ဒေါက်တာခင်မောင်ဝင်း(သချာင်္) - ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ - နိဒါန်း



ဒေါက်တာခင်မောင်ဝင်း(သချာင်္) - ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းအကြောင်းများ - နိဒါန်း

(မိုးမခဘာသာပြန်အခန်းဆက်) ဇူလိုင် ၁၁၊ ၂၀၁၈


Steven lovitsky နှင့် Danial Ziblatt တို့ရေးသားသော How DEMOCRACIES Die စာအုပ်နိဒါန်းကို ဘာသာပြန်သည်။

စတီဗင်လီဘစ်စကီနှင့် ဒယ်နီယယ်ဇိဘလပ် တို့သည် ဟာဘတ်တက္ကသိုလ် (Harvard University) မှ နိုင်ငံရေးသိပ္ပံပါမောက္ခများဖြစ်ကြသည်။ သူတို့သည် နှစ်ပေါင်း နှစ်ဆယ်ကျော်အတွင်း ဥရောပတိုက်နှင့် လက်တင်အမေရိကန်နိုင်ငံများ တွင် ဒီမိုကရေစီစနစ်များကျဆုံးသည့် အဖြစ်အပျက်များကို လေံလာခဲ့ကြသည်။

ထိုပါမောက္ခနှစ်ဦး၏တွေ့ရှိချက်အရ ဒီမိုကရေစီစနစ်များကျဆုံးခြင်းမှာ စစ်တပ်မှအာဏာသိမ်းခြင်းကြောင့် မဟုတ်။ စစ်လက်နက်ကိုင်တော်လှန်ရေးများ ကြောင့်မဟုတ်။ ၄င်းသည် တဖြေးဖြေး ယိုယွင်းပျက်စီးလာခြင်းများကြောင့် ဖြစ် သည်။ ယိုယွင်းပျက်စီးလာသောအရာများမှာ တရားရေးရာကိစ္စများ၊ ပုံနှိပ်ခြင်း မီဒီယာများနှင့် ခိုင်မာစွာရပ်တည်ခဲ့သော နိုင်ငံရေးဆိုင်ရာ စံနှုန်းများဖြစ်သည်။ ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်ချန်ပီယံဟု ခေါ်နိုင်သော အမေရိကန်နိုင်ငံတွင်ပင်လျှင် ဒီမိုကရေစီစနစ် ပျက်စီးမှုများ၏ပထမအဆင့်ကို ကျော်ဖြတ်ခဲ့ပြီဖြစ်သည်။ ထိုပထမအဆင့် မှာ ဒေါ်နယ်ထရမ့် ( Donald Trump) သမ္မတဖြစ်လာခြင်း ဖြစ်သည်ဟု ထိုပါမောက္ခနှစ်ဦးက သုံးသပ်ကြသည်။

ကမ္ဘာပေါ်တွင် ဒီမိုကရေစီစနစ်များပြိုကွဲခြင်းကို အများကမြင်ကြသည်မှာ လက်နက်ကိုင်အကြမ်းဖက်သော လူများ၏ လက်ချက်ကြောင့်ဖြစ်သည်။ စစတပ်က အာဏာသိမ်းခြင်းကြောင့် ဖြစ်သည်။ ဤသို့ ရှုမြင်ခြင်းသည် အာဂျင်တီးနား၊ ဂါနာ၊ ဘရာဇီး၊ ဂရိ၊ ဂွန်တီမာလာ၊ နိုင်ဂျီးရီးယား၊ ပါကစ္စတန်၊ ပီရူး၊ ထိုင်း၊ တာကီ၊ ဥရုဂွေး နိုင်ငံများ ဒီမိုကရေစီကျဆုံးခြင်းကိုကြည့်လျှင် လက်နက် ကိုင် အကြမ်းဖက်သူများကြောင့် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။

