ဇော်အောင် (မုံရွာ) ● လျှပ်စစ်ပေါ်လစီနဲ့ လျှပ်စစ်အရင်းအမြစ်များ အကြောင်း

ဇော်အောင် (မုံရွာ) ● လျှပ်စစ်ပေါ်လစီနဲ့ လျှပ်စစ်အရင်းအမြစ်များ အကြောင်း
(မိုးမခ) ဇူလိုင် ၄၊ ၂ဝ၁၈

MRTV အင်တာဗျူး၊ ယခင် ညွှန်ချုပ်နှင့် လျှပ်စစ်ဒုဝန်ကြီး ဦးမော်သာထွေး ဒီအကြောင်း နားထောင်ပြီးပါပြီ။ အခုရေးမယ့် BE Civil က လျှပ်စစ် ဒုဝန်ကြီးလုပ်ခဲ့တယ်။ အဂတိတွေ Low QC တွေပြောမဲ့လူ မဟုတ်လောက်ဘူး။ 3 phase.power = root3 x V x I cos(thida) မသိတဲ့ မိုးကျတွေထက်တော့ သာမှာသေချာပါတယ်။ 1982 Civil လို့ ပြောကြတယ်. ဆည်မြောင်း ဌာနကနေ Dam ဆောက်ရင်း ရေအားလျှပ်စစ်ဝင်လုပ်ရင်း ဒုဝန်ကြီးဖြစ်လာတယ်။ တရုတ်အားပေး မဖြစ်ပါစေနဲ့။

ကိုကို (စက်မှုတက္ကသိုလ်) နဲ့ ဦးမော်သာထွေး အင်တာဗျူး က စိတ်ဝင်စား စရာကောင်းပါတယ်။ ပထမပိုင်းမှာ လူတွေ အ တွက် အသိပညာ အများကြီးပေးသွားပါတယ်။ နိုင်ငံရေးတော့ မပါဘူး။ နည်းပညာအကြောင်းပဲ မေး ဖြေ လုပ်ကြပါတယ်။

အကျဉ်းချုပ် ရေးရရင် ...
* စွမ်းအင် အရင်းအမြစ်မှာ ပေါ်လစီကောင်းဖို့၊ အကောင်ထည် ဖော်နိုင်ဖို့ လိုအပ်ပါတယ်။ ပေါ်လစီချမှတ်ရာမှာ အဓိက ထားရမှာက စွမ်းအင်လုံခြုံရေး Energy Security ဖြစ်ပါတယ်။ စွမ်းအင် ပေါ်လစီအခြေခံအချက် ၃ ခုကတော့ ...
၁။ Physical Energy လက်ရှိ စွမ်းအင်အရင်းအမြစ်များ
၂။ Price စွမ်းအင်ဈေးနှုန်း (အတက်အကျမရှိရန်၊ ငြိမ်ရန်)
၃။ Geo Political ဘူမိ (ပထဝီနိုင်ငံရေး) တို့ဖြစ်ပါတယ်။ ဘယ်အရင်းအမြစ်ကို အခြေခံပြီး စွမ်းအင်ထုတ်လုပ်၊ တင်ပို့ သုံးစွဲ မလဲပေါ်လစီ ချရပါမယ်။
(မှတ်ချက်။ ။ ပေါ်လစီ ခဏခဏ ချနေကြတယ်လို့ မြင်ပါတယ်)။

● လျှပ်စစ်စွမ်းအင်ပေါ်လစီ်
ဒီတခုကိုပဲ အာရုံစိုက် ကြည့်မယ်ဆိုရင်တော့ ၄ ချက်ရှိပါတယ်။
၁။ Price ဈေးနှုန်းကို နံပါတ် (၁) ထားရပါမယ်။
၂။ Quality လျှပ်စစ်အရည်အသွေး
၃။ Physical လျှပ်စစ်အရင်းအမြစ်
၎။ Geo Political သဘာဝပတ်ဝန်းကျင်တို့ဖြစ်ပါတယ်။
လျှပ်စစ်မှာ ဈေးနှုန်းကို အဓိက နံပါတ် (၁) ထားရတဲ့အကြောင်းကတော့ လျှပ်စစ်ဓါတ်အားခ ဈေးနှုန်းကြီးနေရင် ရင်းနှီးမြှုတ်နှံ မှုတွေ လာကြမှာမဟုတ်ပါဘူး။

