အမ္ဗနဒီကျော်စွာ ● ရိုးမမြို့ကလေး

အမ္ဗနဒီကျော်စွာ ● ရိုးမမြို့ကလေး
(မိုးမခ) ဇူလိုင် ၁၈၊ ၂၀၁၈

ရခိုင်ပြည်နယ်ရဲ့ နယ်မြေဧရိယာပိုင်နက် အကျယ်ဆုံးတောင်ပေါ်မကျမြေပြန့်မကျ မြို့ကလေးကို လွမ်းသည်။ တောင်ပေါ်ရှုခင်းကြည့်စခန်းမှကြည့်လျှင် တောင်ခိုးဝေဝေတို့ကြား မြူငွေ့များရစ်သိုင်းလို့ ချောင်းကလေးက မြို့ကိုပတ် တောင်တန်း တောင်ကုန်းလေးတွေက မြို့ကိုထွေးပွေ့ထားပြီး တောငွေ့ တောင်ရိပ် သစ်ရိပ် ဝါးရိပ် သဘာဝ အထပ်ထပ် အလိပ်လိပ်နဲ့ မျက်လုံးမှိတ်ဖို့ မေ့သွားလောက်စရာ မြင်ကွင်းမျိုးမှာ သာယာနစ်မွန်းမိမှာ အမှန်ပင်ဖြစ်သည်။

သဘာဝကြီးကပေးထားသော လက်ရာမပျက်သေးသည့် တောတန်းများ တောင်ကုန်းတောင်တန်းများ ချိုင့်ဝှမ်း ဂမူများ လျှို မြှောင်များ ကျောင်တောင် ကျောက်သား အကျိုအကြားတို့က တစက်ချင်းညှစ်ချပေးပြီး အေးမြခြင်း အနန္ဒတို့ဖြင့် စီးဆင်း ကျလာသည့် စိမ့်ရေ စမ်းရေကြည်များ ပြေးလွှားဆော့ကစားနေသော စမ်းချောင်းလေးများကို အခြားကမ္ဘာတခုရောက် သွားသည့် လူသားတဦးလို ခံစားရစေမှာ အသေအချာပင်ဖြစ်သည်။

နက်သွားလိုက် တိမ်သွားလိုက်နှင့် ကြည်လင်နေသောရေမြသားတို့ လူးလွန့်လှုပ်ရှားဆေားကစားနေပြီး အောက်ခြေကြမ်းပြင် သားက ကျောက်ပြား ကျောက်လုံးကလေးများဖြင့်ချယ်သထားသော အမ်းချောင်းရေစီးမှာ ပျော်ပျော်ကြီး ရေကူးရင်း ကိုယ် ဖော့ရင်း ဘောကွင်းပေါ်တွင် ပက်လက်လှန်အိပ်ကာ ကမ္ဘာပေါ်တွင် အသာယာဆုံး ကောင်ကင်ပြင်ကြီးကို သူငယ်ချင်းများနှင့် ငေးကြည့်ရသော အချိန်များကိုလွမ်းသည်။

ဟိုဖက်ကမ်း သည်ဖက်ကမ်းကို လက်ပစ်ကူးကြမည် ကျောက်တောင်ပေါ်တက်ကာ ကြည်စိမ်းလဲ့မြနေသော ရေနက်ပိုင်းထဲ သို့ ယောက်ျားလေး သူငယ်ချင်းများသာမက မိန်းကလေးသူငယ်ချင်းများပါ စုပေါင်းပြီး တယောက် တလှည့် ဒိုင်ဗင်ထိုး ခုန် ဆင်းကြမည်။ တယောက်နှင့်တယောက် တွန်းထိုးကြမည် တွန်းချကြမည်။ ရေမကူးတတ်သူ ရေမငုပ်တတ်သူမရှိအောင် ချောင်းကလေးက သင်ကြားပေးခဲ့သည်။ ချောင်းကလေး၏ ကမ်းခြေ တဖက် တချက်၌ ကျောက်ခဲပြင်ကြီးရှိသည်။ ကျောက်ခဲ ပြင်ကြီး အလွန်တွင် ဂျင်းရဲပင်များ မိုးမခပင်များ မအူပင်များ လှပစွာ ပွင့်ဖူးဝေဆာ လှပနေပါလိမ့်မည်။ ကျောက်ခဲပြင်နှင့် သဲပြင်များအကြားတွင် ကျူပင်များ တိုးမပေါက်အောင် စိမ်းစိုပိန်းပိတ်ကာ နယ်ခြားစည်းမျဉ်းတခုပမာ ခြားနားနေပါလိမ့်ဦးမည်။ ထိုမှကျော်ကြည်လိုက်လျှင် ဗာဂျီးနီးယားထက် မညံ့သော ဆေးရွက်ကြီးများစိုက်ထားသည့် ကိုင်းမြေ ကိုင်းတောများကို ကြည့်မဆုံး ရှုမဆုံး စိမ်းလန်းသပ်ရပ်မှုကို လတ်ဆတ် မွှေးမြစွာ တဝကြီး ရှုရှိုက်ခံစားရမှာ အသေအချာပင်ဖြစ်သည်။

