လှကျော်ဇော ● မြောက်ကိုရီးယားအရေး စစ်အေးခေတ်ကြီး ပြီးတော့မလား

လှကျော်ဇော ● မြောက်ကိုရီးယားအရေး စစ်အေးခေတ်ကြီး ပြီးတော့မလား
(မိုးမခ) ဇူလိုင် ၂၊ ၂၀၁၈

၁၉၇၂ ဖေဖော်ဝါရီ (၂၁) ပီကင်းနိုင်ငံတကာလေဆိပ်မှာ အမေရိကန်သမတ ရစ်ချတ်နစ်ဆင်နဲ့ တရုတ်ဝန်ကြီးချုပ် ချိုအင်လိုင် တို့ လက်ဆွဲနှုတ်ဆက်လိုက်တဲ့ သတင်းဓာတ်ပုံ ကမ္ဘာကိုပြန့်သွားတော့ ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံပေါ်မှာ အပြောင်းအလဲကြီး တွေ ချက်ချင်းပပေါ်လာတော့မလို ထင်ခဲ့ကြပါတယ်။ မဟုတ်ပါဘူး။ ဒါဟာ ကမ္ဘာ့အင်အားချိန်ခွင်လွှာ အပြောင်းအလဲရဲ့ အစပြုချက်ကလေးပဲဖြစ်တာပါ။ နစ်ဆင်ရဲ့တရုတ်ပြည်ခရီးစဉ်ရဲ့ အကျိုးသက်ရောက်မှုတွေဟာ နှစ်ရှည်လများကြာမှ ပေါ်ထွက်လာတာပါ။ ဥပမာ ...
၁။ တရုတ် - အမေရိကန် သံတမန်ဆက်ဆံရေးကို ၁၉၇၉ ခုနှစ်မှ ထူထောင်နိုင်ပါတယ်။
၂။ တရုတ်ပြည်ရဲ့အရင်းရှင်နိုင်ငံများနဲ့ စီးပွားရေးပူးပေါင်းလုပ်ဆောင်ရေး (တံခါးဖွင့်ပေါ်လစီ) ကို ၁၉၇၈ ခုနှစ်မှ စတင် နိုင်ပါတယ်။ ထို့အတူ ထိုစဉ်ကတည်းကရှိနေခဲ့ပြီး အခုအထိမပြေလည်သေးတဲ့ကိစ္စများလည်း ရှိနေပါသေးတယ်။ ဥပမာ ထိုင်ဝမ်ပြဿနာ။

ဒါပေမဲ့ အဲဒီအချိန်ကစလို့ ကမ္ဘာကြီးဟာ အပြာင်းအလဲအဆစ်အချိုးတခုကို ကျော်ဖြတ်လိုက်တာပါပဲ။ ကမ္ဘာကြီးကို အနုမြူ စစ်ပွဲနဲ့ ခြိမ်းခြောက်နေတဲ့ စစ်အေးခေတ်ကြီး ပြီးဆုံးသွားတော့မယ်ဆိုတဲ့ သင်္ကေတလို့ တချို့ပညာရှင်တွေက ဆိုပါတယ်။ အဲဒီအတွက် နိုင်ငံတွေအတော်များများ မူဝါဒထိန်းညှိမှုတွေလုပ်လာကြပါတယ်။ (Survival of the fittest) ဆိုတဲ့အတိုင်း ခေတ်စနစ်အပြောင်းအလဲနဲ့အညီ ထိန်းညှိနိုင်သူများသာ ရှင်သန်ကျန်နိုင်ပါတယ်။ သို့သော် စစ်အေးခေတ်ရဲ့အဓိက လက္ခ ဏာဟာ နယ်ချဲ့နိုင်ငံကြီးတွေက တတိယကမ္ဘာနိုင်ငံတွေကို အမျိုးမျိုးခြိမ်းခြောက်အကြပ်ကိုင်ရုံမက စစ်အင်အားနဲ့ပါ ဝင် စွက်ဖက်တာလည်း မမေ့ဖို့ လိုပါတယ်။