လျှပ်စစ် အရည်အသွေး(Quality) မေးခွန်းရဲ့ အဖြေက
၁။ လျှပ်စစ်မီး ခဏ ခဏ ပျက်နေရင်
၂။ လျှပ်စစ်ဗို့အား မတည်ငြိမ်ရင်
၃။ လျှပ်စစ် ဖရီကွင်စီ Frequency မတည်ငြိမ်ရင် .. ဒါတွေက ကွာလတီတွေ ဖြစ်ပါတယ်။ ကွာလတီအတွက် တာဝန်ရှိသူက နိုင်ငံတော် ဖြစ်နေပါတယ်။ အခုအခြေအနေက ပြည်သူကို နိုင်ငံတော်က ဂရုမစိုက်သလို ဖြစ်နေပါတယ်။

● မြန်မာနိုင်ငံရဲ့ ကုသိုလ်ကံကောင်းမှု
လျှပ်စစ်အရင်းအမြစ်များမှာ ဈေးအသက်သာဆုံးက ရေအားလျှပ်စစ် ဖြစ်ပါတယ်။ တခြားအရင်းအမြစ်များဖြစ်တဲ့ နျူကလီ ယာ (မတတ်နိုင်ပါ)၊ နေရောင်ခြည်၊ လေအား၊ ရေနံ၊ ဓါတ်ငွေ့ (LNG), စသဖြင့် အရင်းအမြစ်တွေ ရှိပါတယ်။ အဲဒီ အရင်း အမြစ်အားလုံးမှာ ရေအားလျှပ်စစ်က အကောင်းဆုံး၊ ဈေးအသက်သာဆုံး ဖြစ်ပါတယ်။

မြန်မာနိုင်ငံဟာ ကုသိုလ်ကံကောင်းတယ် ပြောရမယ်။ အရှေ့တောင်အာရှမှာ ရေချိုအရင်းအမြစ် အကောင်းဆုံး ဖြစ်ပါတယ်။ ရေအရင်းအမြစ် အားလုံးမှာ ၁၇.၅ ရာခိုင်နှုန်းက ရေချိုတွေ ပိုင်ဆိုင်ထားပါတယ်။ ဒုတိယကတော့ လာအိုနိုင်ငံ၊ တတိယက တော့ မလေးရှား ဘော်နီယိုကျွန်းတို့ ဖြစ်ပါတယ်။ ဒါကြောင့် အနာဂါတ်နဲ့လက်ရှိ အကောင်းဆုံး လျှပ်စစ်ဓါတ်အား အရင်း အမြစ်က ရေအားလျှပ်စစ် ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ သုတေသနပြုချက်များအရ ရေအားလျှပ်စစ် မဂ္ဂါဝပ် ၁ သိန်းအထိရနိုင်ပြီး၊ စီးပွားဖြစ် ထုတ်လုပ်နိုင်တဲ့ ရေအား လျှပ်စစ် မဂ္ဂါဝပ် ၄ သောင်းခွဲလောက် ရှိပါတယ်။

● ယခုခေတ် လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း
နျူကလီယာစွမ်းအားက ယူရေနီယံတွင်းထွက်ကို အသုံးပြုပါတယ်။ ရေနံကိုတော့ ဈေးနှုန်းမကိုက်တဲ့အတွက် မသုံးတော့ပါ ဘူး။ အရေးပေါ်မှပဲ သုံးကြပါတယ်။ အများဆုံးအသုံးပြုတာကတော့ ဓါတ်ငွေ့၊ ကျောက်မီးသွေး၊ ရေအားလျှပ်စစ်တွေ ဖြစ်ပါ တယ်။ နေရောင်ခြည်နဲ့ လေအားလျှပ်စစ်တွေကတော့ Base Load မကောင်းလို့ အမြောက်အများ မသုံးကြပါဘူး။

