွေးပွဲမှ ရလဒ်များကို လေ့လာသုံးသပ်မည်ဆိုပါက အလားအလာကောင်းများတွေ့ရသကဲ့သို့   ဆက်လက် ၍ အခြေအတင် ပြောဆိုဆွေးနွေးစရာများလည်း အမြောက်အမြားရှိနေဦးမည်မှာ သေချာသည်။ ညီလာခံသည် အားရစရာ မရှိသော်လည်း ပြည်တွင်းငြိမ်းချမ်းရေးဆွေးနွေးပွဲ ဆက်လက်ပြုလုပ်နိုင်ခြင်း၊ ရလဒ်ပိုင်းအားနည်းသော်လည်း ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ထိန်းသိမ်းပေးသည့် ညီလာခံဖြစ်ခြင်း အစရှိသော အခြေအနေမျိုးတွေ့ရသဖြင့် အကျိုးရှိသည်ဟု မြင်ကြောင်း ပအိုဝ်းအဖွဲ့(PNLO)ဒုဥက္ကဋ္ဌခွန်မြင့်ထွန်း သုံးသပ်သည်။ ယခု ၂၁ ရာစုပင်လုံ ကျင်းပနိုင်ခြင်းသည် တစ်နှစ်ကျော် ပိတ်ဆို့နေ သည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လမ်းကြောင်းပွင့်စေသည်ဟု ပအိုဝ်း အဖွဲ့ ဒုဥက္ကဋ္ဌခွန်မြင့်ထွန်းက ပြောကြားသည်။

ညီလာခံဖွင့်ပွဲအခမ်းအနားတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဋ္ဌ၊ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အမှာစကားပြောကြားရာ၌့ NCA သဘောတူညီမှုသည် မတူကွဲပြားသည့် အင်အားစုများ အကြား ရခဲလှသော ဆုံချက်တစ်ခု၊ မျှခြေတစ်ရပ်အနေဖြင့် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။ ခိုင်မာသည့် စာချုပ် စာတမ်းတစ်ခု၊ ပဋိညာဉ်စာတမ်းတစ်ရပ်အဖြစ် တိုင်းသိ၊ ပြည်သိ၊ နိုင်ငံတကာ အသိအမှတ်ပြုမှုနှင့်အတူ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ ဤသဘောတူစာချုပ်သည် အလုံးစုံပြီးပြည့်စုံပြီဟု မဆိုနိုင်သော်လည်း၊ ရန်ဘက်အသွင် ဆောင်၊ တိုက်ပွဲများဖော်ဆောင်ခဲ့ကြသူတို့အကြား သဘောတူလက်ခံနိုင်သော ပဋိညာဉ်တစ်ရပ် ရရှိစေရန် အပင်ပန်းခံ၍ စိတ်ရင်းစေတနာကောင်းဖြင့် စေ့စပ်ညှိနှိုင်း ဆွေးနွေးခဲ့ကြသူအားလုံးကို တိုင်းရင်းသား ပြည်သူလူထုရဲ့ကိုယ်စား ကျေးဇူး တင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားခဲ့သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က “ဒါပေမယ့်လည်း ကျွန်မတို့ရဲ့ NCA ထီးရိပ်အောက်ကို ငြိမ်းချမ်းရေးဖြစ်စဉ် ရဲ့ အစပိုင်း မှာ ထဲထဲဝင်ဝင်ပါဝင်၊ အားကြိုးမာန်တက် ဆွေးနွေးခဲ့ကြတဲ့ အစုအဖွဲ့အချို့ ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး။ အလားတူ အစိုးရနဲ့ နှစ်ဖက် သဘောတူညီချက် Bilateral Agreement တွေကို စောင့်ထိန်းလိုက်နာပြီး ပဋိပက္ခနဲ့ တိုက်ပွဲတွေကို ရှောင်ရှားနိုင်တဲ့ အစုအဖွဲ့တွေလည်း ပါဝင်လာနိုင်ခြင်း မရှိသေးပါဘူး။ ဒီအဖွဲ့တွေ ပါဝင်လာနိုင်ဖို့ကိုလည်း ကျွန်မတို့ အစိုးရအနေနဲ့ ငြိမ်းချမ်းရေးတံခါး အစဉ်အမြဲ ဖွင့်လှစ်ထားပြီး တွေ့ဆုံဆွေးနွေး အဖြေရှာရေး လမ်းကြောင်းနဲ့ ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါတယ်။ အလုံးစုံအားလုံးပါဝင်နိုင် ဖို့ အင်မတန်မှ ခက်ခဲနိုင်မယ်ဆိုတာ သိထားပေမယ့်လည်း ကျွန်မတို့ နိုင်ငံ၊ ကျွန်မတို့ ပြည်ထောင်စုရဲ့ သမိုင်းဝင်နိုင်ငံရေးဆွေးနွေးပွဲတွေဟာ ဒီအဖွဲ့တွေ ပါဝင်လာနိုင်ခြင်း မရှိသေးတာကြောင့် ပြီးပြည့်စုံပြီလို့ မဆိုနိုင်သေးပါဘူး။ လစ်ဟာချက်ကို ဖြည့်ဆည်းနိုင်ဖို့ ကျွန်မတို့အနေနဲ့ အချိန်တိုင်း ဆက်ပြီးကြိုးစားနေဦးမှာ ပါပဲ။” ဟု ပြောကြားခဲ့သည်။