အဲဒီဖြစ်စဉ်နဲ့ အလားသဏ္ဌာန်တူတဲ့ အဖြစ်အပျက်တခုလည်း အခုဖြစ်ပေါ်နေပါတယ်။ ၂ဝ၁၈ ဇွန်လ (၁၂) ရက် စင်ကာပူ နိုင်ငံမှာ အမေရိကန်သမ္မတ ဒေါ်နယ်လ်ထရန့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းတို့ လက်ဆွဲနှုတ်ဆက်လိုက်ချိန်မှာ လည်း ကမ္ဘာကိုပေးလိုက်တဲ့သတင်းစကားရှိပါတယ်။ နှစ်ပေါင်း (၆ဝ) ကျော်ရန်သူကြီးတွေအဖြစ် တဦးအပေါ်တဦးသဘောထားခဲ့သူများအနေနဲ့ မျက်နှာချင်းဆိုင်ဆွေးနွေးအဖြေရှာတဲ့နည်းလမ်းလည်း သုံးနိုင်တယ်ဆိုတာပါပဲ။

သူတို့နှစ်ဦးလက်မှတ်ထိုးထုတ်လိုက်တဲ့သဘောတူညီချက်ထွက်ပေါ်လာတဲ့အခါမှာတော့ သဘောထားအမြင်တွေ အမျိုးမျိုး ပေါ်ထွက်လာပါတယ်။ အဆိုးအကောင်း အစွန်းနှစ်ဖက်အမြင်များအပါ သတိနဲ့ အကောင်းမြင်ကြတာကတော့ များပါတယ်။ သဘောတူညီချက်များထဲမှာ အဓိကနှစ်ချက်ကတော့ မြောက်ကိုးရီးယားက လုံးဝအနုမြူဖျက်သိမ်းရေးကို လက်ခံလိုက်ရပြီး အမေရိကန်ကတော့ မြောက်ကိုရီးယားလုံခြုံရေးကိုအာမခံတဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ပူးတွဲလုပ်ဆောင်နေတဲ့ စစ်လေ့ ကျင့်ခန်းတွေကို ရပ်ပေးလိုက်ရတာပါပဲ။ ဘက်နှစ်ဖက်စလုံးက အပေးအယူလုပ်လိုက်ရတာပါ။ အဆင့်အကန့်အသတ်၊ အ ချိန်အကန့်အသတ် စတဲ့အသေးစိတ်ခြေလှမ်းတွေမပါလို့ အဆိုးမြင်သူများရဲ့ထောက်ကွက်တွေရှိနေပေမယ့် အဲဒီအဆင့်တွေ ကို အကောင်အထည်ဖော်မည့် ယန္တရားတွေ အဆင်သင့်ပါဝင်လာတာတွေ့လာရပါတယ်။ (ဥပမာ - မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယားအကြား စစ်တပ်နှစ်တပ်ဆွေးနွေးပွဲတွေ၊ အားကစားအဖွဲ့များ အတူယှဉ်ပြိုင်ရေးဆွေးနွေးပွဲ၊ ကြက်ခြေနီ အဖွဲ့များရဲ့ ကွဲကွာသွားတဲ့မိသားစုများပြန်တွေ့ရေးဆွေးနွေးပွဲတွေ ဆက်တိုက်လုပ်နေတာတွေ့ရပါတယ်။)

တကယ်တော့ ဒီလိုမျိုးသဘောတူညီချက်တွေကို အခုမှရတာတော့မဟုတ်ပါဘူး။ မြောက်ကိုရီးယားအရေးနဲ့ပတ်သက်ပြီး ၂ဝဝ၃ ခုနှစ်ကစပြီး ၂ဝဝ၉ အထိ အကြိမ်ကြိမ်လုပ်ခဲ့တဲ့ ခြောက်နိုင်ငံ (တောင်မြောက်ကိုရီးယား၊ တရုတ်၊ အမေရိကန်၊ ရုရှား၊ ဂျပန်) အစည်းအဝေးများမှာ သဘောတူညီချက်အမျိုးမျိုး ရခဲ့ဖူးပါတယ်။ အကောင်အထည်ဖော်ရာမှာ နောက်ဆုတ်သွားမှု တွေရှိခဲ့လို့ မအောင်မြင်ခဲ့ပါဘူး။ ဒါ့ကြောင့်လည်း တချို့က အဆိုးမြင်နေကြတာပါ။ ဒါဖြင့် ဒီတချီရတဲ့သဘောတူညီ ချက်များကရော ဘာထူးသလဲ။ ထူးခြားမှုကတော့ ....

