စိုးခိုင်ညိန်း ● ဘဝဆည်းဆာချိန်

စိုးခိုင်ညိန်း ● ဘဝဆည်းဆာချိန်
(မိုးမခ) ဇူလိုင် ၁၅၊ ၂၀၁၈

ပြီးခဲ့တဲ့တရက်က ရွာက အမေ့အိမ်ကို အလည်ပြန်ရောက်နေတဲ့ညီက ကျွန်တော့်ဆီ ဖုန်းဆက်ပါသည်။ တယောက်နဲ့ တယောက် သာကြောင်းမာကြောင်းတွေပြောပြီး အမေနဲ့ပြောလိုက်ပါဦးဟု ပြောသည်။ အမေနဲ့ပြောပြီးတော့ အမေက မင်းညီမနဲ့ ပြောလိုက်ပါဦးဟုပြော၍ ပြောရပြန်သည်။ ညီမကလည်း သူနဲ့ ပြောပြီးတော့ အမေကြီးနဲ့ ပြောဦးမလားဟု မေးကာ အဘွားနဲ့ ပြောခိုင်းနေပြန်သည်။ အမေကြီးက ပြောမယ်ဆိုရင် ပြောမယ်လို့ ပြောပေမဲ့ အမေကြီးက မပြောချင်ပါဘူးအေဟုဆို၍ စကားမပြောလိုက်ရပေ။ အခုချိန်အထိ ဖုန်းဖြင့် အဘွားနှင့် စကားတခါမှ မပြောဘူးပါ။ အဘွားသည် ကျွန်တော်နှင့်သာမဟုတ်၊ ဖုန်းဖြင့် စကားပြောရသည်မှာ နားထောင်ရတာရော၊ ပြန်ပြောရတာရော အားမရဟုဆိုကာ မည်သူနှင့်မျှ ဖုန်းဖြင့် ပြောလေ့မရှိပေ။

အမေ၏ အမေဖြစ်သော အဘွားသည် ရွာမှာ အသက်အကြီးဆုံး ဖြစ်သည်။ အခုဆို အသက်က ၉၈ နှစ်သို့ပင် ကျော်ခဲ့ပြီ ဖြစ်သည်။ အဘွားသည် တောင်ဝှေးတချောင်းနှင့် သွားနိုင်လာနိုင်ကာ ကျန်းကျန်းမာမာပဲ ဖြစ်သည်။ မနက်တကြိမ် ညနေ ပိုင်းတကြိမ် ရွာထဲက သူ၏သားတွေ၊ သမီးတွေ၊ မြေးတွေအိမ်ကို တောင်ဝှေးတချောင်းနဲ့ အလည်ထွက်လေ့ ရှိသည်။ ထိုကဲ့သို့ လမ်းလျှောက်လေ့ ရှိသည့်အတွက်ကြောင့်ပင် အခုလို ကျန်းမာနေခြင်းဖြစ်သည်ဟု ကျွန်တော်က ထင်ပါသည်။

ဥပုသ်နေ့ဆိုလျှင်တော့ ရွာဦးကျောင်းကိုသွားပြီး ဥပုသ်စောင့်လေ့ရှိသည်။ ရွာဦးကျောင်းဆရာတော်က အဘွားကို မုန့်ပဲသ ရေစာ စသည်ပေးသည့်အခါ တဘက်ကလေးဖြင့်ထုတ်ပြီး ယူလာတတ်သည်။ အိမ်ရောက်တော့ မြစ်တွေက ယူစားလိုက်ကြ တာများပါသည်။

ဟိုအရင်ကတော့ အဘွားသည် ကျွန်တော်တို့အိမ်၏ အနောက်ဘက်သုံးအိမ်ကျော်လောက်မှာ အိမ်ကလေးတလုံးဖြင့် သူ့ ဟာသူ တယောက်တည်းနေသည်။ သူ့ဟာသူပဲ ချက်စားသည်။ အမြဲတမ်း ပုတီး တချောက်ချောက် စိပ်နေလေ့ရှိသည်။ နောက်တော့ တဖြည်းဖြည်းအသက်ကြီးလာသည့်အဘွားကို အမေက တယောက်တည်းစိတ်မချဟုဆိုကာ အိမ်မှာပဲ ခေါ်ထားလိုက်ခြင်း ဖြစ်သည်။ ဒါတောင် အဘွားက တယောက်တည်း အေးအေးဆေးဆေးနေချင်သည်ဟုဆိုကာ သိပ်ပြီး လိုက်မနေချင်၊ အတင်းအကျပ်ခေါ်၍သာ လိုက်နေခြင်းဖြစ်သည်။

