ဆောင်းယွန်းလ ● တနေ့တော့ဖြစ်လာမှာပါ

ဆောင်းယွန်းလ ● တနေ့တော့ဖြစ်လာမှာပါ
(မိုးမခ) ဇူလိုင် ၃၊ ၂၀၁၈

ကျွံနေတယ်လို့ပြောရအောင်
လှည်းဘီးက ကျိုးနေခဲ့ပြီးသား
ကူတွန်းလည်း အပိုပေါ့
တွန်းကူစရာလည်း မလိုတော့

အပိုအလိုမရှိ
ခေတ်က စစ်နဲ့ စနစ်ထဲငြိနေပြီးသား
ကားကိုတော့ ချောက်ကမ်းပါးထဲ မောင်းချလိုက်ရုံသာ

လက်တလုံးအလိုနားက
ကယ်တင်ရှင်ကြီးတွေရဲ့စကားလုံးများ
သကြားဖုံးထားလည်း အခါးဆုံး ခါးနေခဲ့တယ်

ကိုယ်တိုင်ထနိုင်ဖို့  မိမိကိုယ်ကိုထူရင်း
ဇွန်ပန်းခင်းကို
မူလတန်းဖတ်စာအုပ်ထဲပြန်သွင်းလိုက်ပါတယ်

လဲကျခြင်းမှာ
ကွဲရှစရာ အနာတွေလည်းမရှိတော့တာကြာပြီ
မွဲပြာခြင်းမှာ
လွှဲချစရာ ကြမ္မာဆူးခင်းလည်း ထင်းဖြစ်ခဲ့တာကြာပါပြီ

ဒီတောင်ကို မောင်မကျော်နိုင်မှတော့
တောင်စွယ်ကို နေမကွယ်ခင် သတ်မှဖြစ်မယ်

မြင်နိုင်စရာ မီးပြတိုက်ဟာ
ရေထဲကိုလျှိုးခဲ့လို့ မိုးပေါ်မပျံနိုင်ခဲ့တာပဲဖြစ်မှာပါ
ဖြစ်မှာပါ ဖြစ်မှာပါ
တနေ့တော့ဖြစ်လာမှာပါ တနေ့နေ့ပေါ့။

ဆောင်းယွန်းလ
0