ညီလာခံ အခင်းအကျင်းနှင့် အခြေခံရလဒ်များကို လေ့လာကြည့်ပါ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် လက်ရှိအစိုးရ အနေဖြင့် ငြိမ်းချမ်းရေးအတွက် စိတ်ရောကိုယ်ပါ အားကြိုးမာန်တက် ကြိုးပမ်းဆောင်ရွက်နေသည်ကို မြင်ရသည်။ အစိုးရ က ထိုကဲ့သို့ ငြိမ်းချမ်းရေးကိစ္စ အားတက်သရောဆောင်ရွက်နေချိန်၌ တပ်မတော်က စစ်ဆင်ရေးများ ယာယီ ရပ်ဆိုင်းထား နိုင်လျှင် တိုင်းရင်းသားအဖွဲ့များ၏ ယုံကြည်မှု ပိုမိုရရှိစေမည်ဖြစ်သည်။ ညီလာခံကျင်းပနေစဉ် ရှမ်းပြည်တောင်ပိုင်း တပ်မ တော် (RCSS/SSA) နယ်မြေ အတွင်း တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းသည် မကောင်းဟုဆိုရမည်။ ယင်းကိစ္စနှင့် ပတ်သက် ၍ ရှမ်းပြည်တပ်မတော် တောင်ပိုင်း ဥက္ကဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က  RCSS/SSA တပ်များအနေဖြင့် ဗမာပြည်မသို့ သွား ရောက်ခဲ့ခြင်း မဟုတ်သောကြောင့် အစိုးရ တပ်မတော်က RCSS အား နယ်မြေကျူးကျော်သည်ဟု မသုံးစွဲသင့်ကြောင်း ရှမ်းမီဒီယာတခုနှင့် ရုပ်သံတွေ့ဆုံမေးမြန်းခန်း ၌ ပြောကြားခဲ့သည်။ ငြိမ်းချမ်းဖြစ်စဉ် တန့်နေရခြင်းမှာ တပ်မတော်ကြောင့် ဖြစ်ကြောင်း  ဗိုလ်ချုပ်ကြီး ယွက်စစ်က ရုပ်သံတွေ့ဆုံမေးမြန်းခန်း တွင် ပြောကြားထားသည်။

“စစ်တပ်က အန်စီအေ အပစ်ရပ်စာချုပ်အတိုင်း မလုပ်ဆောင်သလို အပစ်ရပ်ပြီးလို့ နိုင်ငံရေး ဆွေးနွေးနေတယ် ဆိုပေမယ့် အင်အားသုံးပြီး မကြာခဏလာတိုက်နေတယ်။ ကျွန်တော်တို့ဘက်က စတိုက်တာ မရှိပေမယ့် သူတို့ကပဲ  လာလာ တိုက်နေ တယ်” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ဆိုသည်။

“သူတို့က ကျွန်တော်တို့ကို နယ်မြေကျူးကျော်တယ်ဆိုပြီးပြောတယ်။ ဘယ်နေရာမှာ နေရမယ်ဆိုတာ ဆုံးမှ မဆုံးဖြတ်ရ သေးတာ။ ရှမ်းတပ်က ရှမ်းပြည်အတွက် အလုပ်လုပ်တော့ ရှမ်းပြည်ထဲသွားလာနေတာပဲ။ ဗမာပြည်ကို သွားမရှုပ်ဘူး သွားလည်းမသွားဘူး။ ဒါကိုဘာလို့ နယ်မြေကျူးကျော်တယ်လို့ ပြောတာလဲ။” ဟု ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောကြား သည့် ရုပ်သံကို ‘သျှမ်းသံတော်ဆင့် သတင်း’ က ဖော်ပြခဲ့သည်။

ဇူလိုင်ပထမအပတ်က ရန်ကုန်မှာ ကျင်းပခဲ့တဲ့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်သည့် ပြည် ထောင်စုအဆင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အစည်းအဝေးတွင်  ရှမ်းပြည် အနှန့်ရှိ  RCSS/SSA တပ်များကို ထိုင်းနယ်စပ် ‘မုန်းထော့ မုန်းထားဒေသ’ သို့ ပြန်ဆုတ်ရန် တပ်မတော်ဘက်က ညွှန်ကြား ခဲ့သည်ဟု ဆိုသည်။ ယင်းနောက်ပိုင်း အပစ်ရပ် RCSS/SSA တပ်နှင့် တပ်မတော်တို့အကြား စစ်ရေးတင်းမာမှု   ရှမ်းပြည် အ လယ်ပိုင်းဒေသ မိုင်းကိုင်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်ကို တွေ့ရသည်။

