ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၈)

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် - အပိုင်း (၁၈)
(မိုးမခ) ဇူလိုင် ၂၅၊ ၂၀၁၈
 
နိုဘုလင်္ကနန်းတော်ပြင်ပတွင် တိဗက်ပြည်သူများ စုဝေးရောက်ရှိနေကြပြီဖြစ်သည်။ တိဗက်ပြည်သူတို့၏ သံသယကို အချိန်မီမဖယ်ရှားပေးနိုင်ဘူးဆိုလျှင် နှစ်ဘက် ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းကြတော့မည့် အနေအထားဖြစ်သည်။ လက်ရှိနဲ့ လက်မဲ့ ထိပ်တိုက်ရင်ဆိုင်ခဲ့လျှင် တိဗက်ပြည်သူတွေဘက်က အရှုံးထွက်မှာ သေချာပါသည်။ လားမားကိုယ်တော်လေးက သူ့ပြည်သူတွေ သွေးထွက်သံယိုမှုများဖြင့် မရှုမလှ ရှုံးနိမ့်ရတော့မည့်အရေးကို မမြင်တွေ့လို။ ထို့ကြောင့် ပြေရာပြေကြောင်း ညှိနှိုင်းကြဖို့ ပီကင်းအရာရှိများထံ စာပို့ပါသည်။ ပီကင်းအရာရှိများနှင့် ပနံရနေသည့် ငဘိုထံ သို့လည်း စာပို့သည်။ မည်သူမျှ အရေးတယူ အကြောင်းပြန်ကြားခြင်း မရှိခဲ့။ နောက် တနေ့ နနံက်ခင်းမှာတော့ ရာပေါင်းများစွာသော တရုတ်စစ်ကားများ၊ ထရပ်ကား များက မြို့တော်လာဆာသို့ အရှေ့ဘက်နှင့် မြောက်ဘက်အရပ်ကနေ ချီတက်လာကြပြီဖြစ်သည်။

နိုဘုလင်္ကနန်းတော်ရှေ့မှာ အမြောက်ဆံနှစ်ခုကျပြီး ပေါက်ကွဲခဲ့သည်။ အဖြေက ရှင်းသွားပြီ။ မနေ့ညတုန်းကတော့ နာမည်ကြီးတိဗက်နတ်ဆရာတဦးက ညတွင်းချင်း တိဗက်ပြည်ကနေ ထွက်ပြေးဖို့ နိမိတ်ဖတ်သည်။ ဘုန်းကြီးလေး ဒလိုင်းလားမားကို တိဗက်ပြည်ကနေ အမြန်ဆုံးခေါ်ထုတ်သွားဖို့ တိဗက်ခေါင်းဆောင်များ ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်ပါသည်။ မသေချာတော့တဲ့တိဗက်အရေးမှာ သေချာတဲ့ လားမား ကိုယ်တော်လေးကို ထပ်ပြီးအဆုံးအရှုံးမခံနိုင်တော့။ နန်းတော်ပြင်ဘက်တွင် စောင့်ဆိုင်း နေကြသည့် တိဗက်ပြည်သူတွေကို အသိမပေးတော့ဘဲ တိဗက်ပြည်ကနေ တိတ် တဆိတ်ထွက်ခွါသွားဖို့ အဆင်သင့်ပြင်ဆင်ထားပြီးဖြစ်သည်။ ဒလိုင်းလားမား ကိုယ်တော်လေး တိဗက်ပြည်ကနေ အဆင်ပြေချောမွေ့စွာ ထွက်ခွါနိုင်ဖို့ ကြီးကြပ် စီစဉ်သူမှာ Phuntsok Tashi Takla ဖြစ်သည်။

“အဲဒီညက တော်တော်စိတ်လှုပ်ရှားဖို့ ကောင်းတာဗျ။ နန်းတော်ထဲမှာ ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အနေအထားမျိုး မရောက်အောင်၊ ပုံမှန်ပကတိအခြေအနေအတိုင်း ရှိ နေတယ်လို့ လူတွေထင်အောင် လှုပ်ရှားရတာ လွယ်တော့မလွယ်ဘူး။ ကျုချီမြစ် အရောက်သွားဖို့ လူလွှတ်ပြီးအခြေအနေကို စုံစမ်းခိုင်းရတယ်။ မြစ်ထဲမှာ လှေကိုအရံ သင့်ပြင်ခိုင်းထားပြီး တိဗက်ပြောက်ကျားတပ်ကိုလည်း ကျနော်တို့နဲ့အတူ ခရီးစဉ် တလျှောက်လုံး လိုက်ပါစောင့်ရှောက်ဖို့ စီစဉ်ရသေးတယ်။ ရုတ်တရက် စီစဉ်ရတာ ဆိုတော့လည်း အစီအစဉ်တကျ မဖြစ်ဘဲ လွဲချော်မှုလေးတွေတော့ ရှိတာပေါ့။ ဒီခရီးဟာ စွန့်စားပြီးလုပ်ရတဲ့ ခရီးဖြစ်လို့ အန္တရာယ်များတယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ဒီမှာဆက်နေရင်လည်း အန္တရာယ်တွေက ရောက်လာတော့မှာဆိုတော့ အခုလိုစွန့်စားဖို့ ဆုံးဖြတ်လိုက်တာပါ”ဟု စီစဉ်သူတာချီ တက်ကလာက ရှင်းပြပါသည်။