အဘွားသည် ကျွန်တော်တို့ အိမ်ရောက်လာတာနဲ့ အေးအေးဆေးဆေးနေလို့မရတော့ ကျွန်တော့်ညီနှင့် ညီမရဲ့သားသမီး တွေကို တဟဲ့ဟဲ့နဲ့အော်ကာ ထိန်းနေရတော့သည်။ အိမ်ထဲက ထိုင်နေရင်းပုတီးစိပ်ရင်းက မျောက်ရှုံးအောင်ဆော့သောကလေးတွေကို ဟဲ့ဟဲ့ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ဟု အငြိမ်မနေနိုင်ကာ အော်နေရတော့သည်။ အဘွားသည် မျက်စိအနည်းငယ် မှုန်သည်မှလွဲ၍ နားကောင်းသေးသည်။ သွားလည်း ဝါးနိုင်သေးသည်။ အဘွား၏မျက်နှာတပြင်လုံးမှာတော့ ပြန့်ပြူးသည့် နေရာ ပင်မရှိတော့၊ တမျက်နှာလုံး ဇရာ၏အရေးအကြောင်းတို့ဖြင့် ပြည့်နှက်လို့ နေသည်။

အိမ်ထဲထိုင်နေလျက်က အိမ်ဝင်းထဲဝင်လာတဲ့ သူကို ဟဲ့ ဘယ်သူတုန်းဟဲ့ဟုဆိုကာ လက်ဝါးကာကာ ကြည့်လေ့ရှိသည်။ အမေတို့အပြင်သွားသည့်အခါမှာတော့ အဘွားသည် အိမ်စောင့်ကျန်ရစ်လေ့ ရှိသည်။ အိမ်၏အမှောင်ထဲကနေ ငုတ်တုတ် ထိုင်ကာ ဝင်းတံခါးဆီ မျှော်ကြည့်နေကာ အမေတို့ ပြန်လာချိန်ကို မျှော်နေတတ်သည်။

အဘွားက အချိုကြိုက်သည်။ နို့ဆီကို ရေနွေးဖြင့်ဖျော်ကာ သောက်လေ့ ရှိသည်။ မုန့်ဆိုလျှင်လည်း အချိုဓာတ်ပါသည့် မုန့်မှ စားလေ့ရှိသည်။ အချိုစားသော်လည်း အဘွားသည် ဆီးချို၊ သွေးချိုတို့ မရှိပေ။ ကျွန်တော်ရွာပြန်သည့်အခါတွင် အဘွား အတွက် အားဆေး၊ အဘွားကြိုက်သည့် မုန့် စသည်တို့ဖြင့် ကန်တော့သည်။ အဘွားသုံးချင်တာသုံးဖို့ ပိုက်ဆံပေးလျှင်တော့ ငါ့မှာ သုံးစရာမရှိပါဘူး၊ ရွာဦးကျောင်း ဆရာတော်ကို လှူဖို့အတွက်ပဲရှိတယ်ဟုဆိုကာ ယူလေ့ ရှိသည်။

အဖေ့ရဲ့အမေဖြစ်သော အဘွားသည်လည်း အသက် ၈၉ နှစ်အထိ အသက်ရှည်စွာ နေသွားရသည်။ သူကတော့ ဆုံးသွား သည်အထိ တယောက်တည်းပဲ အိမ်ကလေးတလုံးဖြင့် သီးသန့်နေသွားခဲ့သည်။ အဘွားသည် ကျွန်တော့်အဖေကို အတော်ချစ်ပုံရပါသည်။ အဖေက ကျွန်တော်ကိုးနှစ်သားလောက်မှာ ဆုံးသည်။ အဖေဆုံးတော့ အဘွားသည် သူ့သားမသေ သေးပါဘူးဆိုကာ အဖေ့အလောင်းဘေးမှာ အိပ်ကာ ငိုနေသည်။