လွန်ခဲ့သော သီတင်းပတ်အတွင်း မိုင်းကိုင် ဟမ်းငိုင်းဒေသဘက်၌ တိုက်ပွဲများဖြစ်ပွားခဲ့သဖြင့် ဒေသခံ ၁ဝဝဝ ကျော် နေရပ် စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု ‘သျှမ်းသံတော်ဆင့် သတင်း’ က ဖော်ပြခဲ့သည်။ ဇူလိုင် ၁၈ ရက်၊ ၁၉ ရက်နေ့များကလည်း မိုင်း ကိုင်ဒေသတွင် တိုက်ပွဲဖြစ်ခဲ့ကြောင်း ဒေသခံများကို ကိုးကား၍ ‘သျှမ်းသံတော်ဆင့် သတင်း’ က ဖော်ပြခဲ့သည်။

အပစ်ရပ်အဖွဲ့များ အနက် RCSS/SSA သည် တပ်မတော်နှင့် တိုက်ပွဲဖြစ်ပွားမှု အများဆုံးအဖွဲ့လည်းဖြစ်သည်။

နေပြည်တော်တွင် လုပ်ခဲ့သော ၂၁ ပင်လုံ တတိယအကြိမ် အစည်းအဝေးနှင့်ပတ်သက်၍ ဗိုလ်ချုပ်ကြီး ယွက်စစ်က ဝေဖန် ပြောကြားရာ၌ ညီလာခံသည်  အစိုးရက နာမည်ယူအမြတ်ထုတ်သည့် ညီလာခံဖြစ်၍ အကျိုးမရှိဟု ဆိုသည်။ ပြည်သူနှင့်  ကမ္ဘာကို လှည့်စား၍ သိက္ခာဆယ်သည့် ညီလာခံသာ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ဝေဖန်ပြောဆိုထားသည်။

၂၁ ပင်လုံ တတိယအကြိမ်ညီလာခံတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ မိန့်ခွန်းသည် နိုင်ငံရေးပါတီများနှင့်  တိုင်းရင်း သားလက်နက်ကိုင်များက ပြည်သူကို ကိုယ်စားမပြုဘဲ တပ်မတော်ကသာ ပြည်သူအားလုံးကို ကိုယ်စားပြုသည်ဟု ဆိုထား ခြင်းအပေါ် ၎င်းက ယခုကဲ့သို့ သုံးသပ်ပြောဆိုခဲ့သည်။

“ကျနော်တို့ ပစ်ခတ်တိုက်ခိုက်လာကြတာ နှစ်ပေါင်း ၆ဝ ရှိပြီ။ ဘယ်သူမှမနိုင်ဘဲ ဘယ်သူမှမရှုံးဘူး။ ဦးသိန်းစိန်အစိုးရ တက် လာပြီး နိုင်ငံရေးဆွေးနွေးဖို့လမ်းဖွင့်ပေးမှ ကျနော်တို့အပစ်ရပ်ကြတာလေ။ တပ်မတော်ဆိုတာကလည်း ပြည်သူ လူထုရဲ့ တပ်မတော်ဘဲ။ လူထုကို ကိုယ်စားပြုမပြု ဒါဖွင့်ပြောစရာမလိုဘူး တကမ္ဘာလုံးက သိနေတယ်။ တပ်မတော်ဆိုတာ ၁၉၆၂ ဦးနေဝင်း အာဏာသိမ်းပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ အာဏာကြီးမားကျယ်ပြန့်လာတယ်။ တနိုင်ငံလုံးကို အုပ်ချုပ် မင်းလုပ် လာတယ်။ သူတို့တက်လာပြီးနောက်လူထုက တဖြည်းဖြည်း မွဲပြာကျလာတယ်။”ဟု ဗိုလ်ချုပ်ကြီးယွက်စစ် က ဆိုသည်။

ထို့နောက် ‘သျှမ်းသံတော်ဆင့် သတင်း’ က “NLD အစိုးရ သက်တမ်းက ၁ နှစ်ကျော်မျှသာ ကျန်တော့သည်ဖြစ်၍ ဖွဲ့စည်း ပုံပြင်ဆင်ရေးအတွက် ယုံကြည်အားကိုးနိုင်ပါမည်လားဟု မေးမြန်းခဲ့သည်။ ယင်းမေးခွန်းကို ၎င်းက ယခုကဲ့သို့ ဖြေကြားခဲ့ သည်။

