မောင်စွမ်းရည် - ကမ္ဘာကျော် ထိုင်းသင်ခန်းစာ



မောင်စွမ်းရည် - ကမ္ဘာကျော် ထိုင်းသင်ခန်းစာ
(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၈

မြန်မာနိုင်ငံရဲ့ နယ်စပ်နဲ့မနီးမဝေး တောင်ခေါင်းလှိုဏ်ဂူအတွင်းမှာ ဒုက္ခရောက်နေ ကြတဲ့ ကလေးဘောလုံးအသင်းကို ကမ္ဘာအရပ်ရပ်က လာရောက်ကူညီကယ်ဆယ်ကြတဲ့ သတင်းဟာ ဒီနှစ် (၂၀၁၈) အတွင်းမှာ နိုင်ငံတကာ လူကြီးလူငယ်မရွေး စိတ်ဝင်စားမှုအခံရဆုံး သတင်းဖြစ်မယ် ထင်ပါတယ်။ ဒါကြောင့် ဒီသတင်းကို ကျွန်တော်အနေနဲ့ အစအဆုံးအကျယ်ချဲ့ပြီး ရှင်းလင်း တင်ပြနေစရာ မလိုဘူးလို့ ထင်ပါတယ်။

အကျဉ်းချုပ် မှတ်တမ်းသဘောလောက် တင်ကြရရင် အသက်(၁၁)နှစ်နဲ့ (၁၆)နှစ်ကြားအရွယ်၊ ကျောင်းသားဘောလုံးအသင်းကလေးဟာ စူးစမ်းတဲ့အနေနဲ့ တောင်ခေါင်းလှိုဏ်ဂူအတွင်းကို ၀င်သွားရင်း ပျောက်သွားသတဲ့။ အဖွဲ့ဝင်က(၁၂)ယောက်။ သူတို့ရဲ့ အဖွဲ့ခေါင်းဆောင်လို့ဆိုရမယ့် ဘောလုံးနည်းပြက အသက်(၂၅)နှစ် အရွယ် တစ်ယောက်ပါတယ်။ မိုးသည်းလာပြီး လှိုဏ်ဂူထဲက ချောင်းကလေး ရေပြည့်လာတော့ သူတို့ ပြန်ထွက်လို့မရတော့ဘဲ ချောင်းထဲက ကျွန်းကလေးပေါ်မှာ ပိတ်နေကြ တော့တယ်။ ကျောင်းသားကလေးတစ်ယောက်ရဲ့ မွေးနေ့မို့ ပျော်ပွဲစားထွက်ကြတာဆိုတော့ စားစရာအတန်သင့်ပါသွားလို့ တော်သေးတာပေါ့။ သူတို့ ပျောက်သွားတယ်ကြားတော့ အင်္ဂလန်၊ အမေရိကန်၊ သြစတြေးလျစတဲ့ နိုင်ငံတကာက ရေငုပ်သမား တွေ၊ ရေတပ်သားတွေက ကူညီရှာဖွေပေးဖို့ လာကြတယ်။ ရေစုတ်စက်တွေ၊ အောက်ဆီဂျင်ဘူးတွေ၊ ရေငုပ်ကိရိယာတွေ၊ လေယာဉ်တွေ စသဖြင့် ပို့ပေးကြတယ်။ ဆရာဝန်သူနာပြုတွေ လဲလာကြတယ်။ ထိုင်းဘုရင်ကလဲ လူ့အသက်ထက်ဘာမှ တန်ဖိုးမရှိဘူး။ လုပ်စရာရှိတာလုပ် ဘာလုပ်ကြဆိုပြီး တာဝန်ယူအားပေးတယ်။ ဘုရင့်ရေတပ်ကရော၊ အစိုးရရေတပ်ကရော လာရောက်ဝန်းရံတယ်။ (၀င်ရောက်နှောက်ယှက် သြဇာပေးတာ မဟုတ်ဘူး) နိုင်ငံခြားက အကူလာသူ ရေငုပ်ကျွမ်းကျင်သူတွေ နဲ့ ထိုင်းရေငုပ်သမားတွေနဲ့ (၁၈ဦး) ပါဝင်တဲ့ ကယ်တင်ရေးအဖွဲ့ ဖွဲ့ပြီး ဦးဆောင်ကယ်တင်တာဖြစ်ပါတယ်။ ကလေးတွေကို ဆေးစစ်ကုဖို့ သြစတြေးလျက ဆရာဝန်တစ်ယောက်လဲပါတယ်။ ကလေးတွေအတွက် အောက်ဆီဂျင်မျက်နှာဖုံး၊ အောက်ဆီဂျင်ဘူး ပို့ပေးရတယ်။ ကြိုးတန်းလဲ သွယ်ပေးရတယ်။ ကလေးတစ်ယောက်ကို ရေငုပ်သမားက ရှေ့ကတစ်ယောက် နောက်က တစ်ယောက်ကူညီရတယ်။ ရှေ့ရေငုပ်သမားက သူ့အတွက်ရော၊ ကလေးအတွက်ရော အောက်ဆီဂျင်ဘူးနှစ်ဗူးတွဲ သယ်ယူရ တယ်။ တချို့နေရာတွေမှာ ကျဉ်းလို့ ၀မ်းဗိုက်နဲ့ ဂူကြမ်းပြင်ထိပြီး မိကျောင်းတွားသွားကြရသေးတာ။ ကလေးတွေကို လေး ယောက်စီ သုံးသုတ်ခွဲပြီး ကယ်ရတော့ တချီနဲ့ တချီကြားပြင်ဆင်ဖို့ရာ (၁၀) နာရီကြာသတဲ့။

