ကျော်ထင် ● သားကို ကျောင်းထားရတဲ့အခါ
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၈
(မိုးမခ) ဇူလိုင် ၁၆၊ ၂၀၁၈
(၁)
ဒီနေ့ သားကို ကျောင်းသွားအပ်ရမှာမို့ သူ့အမေက ထမင်းဟင်းတွေ စောစောထချက်နေတယ်။ နိုးတဝက်မှာ မီးဖိုထဲက အသံတွေ…အိုးသံ၊ ခွက်သံ၊ ဇွန်းသံ၊ ဆေးကြောသံတွေ …ဒီအသံတွေကို ကျနော် ကြားနေတယ်။ ယောက်ျားရေ .. တော် နိုးရင်လည်း ထ၊ သားကိုလည်း နှိုးလိုက်ဆိုတဲ့အသံလည်း ပေါ်လာတယ်။ ကျနော် မထမိဘူး။ သူ့မအေနေရာကို လှိမ့်ကျော်လာပြီး ကျနော့်ဘေးနားရောက်နေတဲ့ သားရဲ့နဖူးပြင်ကိုနမ်းပြီး ဖက်ထားလိုက်တယ်။ သားက ဒီနှစ်မှာ အလယ်တန်းကျောင်းသားဖြစ်ပြီ။ ငါးတန်းတက်ရမှာ။
ဒီလိုဆိုတော့ သူငယ်တန်းကနေ စတုတ္ထတန်းထိနေခဲ့တဲ့မူလတန်းကျောင်းကို စွန့်ခွာရတော့မယ်။ အထက်တန်းကျောင်းဆီ ပြောင်းရတော့မယ်။ ပုဂ္ဂလိကကျောင်းတွေရှိပေမယ့် အစိုးရကျောင်းပဲ ထားဦးမယ်။ ပညာရေးစနစ်ကိုက ဘယ်ရယ် ညာရယ်လို့ ဂဃနဏကွဲတာမဟုတ်ဘူး။ တိုင်းပြည်ရဲ့ပညာရေးကို ဘယ်လိုဖော်ဆောင်နေပါပြီလို့လည်း လူထုကို ဆေးဖော်ကြော ဖက်လုပ်ပြီး ပြောထားတာမဟုတ်ဘူး။ ပုဂ္ဂလိကကျောင်းတွေဆိုတာကိုလည်း ငွေယူတာကလွဲရင် ကိုယ်ပိုင်မူတွေကို ပြည့် ပြည့်ဝဝ လုပ်ခွင့် ပေးထားတာ မဟုတ်ပါဘူး။ အခြေအနေတွေက သူမသာ၊ ကိုယ်မကျောနဲ့ အစိုးရကျောင်းလက်ခွဲသာသာမို့ အစိုးရကျောင်းမှာပဲ မချစ်သော်လည်း အောင့်ကာနမ်းတော့မယ်။
(၂)
တကယ်တော့ သားကို ကျောင်းပို့တယ်ဆိုတာ စာသင်တယ်ဆိုတဲ့လုပ်ငန်းစဉ်တခုတည်းနဲ့ သားကို ပို့ချင်တာမဟုတ်ပါဘူး။
ဂုဏ်ထူးတွေ၊ ဆုထူးတွေဆိုတဲ့ ရလဒ်မျိုးကို မျှော်ကိုးပြီးလည်း ကျောင်းထားနေတာမဟုတ်ပါဘူး။ ကျောင်း ဘာလို့ထားရ သလဲဆိုတာကို ပွင့်ပွင့်လင်းလင်းပြောရရင် မိုးခါးရေမသောက်ရင် မဖြစ်တော့တဲ့ဘုရင်နဲ့ ပုရောဟိတ်တို့ရဲ့အဖြစ်မျိုးနဲ့ ကြုံတွေ့နေရလို့ ကျောင်းထားနေရတာပါပဲလို့ ပြောချင်တယ်။ တကယ်တော့ ကျောင်းဆိုရင် ပဋိသန္ဓေစိတ်ကိုအခြေပြုတဲ့ ကျောင်းမျိုး။ ဗီဇစိတ်ကို အလေးထားတဲ့ကျောင်းမျိုး။ ကလေးဘဝလေးတွေကိုမဖျက်ဆီးတဲ့ ကျောင်းမျိုးပဲထားချင်တာ။ အဲ့ဒီ့ကျောင်းမျိုးမှာ သားဟာ ကလေးသဘာဝ အားရပါးရ ဆော့ကစားချင်ရင် ဆော့ကစားမယ်။ မောတဲ့အခါ နားလိမ့်မယ်။ စာ ဝင်သင်ချင်တဲ့အခါ သင်လိမ့်မယ်။ အိပ်ချင်တဲ့အခါ အိပ်လိမ့်မယ်။ နိုးတော့ လူလည်းလန်း၊ စိတ်လည်းလန်းအောင် မြန်မာဆန်တဲ့ မုန့်ပဲသရေစာတွေ စားစေပေါ့။