လျှပ်စစ် ဘေ့စ်လုတ် (Electricity Base Load & Capacity Factor)
လုပ်ငန်းများ၊ စက်ရုံများ၊ လူနေအိမ်များမှာ လျှပ်စစ် အသုံးစွဲ အနည်းအများက အချိန်ကာလပေါ်မူတည်ပါတယ်။ Peak Load ဆိုတဲ့ အသုံးအများဆုံး အချိန်က စက်ရုံများ စတင်တဲ့ မနက်ပိုင်း ဖြစ်ပါတယ်။ နေ့ခင်း လုပ်ငန်းခွင်များ လည်ပတ်ချိန်မှာ အများဆုံး လျှပ်စစ် အသုံးပြုကြပြီး၊ ညပိုင်း စက်မှုလုပ်ငန်းများ ရပ်နားချိန် အိမ်သုံး၊ လမ်းမီးလောက်ပဲသုံးတော့ အနည်းဆုံး အသုံးပြုချိန် ဖြစ်ပါတယ်။ ဒီလို လျှပ်စစ် အသုံးစွဲ အတက်အကျများတဲ့အခါ ဘေ့စ်လုတ် Base Load ဆိုတဲ့ လျှပ်စစ်ဓါတ်အား စက်တွေ ပိုပြီးလည်ပတ်ပေးရတယ်။ ရေအားလျှပ်စစ်တာဘိုင်ကြီးများဟာ ဘေ့စ်လုတ် အကောင်းဆုံး ဖြစ်ပါတယ်။

ဘေ့စ်လုတ် Base Load ကောင်းတဲ့ ရေအားလျှပ်စစ်က Capacity Factor 0.5 (၅ဝ ရာနှုန်း) ရှိပါတယ်။ တပ်ဆင်ထားတဲ့ လျှပ်စစ် စွမ်းအား မဂ္ဂါဝပ်ပေါင်း ၁ဝဝ ရှိတယ်ဆိုရင် ၅ဝ မဂ္ဂါဝပ်အောက်မကျအောင် လည်ပတ်ပေးနိုင်ပါတယ်။ ထုတ်လုပ်တဲ့ လျှပ်စစ်ပမာဏရဲ့ ၅ဝ ရာခိုင်နှုန်းထိ ရေအားလျှပ်စစ်က ထိန်းထားနိုင်ပါတယ်။

ရေအား လျှပ်စစ်လောက် ဘေ့လုတ်မကောင်းပေမဲ့၊ အစားထိုးနိုင်တာကတော့ ဂတ်စ် Gas Power ဖြစ်ပါတယ်။ LNG လဲ ဂတ်စ်ဆိုတော့ အတူတူပါပဲ။ နေရောင်ခြည်ကတော့ မြန်မာနိုင်ငံမှာ ပေါများ ပူပြင်းပေမဲ့ Capacity Factor က ၂ဝ% လောက် ပဲရမယ်။ လေအား (လေရဟတ်) ကတော့ Capacity Factor ၂ဝ ရာခိုင်နှုန်း - ၃ဝ ရာခိုင်နှုန်း ပိုရပါတယ်။ ဒါကြောင့် နိုင်ငံ တိုင်းမှာ နေရောင်ခြည်၊ လေအားလျှပ်စစ်ကို အရံသဘောပဲထားကြပါတယ်။ ၆ ရာခိုင်နှုန်းလောက်ပဲ Renewal Energy ကို နည်းနည်းပဲ ထားကြပါတယ်။

ဒီရေနဲ့ အခြားလျှပ်စစ်အရင်းအမြစ်များက ဈေးကြီးတာနဲ့ အခြားအကြောင်းများကြောင့် သိပ်မသုံးကြပါဘူး။
(ကျောက်မီးသွေးလျှပ်စစ်အကြောင်း မပြောသေးပါဘူး)

● နိဂုံး (ကောက်နုတ်ချက်)
၁။ လျှပ်စစ် ကွာလတီ (အရည်အသွေး) ကောင်းခြင်းကို ရေအားလျှပ်စစ်မှရရှိကြောင်း အဓိကထားပြီး ပြောဆိုသွားပါတယ်။ ဦးမော်သာထွေးက မြို့ပြအင်ဂျင်နီယာဖြစ်ပြီး ဆည်မြောင်း၊ ရေကာတာများတည်ဆောက်ခဲ့သူ ဖြစ်ပါတယ်။ စစ်အာဏာရှင် လက်ထက် လျှပ်စစ်ဝန်ကြီးဌာနမှာ ဒုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ရေအားလျှပ်စစ် အရင်းအမြစ်များစွာ သုတေ သနလုပ်ခဲ့တဲ့ကာလ ဖြစ်ပါတယ်။ .

၂။ လက်ရှိ ၂ဝ၁၇ ဒီဇင်ဘာလ ဒုဝန်ကြီး လွှတ်တော်မှာတင်ပြချက်အရ မြန်မာနိုင်ငံမှာ လျှပ်စစ်ထုတ်လုပ်မှု ၂ဝ၁၆-၂ဝ၁၇  ကီလိုဝပ်သန်းပေါင်း 17866 Million KWhr (မဂ္ဂါဝပ် ၃၅ဝဝ ခန့်) ဖြစ်ပြီး၊ ရေအားလျှပ်စစ်က ၆ဝ ရာခိုင်နှုန်း အသုံးပြုနေပါတယ်။ ၂ဝ၁၆ နောက်ပိုင်းမှာ ဓါတ်ငွေ့စက်ရုံများစွာ ပုဂ္ဂလိက ၁ဝဝ ရာခိုင်နှုန်း (or) JV ဖက်စပ် တည်ဆောက်လာပါတယ်။ ၂ဝ၁၈ နှစ်ဦးပိုင်းမှာ 5000 mW LNG စီမံကိန်းကြီးတွေ ကြေငြာခဲ့ပါတယ်။

၃။ အခုလို အစိုးရဝန်ထမ်းဟောင်း ဒုဝန်ကြီးဟောင်းက အင်တာဗျူးပြောပြတာ တော်တော် ကျေးဇူးတင်ရပါမယ်။ ဦးသိန်းစိန် လက်ထက် ဝန်ကြီး၊ ဒုဝန်ကြီး အားလုံးနီးပါးက စစ်မှုထမ်းဟောင်းများ ဖြစ်နေလို့ လက်ရှိစီမံကိန်းများနဲ့ ဆက်နွယ်နေတဲ့အတွက် ဦးသိန်းစိန်ခေတ် အရာရှိကြီးများ အင်တာဗျူး (သို့မဟုတ်) အကြံပြုချက်တွေ ထွက်ပေါ်လာမယ် မျှော်လင့်ပါတယ်။

၎။ အင်တာဗျူးက ဈေးကြီးတဲ့ LNG လျှပ်စစ်အကြောင်း မပြောပါဘူး။ အင်အယ်ဒီ လျှပ်စစ်ပေါ်လစီမှာ ဦးမော်သာထွေး ပြော တဲ့ နံပါတ် (၄) Geo Political ကို ဦးစားပေးပြီး ရေအား၊ ကျောက်မီးသွေ ဓါတ်အားတွေ မလုပ်နိုင်သေးပါဘူး။ LNG လျှပ်စစ် ကို တရုတ်နိုင်ငံမှာ ဈေးကြီးလို့ မသုံးကြပါဘူး။ ဂျပန်နိုင်ငံမှာ အမြောက်အများ တယူနစ် ၄ဝဝ ကျပ်အထက် ထုတ်လုပ်ပါတယ်။ မြန်မာနိုင်ငံက တယူနစ် ၄ဝဝ ကျပ်နဲ့ထုတ်လုပ်ပြီး တယူနစ် ၁၅ဝ နဲ့ အရှုံးခံပြီး ရင်းနှီးမြှုတ်နှံမှုများကို ဆွဲဆောင်မဲ့သဘောပါ။ လျှပ်စစ် လာအိုနဲ့ တရုတ်နိုင်ငံက ဝယ်ယူတာလဲ မလုပ်သေးပါဘူး။

၅။ နောက်ပိုင်း အပိုင်း (၂) အပိုင်း (၃)  MRTV အင်တာဗျူးများမှာ လျှပ်စစ်ဝန်ကြီးဌာန လက်ရှိအကောင်ထည်ဖော်နေတဲ့ စီမံကိန်းကြီးများ၊ အကောင်ထည်ဖော်မဲ့ စီမံကိန်းကြီးများအပေါ် သုံးသပ်ချက်များလဲ ကြားလိုပါတယ်။ ဖတ်လိုပါတယ်။ ရေ အားလျှပ်စစ် အဓိကထားပြီး အင်တာဗျူးပြောဆိုတဲ့အတွက် လက်ရှိ ရေအားလျှပ်စစ်စီမံကိန်းများကို ဘယ်လို ဆက်လက် အကောင်ထည်ဖော်ကြမလဲ၊ မတရားချုပ်ဆိုထားတဲ့ စာချုပ်များကို ဘယ်လို ပြန်လည်ညှိနှိုင်း အသစ်ပြန်လည်ချုပ်ဆိုကြမလဲ ဆိုတာလည်း ကြားလိုပါတယ်။

ဇော်အောင်
၁၉ ဇူလိုင် ၂ဝ၁၈

Comments