နန်းတော်ကနေ နံနက် ၂-နာရီအချိန်မှာ စတင်ထွက်ခွါကြမည်ဖြစ်သည်။ ဦးစွာ ဘုန်း တော်ကြီးရဲ့ မိသားစုဝင်များ၊ အနီးနေတပည့်ကြီးများအတူလိုက်ပါကြမည်။ ဘုန်း တော်ကြီးဒလိုင်းလားမားတွင် အစ်မနှစ်ယောက်၊ အစ်ကိုသုံးယောက်နှင့် ညီတစ် ယောက်ရှိသော်လည်း အစ်မတယောက်နှင့် ညီတယောက်သာ သက်ရှိထင်ရှား ကျန်နေ ရစ်သည်။ သူ၏တိဗက်ပြည်စွန့်ခရီးနှင့်ပတ်သက်၍ “တကယ့်ကို ၀မ်းနည်းစရာကြီးပါ။ ကိုယ့်တိုင်းပြည်ကို ဘယ်ခွဲချင်မှာလဲ။ ရေရှည်အတွက်ကြည့်ပြီး ဒီလမ်းကိုရွေးခဲ့တာ။ အဲဒီညက ကျနော်တို့ နန်းတော်ရဲ့ အနောက်ဘက်ပေါက်ကနေ ထွက်လာခဲ့တယ်။ တညလုံး နှင်းတွေကျနေတာမို့ ဘာကိုမှ သဲသဲကွဲကွဲ မမြင်ရဘူး။ လရောင်ကတော့ ခပ်မှိန်မှိန်လေးလင်းနေတယ်။ လေးနုအေးတွေ အရမ်းတိုက်နေတော့ အေးလိုက်တာ မပြောပါနဲ့တော့။ အဲဒီညက ဘုန်းတော်ကြီးရဲ့ အမေရယ်၊ အစ်မတယောက်ရယ်။ ဆယ့်သုံးနှစ်အရွယ် ညီလေးတယောက်ရယ် ပါတယ်။ မိခင်ကြီးက လေးဘက်နာရှိတော့ လမ်းမလျှောက်နိုင်လို့ လူနှစ်ယောက်က တဖက်တချက်စီ တွဲခေါ်ရတယ်။ ဒါပေမယ့် ကျနော်တို့ ကျိချူမြစ်ကမ်းအထိ လမ်းလျှောက်ခဲ့ကြတယ်။ မြစ်ကမ်းမှာ အရံသင့် စောင့်နေတဲ့ လှေနဲ့ဖြတ်ကူးကြတယ်။ ဟိုဘက်ကမ်းရောက်တော့ နန်းတော်ကြီးကို ကျနော့်မျက်စိနဲ့ မြင်နေရတဲ့အထိ ကျနော်တို့ လမ်းဆက်လျှောက်ကြတယ်။ မြင်ကွင်းထဲ ကနေ နန်းတော်ကို မမြင်ရတော့မှ မြင်းစီးပြီး ခရီးဆက်ခဲ့ကြတာ။ တနေ့ကျရင် ဒီနန်းတော်ရှိရာကို ပြန်လာခဲ့မယ်လို့ စိတ်ကူးမိတာပေါ့။ ၀မ်းနည်းလို့ မျက်ရည်တောင် ကျတယ်”ဟု တာချီတက်ကလာက ဆိုပါသည်။