အဓိကကတော့ သက်ဆိုင်ရာနိုင်ငံများရဲ့ (က) ပြည်တွင်းအခြေအနေအပြောင်းအလဲများနဲ့ (ခ) ကမ္ဘာအခြအနေအပြောင်းအလဲများအပေါ်ထားရှိတဲ့ သေနင်္ဂဗျူဟာအမြင်များ ပြောင်းလဲသွားတာပါ။

၁။ အမေရိကန်ပြည်သူများအနေနဲ့ ကမ္ဘာပေါ်မှာ မိမိတို့နိုင်ငံက ပုလိပ်ကြီးလိုနေရာတကာပါဝင်ပြီး ငွေရေးကြေးရေးသာမကလူတွေပါဝင်အသေခံလုပ်နေရတာကို မကျေမနပ်ဖြစ်လာပြီး၊ ကိုယ့်နိုင်ငံအတွက်သာ ဦးစားပေးလုပ်ဆောင်လာစေလိုလာပါတယ်။ ဒီလိုမလုပ်ရင် ကမ္ဘာဇာတ်ခုံပေါ်က တွန်းအချခံရတော့မှာပါ။ ဒီအချိန်မှာ အမေရိကန်သာပထမဆိုတဲ့ကြွေးကြော်သံတင်လာတဲ့ ဒေါ်နယ်လ်ထရန့် သမ္မတဖြစ်လာပါတယ်။ ရမ်းရမ်းကားကားတွေပြောလုပ်လာတဲ့ သမ္မတထရန့်ဟာ နိုင်ငံရေးမှာ အထီးကျန်လာပါတယ်။ သမရိုးကျမဟာမိတ်များ (ဥပမာ - ဥရောပနိုင်ငံများ) နဲ့တောင် အကွဲအပြဲတွေဖြစ်လာပြီး လူထု ထောက်ခံမှုပါကျလာလို့ သံခင်းတမန်ခင်းအောင်ပွဲခပ်ကြီးကြီး (ခဏတာပဲဖြစ်ဖြစ်) လိုအပ်လာတဲ့အချိန်လည်းဖြစ်လာနေတာ ပါ။ ဒါ့အပြင် ထရန့်ရဲ့ရည်ရွယ်ချက်ကလည်း မြောက်ကိုရီးယားကို တရုတ်တို့ ရုရှားတို့ရင်ခွင်ထဲကဆွဲထုတ်ပြီး တောင်ကိုရီး ယားနဲ့တွဲရက် အမေရိကန်ရဲ့လုံခြုံရေးကွန်ရက်ထဲဆွဲသွင်းပြီး ကိုရီးယားကျွန်းဆွယ်တခုလုံးအပေါ် အင်အားအသာစီးရလာ ရေးကိုပါ။ နိုင်ငံငယ်တွေရဲ့အရေးကိစ္စတွေကို နိုင်ငံကြီးတွေက အမျိုးမျိုးဖိအားပေး  (sanction အပါ)  တာကို အစဉ်အလာ အဖြစ် ခံကြမလား။ ဒါကလည်း စဉ်းစားစရာ ပြဿနာတရပ်ဖြစ်ပါတယ်။

၂။ မြောက်ကိုရီးယားအနေနဲ့ အနှစ် (၂ဝ) လောက်တိုင်းပြည်အင်အားအားလုံးပုံအောပြီး အကြီးအကျယ်လုံးပန်းခဲ့တဲ့ အနုမြူ ဗုံးကို အဆင့်မီထုတ်လုပ်နိုင်ရုံမက အဲဒီဗုံးကိုသယ်ဆောင်ပြီး အမေရိကန်ထိရောက်အောင်ပစ်နိုင်တဲ့ တာဝေးပစ်ဒုံးကျည်ကို လည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့မှုက သူ့ကိုလူရာသွင်းဆက်ဆံခံရဖို့ ဖြစ်လာတာပါ။ အမေရိကန်များအနေနဲ့ သူ့နိုင်ငံ ပထဝီအနေအထားအရ သမရိုးကျစစ်ပွဲများကို ရှောင်နိုင်ခဲ့နိုင်ရုံမက၊ အဲဒီစစ်ပွဲများအပေါ်မှီပြီး အကျိုးအမြတ်တွေရခဲ့တာပါ။ (ဥပမာ-ကမ္ဘာစစ်ကြီးများအတွင်း အမေရိကန်ရဲ့အခြေအနေကိုကြည့်ပါ။) သမရိုးကျစစ်ပြွဲဖစ်လာလည်း အမေရိကန်က မ ကြောက်ပါဘူး။ သမရိုးကျလက်နက်မှာ အမေရိကန်က ကမ္ဘာပေါ်မှာအင်အားအကြီးဆုံးပါ။ ဒါ့အပြင် ရိုးရိုးစစ်ပွဲများမှာဆို အောက်ခြေအဆင့်စစ်သားများသာ သေဆုံးထိခိုက်တာပါ။ အနုမြူစစ်ပွဲဆိုရင်တော့ မကောင်းသုထိပ် ကောင်းသူထိပ် ဘယ် သူမှ မလွတ်နိုင်တော့ပါဘူး။ ဒါ့ကြောင့် မြောက်ကိုရီးယားရဲ့ အနုမြူရန်ကို ကြောက်ကြတာပါ။

