ကျော်ကျော် (မြရည်စမ်း) ● ဆစ်ရင်း... စစ်ရင်း ကျွံဝင်ခဲ့ရပါလေ၏
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၈
(မိုးမခ) ဇူလိုင် ၂၃၊ ၂၀၁၈
(က)
ညကြီးမင်းကြီးမှာ မိုးတွေတအားသည်းနေတော့ ကျွန်တော့်ဘေးမှာ အိပ်တဲ့ကောင်လေးက ထပြီးထိုင်နေတယ်။ သူ့ကို ကြောက်စိတ်ပြေဖို့ အားပေးစကားလေးတွေ လျှောက်ပြောပေးနေဖြစ်ပေမဲ့ ကျွန်တော်ကိုယ်တိုင်လည်း ကြောက်နေမိတာ အမှန်ပါ။
တခါတခါတော့ မိုးသံတွေကြားမှာပဲ အဝေးကြီးကတော်လဲသံ၊ မြေပြိုသံကို ကြားရတတ်ပါတယ်။ အဲဒီလိုအခါမျိုးဆိုရင် ကောင်လေးရဲ့မျက်နှာဟာ ဆီးရွက်လောက်ပဲ ရှိတော့တယ်။ တရုတ်မီးအိမ်က အလင်းဖျော့ဖျော့အောက်မှာ သူ့မျက်လုံးလေးတွေ ပြူးကျယ်နေကြတယ်။
ညနေပိုင်းလေးက သူမြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းတွေကို မေ့ဖျောက်လို့မရနိုင်ဘူးထင်ပါတယ်။ ဒီဒေသမှာ လူသေတယ်ဆိုတာ ကျွန်တော့်အတွက် မထူးဆန်းတော့ပေမဲ့ သူ့အတွက်တော့ အတော်ကြီးကို တုန်လှုပ်ဖွယ်ရာ ဖြစ်နေရှာပါတယ်။ တက္ကသိုလ်ဘွဲ့တခုကို ရထားတာပူပူနွေးနွေးရှိသေးတော့ ကျောင်းသားသာသာလူငယ်လေးပဲပေါ့။ သူ့မိဘတွေကို ငွေဆယ်သိန်းလောက်ပေးပြီး သူ့သင်တန်းဆက်တက်ဖို့ ငွေရှစ်သိန်းကို စုထားမယ်ပြောတော့ ကျွန်တော့်မှာ စိတ်မကောင်းဖြစ်မိပါတယ်။ ရထားတဲ့ဘွဲ့ဒီဂရီနဲ့ အလုပ်ဝင်လုပ်ပါလားလို့ပြောမိတဲ့ ကျွန်တော့်ကို ခေါင်းလေးပဲ ရမ်းပြရှာပါတယ်။
အသက်နှစ်ဆယ်ကျော်ကျော်လောက်ပဲ ရှိသေးတဲ့သူ့မျက်နှာနုနုလေးဟာ ဒီလိုနေရာမျိုးနဲ့တော့ မအပ်စပ်လှပါဘူး။ "မိဘကျေးဇူးဆပ်ချင်တယ်ဆိုရင်လည်း တခြားနည်းလမ်းတွေနဲ့ ဆပ်ပါလားငါ့တူရာ" လို့ သူရောက်လာတဲ့နေ့က ပြောမိသေး တယ်။ "တစ်လ သုံးသိန်းက ဒီလိုနေရာမှာမှ ရမှာဦးလေးရ" ဆိုတဲ့ စကားကြောင့် ဘာမှထပ်မပြောဖြစ်တော့ပါဘူး။ ကောင်လေးရဲ့အတွေးထဲမှာ တစ်လသုံးသိန်း၊ ခြောက်လ တစ်ဆယ့်ရှစ်သိန်းက သူ့ဘဝလမ်းခရီးကချောင်းတခုကိုဖြတ်ကူးဖို့ တံ တားတစင်းလည်း ဖြစ်ချင်ဖြစ်မှာနေမှာပေါ့လို့ တွေးမိရင်း စိတ်မကောင်းဖြစ်ရုံပါပဲ။
