ထွန်းသိန်းဦး - စာပေဂျာနယ် နှစ် သုံးဆယ် ပြည့်ပြီ



 ထွန်းသိန်းဦး  - စာပေဂျာနယ် နှစ် သုံးဆယ် ပြည့်ပြီ
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီအရေးတော်ပုံကြီးနှင့်တွဲ၍ မှတ်မိနေသော မဂ္ဂဇင်းတစ်စောင်က စာပေဂျာနယ် ဖြစ်ပါ သည်။ စာပေရေးရာနှင့် ပတ်သက်၍ အလေးအနက်ဝေဖန်ရေးသားမှုများ၊ မြန်မာစာပေနယ်တွင် ထင်ရှားသည့် စာပေ ပညာရှင်များ၊ စာပေဝေဖန်ရေးသမားများ၏ လက်ရာများအပြင် အနယ်နယ် အရပ်ရပ်မှ စာပေသမားများ၏ သုံး သပ်ဝေဖန်ချက်များ၊ စာပေရေးရာအမြင်များ၊ စကားဝိုင်းများဖြင့် အားပြည့်အင်ပြည့်အားပြည့် ပါဝင်သည့် စာ ပေဂျာနယ်သည် ၁၉၈၈ ခုနှစ်၊ ဩဂုတ်လတွင် စတင်ထွက်ရှိခဲ့ရာ ယခု (၂၀၁၈ ခုနှစ်တွင်) နှစ်သုံးဆယ်ပြည့်ပြီ။ အတွဲ (၁) ၊ အမှတ် (၅) ပါ အယ်ဒီတာစကား အတိုင်း ‘စာပေ၏ သွင်ပြင်လက္ခဏာအရပ်ရပ်ကို လေ့လာဆန်းစစ် သော၊ မြန်မာ နှင့် နိုင်ငံတကာ စာပေအခြေအနေများကို မှတ်တမ်းတင်သော၊ နိုင်ငံတဝန်းလုံးရှိ မြန်မာစာပေသမား များ၏ ဆန္ဒ သဘောထားအမြင်များကို ထင်ဟပ်သော’ မဂ္ဂဇင်း တစ်စောင် ဖြစ်ပါသည်။