အဘွားသည် အိမ်မှာတယောက်တည်းနေရင်း ဗိုင်းငင်နေလေ့ ရှိသည်။ ရွာထဲမှာ ရှိတဲ့ ယက်ကန်းစင်တချို့က အဘွားဆီကို ဝါဂွမ်းတွေပေးပြီး ဗိုင်းငင်ခိုင်းလေ့ရှိသည်။ အဘွားက သူဗိုင်းငင်လို့ရတဲ့ ပိုက်ဆံလေးတွေ စုစုထားလေ့ ရှိသည်။ ကျွန်တော် တို့က တပိုတွဲဘုရားပွဲရောက်ရင် အဘွားဆီက မုန့်ဖိုးတောင်းလေ့ ရှိသည်။ အဘွားက သူ့ချွေးခံအင်္ကျီအိတ်ထဲကနေ အကြွေ စေ့လေးတွေ ထုတ်ပေးလေ့ရှိသည်။

ကျွန်တော်ကလေးဘ၀က ရွာဦးကျောင်းမှာ ဘုန်းကြီးကျောင်းသား အဖြစ် နေရသည်။ မနက်ကိုးနာရီထိုးလျှင် ရွာထဲကို ဆွမ်းအိုးယူ သွားရသည်။ ညနေလေးနာရီထိုးလျှင် ရွာထဲကို ဆွမ်းအိုးတွေ ပြန်ပို့ရသည်။ ဆွမ်းအိုးပို့သည်အထဲမှာ အဘွားတို့အိမ်လည်း ပါသည်။ အဘွားအိမ်ရောက်တာနဲ့ မီးဖိုးချောင်ထဲဝင်ကာ မွှေနောက်ကာ စားစရာတွေ့လျှင် ယူစားလေ့ ရှိသည်။ အဘွားအိမ်လည်သွားလို့မရှိလျှင် ထန်းလျက်တို့ သိကြားတို့ ခိုးစားလေ့ ရှိသည်။ အဘွားက ကျွန်တော်စားမှန်း သိပေမဲ့လည်း ဘာမှပြောလေ့ မရှိပေ။

အဘွားသည် အလှူအတန်း ရက်ရောသည်။ အဘွားသည် သူ့ကိုယ်ပိုင် ပစ္စည်းဆို၍ ဘာမှမရှိရှာပေ၊ သူ့အိမ်မှာ ဗိုင်းငင်တဲ့ ယစ်ရယ်၊ သေတ္တာလေးတလုံးရယ် ဒါပဲ ရှိသည်။ အဘွားမှာ လယ်တွေ၊ ယာတွေလည်း မရှိပေ။ ကျွန်တော်မမွေးခင်က ရွာမှာ ဘုန်းကြီးကျောင်းပင် မရှိသေး၊ အဘွားက ရွာထိပ်က သူ့ယာနှစ်ကွက်ကို ဘုန်းကြီးကျောင်းဝင်းအဖြစ် လှူလိုက်သည်။ ထို့နောက်တွင်မှ ရွာမှာ ကျောင်းနဲ့ကန်နဲ့ ဖြစ်လာခြင်း ဖြစ်သည်။ အဘွားက အခု ရွာဦးကျောင်း မြေနေရာဟာ အဘွားလှူ ထားတာပေါ့ဟု ပြောလေ့ ရှိသည်။ ကျွန်တော်ငယ်စဉ် ဘုန်းကြီးကျောင်းသားဘ၀တုန်းက ရွာဦးကျောင်းသည် အသား ကျောင်း တဆောင်သာ ရှိသည်။ အခုတော့ ရွာဦးကျောင်းသည် ဘုရားစေတီ၊ ဓမ္မာရုံ၊ ဆွမ်းစားကျောင်းအုတ်တိုက် စသည်တို့ဖြင့် တိုးတက်၍ နေပေပြီ။ အဘွားဆုံးသည်မှာလည်း ဆယ်နှစ်ပင် ကျော်လေပြီ။

ကျွန်တော်သည် ဘ၀ကို ရိုးရှင်းစွာဖြတ်သန်းနေထိုင်သွားသော အဘွား၏ပုံရိပ်ကို စဉ်းစားနေမိသည်။ အဘွားသည် ရန်ကုန်မြို့ကြီးနဲ့ မန္တလေးမြို့ကိုလည်း ရောက်မသွားဘူးရှာခဲ့။ အဘွားသည် သူမွေးဖွားရာ ရွာလေးမှာပင် ဘဝကို ကုန်ဆုံး သွားခဲ့တာ ဖြစ်သည်။ မြို့ဆို၍ နယ်မြို့ဖြစ်တဲ့ ဘုတလင်မြို့ကလေးသို့ပင်မရောက်ဘူးပဲ နေရာဒေသ ကျဉ်းကျဉ်းကလေးမှာပင် အေးချမ်းစွာနေသွားခဲ့တာ ဖြစ်သည်။