မိုးသံတွေကြားထဲမှာ ကျွန်တော်တို့အစောင့်တဲလေးလည်း ငြိမ်ကုပ်နေပါတယ်။ အတိတ်ကို ရောက်လိုက်၊ မရောက်သေးတဲ့ အနာဂတ်ကို မှန်းဆလိုက်နဲ့ ခေါင်းထဲမှာတော့ အတွေးတွေ ပြေးလွှားနေကြတယ်။ တကယ်ပြောရမယ်ဆိုရင်တော့ ဒီဒေသ မှာ နောက်တစ်နေ့ဆိုတာကြီးကိုက မရေမရာ စကားဖြစ်နေတာ ကြာခဲ့ပါပြီ။ နောက်တစ်နေ့ဆိုတာက များပါလိမ့်အုံးမယ်။ ကြာပါလိမ့်အုံးမယ်။ မနက်နဲ့နေ့လည်၊ နေ့လည်နဲ့ညနေ၊ ညနေနဲ့ည အချိန်တိုင်းမှာ အပြောင်းအလဲတွေက မြန်လွန်းလှတာ ဝရုန်းသုန်းကားပါပဲ။
နေ့လယ်တုန်းက ကျွန်တော်တို့ကို နုတ်ဆက်ခဲ့တဲ့ ရေမဆေးကျောက်ရှာသူ လူငယ်လေးသုံးယောက်ဟာ ညနေကျတော့ ရွံ့ နွံအလူးလူးနဲ့ သက်မဲ့အလောင်းတွေ ဖြစ်ကုန်ကြပြီ။ သူတို့ ရေမဆေးကျောက် ရှာဖွေနေကြတဲ့အနီးအနားက ကမ်းပါးရံကြီး ပြိုကျတော့ တဖက်ခြမ်းက နွံအနှစ်တွေဟာ သူတို့အပေါ်ကို ဖုံးလွှမ်းသွားခဲ့တယ်။ လူတွေဟာ ရေကူးလို့သာ ရတတ်ကြမယ်။ နွံကူးဖို့ဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်တဲ့ကိစ္စကြီးပါ။ အရေအတွက်အတိအကျမပြောနိုင်တဲ့ လူသားတွေဟာ နွံပြင်အောက် ကို နစ်မြှုပ်ပျောက်ကွယ်ခဲ့ရပါတယ်။ တချို့ကိုတော့ အရေးပေါ်ကုသဖို့အနေအထားနဲ့၊ တချို့ကိုတော့ သက်မဲ့ခန္ဓာ အဖြစ်နဲ့ ဘဝတူလူသားတွေက လတ်တလော ဆယ်ယူနိုင်ခဲ့ကြတယ်။
ပျော်ရွှင်ခြင်းတွေ၊ ဝမ်းနည်းပူဆွေးခြင်းတွေ၊ ထိတ်လန့်ခြင်းတွေ၊ ကြမ်းကြုတ်ရက်စက်ခြင်းတွေ အစရှိတဲ့ ရသမျိုးစုံကို တစ်ရက်ထဲမှာ မြင်နိုင်တွေ့နိုင်တဲ့ မှော်ထဲကို ကျွန်တော်ရောက်ခဲ့တာ ကြာလှပါပြီ။ ဒီညမှာတော့ အိပ်မရခြင်းတွေနဲ့လုံးထွေးသတ်ပုတ်ရင်း အတိတ်ကို ပြန်တွေးမိပါတော့တယ်။
(ခ)
မန္တလေးဘူတာကြီးဟာ အဲဒီတုန်းက ပုပျပ်ပျပ်ဝါဝါလေးပါ။ အဲဒီဘေးမှာ ပုပ္ပားဟိုတယ်ရှိတယ်။ ညတိုင်ကျသီချင်းတွေဆိုကြတယ်။ သူများတွေဆိုကြတာပါ၊ သူဌေးတွေနေမှာပေါ့။ ဆိုက်ကားလေးဂိတ်ထိုးရင်း ကျွန်တော်တို့ကနားဆင် ခံစားကြရတာပါ။
"သိန်းကျောက်ရရင် လောပန်းဖြစ်ပြီပေါ့" တဲ့။
ဆိုက်ကားလေးနဲ့ခရီးသည်ပို့ရင်း ကျုံးထောင့်ရောက်တော့လည်း ရေပေါ်စတိတ်ရှိုးမှာ စည်ကားလိုက်တာ။ သူဌေးတွေနေမှာပေါ့။ ပန်းကုံးတွေစွပ်လို့ သီချင်းတွေဆိုလို့။ အဲဒီသီချင်းပဲ ကြားကြားနေရတယ်။ "သိန်းကျောက်ရရင်လောပန်းဖြစ်ပြီပေါ့" ဆိုတဲ့သီချင်းလေ။