စာပေဂျာနယ်ကို စီစဉ်သူ အယ်ဒီတာတွေက ၁၉၈၈ မှ ၁၉၈၉ ခုနှစ်အတွင်း ထွက်ခဲ့သည့် အတွဲ (၁) စာစောင် များတွင် ဆရာဖေမြင့်၊ ဆရာခွန်ဂျာမှိုင်း၊ ဆရာမောင်သွေးသစ်၊ ၁၉၉၀ ပြည့်နှစ်နှင့် ၁၉၉၂ ခုနှစ် အတွင်း ထွက်သည့် အတွဲ (၁)၊ အမှတ် (၉) မှ (၁၂) မှာတော့ ဆရာဖေမြင့်နှင့် ဆရာခွန်ဂျာမှိုင်း၊ ၁၉၉၄- ၉၅ အတွဲ (၂) နှင့် အတွဲ (၃) တွင် ဆရာမောင်သွေးသစ်နှင့် ဆရာခွန်ဂျာမှိုင်း၊ ၁၉၉၇ ခုနှစ်ထဲတွင်တော့ ဆရာခွန်ဂျာမှိုင်း ဖြစ် သည်။ အစောပိုင်းဂျာနယ်များက ပန်းချီမျက်နှာဖုံးနှင့် ဖြစ်ပြီး ၁၉၉၅ ခုနှစ်ထဲတွင် စာပေပညာရှင်ကြီးများ၏ ဓာတ်ပုံကို မျက် နှာဖုံးတင်ထားသည်။ ၁၉၉၄ ခုနှစ်၊ စက်တင်ဘာလထုတ် အတွဲ (၂) အမှတ် (၁) မှစ၍ ၁၉၉၆ ခုနှစ်၊ မတ်- ဧပြီ လထုတ် အတွဲ (၃)၊ အမှတ် (၇) အထိ (ထင် သည်) လစဉ်ပုံမှန်ထုတ်ဝေနိုင်ခဲ့ပြီး ၁၉၈၉ ခုနှစ်အတွင်း ခြောက်အုပ်၊ ၁၉၉၀ ပြည့်နှစ်အတွင်း နှစ်အုပ်၊ ၁၉၉၁ နှင့် ၁၉၉၂ ခုနှစ်တွင် တစ်အုပ်စီ ထုတ်ဝေနိုင်ခဲ့သည်ကို တွေ့ရ သည်။ အတွဲ (၃) တွင် ၁၂ အုပ်ပြည့်အောင် ထုတ်ဖြစ် သလားမသိ။ ကျွန်တော့်မှာရှိသည့် နောက်ဆုံးထုတ် စာပေဂျာနယ်က ကဗျာ ဆရာကြီး ဒေါင်းနွယ်ဆွေအဖုံးနှင့် ဖြစ်ပြီး မျက်နှာဖုံးခွင့်ပြုချက် ၉၇(၆) ဟု တွေ့ရသဖြင့် ၁၉၉၇ ခုနှစ်၊ ဇွန်လ သို့မဟုတ် ဇူလိုင်လထုတ်၊ အတွဲ (၃)၊ အမှတ် (၁၁) ဖြစ်မည် ထင်သည်။ ၁၉၈၈ ခုနှစ်မှ ၁၉၉၇ ခုနှစ်၊ ကိုးနှစ် အတွင်း အုပ် ၃၀ ကျော်ထွက်ခဲ့သည် ဟုဆိုရမည်။ အတွဲ (၂) စာအုပ်များတွင် ပုံနှိပ်ခဲစာ လုံးနှင့်ဖြစ်ပြီး အတွဲ (၃) တွင်တော့ ကွန်ပျူတာစာစီ ဖြစ်သည်။ ဆရာကြီး သခင်ကိုယ်တော်မှိုင်း နှစ် ၁၂၀ ပြည့် အထိမ်း အမှတ်အဖြစ် ထုတ်ဝေသော စာပေ ဂျာနယ်က နှစ်ခါပြန်ရိုက်နှိပ်ရသည်အထိ စာသမားများ သိမ်း ဆည်းစရာ ဖြစ်ခဲ့သည်။


ဝယ်ယူထားသမျှ စာပေဂျာနယ်တွေပြန်ဖွကြည့်တော့ လွန်ခဲ့သည့် နှစ် ၃၀ က မြန်မာစာပေရှုခင်းကို တွေ့ရ သည်။ ထိုစဉ်ကစာပေရေးရာတွေကိုဖတ်ရသည်။ မဂ္ဂဇင်းရွှေခတ်ဟုဆိုရမည့် ကာလ။ လစဉ်ထုတ်တွေရော၊ တင် ထုတ်မဂ္ဂဇင်းတွေပါ အများအပြားထွက်ခဲ့ကြသည်။ ထိုစဉ်ကစာပေလောကကို သုံးသပ်ချက် တော့ မဂ္ဂဇင်းများ၏ အခန်းကဏ္ဍတိုးတက် လာ သော်လည်း လုံးချင်းဝတ္ထုဘက်မှာ အားနည်းနေသေးသည်တဲ့။ ဆောင်းပါးတွေ အနက် ဆရာမောင်သွေးသစ်၏ ကမ္ဘာ့ စာကြည့်တိုက်ကြီးများနှင့် စာပေဂျာနယ် တွင် စာပေဂျာနယ်ကို မှာယူသော ပြည်ပ နိုင်ငံကစာကြည့်တိုက်တွေကို ဖော်ပြထားသည်။ အမေရိကန်၊ အင်္ဂလန်၊ ဩစတြေးလျ၊ ဂျပန်၊ ဂျာမနီ၊ ပြင်သစ်၊ စင် ကာပူတဲ့။ စာပေရေးရာဝေဖန် စာတွေ နှင့်တုန့်ပြန်ချက်တွေအနက် ဆရာချစ်ဦးညို၏ ရာဇကုမာရ ဝတ္ထုနှင့် ပတ် သက်၍ ရေးကြသည့် ဆရာမောင်စွမ်းရည်နှင့် ဆရာမဒေါက်တာမတင်ဝင်း၏ ဆောင်းပါးများ၊ ဆရာ မောင်စွမ်း ရည်၊ ဆရာကိုထူး၊ ဆရာမောင်ခိုင်လတ်၊ ဆရာစိုးမြင့်လတ်၊ ဆရာစိုးမင်းဦးတို့၏ စာပေရေးရာ ဝေဖန်သုံးသပ်ချက် များ၊ ဆရာဇောင်းထက်၊ ဆရာမောင်သင်းခိုင်၊ ဆရာမောင်စွမ်းရည်၊ ဆရာအောင်ခိုင်မြတ် (တောင်ငူ) တို့၏ ကဗျာ စာအုပ်ဝေဖန်ချက်များ၊ ပရိသတ်ထံမှ ပေးစာများ၊ မဂ္ဂဇင်းဆောင်းပါးများထဲက အလွဲတွေကို ထောက် ပြထားသော မောင်ပြဿနာ၏ ဆောင်းပါးများ၊ မှတ်မှတ်ရရစာပေစကားဝိုင်း တို့ကိုတွေ့ရသည်။