ချောင်းထဲမှာ ရေလျော့အောင် ရေတွေကို စက်နဲ့စုတ်ထုတ်တော့ ဘေးနားဝန်းကျင်မှာ စိုက်ပျိုးထားတဲ့ လယ်ကွက်တွေ ဧကပေါင်း (၂၀၀) လောက် ရေမြုပ်ပျက်စီးကုန်သတဲ့။ ဘုရင်ကအစ လယ်သမားအဆုံး ပြောဆိုအားပေးတာက ဘာပျက်ပျက် လူ့အသက်ထက် ဘာမှတန်ဖိုးမရှိဘူး ...  ပျက်ပါစေတဲ့။ အားလုံးပြီးတော့ ရေလွှမ်းပျက်စီးတဲ့ လယ်ကွက်အတွက် လျော်ကြေးသဘောမျိုးပေးတော့ လယ်သမားတွက ငြင်းသတဲ့။ သူတို့လဲ ဒီလိုလူသားကယ်တင်မှုမှာ ပါဝင်ပေးဆပ်တဲ့သဘောနဲ့လျော်ကြေး မယူပါရစေနဲ့တဲ့။ အဲဒါ ထိုင်းလယ်သမားတွေက တစ်သံတည်းပြောကြတာ။ နိုင်ငံကြီးသားအမူအရာဆိုတာ ဒါတွေပဲပေါ့။ ကလေးတွေကို ကယ်တင်ကြတဲ့ ရေငုပ်သမားတွေကို ထိုင်းလေကြောင်းက တစ်သက်အခမဲ့ စီးခွင့်လေယာဉ်လက်မှတ်ကို ပေးလိုက်ပါ တယ်။ အားလုံးပေါင်းလိုက်တော့ လူသားမေတ္တာ၊ လူသားစွမ်းအား၊ နိုင်ငံကြီးသားစိတ်ဓာတ်ပါပဲ။ ဒီအောင်မြင်မှု ဒီစိတ်ဓာတ်ဟာ ကမ္ဘာက အသိအမှတ်ပြုရတဲ့အပြင် သမိုင်းကျွင်းကျန်ရစ်မဲ့ သမိုင်းဝင်ဖြစ်ရပ်တစ်ခုအဖြစ်လဲ အကျုံးဝင်ခဲ့ပါပြီ။