ဒီနိုင်ဖဲကို မြောက်ကိုရီးယားကကိုင်ပြီး အမေရိကန်လူထုရဲ့စိတ်အခြေခံ၊ ထရန့်ရဲ့အကြပ်အတည်းများ စတာ စတာတွေ အားလုံးအချိန်မီ ဆုပ်ကိုင်လိုက်ပြီး အခွင့်အရေးပေါ်လာတာနဲ့ (တောင်ကိုးရီးယားမှာကျင်းပတဲ့ ဆောင်းရာသီအိုလံပစ်ပွဲတော်) ကမ္ဘာဇာတ်ခုံပေါ်တက်လာတာပါပဲ။ နိုင်ငံတကာ (အထူးသဖြင့် တရုတ်) ရဲ့ဝိုင်းဝန်းပိတ်ဆို့မှုများကြောင့် စီးပွားရေးကလည်းအထိနာနေတာလည်း ပါပါတယ်။

ဒါ့ကြောင့် သူ့နိုင်ငံလုံခြုံရေးအာမခံချက်ရရှိရေးဆိုတဲ့အကြောင်းပြချက်ကိုကိုင်စွဲပြီး၊ အနုမြူလက်နက်များ ဖျက်သိမ်းပေးပါ့ မယ်ဆိုတဲ့ကတိပေးကာ၊ ချွတ်ခြုံကျနေတဲ့ စီးပွားရေးပြန်ထူထောင်နိုင်ရေးဘက် လှည့်လာတာပါ။

၃။ တရုတ်ရဲ့အခန်းကလည်း အတော်အရေးပါပါတယ်။ တရုတ်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံ အနုမြူလက်နက်ပိုင်ဆိုင်တဲ့နိုင်ငံဖြစ်မသွားစေချင်ပါဘူး။ မြောက်ကိုးရီးယာအနုမြူပိုင်သွားရင် ဒါကိုအကြောင်းပြပြီး တရုတ်ရဲ့ရန်သူတော် ဂျပန်ကလည်း အနုမြူဗုံး တပ်ဆင်လာနိုင်ပါတယ်။ အခုတောင် အမေရိကန်က တောင်ကိုရီးယားကာကွယ်ရေးအတွက်ဆိုပြီး ဒုံးပျံကာကွယ် ရေးစနစ် လာတပ်ဆင်ရေးအစီအစဉ်တွေ စနေပါပြီ။ အဲဒီက ရေဒါစနစ်ဖြန့်ကျက်မှုစက်ဝန်းဧရိယာတွေဟာ တရုတ်အရှေ့ မြောက် ဒေသနဲ့၊ ရုရှားရဲ့အရှေ့စွန်းအရပ်တွေအထိ ရောက်ပါတယ်။ တရုတ်နဲ့ ရုရှားနိုင်ငံလုံခြုံရေးတွေအတွက် အန္တရာယ်ပါ။ ဒါ့ကြောင့် တရုတ်ရော၊ ရုရှားပါ ကိုးရီးယားကျွန်းဆွယ် အနုမြူလက်နက်ကင်းစင်ရေးဟာ သူတို့နိုင်ငံများရဲ့သေနင်္ဂဗျူဟာ အကျိုးစီးပွားနဲ့ ဆက်စပ်နေပါတယ်။ တရုတ်ရော ရုရှားပါ ဒီလိုသဘောထားကြပေမယ့် အခြားတဖက်မှာကျတော့ အနုမြူနဲ့ ညူကလီယာဗုံးကိစ္စမှာ ဒီဗုံးတွေကို အများဆုံးပိုင်ဆိုင်ထားတဲ့ နိုင်ငံကြီးတွေက တလုံးမှလျှော့မချဘဲ တခြားနိုင်ငံတွေကိုအ မျိုးမျိုးအကျပ်ကိုင်တာကို လုံးဝဆန့်ကျင်ရမှာ ဖြစ်ပါတယ်။ ဒါဟာ ကမ္ဘာကြီးကို ဒီဗုံးတွေရဲ့ရန်က ကင်းဝေးရေးထက် နိုင်ငံကြီး တွေရဲ့တကမ္ဘာလုံးကို ချုပ်ကိုင်၊ အနိုင်ကျင့်နိုင်ရေးအတွက်ဘဲ အထောက်အကူဖြစ်စေမှာလို့ ယုံပါတယ်။ ဒါကြောင့် မြောက်ကိုရီးယားရဲ့ဗုံးတွေဖျက်သိမ်းရတာကို တကမ္ဘာလုံးရဲ့အောင်ပွဲလို့ သဘောထားလို့ မဖြစ်ပါဘူး။