မှတ်မှတ်ထင်ထင် ဖြစ်ရသည့် ဆောင်းပါးအချို့က ဆရာသော်တာဆွေ၏ ကျောက်ဖြုံးကျော်ကြီး ဝတ္ထု သည် ဂျူး စာရေးဆရာတစ်ဦး၏ ဝတ္ထုနှင့်တူနေသည် ဟု Anna Allot (ဒေါ်ခင်ခင်ချော) ၏ ထောက်ပြချက်နှင့် ပတ်သက်၍ ဆရာ မောင်မိုးသူ၊ ဆရာဩရတို့၏ တုန့်ပြန်ချက်ရေးသားများ၊ ဆရာမဂျူး၏ ရာဇဝင်ထဲမှာထားရစ်ခဲ့ ဝတ္ထုတိုစုစည်းမှုကို ဝေဖန် ထားသည့် ဆရာမောင်စွမ်းရည်၏ ဝေဖန်ချက်ကို ထပ်ဆင့် ဝေဖန်ထားသော ဆရာရန်နောင်ဦး၏ ဆရာစွမ်း လာရာလမ်း ကိုပြန်ကြည့်ပါ၊ ဆရာမောင်သွေးသစ်၏ ကဗျာများကို ခံစားရေးဖွဲ့ထားသည့် ဆရာကိုစိမ်းဦး (ရေနံချောင်း)၏ ခြေရာခံ၍ ရသော အိပ်မက်များ၊ ဆရာချစ်ဦးညို၏ သမိုင်းနောက်ခံဝတ္ထုရေးသူ၏ အတွေ့အကြုံများ၊ ဆရာမဂျူး၏ အာရုံဝင်စားခြင်း၊ ဆရာမောင်လင်းယုန် (ရှမ်းပြည်) ၏ နိုင်ငံရပ်ခြား စာပေလေ့လာရေးသင်တန်း ဂန္ထဝင်ပျိုးခင်း၊ ဆရာဝင်းမောင်(သမိုင်း)၏ မှန်နန်းကို ဖြတ်သန်းခြင်း သမိုင်းရေးရာ ဆောင်းပါးများ၊ ဆရာမြသန်းတင့်၏ ခန်းဆောင်နီထဲတွင် အိပ်မက်မက် ကြည့်ခြင်း ဆောင်းပါးတွဲများနှင့် အဆုံးသတ်မသွားနိုင်သည့် သူမ သို့မဟုတ် လေရူးသုန်သုန်အဆက်၊ ဆရာဇော်ဇော်အောင် ၏ မော်ဒန်ဝတ္ထုတိုဝေဖန်ရေး၊ ဆရာ မောင်သာနိုး၏ နိုင်ငံတကာ ကဗျာဆောင်းပါးများ၊ ဆရာအောင်ဝေး၏ မိုးဝေ ကဗျာ ၁၉၇၀ လေ့လာချက်၊ ဆရာကျော်လှိုင်ဦး၏ အားနက်စ်ဟဲမင်းဝေး၊ ဆရာနတ်နွယ်၏ ကပ်ဖကာ မိတ်ဆက်၊ ကပ်ဖကာ၏တရားခွင် စသော နိုင်ငံတကာ စာပေရေးရာ ဆောင်းပါးများ ဖြစ်သည်။


ဆရာအထောက်တော်လှအောင်၏ ဆောင်းပါးတွေကတော့ အိုးဝေနှင့် သတင်းဂျာနယ်ထုတ်ခဲ့စဉ်က အတွေ့အကြုံ တွေကို ပြန်ပြောင်းအောက်မေ့ရင်း၊ သတင်းသည် အကြောင်းအရာသာမက နာမည်ပါဖြစ်သလို စာပေသည်လည်း အကြောင်းအရာသာမက နာမည်လည်းဖြစ်သည်ဟု ခံစားယုံကြည်မိသည် တဲ့။ ဆရာနန်းညွန့်ဆွေ၏ ဖိနပ်တိုက်ပွဲ၊ ဆရာ ဦးဝင်းတင်၏ မျိုးဆက်ကွာဟမှု တို့ကို အကြိုက်ဆုံးဆောင်းပါးများအဖြစ် ရွေးချယ်ထားသော ဆရာ ဦးအောင်သင်း၏ ဆောင်း ပါးတွေကိုလည်း လွမ်းမောစရာဖတ်ရသည်။ ဆရာမမစန္ဒာ၏ ကြီးလာလို့သိပါပြီ ဆောင်းပါးတွင်တော့ စာရေးဆရာကိုယ်တိုင် ခံစားမှုပြောင်းလာပုံကို ငယ်သူမို့မသိပါ ဝတ္ထုထွက်စဉ်က ဆရာ ကြီး များ၏ သုံးသပ်ချက်အမှာစာများနှင့်အတူ ဖော်ပြထား သည်။ ဘာသာပြန်နှင့် ပတ်သက်၍ ဆရာတက်တိုး၏ အရမ်း ဘာသာမပြန်ပါနှင့်၊ ဆရာမြတ်ငြိမ်း၏ ဘာသာပြန် စာပေ တွင်ရှိသင့်သောမူတစ်ခု၊ ဆရာကျော်အောင်၏ သခင် ဘသောင်း၊ ဟာဒီ နှင့် ပန်းသာမစာအု၊ ဆရာမောင်ထွန်းသူ၏ ဘက် ဆဲလားနှင့် ဘာသာပြန်တို့၏ ပြဿနာ၊ ကဗျာဘာသာပြန် စသည့် ဆောင်းပါးများကို ဖတ်ရသည်။ အလက်ဇန်းဒါးပုတ်၏ The quiet life ကဗျာအဆုံးပိုဒ်ကို ဖော်ပြလျက် သူကွယ်လွန်လျှင် အသုဘလည်း မပို့စေချင်၊ နာရေးကြော်ငြာလည်း မထည့်စေ ချင်ကြောင်း ရေး ထားသည့် ဆရာကြီး ဦးခင်မောင်လတ်၏ ဆောင်းပါးအဆုံးတွင် ဆရာမကြီးဒေါ်ခင်မျိုးချစ်၏ မှတ်ချက်က ငါကလဲ ဒီသဘောအတိုင်းပဲ။ ငါ့နာမည်ထည့်ပါ တဲ့။