ဒီအကြောင်နဲ့ပတ်သက်ပြီး အစပိုင်းလောက်မှာပဲ ဖေ့စ်ဘုတ်စာမျက်နှာမှာ စာရေးဆရာကြည်မင်းရဲ့ မှတ်ချက်ကလေးတစ်ခုကို အာရုံစိုက်လိုက်မိပါတယ်။ ဗမာပြည်မြစ်ဝကျွန်းပေါ်မှာ ရေလွှမ်းမိုးမှုဖြစ်တုန်းက လူတွေ ထောင်-သောင်းသေခဲ့ရတဲ့ ကိစ္စ မှာ နိုင်ငံခြားက သင်္ဘောတွေ၊ ဟယ်လီကောပတာတွေ လာရောက်ကူညီဖို့ ချဉ်းကပ်ခဲ့ကြပါတယ်။ ဗမာစစ်အစိုးရက ခါးခါး သီးသီးငြင်းပါတယ်။ သင်္ဘောတွေ ဇွတ်ဝင်လာရင်တောင် အမြောက်နဲ့ဆီးပစ်ဖို့ ပြင်ထားတယ်ဆိုပဲ။ အလောင်းတွေကောက် သဂြိုလ်ဖို့အားထုတ်ကြတဲ့လူငယ်တချို့ကို အစိုးရက ဖမ်းဆီးထောင်ချခဲ့သေးတယ်လေ။ အဖြစ်ကတော့ မနှစ်ကနဲ့မတူပါ လေ ဆိုသလိုပါပဲ။ ပြည်ပကို အားမကိုးဘူးတဲ့။

မြစ်ဝကျွန်းပေါ်မှာ လူသေတွေရော၊ မသေမရှင်တွေရော အများကြီးပါ။ သစ်ပင်တွေပေါ်တက်နေသူတွေ၊ သစ်ကိုင်းနဲ့ချိတ် နေသူတွေ၊ ခွေးတွေ၊ ကြောင်တွေ။ တချို့မသေမရှင်တွေ ထလာတော့ ရေလွှမ်းလွင်ပြင်ကြီးမှာ ကယ်မယ့်သူမရှိလို့ လေးဖက်ထောက် ဒရွတ်ဆွဲ ရုန်းကန်လာခဲ့ကြရသတဲ့။ တချို့လဲ လမ်းခုလတ်မှာပဲ သေကြ ကြေကြပေါ့။ တာဝန်ရှိသူများက သေကြပါစေ။ လင်းဒတွေ၊ မိကျောင်းတွေ၊ ငါးတွေ၊ စားကြပါစေ။ ငါ့အမျိုးမပါဘူးဆိုပြီး လက်ပိုက်ကြည့်နေခဲ့ကြသတဲ့။ စကား အဖြစ်နဲ့သာ 'လက်ပိုက်ကြည့်တယ်'လို့ သုံးရပေမဲ့ လက်ပိုက်ပြီးတော့ကို မကြည့်တာပါ။ ကျောခိုင်းနေလိုက်ခဲ့တာပါ။ ကိုယ့်တိုင်းသူပြည်သားတွေ ဒုက္ခရောက်နေတာကို အစိုးရက မိဘသဖွယ် တာဝန်ယူရမှာပါ။ ခုတော့ တာဝန်မယူတဲ့အပြင် လစ်လျူရှုခဲ့ကြပါတယ်။ လစ်လျူရှုရုံသာမက-သူများတွေက လူသားစိတ်ဓာတ်နဲ့ လာရောက်ကူညီကြတာကိုတောင် ဟန့်တားလိုက်သေး တယ်ဆိုတော့ အံ့ရော အံ့ရောလို့ပဲ ပြောရတော့မှာပါ။ ပြည်ပလဲ အားမကိုး၊ ကိုယ်တိုင်လဲ ဘာမှမလုပ်။

ဆရာကြည်မင်းရဲ့ မှတ်ချက်ကို ဖတ်ပြီး မကြာခင်မှာပဲ ဖေ့စ်ဘုတ်စာမျက်နှာမှာ လွတ်လပ်တဲ့အာရှအသံက အသံလွှင့်သူ ခင်မောင်စိုးက 'ထိုင်းလှိုဏ်ဂူအတွင်းက ကလေးတွေကို ကယ်ထုတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဘယ်လိုမြင်သလဲ'လို့ သူ့မိတ်ဆွေ (၄-၅-၁၀)ယောက်ကို မေးကြည့်လိုက်တာကို ဆက်လက်ဖတ်ရှုကြရပါတယ်။ ဖြေသူများကလည်း တိုတိုတုတ်တုတ်နဲ့ ကျိုး ကြောင်းကျကျ ဖြေကြတာတွေ့လိုက်ရတော့ ဒို့ဗမာပြည်သူတွေ ဘယ်ဆိုးလို့လဲလို့ မှတ်ချက်ချမိပြန်ပါတယ်။