အခု အမေ့အိမ်မှာနေသော အဘွားကတော့ စစ်ကိုင်း ၊ မန္တလေးကို ရောက်ဖူးသည်။ အဘွားရဲ့ မောင်တယောက်က စစ်ကိုင်းချောင်မှာကျောင်းထိုင်နေ၍ အဘွားက ရောက်ဖူးခြင်း ဖြစ်သည်။ ရန်ကုန်ကိုတော့ မရောက်ဖူးပေ။ ကျွန်တော်က ရန်ကုန်ကို ဘုရားဖူးခေါ်ပေမဲ့ ဘယ်ကိုမှ သွားချင်စိတ်မရှိ တော့ဘူး၊ အေးအေးဆေးဆေးပဲ နေချင်တော့တယ်ဟု ဆိုသည်။

အသက်အရွယ်ကြီးရင့်လာတာနဲ့အမျှ လိုချင်တပ်မက်မှုတွေ၊ ဂုဏ်တွေ၊ ပကာသနတွေ လိုချင်စိတ်နည်းပြီး မာန်မာန တွေဟာလည်း တဖြည်းဖြည်း လျှော့နည်းလာတာ ဖြစ်မှာပဲဟု ကျွန်တော်က တွေးနေမိသည်။ အပူအပင်ကင်းကင်းနဲ့ စိတ်၏အေးချမ်းမှုက အဘွား၏အသက်ရှည်စွာနေရခြင်း၏ အကြောင်းတခုဖြစ်မည်ဟု ကျွန်တော်က ထင်ပါသည်။ ဒီပုံအတိုင်းဆိုလျှင် အဘွားသည် အသက် ရာကျော်သည်အထိ နေသွား လိမ့်မည် ထင်ပါသည်။

တကယ်တော့ ကျွန်တော်သည် အဘွားပြောသောပုံပြင်တပုဒ်မျှ ကျွန်တော် နားမထောင်ခဲ့ဘူးပါ။ ကျွန်တော်တို့ကလည်း ပုံပြင်ပြောပြဖို့လည်း တခါမျှ မပူဆာခဲ့ဘူးသလို အဘွားကလည်း ကျွန်တော်တို့ကို ပုံပြင်ပြောပြရကောင်းမှန်းလည်း သိလိမ့်မည်မထင်ပါ။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျွန်တော်က အဘွားကို ချစ်သည်သာ ဖြစ်သည်။

အခု ကျွန်တော်နေသောအိမ်မှာလည်း ကျွန်တော့်ယောက္ခမနှစ်ယောက်ဖြစ်သော အဘိုးနဲ့အဘွား ရှိပါသည်။ အဘွားသည် အမြဲတမ်း ပက်လက်ကုလားထိုင်တလုံးနဲ့ ပုတီးစိပ်နေလေ့ ရှိသည်။ သူထိုင်သည့် ပက်လက်ကုလားထိုင်ဘေးတွင် ပုတီး တပတ်ရတိုင်း မှတ်မှတ်ထားသည့် ကျောက်စရစ်ခဲလေးတွေ ရှိပါသည်။ နေဝင်သွားတာနဲ့ အင်း နေ့တနေ့တော့ ကုန်သွား ပြန်ပြီဟု ပါးစပ်က ငြီးတွားလေ့ ရှိသည်။ ထမင်းစားခါနီးလျှင်တော့ အင်း ခန္ဓာက တောင်းဆိုနေတော့လည်း မသေသေးတော့ စားနေရဦးမှာပဲဟု ဆိုသေးသည်။ စားပြီးတာနဲ့ အင်း နင်တို့လည်း ခန္ဓာရှိတော့ ဆာမှာပဲ စားကြ ဟုဆိုကာ ကြောင်ကလေး တွေကို တခုတ်တရအစာကျွေးလေ့ ရှိသည်။ အဘိုးက မြေးနှစ်ယောက်ကိုလိုက်ထိန်းရင်းပူပန်သလောက် အဘွားကတော့ အေးအေးဆေးဆေး နေနိုင်သူ ဖြစ်သည်။