ပိုင်ရှင်များရှိသောလည်း မည်သူမှ တားမြစ်ခြင်းမရှိဘဲ ရာသီချိန်အတိုင်း သီးပွင့်သော စိုက်ခင်းသီးနှံများ နှစ်ရှည် သီးနှံပင်များ ကို တနပ်စာ တရက်စာ ခူးဆွတ်စားသုံးနိုင်ခြင်းရှိသော မြို့ကလေးကိုလွမ်းသည်။ ပေတရာ ပတ်လည်မှ မွှေးပျံသင်းမြနေတတ် သော သုံးနှစ်သရက်သီးများကိုလွမ်းသည်။အညှာစိမ်းစိမ်းကလေးနှင့် ချိဲအီမွှေးမြနေသော လက်ဆောင်တော် ညှာစိမ်း ငှက် ပျောသီးများကို လွမ်းသည်။ စကားအလွန်များသော ငှက်မျိုးစုံတို့ ဝတ်ရည်စုပ်ကာ မူးရည်နေသော လက်ပံပင်ကြီးများပေါ်မှ လွှားခနဲ ခုန်ဆင်းချလာတတ်သော လေထီးစီး လက်ပံပွင့်များကို တိုးဝှေ့ လုကောက် တယောက်နဲ့တယောက် စနောက်ကြ ရတာကိုလွမ်းသည်။

ဆီးသီးပင်များပေါ်ကိုတက်ပြီး မျောက်ကလေးကို ကိုင်းကိုခုန်ကာ လှုပ်ချပေးပြီး အပင်အောက်မှာ သူငယ်ချင်းတွေလုကောက်ကြတာကိုလွမ်းသည်။မရမ်းသီးပင်များပေါ်ကိုတက်ပြီး ဝါးဆစ်ပိုင်းထဲမှာ ငါးပိဖုတ် ဟင်းချိုမှုန့် ဆားတွေ ထည့်သွားပြီး အပင်ပေါ်မှာ တခါတည်းခူး တခါတည်း ထောင်းစားကြတာကိုလွမ်းသည်။သရက်သီးပင် အောက်က ကျောက်ခဲပုံပေါ်မှာထိုင်ပြီး သရက်သီးအညှာကို ထိသူဗိုလ်လုပ်တမ်း အပြိုင်အဆိုင် လောက်လေးဖြင့် ပစ်ခတ်ခဲ့ကြသော သူငယ်ချင်းများကိုလွမ်းသည်။ တောင်ကုန်းများပေါ်တွင်ရှိသော ဘုရားများ စေတီများ ပုထိုးတော်များကို သူငယ်ချင်းများ ဆရာ/မများစုစည်းကာ လေ့လာရေးခရီး ဘုရားဖူးခရီး ဒေသန္တရ ဗဟုသုတ ရှားမှီးခဲ့ကြတာကို လွမ်းရသည်။စာမေးပွဲဖြေဆိုပြီးချိန်များ ကိုယ်တို့မြို့နယ်အားကစားအသင်းတွေက ပထမ ဒုတိယ တတိယ ရချိန်များ မြို့ကလေး၏ ရင်သွေးရတနာများက မြို့ကလေးကို ဂုဏ် ယူစရာ တခုခုကို ယူဆောင်လာတိုင်း ချောင်းကလေးရဲ့ ကျောက်ခဲပြင် ကမ်းပေါ်မှာ ငှက်ပျောဖက်တွေခင်းပြီး လက်ရည် တပြင်တည်း တရင်းတနှီး ပျော်ပွဲစားခဲ့ကြပုံများကို လွမ်းသည်။