ဆရာမြတ်ခိုင်၏ စာသတင်း၊ စာအတင်း၊ စာရင်ပြင် တွင်တော့ ထိုစဉ်က စာပေလောကအတွင်းက ရှဲဒိုး ပြဿနာများ၊ အယ်ဒီတာအပြောင်းအလဲများ၊ မဂ္ဂဇင်းတွေ ထုတ်ဝေခွင့်ရသော်လည်း စက္ကူမရှိသဖြင့် မထုတ်နိုင် သေးတဲ့ အကြောင်း၊ အမှာစာတစ်သိန်းကျော်ရှိသော်လည်း စက္ကူအခက်အခဲကြောင့် စောင်ရေငါးသောင်းသာ ရိုက် နှိပ်နိုင် သည့် သတင်းဂျာနယ်၊ စောင်ရေ ၄၀၀၀ ထုတ်တဲ့ သာရမဂ္ဂဇင်း၊ ပွဲဆူခဲ့သည့် သာရစာပေဆုအကြောင်း၊ အမှတ် (၁) ထွက်အပြီး ရနံ့သစ်မဂ္ဂဇင်း၏ အယ်ဒီတာအပြောင်းအလဲ၊ ရှားပါးစာအုပ်ဈေးကွက်၊ မြန်မာဝတ္ထုတို များ ကိုဆရာမောင်သာနိုးက ဘာသာ ပြန်ပြီး စင်ကာပူစာအုပ်တိုက်မှ ထုတ်ဝေမည့် အကြောင်း၊ ကွန်ပျူတာစာစီ ခေတ် မတိုင်ခင်က တစ်အုပ်လုံးကို ဘလောက် လုပ်ပြီး အတုလုပ်ရောင်းရလောက်အောင် ဝယ်လိုအားရှိခဲ့သည့် ဦးထွန်း ငြိမ်းအဘိဓာန် စသည်ဖြင့် ၉၀ ပြည့်နှစ်လွန် မြန်မာစာပေလောကထဲက အဖြစ်အပျက်တွေကို ဖတ်ရသည်။ ကြား ထိုးလိုက်ရမလား ဟူသော ထုတ်ဝေသူတို့၏ အသုံး အနှုန်းက ရှဲဒိုးစာရေးပေးသူတွေ အားကောင်းခဲ့သည့် စာပေ လောက၏ အခြေအနေတစ်ရပ်ကို ဖော်ပြနေသည်။ အင်္ဂလိပ် စာလုံးများကို အသံထွက်အတိုင်း မြန်မာလို ပြန်ရေး ထားသော အမှားပြင်ဆင်ချက်က အင်္ဂလိပ်စာလုံး သုံးခွင့်မပြုသည့် စာပေစိစစ်ရေး၏မူဖြစ်မည်ဟု မှန်းဆ မိသည်။ အချို့စာပေဂျာနယ်မျက်နှာဖုံးက ဘာပုံမှမပါဘဲ ပြောင်သက်သက်ကြီး မို့ ဒီမိုကရေစီ အရေးတော်ပုံ နောက် ပိုင်း ပိတ်ပင်ထားခြင်းခံရသည့် စာပေပညာရှင်တို့၏ ပုံဖြစ်မည်ဟုထင်ပါသည်။