ကျွန်တော်ကလည်းဆိုက်ကားသမားဆိုတော့စုံတယ်။ ခရီးသည်တင်ရတာထက်ကို ကျောက်ထုပ်သယ်ရတာက ပိုကိုက်တယ်လေ။
အဲသည်အချိန်က မြစ်ကြီးနားဖက်ကလာတဲ့ရထားတွေမှာ ကျောက်စိမ်းအထုပ်တွေပါတတ်တယ်။ ရထားဝင်လာပြီဆို ကိုယ်နဲ့မျက်မှန်းတန်းမိတဲ့ကုန်သည်ပါလာရင် ဝမ်းသာရတယ်။
၇၉ လမ်း တရုတ်တန်းက မဖျက်သေးဘူး။ ကုန်သည်က စောင့်ခိုင်းတဲ့အချိန် တရုတ်တန်းပန်းကန်ဆိုင်တွေနားက သွားစောင့်နေလိုက်တာပဲ။ ရထားတွဲတွေကို ရေဆေးတဲ့လိုင်းကျင်း (pitch) တွေက တရုတ်တန်းနဲ့ကပ်နေတာလေ။ အဲဒီနေရာလေးမှာ အုတ်တံတိုင်းလေးကနည်းနည်းပြိုကျနေတယ်။ ဘူတာဖက်မှာကျတော့ မြေကြီးကမူလေးရှိနေပြန်ရော။ အထဲမှာတော့ သူတို့ဘယ့်နှယ်လုပ်ကိုင်ရှင်းလင်းကြတယ်မသိရပါဘူး။ အုတ်တံတိုင်းကျော်လာတာနဲ့ ပစ္စည်းထုပ်ဟာ ကျွန်တော်တာဝန်ပေါ့။ အေးအေးလူလူပါပဲ။ ကျောက်စိမ်းဆိုတဲ့ဟာကလည်း အတော်တော့ ထူးဆန်းတဲ့ကောင်ဗျ။ ရထားလမ်းတလျှောက်က ဘူ တာတွေမှာ ဖမ်းမယ်ဆီးမယ်တကဲကဲလုပ်ကြပေမဲ့ကျောက်ဝိုင်းထဲလည်းရောက်ရော အေးဆေး။
အဲဒီအလုပ်လေးက မြိုးမြိုးမြက်မြက်ရနေတော့ ဆိုက်ကားနဲ့ခရီးသည်ကြိုပို့ကိစ္စတွေဆိုရင်တောင် မြက်မြက်စက်စက်မရှိချင်တော့ဘူး။ အလုပ်လုပ်ပေးဖူးတဲ့ ကုန်သည်တွေများလာပြီဆိုတော့ ကျွန်တော်လည်း တဆင့်တက်တော့တာပေါ့။ မန္တလေးဘူတာကစောင့်ရတာနဲ့မတင်းတိမ်ပဲ ရွာထောင်ဘူတာအထိ ဆင်းကြိုပလိုက်တယ်။ ပစ္စည်းပါလာပြီဆိုရင် မြို့ဟောင်းမှာ ဆင်းတယ်။ တခါတလေမှာများ ပစ္စည်းက နှစ်ထုပ် သုံးထုပ်ဖြစ်နေပြီဆို အတော်ခေါင်းစားရတယ်။ မြို့ဟောင်းဘူတာအဝင်လေးက အမှိုက်ပုံကြီးတွေဟာ ကျွန်တော်နဲ့ရဲဘော်ရဲဘက်ဖြစ်ခဲ့ဖူးတယ်လို့ပြောပြန်ရင် လွန်ရာကျနေမလားပဲ။ ပစ္စည်းများရင်များသလို အဲဒီ အမှိုက်ပုံကြီးတွေပေါ် အရင်ပစ်ချလိုက်တာပဲ။ ပြီးမှလူကိုယ်တိုင်ဆင်းရတယ်။ အမှိုက်ပုံကစိတ်ချရတယ်။ ပစ္စည်းထုပ်ပစ်ချလိုက်တာနဲ့ အမှိုက်တွေကအပေါ်ကပြန်ဖုံးသွားရော။ မိုးကောင်းကပစ္စည်းဆိုရင် စိတ်မပူရဘူး။ ဟိုပင်ကပစ္စည်းဆိုရင်တော့ ဂရုစိုက်ရတယ်။ ဟိုပင်ကနေတင်တဲ့ပစ္စည်းက ဆယ်ကွင်းထုပ်လက်ကောက်အကြမ်းထည်တွေဆိုတော့ ကျိုးမှာပူရတာပေါ့။