တရုတ်အနေနဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဆွေးနွေးညှိနှိုင်းအဖြေရှာရေးဆိုတဲ့ ကြွေးကြော်သံများတင်ပြီး သူ့နိုင်ငံမှာ ပြုပြင်ပြောင်းလဲရေးနဲ့ တံခါးဖွင့်ပေါ်လစီကျင့်သုံးလာရာမှာ အနှစ် (၄ဝ)  (၁၉၇၈ - ၂ဝ၁၈) ကြာပြီးနောက်၊ အခုအခါ ကမ္ဘာမှာ စီးပွားရေးအရ ဒုတိယအင်အားအကြီးဆုံးနိုင်ငံဖြစ်လာပါတော့တယ်။ ဒါ့အပြင် စစ်ရေးအရလည်း ဘက်စုံက (အထူးသဖြင့် ရေတပ်) အင်အားတောင့်တင်းလာပါတယ်။ ဒါ့ကြောင့် နိုင်ငံရေးအရသံခင်းတမန်ခင်းအရ လက်ဦးမှုရယူပြီး ရှေ့တန်းကို တ ဖြည်းဖြည်းတိုးလာနေပါတယ်။ သဘောက တရုတ်အနေနဲ့ ဒေသဆိုင်ရာအင်အားကြီးနိုင်ငံတရပ်အဖြစ်ကနေ ကမ္ဘာအင်အားကြီးနိုင်ငံတနိုင်ငံအဖြစ်သို့ တက်လှမ်းလာတဲ့ဖြစ်စဉ်ကို မြင်တွေ့လာရပါတယ်။ ကမ္ဘာစီးပွားရေးအကြပ်အတည်းက လွတ် ရာလွတ်ကြောင်းနည်းလမ်းများကို ရှာလာရာမှာ လူကြိုက်နည်းလာနေတဲ့ (အရင်းရှင်) ဂလိုဘယ်လာဇေးရှင်းကို ဆို ရှယ်လစ်ဂလိုဘယ်လာဇေးရှင်း (ကံကြမ္မာများကိုမျှဝေထားတဲ့ လူ့အဖွဲ့အစည်းထူထောင်ရေး Community of shared destiny) နဲ့အစားထိုးရေးအတွက် သေနင်္ဂဗျူဟာခြေလှမ်းကြီးဖြစ်တဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်း (One Belt One Road—OBOR) ကို တင်ပြလုပ်ဆောင်လာနေပါတယ်။

ဒီ အခြေခံပေါ်မှာ တရုတ်အနေနဲ့ ကမ္ဘာပေါ်ရှိအပူကွက် (hotspot) တွေဖြေရှင်းနိုင်တဲ့နည်းနာတွေကိုပါ တင်ပြတာတွေလုပ် လာရုံမက ဒါတွေအတွက်ဝန်းဝိုင်းကူညီတာ၊ အခွင့်အခါကောင်းတွေကို ဖန်တီးပေးတာစတာတွေ လုပ်ဆောင်ပေးလာနေပါ တယ်။ တရုတ်ရဲ့ ဒီလမ်းသစ်ဖောက်လုပ်မှု အောင်မြင်မအောင်မြင်ကိစ္စကိုတော့ စောင့်ကြည့်ကြရပါမယ်။