နေ့လယ်နေ့ခင်းအပူပြင်းလို့ အပြင်မထွက်စေလိုတဲ့အခါ စာကြည့်တိုက်ထဲမှာ အင်မတန်စိတ်ရှည်သည်းခံတဲ့ အဖက်ဖက်ကပြည့်စုံတဲ့စာကြည့်တိုက်မှူးနဲ့၊ ဝေလငါးကြီးတွေအကြောင်းပါတဲ့ စာအုပ်အကြောင်းကို ပြောချင်လည်းပြော။ သားက ငှက်တွေကိုစိတ်ဝင်စားတော့ ငှက်တွေအကြောင်းရေးထားတဲ့ စာအုပ်အကြောင်း မေးချင်လည်းမေး။ လူထုဦးလှရဲ့ တိုင်းရင်း သားပုံပြင်တွေအကြောင်း ရောက်လိုရောက် ပြောစေချင်တယ်။ မင်းကြီးမဟာဗန္ဓုလရဲ့ ကြည့်မြင်တိုင်တိုက်ပွဲ၊ ဓနုဖြူတိုက်ပွဲတွေအကြောင်း ရုပ်ပြကာတွန်းတွေဖတ်ပြီး သိလိုရင်လည်းသိ၊ ဒဂုန်ဦးမြင့်ထွန်းရဲ့အခြေခံသီလတွေအကြောင်း ဖတ်ကြည့် ဖို့ ကြိုးစားချင်ရင်လည်း ကြိုးစားပေါ့။
သားက ဘောလုံးလည်း ဝါသနာပါသေးတယ်ဆိုတော့ ဘောလုံးကစားပုံ အကြောင်းနားလည်တဲ့ ဆရာသမားနဲ့ ဆွေးနွေးလို လည်းဆွေးနွေး၊ ဆရာနဲ့အတူ နည်းစနစ်တကျကန်ချင်ရင်လည်း ကန်လိမ့်မယ်။ ပန်းချီဆွဲချင်ရင်တော့ ပန်းချီဆေးတွေ၊ စက္ကူတွေ၊ စုတ်တံတွေ အလျှံအပယ်ရှိတဲ့အခန်းကြီးထဲ ဝင်ပါစေ။ လွတ်လပ်တဲ့ နေရာအခင်းအကျင်းတွေ၊ သဘာဝအလှကို ငေးစရာ နေရာတွေလည်း ရှိပါစေ။
သူတို့ လွတ်လွတ်လပ်လပ် ပြေးလွှားဆော့ကစားဖို့ သဘာဝအရိပ်အာဝါသတွေဝန်းပတ်နေတဲ့ မြက်ပေါက်ကွင်းပြင်ကျယ်ကြီးတွေလည်း ရှိရမယ်။ သူတို့ စကားတွေ ဝိုင်းဖွဲ့ပြောကြဖို့ စောင့်ကြည့်ထိန်းကွပ် ကင်းမဲ့ဇုံတွေ ဖန်တီးပေးထားရမယ်။ အစ်ကိုကြီးမျက်လုံးတွေ တပ်မထားရဘူး။ အဲ့ဒီနေရာမှာ ပုံပြင်တွေ တယောက်တပေါက် ပြောရင်လည်းပြော။ သူချစ်ရတဲ့သူတယောက်ယောက် အကြောင်းကိုရင်ဖွင့်ချင်လည်းဖွင့်။သူတို့ရင်ထဲမှာ လွင့်ခတ်လာတဲ့ခံစားချက်တွေကို လွတ်လွတ်လပ်လပ်ပျံသန်းပါစေပေါ့။သူတို့ရင်ထဲမှာ ဘာတွေဖြစ်နေသလဲ၊ ဘာတွေ ရှိနေသလဲ။သူတို့မြင်တာ၊ သူတို့ထင်တာ၊ သူတို့ ခံစားရတာတွေကို အနှောင်အဖွဲ့ မဲ့မဲ့နဲ့ ဖူးပွင့်နေစေချင်တယ်။သူတို့လေးတွေ လက်စွမ်းပြပြီး ရေးခြယ်ထားတဲ့ပုံလှလှလေးတွေ၊ စာနုနုလေးတွေကို ကလေးသဘာဝ အများမြင်စေချင်ကြမှာပဲ။ ဒါကို ဖော်ပြဖို့ လွတ်လပ်တဲ့နံရံကြီးတခုတော့ လိုမှာပဲ။ အဲ့ဒီ့နံရံဆို တာ သူတို့ကို တားဆီးထားတဲ့နံရံ၊ ပိတ်ပင်ထားတဲ့နံရံ မဖြစ်စေရဘူး။ အဲ့ဒီ့နံရံကြီးမှာ ဘာစည်းကမ်းမှ မပါဘဲ၊ ဘာဆောင်ပုဒ်မှမရ ဘဲ၊ ဘာအကန့်အသတ်မှမလုပ်ဘဲ ကလေးတွေအတွက် ထားပါလေ။
ပြီးမှ ကျောင်းစာလေး နည်းနည်းပါးပါး ဖတ်ချင်လည်းဖတ်လိမ့်မယ်။မှတ်ချင်လည်း မှတ်လိမ့်မယ်။ ကျက်စရာလိုတာလောက်တော့ ကျက်ချင်ကျက်ပါပေါ့။အသုံးမဝင်တာကော ၊ဝင်တာကောကို အချိန်တွေအကုန်ခံပြီး ကျက်မှတ်မနေစေချင်ဘူး။ အဲ့ဒီ လို ကျက်မှတ်ရတာကကော မှန်ရဲ့လား။
(၃)
ကျနော်တော့ ကျနော်သင်ခဲ့ရတဲ့စာတွေကို ဘာမှမမှတ်မိတော့ပါဘူး ။ကျက်တာတွေ မေ့တတ်လို့ လေ့ကျင့်ထားတာတွေ မှတ်မိသလားဆိုရင်လဲ နှစ်ပေါင်း များစွာရေးလာခဲ့တဲ့စာတွေအတွက် သတ်ပုံတွေက ခုထိ ခေါင်းခြောက်နေရတုန်း။ဒီ့အတွက် ထိုးကျွေးခဲ့ရတဲ့အချိန်တွေကို သိပ်နှမြောတာပဲ။ကျောင်းစာတွေအကုန်လုံးကို အလွတ်ရတော့ကော ဘာလုပ်မှာလဲ။အကုန်လုံးအလွတ်ရဖို့ကော လိုအပ်သလား။ ပြီးကျ မေ့သွားမယ့်ကိစ္စတွေကို အာဂုံဆောင်စေတဲ့ပညာရေးမှာ သားရဲ့ကလေးဘဝလေးကို ကျဆုံးမသွားစေချင်ဘူး။ဒါတွေကို အပင်ပန်းခံပြီး မကျက်မှတ်စေချင်ပါဘူး။လိုအပ်တာတွေကိုတော့ ကျက်မှတ်ရမှာပေါ့လေ။ ဥပမာ အလီတွေ ၊ယူနစ်တွေ၊ သီအိုရီတွေ ….။ ရှေးသုံးစကားလုံးတွေကိုတော့ ခက်ဆစ်ထုတ်ပြီး ဝေါဟာရလုပ်မနေကြနဲ့ပေါ့။ ဟိုစာအုပ်ထဲကစာဒီစာအုပ်ထဲ ပြောင်းပေးတာလောက်ကို ပညာရေးပါလို့ လုပ်မနေကြနဲ့ပေါ့။ကျနော်တို့ခေတ်ကလည်း ကျက်လာ၊ မှတ်လာ၊ ရေးလာတာတွေ ရှိတာပဲ။အဲ့ဒီ့ထဲက ဘာမှတ်မိတာ ရှိလဲ။ အားလုံးလိုလို မေ့ကုန်ကြ တာပဲ မဟုတ်လား။
တကယ်တော့ ဟိုစပ်စပ်၊ ဒီစပ်စပ် အကုန်ကျက်မှတ်ခိုင်းနေရတာထက်စာရင် ဘာကိုဝါသနာပါကြသလဲဆိုတာကို ရှာဖွေပေးကြရမှာပေါ့။အဲ့ဒါကသာ ကလေးတွေရဲ့ ပုဗ္ဗေ စ ကတ ပုညတာ အစစ်ဖြစ်မှာပါ။ကလေးဘဝဆိုတာ လူကြီးဘဝအတွက်အတိတ်မဟုတ်လား။ အတိတ်က စိုက်ခဲ့ပျိုးခဲ့တဲ့ မျိုးစေ့တခု ကောင်းမှ ပစ္စုပ္ပန်ဟာ သန်စွမ်းမှာပါ။ပစ္စုပ္ပန် သန်စွမ်းမှ အနာဂတ်မှာ အရိပ်ရမှာပါ။ ဒါကြောင့် ရှေးရှေးအတိတ်ကို ကောင်းမှုဖြစ်အောင် လုပ်နိုင်တဲ့ ပုဗ္ဗေ စ ကတ ပုညတာ မင်္ဂလာနဲ့ပြည့်စုံတဲ့ကျောင်းဆီ ထားချင်တယ်။ အလယ်တန်းတက်တဲ့သားအတွက် မူလတန်းဟာ အရေးကြီးတဲ့ ပုဗ္ဗေ စ ကတ ပုညတာ ဖြစ်သလို၊ အထက်တန်းတက်မယ့်သားအတွက် အလယ်တန်းဟာလည်း သိပ်ကို ရေးကြီးပါတဲ့ ပုဗ္ဗေ စ ကတ ပုညတာ ဖြစ်မယ့် လက်ရှိအခြေအနေပါပဲ။
(၄)
အဲ့ဒီလို ကျောင်းလေးမှာထားပြီးတော့သားရဲ့ဗီဇသတ္တိကို ရှာဖွေကြည့်မယ်ဆိုရင် ပဋိသန္ဓေစိတ်ကို မြင်နိုင်မှာပါပဲ။ သူ ဘယ်ဘက်မှာ ထူးချွန်မှာလဲ။ ဘယ်အကြောင်းခြင်းရာအပေါ်မှာ စိတ်ဝင်တစားရှိနေတာလဲ။ အထုံဝါသနာက ဘာလဲ။
တွေ့ပြီ မြင်ပြီဆိုတော့ အဲ့ဒီ့ပဋိသန္ဓေစိတ်လေးကိုပါ အပါခေါ်ပြီး သူ ဘဝင်ခိုက်ရာကို သင်ကြားနိုင်ဖို့ ကျောင်းလေးတကျောင်း ဆီ ထပ်ပြောင်းကြမှာပေါ့။ အဲ့ဒီ့ကျောင်းလေးက မင်္ဂလကျောင်းလေးလို့ ဆိုရမယ်။ ကျောင်းလေးမှာသင်တဲ့ဆရာတွေက တ ကယ့် ဂုရုတွေ။ သူတို့တတ်တဲ့ ပညာရပ်တွေအပ်ါမှာ ပြာလဲ့ကို ဇာချဲ့ပြနိုင်တဲ့သူတွေ။
ရှင်သန်နေတဲ့သူတွေကို သေဆုံးသွားတဲ့သူတွေရဲ့ပညာတွေပဲ ပို့ချပေးနေတဲ့ ထပ်ကျော့ဂုရုမျိုးတွေမဟုတ်ဘူး။ ရှင်သန်နေ သူတွေကို ရှင်သန်နေတဲ့ပညာလမ်းတွေ ဆင့်ထွင်ဖို့သာ ပြသကြသူတွေ။ သူတို့ကို ဆည်းကပ်သူတွေဟာ တကယ့်ကို ပဏ္ဍိ တာ နဉ္စ သေဝနာ မင်္ဂလာကို အသေအချာ ရမှာပါပဲ။
အဲ့ဒီ့ မင်္ဂလကျောင်းလေးမှာ ပူဇာ စ ပူဇဏေယျာနံဆိုတဲ့ မင်္ဂလာတပါးနဲ့လည်း ပြည့်စုံနေတယ်။ ဗာဟုသစ္စဉ္စ သိပ္ပဉ္စဘက်မှာလည်း ကမ္ဘာက ငေးယူရတယ်။ လောကက အောချရတယ်။ ဝိနယော စ သုသိက္ခိတောမှာလည်း အနှစ်၂၀၀၀ ကျော်ပြီ ဖောက်ဖျက်တယ်လို့ မရှိဘူးတဲ့။
အဲ့ဒီလိုကျောင်းတွေဆီလိုက်အပ်နေတာ၊ အပ်လို့မှမပြီးသေးဘူး မိန်းမက ယောက်ျားရေ မထသေးဘူးလား၊ ထထ၊ တော့် သားပါ နှိုးတော့။ ကျောင်းက လူ ၂၀၀ ပဲ လက်ခံမယ်ပြောတယ်။ အဲ့ဒါ လျှောက်လွှာရဖို့ တန်းစီရမှာ။ သားပါခေါ်သွားရမှာ ဆိုပြီး အခန်းထဲဝင်လာပြောမှ ကျနော့်ကျောင်းအပ်တဲ့ကိစ္စကို ရပ်လိုက်ရတယ်။ သားကြီးကိုပါ လှုပ်နှိုးလိုက်တယ်။
သားရေ ထထ။ ကျောင်းတကယ် အပ်ရတော့မှာ။
ကျော်ထင်
Comments