သို့သော် ဒီမိုကရေစီစနစ်များကျဆုံးသော အခြားနည်း၊ သိမ်မွေ့သောနည်း များရှိပါသည်။ ကျဆုံးသောနည်းအနေဖြင့် သိမ်မွေ့သော်လည်း ဒီမိုကရေစီစနစ် ပျက်ဆီးခြင်း၊ ကျဆုံးခြင်းမှာ အတူတူပင်ဖြစ်သည်။ ဒီမိုကရေစီစနစ်များကို ဖျက်ဆီးသောသူများမှာ အာဏာသိမ်းသော ဗိုလ်ချုပ်များမဟုတ်ပါ။ ပြည်သူလူထု ကိုယ်တိုင်ရွေးချယ်ထားသော နိုင်ငံရေးခေါင်းဆောင်များဖြစ်သည်။ သူတို့သည် သူတို့အာဏာရရှိလာသော ဒီမိုကရေစီနည်းလမ်းကိုသုံး၍ ဒီမိုကရေစီစနစ်ကို ပျက်စီးအောင်လုပ်ကြသည်။ အနှေးနဲ့အမြန်သာကွာသည်။ ဒီမိုကရေစီစနစ်ကျဆုံး ခြင်းဟူသော ရလဒ်သည် အတူတူပင်ဖြစ်သည်။ ဟစ်တလာ (Hitler) ကဲ့သို့သော ခေါင်းဆောင်သည် ရိုက်ရှတပ် (Reich-stag) မီးလောင်မှုအပြီးတွင် ဒီမိုကရေစီ စနစ်ကို အလျှင်အမြန်ဖျက်ဆီးလိုက်သည်။ သို့သော် ယခုအခါတွင် ဒီမိုကရေစီ ပျက်စီးခြင်းသည် တဖြေးဖြေးမသိမသာ ပျက်စီးမှန်းမသိ၊ ပျက်စီးသည့်အဆင့်များ ကိုပင် မမြင်ရဘဲ ပျက်စီးသွားခြင်းဖြစ်သည်။

ယခုခေတ်တွင် ဒီမိုကရေစီစနစ်များ ကျဆုံးသည့်လမ်းကြောင်းများသည် တမျိုးပြောင်းသွားပြီဖြစ်သည်။ အများယူဆထားသလို ဖက်ဆစ်ဝါဒ၊ ကွန်မြူနစ် ၀ါဒ၊ စစ်အုပ်ချုပ်ရေးတို့ကြောင့် ဒီမိုကရေစီစနစ်များ ကျဆုံးခြင်းမဟုတ်တော့ချေ။ နိုင်ငံတော်တော်များများတွင် ပုံမှန်ရွေးကောက်ပွဲများကို ပြုလုပ်နေဆဲဖြစ်သည်။ ထိုနိုင်ငံများတွင်လည်း ဒီမိုကရေစီ ကျဆုံးနေကြသည်။ ကျဆုံးသောနည်းများမှာ အမျိုးမျိုးရှိသည်။ နောက်ဆုံးရလဒ်မှာ ဒီမိုကရေစီ ကျဆုံးခြင်း ဖြစ်သည်။ ကျဆုံးခြင်းကို ဖြစ်စေစေသော ပုဂ္ဂိုလ်များမှာ ဗိုလ်ချုပ်များ၊ စစ်မှုထမ်းများ မဟုတ်ပါ။ ပြည်သူများကိုယ်တိုင် ရွေးကောက်တင်မြှောက်ထားသော အစိုးရများပင် ဖြစ်ကြသည်။ ယခုခေတ်တွင် ဒီမိုကရေစီကျဆုံးခြင်းလမ်းစဉ်သည် တရားမျှတသောရွေးကောက်ပွဲမှ စတင်သည်။

တရားမျှတသောရွေးကောက်ပွဲမှ စတင်သော ဒီမိုကရေစီပျက်စီးမှုလမ်းစဉ်သည် အလွန်အန္တရာယ်များပါသည်။ လိမ်လည်မှု၊ လှည့်ဖြားမှု အပြည့်ရှိပြီး၊ ရှိမှန်းပင် မသိရသဖြင့် ပို၍ပင် အန္တရာယ် များပါသည်။

ချီလီနိုင်ငံတွင် စစ်တပ်မှ အာဏာသိမ်းပွဲဖြစ်ရပ်တွင် ဒီမိုကရေစီကျဆုံးသွားသောအဖြစ်ကို အားလုံးက ထင်ထင်ရှားရှား မြင်ခဲ့ရသည်။ သမ္မတ၏ နန်းတော်ကြီး မီးလောင်၍ ပျက်စီးသွားသည်ကို လူတိုင်းမြင်ရသည်။ နိုင်ငံတော်သမ္မတ သေဆုံးသွားသလား၊ အကျဉ်းကျခံရသလား၊ အဝေးကို အပို့ခံလိုက်ရသလား၊ တခုခုဖြစ်သွားတာကတော့ သေချာသည်။ နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေဟူသည် ဘယ်ရောက်သွားမှန်း မသိတော့ချေ။