မြောက်ကိုရီးယားပြသာနာဖြေရှင်းရေးမှာတပြိုင်တည်းနှစ်မျိုးရပ်ရေး (မြောက်ကိုးရီးယားကလည်း အနုမြူလက်နက်နဲ့ ဒုံးပြန် များ စမ်းသပ်မှုများရပ် အမေရိကန်နဲ့တောင်ကိုရီးယားတို့ကလည်း စစ်ရေးပူးတွဲလေ့ကျင့်မှုများရပ်ရေး) ဆိုတဲ့အဆိုကိုတင်လာ နေပြီး မြောက်ကိုးရီးယားနဲ့ တောင်ကိုရီးယားအကြား ဆက်ဆံရေး၊ မြောက်ကိုရီးယားနဲ့ အမေရိကန်အကြားဆက်ဆံရေးများမှာလည်းအဆင်ပြေရေးအတွက်နည်းလမ်းပေါင်းစုံနဲ့ တွန်းတွန်းတိုက်တိုက် ကူညီလုပ်ဆောင်ပေးတာတွေ တွေ့ရပါတယ်။   ဥပမာမြောက်ကိုရီးယားရဲ့လုံခြုံရေးအတွက်ပူပန်မှုများကို ကူညီဖြေရှင်းပေးတာများ၊ ကင်ဂျုံအင်းခရီးစဉ်များအတွက် (နိုင်ငံ တကာထောက်လှမ်းရေး ကွန်ရက်အပြည့်အစုံရှိတဲ့) တရုတ်ကလေယာဉ်များ စီစဉ်ပေးတာမျိုး။

ဒီလိုနည်းနဲ့ မြောက်ကိုရီးယားက အနုမြူလက်နက်တွေစွန့်လွှတ်ပြီး၊ အတုံ့အပြန်အနေနဲ့ မြောက်ကိုရီးယားနိုင်ငံအတွက် ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးတွေအတွက်၊ တရုတ်က (စီးပွားရေးအရ) အကူအညီတွေပုံပေးဖို့ ပြင်ဆင်နေတာတွေလည်း ရှိပါ တယ်။ တရုတ်နဲ့ မြောက်ကိုရီးယားနယ်စပ်ကြားဒေသက ယာလူးမြစ်ကမ်းတွေမှာ လွတ်လပ်စွာကုန်သွယ်ခွင့်ရအထူးဒေသ တွေ စတင်တည်ဆောက်နေတာတွေလည်း ရှိပါတယ်။ ဒါ့အပြင် အခုတလော တရုတ်ပြည်ကို ခပ်စိပ်စိပ်လာနေတဲ့မြောက်ကိုရီးယားစီးပွားရေး ကိုယ်စားလှယ်အဖွဲ့များကို သမ္မတရှီကျင့်ပင်အပါ ထိပ်တန်းခေါင်းဆောင်တွေ ထွက်တွေ့ဆုံ့နေရုံမျှ မက တရုတ်ရဲ့စီးပွားရေးအင်အားကောင်းနေတဲ့ဒေသတွေ၊ လုပ်ငန်းတွေကို လှည့်လည်ပြတာတွေလုပ်နေတာတွေ့ရပါ တယ်။   ဒီနေရာမှာ အနောက်နိုင်ငံသားများနားမလည်နိုင်တဲ့၊ ထည့်လည်းတွက်ချက်ရကောင်းမှန်းမသိတဲ့ အာရှသားများရဲ့ တန်ဖိုးများ (Asian Values) အကြောင်းကလည်း တကြောင်းအဖြစ်ပါဝင်နေပါတယ်။