ထိုင်းက လှိုဏ်ဂူအတွင်း ဒုက္ခသည် ကျောင်းသားလေးတွေ ကယ်ဆယ်ရေးမှာ ကမ္ဘာအရပ်ရပ်က ၀ိုင်းဝန်းကူညီကြပုံတွေ၊ တို့ဗမာပြည်သူတွေကလည်း သဘောကျချီးကျူးတယ်။ တချို့ကလဲ ဒို့တိုင်းပြည်မှာ ဒီလိုဖြစ်ရင် ဒို့နိုင်ငံတကာအစိုးရမျိုးနဲ့သာ ဖြစ်လိုက်လို့ကတော့ အရင်လိုပဲ လက်ပိုက်၊ ကျောခိုင်းနေကြမှာပဲလို့ မှတ်ချက်ပေးကြပါတယ်။ ကျွန်တော်တို့ လူမျိုးကလည်း စေတနာ၊ မေတ္တာခေါင်းပါးတဲ့ လူမျိုးမဟုတ်ပါ။ လှူတာတန်းတာကအစ စေတနာရက်ရောလှတယ်လို့ နာမည်တစ်လုံးနဲ့နေတာ ပါ။ ဒါပေမဲ့ အာဏာပိုင်များက လက်နက်အားကိုး ပုဆိန်ရိုးလို့ ခေါ်ရမလား မဆိုနိုင်ပါ။ ပြည်သူတွေရဲ့ စေတနာ၊ မေတ္တာကို အမြဲကပျက်ယပျက် လုပ်နေခဲ့တာပါ။ အာဏာပါဝါပြဖို့ပဲ သိတာပါ။ သူတို့လှူရင်တောင် ဘုန်းကြီးရှေ့မှာ ပစ္စတိုခါးထိုးပြီး လှူတာပါ။ စေတနာမပါဘဲ ဘုန်းကြီးကို လာဘ်ထိုးသလို လှူနေကြတာပါ။ ကွန်မြူနစ်တွေကို မိစ္ဆာဒိဋ္ဌိခေါ်ပြီး စစ်တပ်ကပဲ မြို့တော် ရဲ့ လမ်းမပေါ်မှာ နေ့ခင်းကြောင်တောင်ကြီးမှာပဲ ဘုန်းကြီးတွေကို သေနတ်နဲ့ ပစ်သက်ခဲ့တာမဟုတ်လား။ ထိုင်းအစိုးရတပ် စစ်အစိုးရပါပဲ။ သူတို့က ဗုဒ္ဓဘာသာစစ်အစိုးရဆိုတာလေးကို ထိန်းသိမ်းပြီး အိနြေ္ဒဆောင်ဖော် ရကြပါသေးတယ်။ ကျုပ်တို့ စစ်တပ်ကတော့ စစ်အာဏာရှင်ချင်းတောင် ဗိုလ်ကတော့ ဘုရင် ဆိုတာမျိုးပါကလား။

ကဲ အားလုံး ရပ်သိရွာသိ ကမ္ဘာသိဆိုတော့ထပ်ပြီး မပြောတော့၊ မရေးတော့ပါဘူး။ ဒို့ဗမာပြည်သူတွေကလည်း ထိုင်းပြည် သူတွေလို စိတ်စေတနာ မလျော့ပါးပါဘူးလို့ ပြောရဲပါတယ်။ စစ်အာဏာရှင်စနစ်အောက်မှာ အနေကြာလို့ ဗမာစရိုက်ပျက်မျိုး လေးတွေ နည်းနည်းပါးပါးတော့ရှိမှာပေါ့လေလို့ လေပြောထိုးရင်း ထိုင်းမှာလိုပဲ ကမ္ဘာနဲ့ ဆက်ဆံရေး အဆင်ပြေပါစေ။ လူလို သူလို၊ လူကြီးလူကောင်းများ နေထိုင်ဆက်ဆံတတ်ကြပါစေ။ ဗမာ့မူရင်းစိတ်ဓာတ်အတိုင်း လူသားအချင်းချင်း စေတနာမေတ္တာ ထားတတ်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်ခင်ဗျား။

ကျွန်တော် မောင်စွမ်းရည်ပါ
မောင်စွမ်းရည်
၂၀၁၈ ဇူလိုင်၂၀

Comments