“ပြောလို့တော့မရသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်က အခု လောလောဆယ်သူက ဘာအာဏာမှမရှိဘူးလေ။ သူ့ကို အပြစ်သွားပြောလို့တော့ ဘယ်ရမလဲ။ သူက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုပေမယ့် စစ်တပ်ကို သူဘာမှ ညွှန်ကြားလို့ မရဘူးလေ။ တဖက်ကိုပြန်ကြည့်မယ်ဆိုရင် စစ်တပ်ကို ညွှန်ကြားနိုင်တာ သမ္မတပဲ ဆိုပေမယ့်လည်း သမ္မတက ထိထိ ရောက်ရောက်လုပ်တာ ဘာမှမတွေ့မိသေးဘူး။ ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်က လာမယ့် ရွေးကောက်ပွဲမှာလည်း သူ နိုင် နိုင်သေးတယ်။ ဘာလို့လည်းဆိုတော့ သူ့မှာဘယ်လို အခက်အခဲတွေ ရှိနေသလဲဆိုတာ လူထုက သိနေတယ်လေ။ လူကြီးမပြောနဲ့ ကလေးတွေတောင်သိတယ်လေ သူ့အခက်အခဲကို။” ဟု RCSS/SSA ဥက္ကဋ္ဌ က ဖြေကြားသွားသည်။

အလားတူ ၂၁ ရာစုပင်လုံ တတိယညီလာခံမှ ရရှိလာသော အချက်အလက်များသည် ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံ ချက် ပေးနိုင်သည့် အချက်အလက်များ အလုံအလောက်မပါရှိဟု UPDJC ဒုဥက္ကဌ ဒေါက်တာ ဆလိုင်းလျန်မှုန်းဆာခေါင်က ဝန်ခံလိုက်သည်ဟု မွန်သတင်းအေဂျင်စီ က ဖေါ်ပြခဲ့သည်။

“ဒီညီလာခံတွေ ကျင်းပပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျနော်တို့ လုပ်နေတာဟာ အနှစ် ၇ဝ ကျော်ကြာပြီဖြစ်တဲ့ ပြည်တွင်းစစ် ချုပ်ငြိမ်းစေဖို့ဖြစ်တယ်၊ အခု ရလာတဲ့အချက်အလက်တွေဟာ ပြည်တွင်းငြိမ်းချမ်းရေးကို အာမခံချက် ပေး နိုင်တဲ့ အချက်အလက်တွေ အလုံအလောက်မပါရှိသေးဘူးဆိုတာ ကျနော်ဝန်ခံချင်ပါတယ်။”  ဟု ညီလာခံ ၅ ရက်မြောက် နေ့တွင် သတင်းထောက်များအား ပြောကြားခဲ့သည်။

ခြုံငုံသုံးသပ်ရလျှင် ငြိမ်းချမ်းရေးအောင်မြင်ရန် အဓိကအဆုံးအဖြတ်ပြုနိုင်ခွင့်သည် NLD အစိုးရနှင့် တပ်မတော်တို့ ၏ စိတ်ရင်းစေတနာ အပေါ်မူတည်နေသည်။ ဆွေးနွေးပွဲကာလအတွင်း စစ်ဆင်ရေးများ တပြည်လုံးတွင် ရပ်ထားသင့်သည်။ လတ်တလောတွင် နိုင်ငံရေးအရ အပေးအယူမတည့်သေးသည့်တိုင် တိုင်းရင်းသားအဖွဲ့များအား  စစ်ရေးဖြင့် ဖိအားပေး  ခြင်း မလုပ်သင့်။ တနည်းအားဖြင့် သူတို့လုံခြုံစိတ်ချရမှုအတွက် အာမခံချက် ပေးဖို့လိုသည်။ အပြန်အလှန်ယုံကြည်မှု ခိုင်မာ ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးဖေါ် အချင်းချင်း အကြား စိတ်ရင်းကောင်း ထားဖို့လိုသည်။ တန်းတူရည်တူ ညီရင်းအစ်ကို စိတ်ဓါတ် အရင်းခံဖြင့် နိုင်ငံရေး ဆွေးနွေးပွဲ ခရီးဆက်ကြမှသာလျှင် ငြိမ်းချမ်းရေးသည် ဝေးလွန်းသည် ထင်ရသော်လည်း လှမ်းသလောက် ခရီးပေါက်နိုင်မည်ဖြစ်သည်။ လက်ရှိ ၂၁ ရာစုပင်လုံ တတိယအကျော့ ညီလာခံအလွန် ငြိမ်းချမ်းရေး အလားအလာသည် ရွှေပြည်တော်နှင့် အလှမ်းကွာဝေးနေဆဲဟု အရှိအတိုင်း သုံးသပ်မိပါသည်။

Comments