ငါက ဒီအသက်အရွယ်ရောက်မှတော့ ဘာဖြစ်ချင်စိတ်၊ ညာဖြစ်ချင်စိတ်ဆိုတာလည်း မရှိတော့ပါဘူးကွယ်။ ငါ ဝါသနာပါတဲ့ ပန်းပင်လေးတွေစိုက်မယ်၊ ရေလောင်းမယ်၊ အေးဆေးနေမယ်၊ ပုတီးစိပ်မယ်၊ တတ်နိုင်တာလှူမယ်၊ တန်းမယ်၊ ဒါပဲ ငါ့မှာ စိတ်ရှိတော့တယ်ဟု ကျွန်တော့်ကို ပြောလေ့ရှိသည်။

အဘွားက သူပြောသည့်အတိုင်းပင် မနက်မိုးလင် မျက်နှာသစ်ပြီးတာနဲ့ ဝင်းထရံဘေးမှာ သူစိုက်ထားသည့် ပန်းပင်လေးတွေ ကို ရေလောင်းလေ့ ရှိသည်။ သူ့ပန်းပင်လေးကို မြေဆွလိုက် ပြင်လိုက် ပြုလိုက် လုပ်လေ့ ရှိသည်။ သူ့ပန်းပင်လေးတွေ ပွင့်လာရင်တော့ ကျေနပ်ကြည်နူးနေလေ့ ရှိသည်။

အဘွားရဲ့အကြောင်းကို တွေးနေမိရင်းက ကဗျာတပုဒ်က ခေါင်းထဲ အလိုလိုရောက်လာပြန် သည်။ ကဗျာဆရာဆိုတာတွေ သည် ဘယ်အကြောင်းအရာမဆို ခံစားဖွဲ့ဆိုနိုင်သူတွေပါလားလို့ တဆက်တည်း တွေးလိုက်မိပြန်သည်။ ကဗျာက အဘွား တဲ့။

အဘွား

လက်ဖ၀ါးနဲ့ ကာကြည့်ရတယ်
နေရောင်ခြည်ကအစ
စကားပြောပြီလေ..။

ဒီနေ့
ငှက်ကလေးတွေကိုလည်း
အစာကျွေးခဲ့ပြီးပြီ
အမှိုက်တွေကိုလည်း
တတ်နိုင်သမျှ လှဲကျင်းပြီးပြီ
ဟောဟို ခြံစည်းရိုးမှာ ကျိုးပဲ့နေသမျှကိုလည်း
ရသမျှနဲ့ ဖာထေးပြီးပြီ..။

လူ့ဘ၀ရယ်လေ
အဲဒီထိုင်နေကျ ကွပ်ပျစ်အိုလေးလိုပဲ
ဟောင်းနွမ်းချိနဲ့ရ
ရေစီးကြောင်းလိုက်နေတဲ့ မျက်နှာသုပ်ပ၀ါလေး
ပခုံးပေါ် လွှားတင်လိုက်ပေါ့။

အားလုံးကို ငေးတတ်ခဲ့သူ
ဆည်းဆာချိန်ရောက်တဲ့အခါ
(ခြံတံခါးဝဆီ) တစ်ခုခုတော့
မျှော်ရည်ရစမြဲလေ..။

(အေးမင်းစော)

ကဗျာကိုဖတ်ပြီး ရွာက အဘွားဆီ ချက်ချင်းပြေးသွားချင်စိတ် ပေါက်သွားပါသည်။ ကျွန်တော် ရွာမပြန်ဖြစ်သည်မှာ ကြာတော့ အဘွားကိုမတွေ့ရသည်မှာလည်း ကြာပြီ။ အဘွားကျန်းမာသည်ဟု သိရတော့ ကျွန်တော့်မှာ ဝမ်းသာရသည်။ အဘွားသည် ဝင်းခြံတံခါးဝဆီ ငေးမျှော်ကြည့်ရင်း တစုံတခုကို စောင့်မျှော်နေမှာပဲဟု ကျွန်တော်က တွေးနေမိပါသည်။ ။

စိုးခိုင်ညိန်း

Comments