တရုတ်ပြည်သူများနဲ့ မြောက်ကိုရီးယားပြည်သူများအကြားက နက်ရှိုင်းလှတဲ့သံယောဇဉ်အကြောင်းပါ။ မြောက်ကိုရီးယား ပြည်သူများအနေနဲ့ (၁၉၅ဝ-၅၃) ကိုရီးယားစစ်ပွဲအတွင်း၊ (ကုလသမဂ္ဂအလံခြုံထားတဲ့) အမေရိကန်ရဲ့ကျူးကျော်မှုကို အသေအကျေ (အကျအဆုံး ၁ သိန်းကျော်) အများကြီးခံပြီး ကူညီတားဆီးပေးခဲ့တဲ့တရုတ်တွေရဲ့ကျေးဇူးကို အမြဲသတိတရ ရှိနေ တာပါ။ အဲဒီကျဆုံးသူတွေထဲမှာ အဲဒီကာလ တရုတ်ကွန်မြူနစ်ပါတီခေါင်းဆောင်လည်းဖြစ်၊ တရုတ်နိုင်ငံရဲ့သမ္မတကြီးလည်းဖြစ်တဲ့ ဥက္ကဋ္ဌမော်စီတုန်းရဲ့သားကြီးသြရသ အသက် ၂၈ နှစ်ရွယ် မော်အန်ရင်းပါခဲ့ပါတယ်။ မော်အန်ရင်းအတွက် အထိမ်းအမှတ်ဘာတခုမှ တရုတ်ပြည်မှာမရှိပေမယ့် ပြုံယမ်းက ကိုရီးယားစစ်ပွဲမှာကျဆုံးတဲ့တရုတ်တပ်ဖွဲ့ဝင်များရဲ့ အာဇာ နည်ဗိမာန်မှာတော့ မော်အန်ရင်းရဲ့ကိုယ်တပိုင်းရုပ်ထုလေးနဲ့ ဂူသင်္ချိုင်းရှိပါတယ်။ ဒါ့ကြောင်ပဲ တရုတ်များရဲ့ တိုးတိုးတိတ် တိတ် နားချမှုတွေကို သူတို့လက်ခံနိုင်တာပါ။ သူတို့ရဲ့အကျိုးစီးပွားပေါ်ကနေပြောနေတယ်ဆိုတာ သူတို့ယုံကြည်လို့ပါ။

တရုတ်တွေအနေနဲ့ကလည်း အခုကာလ မြောက်ကိုးရီးယားရဲ့အခြေအနေ (နိုင်ငံရေး၊ စီးပွားရေး) တွေဟာ သူတို့တတွေ ကျော်ဖြတ်ခဲ့ရတဲ့ယဉ်ကျေးမှုတော်လှန်ရေးကာလအခြေအနေမျိုးဖြစ်နေတယ်။ ဒီအတွက် စာနာစွာကူညီရလိမ့်မယ်လို့ သဘောထားပါတယ်။

ဒါ့ကြောင့် အလွန်စိတ်ရှည်စွာဖျောင်းဖျမှုတွေလုပ်ပါတယ်။ ဥပမာ တရုတ်ပါတီ ၁၉ ကြိမ်မြောက် ကွန်ဂရက်အပြီးအဆင့်မြင့် ခေါင်းဆောင်တယောက်လွှတ်ပြီး တရုတ်ကွန်မြူနစ်ပါတီရဲ့ဆုံးဖြတ်ချက်တွေကို ရှင်းပြတာတွေလုပ်ပါတယ်။ ဒါတွေက မြောက်ကိုရီးယားတွေကို နိုင်ငံရေးအရအတွေးအခေါ်လွတ်မြောက်ပြီး ပြုပြင်ပြောင်းလဲရေးလမ်းပေါ်ရောက်အောင် ကူညီ တာပါ။

၎။ တောင်ကိုရီးယားမှာ သမ္မတသစ်တက်လာနိုင်တာကလည်း ဒီဖြစ်စဉ်ကို တတပ်တအားရှေ့တိုးလာနိုင်စေခဲ့ပါတယ်။ သမ္မတ မွန်ဂျေအင်းဟာ ငယ်စဉ်ကမြောက်ကိုရီးယားကပြေးလာရတဲ့သူတွေကို ထားတဲ့ဒုက္ခသည်စခန်းမှာ ကြီးလာခဲ့သူ တဦးပါ။ ဒါ့အပြင် တောင်ကိုရီးယားပြည်သူများကလည်း မြောက်ကိုရီးယားနဲ့ အလွန်ပေါင်းစည်းချင်နေကြပါဃြပီ။ ဒါ့ကြောင့် မြောက်ကိုရီးယားနဲ့ ဆက်ဆံရေးကောင်းမွန်ချင်တဲ့ မွန်ဂျေအင်းကို အစောကတည်းကထောက်ခံခဲ့ကြတာပါ။ ဒါပေမဲ့ တောင်ကိုရီးယားစစ်တပ်က မလိုလားလို့၊ ၂ဝ၁၂ ရွေးကောက်ပွဲမှာ ဝင်ညစ်လို့၊ သူရှုံးခဲ့ရတာပါ။ ပတ်ကွမ်ဟေး လာဘ်စားမှုနဲ့ ထောင်ကျသွားပြီး ကျင်းပတဲ့ သမ္မတရွေးကောက်ပွဲမှာမှ သူအနိုင်ရပြီး သမ္မတဖြစ်လာတာပါ။ သမ္မတဖြစ်လာကတည်းက မြောက် ကိုရီးယားနဲ့ ဆက်ဆံရေးကောင်းမွန်ဖို့ အခွင့်အရေးရှိသမျှကြိုးစားနေရုံမျှမက ဒီအရေးမှာအရေးပါတဲ့နိုင်ငံကြီးများ ဖြစ်တဲ့ အမေရိကန်နဲ့ရော တရုတ်နဲ့ပါ ဆက်ဆံရေးကောင်းအောင် ကြိုးစားနိုင်ခဲ့ပါတယ်။