သီတင်းကျွတ်လပြည့် တန်ဆောင်မုန်းလပြည့်နေ့များတွင် မိမိအိမ်က လူကြီးများကို အသိပေးပြီး မိမိခြံထဲရှိ ငှက်ပျောသီး မာလကာသီး သင်္ဘောသီး ကြံနီပင်များ ကြက်များ ဘဲများကို အပေါင်းအဖော်များနှင့် အပျော်အပါး ပျော်ပွဲစားထွက်ရန် ကိုယ့်အိမ်က ဆန် ဆီ ဆား ငပိ ငရုပ်သီး စသည်တို့ကို တိတ်တိတ်ကလေး ယူဆောင်ရန် ကိုယ်တိုင်လက်ထောက်ချပြီး မီးပုံ များဖြင့် ဝိုင်းဖွဲ့ကာ ချက်စားကြ ဂစ်တာတီးကာ သီချင်းဆိုကြ ဗျောက်အိုးများ ဖောက်ကြ မီးပုံပျံများလွှတ်တင်ကြ လမ်းတိုင်း တွင် ဝါးတိုင်းများစိုက်ကာ ရေနံဆီမီးတိုင်များ ထွန်းကြ ငှက်ပျောပင် များခုတ်ကာ ဆီမီးခွက်များလုပ်ပြီး ညနေပိုင်းမှ လထွက် ချိန်ထိ တောင်ပေါ်မှ စေတီများ ဘုရားမျာကို မီးပူဇော်ကြဖြင့် လွတ်လပ်ပျော်ရွှင်ဖွယ်ရာ လူငယ်ဘဝများကိုလည်း လွမ်းရ သည်။

မည်သည့်အချိန် မည်သည့်ကာလ မည်သည့်ရာသီမဆို ခြံတံခါး အိမ်တံခါးကို ပိတ်စရာ သော့ ခတ်စရာ မလိုဘဲ တံခါးမရှိ သော့မရှိ စိတ်ချလက်ချ နေထိုင်နိုင်သော မြို့ကလေးကိုလွမ်းသည်။ ဒညင်းသီး ပိန္နဲသီး ဆီးသီး သရက်သီး သင်္ဘောသီး ငှက်ပျောသီး မာလကာသီး စသည်ဖြင့် အသီးအနှံပေါင်းစုံဖြင့် ပြည့်စုံလှပကာ အုပ်ဆိုင်းနေသော ကျောင်း ဥယဉ်ကလေးကို ပိုင်ဆိုင်ထားသော အမ်းမြို့နယ် အ.ထ.က (၁) ကျောင်းကလေးကိုလွမ်းသည်။ ကိုယ်တိုင်လုပ် ခြင်းလုံးကွင်း ဘောလုံးကွင်း ဘော်လီဘောကွင်း ဘတ်စကစ်ဘောကွင်း ထုပ်ဆီးထိုးကွင်း များရှိသော ထိုကျောင်းကလေးကို လွမ်းသည်။ ရေကူးကန် မရှိပေမယ့် ကျောင်းကလေးကို (ဂ) ကွေ့ ကွေ့ဝိုက်ပြီး ရင်ခွင်ထဲပိုက်ထားသလို ရေကြည်ကြည် ချောင်းကလေးရှိသော မြို့ကလေးကိုလွမ်းသည်။ဘဝတိုက်ပွဲထဲ မကျဆုံးမှီ ကာလအတွင်းမှာတော့ မြို့ကလေးရဲ့ သဘာဝ သစ်ရိပ် ဝါးရိပ် စိမ့်စမ်း ချောင်းကလေးများနဲ့ ရင်ခွင်လေးထဲမှာ တကြိမ် တခါ အပြန် အလှန် ပြန်လည် ထွေးပွေ့ခွင့်ရဖို့ အရောက်သွားချင်ပါသေးသည်။

အမ္ဗနဒီကျော်စွာ

Comments