မြင်ပါများလာတော့ ဆိုက်ကားနင်းတဲ့အလုပ်ထက် ကျောက်စိမ်းကို ကိုယ်တိုင်တူးချင်တဲ့စိတ်က ကျွန်တော့်မှာများလာတာပဲ။ သူများပစ္စည်းသယ်ပေးလိုက် ပေးသလောက်ငွေလေးယူလိုက်နဲ့လည်း မတင်းတိမ်ချင်တော့ပြန်ဘူး။ စိတ်က အတော်ခက်တဲ့ကောင်ဗျ။ ဆိုက်ကားလေးရောင်းပြီး အမှတ်(၅၅)ဆိုတဲ့အဆန်ရထားကြီးစီးလို့ မှော်ထဲကိုချီတက်ခဲ့တာပါ။ "သိန်းကျောက်ရရင်လောပန်းဖြစ်ပြီပေါ့" ဆိုပြီး သီချင်းလေး တညည်းညည်းနဲ့ပေါ့။
ကျွန်တော်မှော်ထဲရောက်စက အခုလိုစက်ယန္တယားကြီးတွေနဲ့ တူးကြဖော်ကြတာ မရှိသလောက်ပါပဲ။ လူအားနဲ့ပဲ လုပ်ကြကိုင်ကြရတယ်။ အဲသည်တော့ အလုပ်လည်းမရှားပါဘူး။ ဒေသိယစကားနဲ့ဆောင်းကျော်လို့ ခေါ်ကြတဲ့ မြေသယ်ခြင်းနဲ့ မြေစာခေါက်စားထမ်းလို့ရတယ်။ ကျောက်ကျင်းတိုင်းမှာ လူအင်အားလိုအပ်ချက်ရှိနေတာပါ။ ပုခုံးဒေါက်ထဲ့ထားတဲ့ ကြိမ်ခြင်းကြားကြီးတွေနဲ့ အပိုးသမားတွေကို နေရာတိုင်းမှာ မြင်နိုင်ပါတယ်။ ရေစုပ်စက်မောင်းဖို့ ဒီဇယ်ပိုးမလား၊ ဈေးကူးကြတဲ့ ကုန်ခြောက်ပိုးမလား အလုပ်တွေက အရန်သင့်ရှိနေတယ်။ တဒိုင်းဒိုင်းတဖန်းဖန်း၊ တဝုန်းဝုန်းတဂျိန်း ဂျိန်း ပစ်ခတ်သံတွေ ဆူညံနေတဲ့ မှော်သွား လမ်းတလျှောက်မှာ လမ်းပန်းဆက်သွယ်ရေးကတော့ အခုလိုမကောင်းဘူးပေါ့။ အဆိုးထဲက အကောင်းကတော့ ကျွန်တော်တို့လို လူများစွာအတွက် အလုပ်မရှား တာပါပဲ။
ကျွန်တော်မှော်ထဲရောက်ပြီး သုံးလေးနှစ်ကြာတော့ သေနတ်သံတွေ တိတ်ဆိတ်သွားပါတယ်။ အပေးအကမ်းတွေနဲ့ ငြိမ်းချမ်းရေးကာလ ရောက်လို့လာပါတယ်။ မှော်သွားလမ်းတွေ ကောင်းလာသလို ရုပ်ရှင်ဗီဒီယိုတွေထဲမှာပဲ မြင်ဖူးခဲ့ရတဲ့ မြေတူးစက်ကြီးတွေ မှော်ထဲရောက်လာခဲ့ကြတယ်။ ကျွန်တော်တို့လိုလူတွေကို ကျင်းသားအဖြစ်၊ ခေါက်စားသမားအဖြစ် မွေးခဲ့ကျွေး ခဲ့ကြသူတချို့လည်း လုပ်ခင်းကိုင်ခင်းတွေ စွန့်ခဲ့ကြရတယ်။ ဆင်ပိန်ကျွဲဆိုသလို ငွေရှိသူတွေအတွက် မထောင်းသာလှပေမဲ့ ငွေရင်းမရှိသူတွေအဖို့တော့ သူတောင်းစားခွက်ပျောက်ရတဲ့ ဘဝ၊ နူရာဝဲစွဲရတဲ့ဘဝနဲ့ ခါးသီးတဲ့နေ့ရက်တွေကို ဖြတ်သန်းကြ ရပါတယ်။
