ပန်းရဲ့လမ်း
နိုလှိုင်း
(မိုးမခ) ဇူလိုင် ၁၁ ရက်၊ ၂၀၁၈
ဒီနေ့ဟာ
ဒီညနေဟာ
ဒီအခိုက်အတန့်ဟာ
လေထုထဲ စိုထိုင်းဆသာ တစစမြင့်လာမယ်
မျှော်လင့်ချက်ဟာ တဖြေးဖြေး တုန်ရီဖျော့တော့နေမယ်
ရှေးဦးစွာ ဦးညွတ်လိုက်ပါရဲ့
ဒီခဏတာ
ဒီလေးနာရီဆယ်မိနစ်ဟာ
မိုးရေနဲ့ လှမ်းလှမ်းချိတ်နေရတဲ့ အားလျော့ခြင်းတွေပါပဲ
တငွေ့ငွေ့ကျွမ်းလောင်နေတယ်
တမြေ့မြေ့ အေးစက်နေလေရဲ့
မိုးဟာ တစက်စက်တိတ်ဆိတ်စွာ
စွတ်စို ကြေကွဲဖွယ်ရွာနေလေရဲ့။
အဲဒီအချိန် အဲဒီနေ့က
ဘာကြောင့်များ အဲဒီလောက်တောင်မိုးတွေစွေ ရတာလဲ မေးလို့
ဘာကြောင့်များ ဆွေးရိပ်ဟာ တစိမ့်စိမ့် ဆွေးလို့
ဘာကြောင့်များ မိုးရွာနေလျက် လမ်းမဟာသွေ့ခြောက်နေရတာလဲ
ဘာကြောင့်များ မိုးစက်တွေဟာ အလွမ်းသံပါနေရတာလဲ
ဘယ်ကီးနဲ့ပဲ ရွာရွာ
ဒီမှာ ကံမကုန်သေးလို့ပါ ကျုံးအော်နေရ
ဒီမှာ ပြန်ဆုံကြမယ်ဆိုတာပြောရုံရှိ သေး
မိုးသားတွေပဲ ညို့ညို့တက်လာတယ်
တိတ်ပါ ဒီမိုးရဲ့
တော်ပါတော့ ရွာနေတယ်မိုးရဲ့
အသက်တမျှမိုးရဲ့တဖက်
အေးစက်တဲ့အထိအတွေ့တွေရဲ့အသက်
ပြတင်းတံခါးအပြင်မှာ တပေါက်ပေါက်ကျလို့
တစ်နေကုန် အားလျော့လာတဲ့ အားလုံးမျက်ဝန်းမှာသွေးစို့ လို့
နဒီမင်္ဂလာ တရားကိုနာကြရတယ်
လွမ်းဆွတ်ကြေကွဲနေတဲ့ ခရမ်းပြာပန်းပွင့်တွေ။ ။
နိုလှိုင်း
၂၀၁၈ ဇူလိုင် ၁၀
( ဦးရဲလွင်(မဇ္ဈိမလှိုင်း) ပန်းခရမ်းပြာ သို့... )
Comments