ဒါတွေအားလုံးက မြောက်ကိုရီးယားအနုမြူပြဿနာဖြေရှင်းရေးမှာ အထောက်အကူပြုခဲ့တာပါပဲ။ ဒါပေမယ့် ဒီပြဿနာကို တဆင့်ချင်းသာ ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ (မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း စကား ယူသုံးရရင်) အတွေးအခေါ်ဟောင်းတွေ လုပ်ဟန်ဟောင်းတွေရဲ့တားဆီးပိတ်ဆို့မှုတွေရှိနိုင်လို့ပါပဲ။ ဘက်အသီးသီးမှာ အကျိုးစီးပွားဆိုင်ရာ ပြဿနာများရှိနေလို့ဖြစ်ပါတယ်။

ဥပမာအားဖြင့် အမေရိကန်ကနိုင်ငံရေးမှာ သြဇာအရှိန်ကြီးမားလှတဲ့ (Industrial Military Complex) ခေါ်လက်နက်ထုတ်လုပ်တဲ့အုပ်စုရဲ့သဘောထားက အချက်အချာကြပါတယ်။ ဇွန်လ (၁၂) ရက်နေ့ ထိပ်သီးဆွေးနွေးပွဲအပြီး ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ သမ္မတထရန့်က တောင်ကိုရီးယားမှာချရပ်ထားတဲ့ အမေရိကန်မရိန်းတပ်သားသုံးသောင်းနဲ့ပတ်သက်ပြီး ပြောရာမှာ ကျွန်တော်စိတ်ဆန္ဒအရဆိုရင် အခုပြန်ခေါ်ချင်ပေမယ့် ဒီကိစ္စကို ကျွန်တော်တယောက်တည်းကဆုံးဖြတ်လို့မရ ပါဘူးလို့ပြောသွားတာကိုကြည့်ပါ။ (ထရန့်အနေနဲ့ ဒီအစည်းအဝေးတက်ဖို့တောင် အတော်ကြိုးစားခဲ့ရတာပါ။)

ဒါ့ကြောင ဒီပြဿနာကိုဖြေရှင်းရာမှာ အလွန်စိတ်ရှည်ရမှာဖြစ်ပြီး နည်းလမ်းပေါင်းစုံကိုတီထွင်ဖန်တီးမှုရှိစွာ ပျော့ပျောင်းစွာကိုင်တွယ်ရပါလိမ့်မယ်။ ဒီကာလရဲ့သတင်းကောင်းကတော့ ကမ္ဘာ့ပြည်သူလူထုကြီးတရပ်လုံး ငြိမ်းချမ်းရေးနဲ့ဖွံ့ဖြိုးတိုး တက်ရေးကို အလွန်လိုလားနေကြပြီး သတင်းမီဒီယာများရဲ့ပွင့်လင်းလာမှုများကလည်း ဒီစိတ်ဓာတ်တွေကိုအထောက်အကူပြုနေတယ်ဆိုတာပါပဲ။

ဘာဘဲဖြစ်ဖြစ် လောလောဆယ်မှာတော့ အနုမြူစစ်ကြီးဖြစ်တော့မယ့်အခြေအနေကနေ တင်းမာမှုတွေလျှော့ချလိုက်နိုင်တာပါပဲ။ စစ်သံတွေတခြိမ်းခြိမ်းပေးနေရာကနေ ဆွေးနွေးပွဲတွေအမျိုးမျိုးပေါ်ထွက်လာနေပြီး၊ ပြန်လည်သင့်မြတ်ရေးလမ်း ကြောင်းတွေပေါ် ပြန်ရောက်လာနေကြပါပြီ။

လှကျော်ဇော
၂၆၊ ၆၊ ၂ဝ၁၈

Comments