သို့သော်လည်း ယခုခေတ် ဒီမိုကရေစီပျက်စီးစေသည့်ဖြစ်ရပ်တွင်ကား ချီလီနိုင်ငံကဲ့သို့အဖြစ်မျိုးတွေကို မတွေ့ရပါ။ ရွေးကောက်ပွဲဖြစ်စဉ်များသည် သူ့နေရာသူ ဆက်လက်တည်ရှိနေသည်။ လမ်းပေါ်ထွက် အကြမ်းဖက်မှုများကို မတွေ့ရပါ။ ဖွဲ့စည်းပုံအခြေခံဥပဒေသည် သူ့နေရာမှာ သူ ရှိနေသည်။ ဒါတွင်သာမက ဒီမိုကရေစီနိုင်ငံတွင် ရှိရမည့် လက္ခဏာများ အဖွဲ့အစည်းများသည် သူ့နေရာနှင့်သူ ရှိနေကြသည်။ လူအများသည် ပုံမပျက်ပဲ မဲပေးနေကြသည်။ ဒီမိုကရေစီတွင် ရှိရမည့် အပေါ်ယံလက္ခဏာများသည် ဆက်လက်၍ တည်ရှိနေသည်။

အုပ်ချုပ်သူအစိုးရ၏ ဒီမိုကရေစီကို မှေးမှိန်အောင် ကြိုးပမ်းလုပ်ဆောင်သော အလုပ်များသည် ‘ဥပဒေအတိုင်း’၊ ‘တရားမျှတမှုရှိသည်’၊ ‘တရားရုံးများကလည်း တရားဝင်သည်’ ဟူ၍ လက်ခံထားကြသည်။ ထိုသို့ ဒီမိုကရေစီကို မှေးမှိန်အောင် လုပ်ဆောင်သော အလုပ်များကို ‘ဒီမိုကရေစီ ရှင်သန်ရေးကို အားပေးသည်ဟူ၍ပင် လက်ခံစေသည်’ ။ အစိုးရ၏ အလုပ်ဟူသမျှသည် တရားရုံးစနစ်ကို ပို၍ ကောင်းစေသည်၊ အကျင့်ပျက်မှုများကို တိုက်ခိုက်ခြင်းဖြစ်သည်။ ရွေးကောက်ပွဲစနစ်များကို သန့်ရှင်းစေသည် ဟူ၍ပင် လူများကို လက်ခံစေသည်။

သတင်းစာများသည် ဆက်လက်၍ ရှိနေသည်။ သို့သော် သူတို့ကို နောက်ကွယ်မှ အနိုင်ကျင့်သောနည်းဖြင့် တနည်း၊ လာဘ်ထိုး၍ တနည်း၊ သူတို့ကိုယ်သူတို့ အစိုးရ မကြိုက်သောအရာများကို မရေးဖြစ်အောင် လုပ်ဆောင်ကြသည်။ ပြည်သူလူထုသည် အစိုးရကို ဝေဘန်နိုင်သည့် အခွင့်အရေး ရှိသင့်သလောက် ရှိသည်၊ သို့သော် အခြားတဖက်တွင် အခွန်ကိစ္စ၊ တရားရုံးကိစ္စများဖြင့် ရှုပ်ထွေးစေသည်။ ထို့ကြောင့် ပြည်သူလူထုသည် ဘာကို ဘယ်လို ယုံရမည်။ ဘယ်လိုနားလည်ရမည် ဟူသည်နှင့် ပတ်သက်၍ အစိုးရက စနစ်များကို တမင်ရှုပ်ထွေးအောင် ဖန်တီးထားသည်။ လူများသည် တကယ် ဘာဖြစ်နေသည်ဟူသည်ကို ချက်ခြင်း မရိပ်မိကြချေ။ လူတော်တော်များများသည် သူတို့သည် ဒီမိုကရေစီစနစ်အောက်မှာ ရှိနေကြသေးသည်ဟု ယုံကြည်နေကြသည်။

ဤနေရာတွင် တခုနားလည်ထားရမည်မှာ နားမလည်ခြင်း၊ ရှုပ်ထွေးခြင်း ဟူသောအရာများသည် မတော်တဆဖြစ်ခြင်းမဟုတ်။ ဒီမိုကရေစီ ပျက်စီးခြင်းလမ်းပေါ်တွင် တမင်စီမံကိန်းဖြင့် ဖန်တီးထားသော အရာများဖြစ်သည်။ နားမလည်သောအရာ ရှုပ်ထွေးသော အရာတခုခုကို တွေ့တိုင်း ၎င်းတို့ကို တမင်ဖန်တီးထားသောအရာများ ဖြစ်သည်ဟူသည်ကို သိရန် လိုအပ်ပါသည်။

ပြည်သူလူထုအနေဖြင့် ဒီမိုကရေစီစနစ်များ ကျဆုံးသည့်လက္ခဏာများကို မှတ်မိဖို့ လိုအပ်ပါသည်။ ဤသည်ကား ဒီမိုကရေစီစနစ် မကျဆုံးစေရန် ကာကွယ်နိုင်သည့် ပထမအဆင့် ဖြစ်ပါသည်။

ဒေါက်တာခင်မောင်ဝင်း(သချာင်္)

Steven lovitsky နှင့် Danial Ziblatt တို့ရေးသားသော How DEMOCRACIES Die

Comments