(ဂ)
ကျွန်တော် အလုပ်စုံခဲ့ပါပြီ။ ဖက်စပ်ခေတ်ကိုလည်း ဖြတ်ခဲ့ဖူးသလို အခုလိုနိုင်ငံတော်နဲ့အကျိုတူပူးပေါင်းလုပ်ကိုင်နေပါတယ်ဆိုတဲ့ ခေတ်ထဲလည်း ကူးခတ်နေရတုန်းပဲ။ အပေါ်ကနေဗျိုင်းတကောင် ဖြတ်ပျံသွားမယ်ဆိုရင်တောင် စိမ်းသွားစေတဲ့ ကျောက်စိမ်းတုံးကြီးတွေကိုလည်း အဝေးကချောင်းကြည့်လို့မြင်ခဲ့ဖူးပါပြီ။ လူကြီးတစ်ယောက်လိုခံစားခဲ့ဖူးပြီးသလို ကလေးတယောက်လိုလည်း တွေးခဲ့ဖူးပါတယ်။ "သြော်..သူတို့အကျိုးတူပူးပေါင်းတဲ့ နိုင်ငံတော်ဟာ ငါ့အမေအရင်းသာဖြစ်ခဲ့ရင် ဘယ်လောက်ကောင်းမလဲ" ဆိုပြီးတော့ပေါ့။
"သိန်းကျောက်ရရင်လောပန်းဖြစ်ပြီပေါ့" ဆိုတဲ့သီချင်းလေး အခုနေခါမန္တလေးမြို့ပေါ်မှာ ခေတ်မစားလောက်တော့ဘူးထင်ပါတယ်။ ခေတ်က လိမ့်ခနဲလိမ့်ခနဲကြားမှာ မြန်လွန်းပါတယ်ဗျာ။ ငွေတစ်သိန်းဆိုတာ လက်နဲ့တူးတဲ့ခေတ်ကာလမှာ တန်ဘိုးရှိပေမဲ့ အခုလို ခေတ်မီစက်ယန္တယားကြီးတွေနဲ့ တူးတဲ့ခေတ်မှာ ပေတူးတူးအနေအထားပဲ ဖြစ်မှာပါ။
ကျွန်တော့်ဘေးက လူငယ်လေးကတော့ အိပ်ပျော်နေရှာပါပြီ။ အိပ်မရတဲ့အတူ မထူးတော့ပါဘူးဆိုပြီး အချိုရည်ဗူးခွံလေးကို အပေါက်လေးတပေါက်ဖောက်လိုက်တယ်။ ပီကေခဲပတ်လေးကို မီးရှို့နေရင်း အိတ်ကပ်ထဲက အနီရောင်ဆေးပြားလေးကို တယုတယထုတ်ယူလိုက်မိတယ်။
ကျွန်တော် အိမ်မပြန်ဖြစ်တာ ကြာပါပြီ။ အတော်နဲ့လည်း ပြန်ဖြစ်တော့မယ် မထင်ပါဘူး။ အခုနေရာက ကျွန်တော့်အတွက်တော့ လွတ်မြောက်ရာဒေသတခုပါ။ နံဘေးမှာ အိပ်ပျော်နေတဲ့ လူငယ်လေးကိုလွတ်မြောက်ရာဒေသမှာ ကျွန်တော့်လို အကျဉ်းကျနေမှာစိုးတဲ့စိတ်ကလေး ဖျတ်ခနဲပေါ်လာမိခဲ့တယ်။
မနက်က လက်ပြနှုတ်ဆက်ခဲ့ကြတဲ့ လူငယ်လေးတွေကတော့ စိတ်တွေသာ ဒီနေရာမှာနွံ့နစ်ကျန်မနေခဲ့ကြရင် အမှန်တ ကယ် လွတ်မြောက်သွားခဲ့ရပါပြီ။ ရင်ထဲမှာ တစစ်စစ်နဲ့ မငြိမ်းချမ်းနိုင်သေးဘူး။ ညဉ့်နက်လေ ဘဝပျက်လေ အခြေအနေဆိုး ကြီးကို စိတ်တွေရွက်လွှင့်ရင်း ကျွန်တော်ကျော်ဖြတ်ရပြန်အုံးမယ်။ ရုန်းလေနစ်လေ နွံတောကြီးထဲကို အိပ်မက်မက်ရင်း ရောက်သွားမှာကို စိုးရိမ်နေမိပြန်ပါတယ်။
Comments