လားမားကိုယ်တော်လေးကတော့ ဘာစကားမှ မပြောနိုင်ရှာခဲ့။ သူဝတ်ပြုရှိခိုးနေကျ ဘုရားခန်းထဲမှာ ဘုရားဝတ်ပြုပြီး ပြန်ထွက်လာခဲ့တယ်။ စာအုပ်နဲ့ သင်္ကန်းအနည်းငယ် ထည့်ခိုင်းတယ်။ ၀တ်နေကျ သင်္ကန်းကို ချွတ်လိုက်ပြီး စစ်ဝတ်စုံတစုံကိုကောက်ဝတ် လိုက်တယ်။ ပြီးတော့ သားမွေးဦးထုပ်ရှည်ကြီးကိုဆောင်းပြီး တကယ့်စစ်သား တယောက်ပုံစံမျိုးနဲ့ နန်းတော်ထဲကနေ ထွက်လာခဲ့တယ်။ အပြင်လောကတခုလုံး မှောင်နဲ့မည်းမည်းပါပဲ။ တိမ်ဖုံးနေတော့ လရောင်ကလည်း မလင်းနိုင်တော့။ ၁၉၅၉-ခုနှစ် မတ်လ ၂၀-ရက် နံနက် ၂-ချက်တီးအချိန်တွင် သူနေထိုင်ရာနန်းတော်ကနေ တိတ်တဆိတ် ထွက်ခွါခဲ့လေသည်။ စမ်ပိုမြစ်ခေါ် ဗြဟ္မပုတ္တမြစ်ကို ဖြတ်ကူးပြီးနောက် တောအထပ်ထပ် တောင်အသွယ်သွယ်နှင့် ရေခဲပြင်ကြီးများကို ဖြတ်ကျော်ရမည့် ခရီးဖြစ်သည်။

ကျန်ခဲ့ရမည့် လာဆာမှာတော့ နာကျင်မှုတွေ တပွေ့တပိုက်နှင့်။ မတ်လ ၂၂-ရက်နေ့တွင် လာဆာမြို့ပေါ်ရှိ ထင်ရှားသော ကျောင်းတိုက်ကြီးများကို ဗုံးခွဲဖျက်စီး ပစ်လိုက်ပြီးနောက် မတ်လ ၂၈-ရက်နေ့မှာ တိဗက်အစိုးရကို ဖျက်သိမ်း လိုက်ပြီဖြစ် ကြောင်း ပီကင်းလေဒီယိုကနေ ကြေညာခဲ့သည်။ တိဗက်အစိုးရကို ဖျက်သိမ်းချိန်တွင် ဒလိုင်းလားမားတို့အဖွဲ့ တိဗက်ပိုင်နက်ထဲမှာပင် ရှိနေကြသေးသည်။ ပီကင်းက လာဆာဒေသကို လုံးဝထိန်းချုပ်လိုက်ပြီဖြစ်ကြောင်း သတင်းတွေကိုတော့ ဘုန်းကြီး လေးက ကြားသိပြီးဖြစ်သည်။

မော်စီတုန်းတပည့်များက လာဆာမြို့ကို ဖုံးခွဲတိုက်ခိုက်ပြီးနောက် ဒလိုင်းလားမား ဘုန်းကြီးလေးကို အသဲအသန်ရှာဖွေနေကြသည်။ သို့သော် ဘယ်မှာမှ ရှာမတွေ့ သောအခါ လားမားဘုန်းကြီးလေး ထွက်ပြေးလွတ်မြောက်သွားပြီဖြစ်ကြောင်း နားလည် သဘောပေါက်သွားသည်။

အိန္ဒိယနိုင်ငံကိုရောက်ဖို့ တောအထပ်ထပ် တောင်အသွယ်သွယ်ကို ဖြတ်ကျော်ခဲ့ရ သည်။ ဆီးနှင်းများဖုံးလွှမ်းနေသည့် ရေခဲပြင်များကို လားများ၊ မြင်းများ၊ တိဗက် နွားနောက်များကို တလှည့်စီအသုံးပြုရင်း ပင်ပန်းခက်ခဲစွာ ဖြတ်ကျော်ပြီးနောက် ၁၉၅၉-ခုနှစ် မတ်လ ၃၁-ရက်နေ့တွင် တစ်ဆယ့်လေးယောက်မြောက် ဒလိုင်းလားမားဘုန်း တော်ကြီး Tenzin Gyatso ခေါ် ဘုန်းတော်ကြီးဒလိုင်းလားမားသည် အန္ဒိယနိုင်ငံသို့ ရောက်ရှိခဲ့ပါသည်။ သူချစ်သော တိဗက်ပြည်ကြီးနှင့် သူ့ကိုချစ်သော တိဗက်ပြည်သူ တွေက ဟိုအဝေးမှာ ကျန်ရစ်ခဲ့လေပြီ။

တချိန်တုန်းက ကြွေးကြော်ခဲ့ကြသည့်---
“တိဗက်တိုင်းပြည်သည် တိဗက်ပြည်သူတွေအတွက်”။ “တရုတ်ပြည်သားများ တရုတ် ပြည်ပြန်သွား”ဟူသော စာရွက်ကလေးတွေက အခုတော့ တိဗက်ပြည်ရဲ့ ကောင်းကင် ယံမှာ တဖျပ်ဖျပ် လွင့်ပျံဝဲလို့။ တိဗက်ပြည်သူတွေရဲ့ အနာဂတ်ကတဲ့ကော..။

ဆက်လက်ဖော်ပြပါဦးမည်
ကိုသစ် (သီတဂူ)
၇၊၂၄၊၂၀၁၈
0