စာပေဂျာနယ်ပါ အချို့ဆောင်းပါးတွေကတော့ စုစည်း၍ စာအုပ်အဖြစ် ထွက်လာခဲ့သည်။ ဆရာမြသန်း တင့်၏ ခန်းဆောင်နီထဲတွင် အိပ်မက်မက်ကြည့်ခြင်း၊ ဆရာအောင်သင်း၊ ဆရာနတ်နွယ်၊ ဆရာလူထုစိန်ဝင်း၏ ဆောင်းပါးများ စသည်ဖြင့်။ ယခုခေတ်အထိ ဖတ်လို့ရနေဆဲ၊ စာအုပ်အဖြစ် စုစည်းသင့်သည့် ဆောင်းပါးတွေ ရှိနေ သေးသည်ထင်ပါသည်။ မှန်ကန်သည့် ဘာသာပြန်လက်ရာတွေ ထွန်းကားဖို့ သတိပေးထားသည့် ဆရာတက်တိုး ၏ အရမ်းဘာသာမပြန်ပါနှင့်၊ ဆရာ ကြီးသခင်ဘသောင်း မှီးငြမ်းပြုပုံကောင်းလွန်း၍ ပန်းသာ မစာအု မြန်မာပိုင် ပစ္စည်း ဖြစ်လာပုံကို ဖော်ပြထားသော သခင် ဘသောင်း၊ ဟာဒီနှင့် ပန်းသာမစာအု စာတမ်း၊ ဝတ္ထုရေးရန် စိတ် ကူးနယ်ပယ်တွင်သာ ကျက်စားလျက် အတွေးအခေါ် ရင့်သန်ရေးဘက်တွင် အားနည်းသွားမည်ကို စိုး ရိမ်၍ သုတ စာများကို ဖတ်ရှုခြင်းဖြင့် ကျိုးကြောင်းယုတ္တိခိုင်လုံသည့် ဆောင်း ပါးများ ရေးနိုင်အောင် ကြိုးစားကြဖို့ ဝတ္ထုရေး ဆရာများကို အကြံပြုထားသည့် ဆရာအောင်သင်း၏ ဝတ္ထုဆရာ၏သက်တမ်း၊ အစွဲကင်းသည့် စာပေဝေဖန်ရေး ဖြစ်ဖို့ ထောက်ပြအကြံပြုထားသည့် ဆရာမင်းနန်း(မော်ကျွန်း)၏ ပညာ၊ သိက္ခာ နှင့် အမှန် တရား၊ သိမ် မွေ့နက်နဲ သည့် ဗုဒ္ဓတရားတော်များကို ထွေပြားဆန်းကျယ်လှသည့် ယနေ့ခေတ် အတွေးအမြင်များနှင့် နှိုင်းယှဉ် ဆွေးနွေး ထားသည့် ဆရာထင်လင်း၏ ဗုဒ္ဓဝါဒနှင့်ခေတ်အမြင် စသည့်ဆောင်းပါးများ။ ဆရာကြီး သခင်ကိုယ် တော်မှိုင်း နှစ် ၁၂၀ ပြည့် အထိမ်းအမှတ်အဖြစ် ထုတ်ဝေသော အတွဲ (၃)၊ အမှတ် (၇) စာပေဂျာနယ် ဆိုလျှင် ပြန် ထုတ်ဖို့ ကောင်း သည့် စာအုပ်ဟုပင် ဆိုချင်ပါသည်။


စာပေဂျာနယ် ရပ်တံ့နေခြင်းနှင့် ပြန်ထွက်မထွက်ကတော့ ဆရာခွန်ဂျာမှိုင်းနှင့်ပဲဆိုင်သည်ဟု ဆရာမောင် သွေးသစ်က ၁၉၉၉၊ အောက်တိုဘာလထုတ် ချယ်ရီမဂ္ဂဇင်းအင်တာဗျူးတွင် ဖြေခဲ့သည်ကိုဖတ်ရသည်။ ထိုစဉ်က စာပေ ဂျာနယ်နှင့် အပြိုင်ရော နောက်ပိုင်းမှာပါ စာပေအထူးပြုသော မဂ္ဂဇင်းတွေ ထွက်ခဲ့ကြသည်။ ယနေ့ မြန်မာ စာပေလောက တွင် မဂ္ဂဇင်းတွေ၏ အခြေအနေက မကောင်းပါ။ စာပေမဂ္ဂဇင်း မဆိုထားနှင့်၊ သာမန်မဂ္ဂဇင်း၊ ဂျာ နယ်များပင် ရပ်တည်ရေး ခက်ခဲနေပြီ။ လွန်ခဲ့သည့် နှစ်သုံးဆယ်ခန့်က မဂ္ဂဇင်းရွှေခေတ်ဖြစ်ခဲ့သည့် လွမ်းမောဖွယ် ကာလ တစ်ခုကို သတိရရင်း ဒီနေ့ခေတ် စာပေမဂ္ဂဇင်း များကြံကြံခံ ရပ်တည်နိုင်ပါစေဟု ဆန္ဒပြု မိပါ သည်။ ။

ထွန်းသိန်းဦး

မှတ်ချက်။
မြန်မာစာနယ်ဇင်းသမိုင်းတွင် အထင်ကရ မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် စာပေဂျာနယ်များအကြောင်းကို လက်လှမ်း မီသလောက် ရေးသားခြင်း ဖြစ်ပါသည်။ ထွက်ရှိသမျှ စာပေဂျာနယ်များ အစုံအလင် မရှိပါသဖြင့် ဆောင်းပါးပါ အချက် အလက်များ မှားယွင်းခဲ့သည်များ ရှိပါက တည့်မတ်ပြင်ဆင်ပေးစေလိုပါသည်။

Comments