မိုးကျော်ဇင် ● မိုးရွာသောနေ့

မိုးကျော်ဇင် ● မိုးရွာသောနေ့
(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

ကျွန်တော် အိပ်ယာထသောအခါ နံနက် ၆ နာရီတိတိ ရှိပြီ။ ကောင်းကင်က ခဲသားရောင် မျက်နှာကြက်ကို ချိတ်ဆွဲထား၍ ပတ်ဝန်းကျင်ကလည်း မှုန်မှိုင်းနေသည်။ အိမ်ထဲတိုးဝင်လာသည့် အနောက်တောင်မုတ်သုန်လေထဲ အအေးဓာတ်က သိသိ သာသာ ပိုကဲနေသည်။ သည်နေ့လည်း မိုးရွာလိမ့်မည်ဟု စိတ်ထဲက ကျိတ်၍ မှတ်ချက်ချလိုက်မိသည်။  သည်နှစ်မိုးဦးက မေလ၏ တတိယပတ်လောက်မှာပင် မြင်းရိုင်းတကောင်လို ကဆုန်ပေါက်ပြေးဝင်လာခဲ့လေသည်။

မျက်နှာသစ်ပြီး အိပ်ခန်းထဲပြန်ဝင်ကာ ညက သမီးအတွက် အသုံးပြုခဲ့ရသော အနှီးတွေကို စုထည့်ထားသည့် ဂျပ်ထူပုံးကို မ ယူလာခဲ့သည်။ ခုတင်ပေါ်မှာတော့ ကျွန်တော့်ကမ္ဘာနှစ်ခုသည် အိပ်မောကျနေကြဆဲ။ ညက တညလုံး ၂ လအရွယ် သမီး ကလေး၏ ကရိကထ အဝဝကို ဒိုင်ခံတာဝန်ယူခဲ့ရသည့် ဇနီးသည်ကို မနှိုးရက်တော့ပါ။ သမီး၏် အနှီးစ တွေကို ဆပ်ပြာရည် စိမ်ထားခဲ့ပြီး ကျွန်တော် ထမင်းအိုး တည်လိုက်သည်။ ပြီးသည်နှင့် ညက လှန်းထားသော အနှီးစတွေကို ရုတ်၍ မီးပူတိုက်ရန် ပြင်ဆင်ရတော့၏။ သည်နေ့အ တွက် လျှပ်စစ်ဓာတ်အားသည် နံနက် ၉ နာရီမှ မွန်းလွဲ ၂ နာရီအထိ ခေတ္တပြတ် တောက် မည်ဖြစ်ကြောင်း လွန်ခဲ့သောညနေက အသံချဲ့စက်ဖြင့် လိုက်လံကြေညာသွားခဲ့သည် မဟုတ်လား။ ထိုသို့ ကြေညာနေစဉ် လမ်းထဲက လူတစ်ယောက်၏် အော်သံတစ်ခုကို ကြား လိုက်ရသေးသည်။ "မီးပျက်တာများကွာ၊ နေ့တိုင်းပျက်နေတာကို အခုမှ လာကြေညာနေရသေးတယ်" တဲ့။ ကျွန်တော့်မိတ်ဆွေတယောက်ကမူ ကြိုတင်အသိပေးပြီးမှ လျှပ်စစ်ဓာတ်အား ပြတ်တောက်ခြင်းကို "တရားဝင် မီးပျက်ခြင်း" ဟု သမုတ်ခဲ့လေသည်။

သည်မနက်မှာလည်း နံနက် ၉ နာရီထိုးရန် ၁၀ မိနစ်အလိုတွင် တရားဝင် မီးပျက်သွားခဲ့ပါသည်။ ထို့နောက် မကြာမီမှာပင် အိမ်ခေါင်မိုးပေါ် မိုးပေါက်ကျသံတွေကို စတင်ကြားလိုက်ရ၏။ တဖြည်းဖြည်း မိုးပေါက်ကျသံတွေ စိပ်လာသည်။ ထို့နောက် မှာတော့ မိုးပေါက် ကျသံများကို သီးခြားမကြားတော့ဘဲ ဧရာမရေတိုင်ကီကြီးကို မှောက်သွန်နေသည့်အသံနှင့် ဆင်တူသွား တော့သည်။

ကျွန်တော်က ဂတ်စ်မီးဖိုကိုဖွင့်၍ ဟင်းအိုးတည်ရန် ပြင်ဆင်လိုက်သည်။ ငါးရံ့ကို ခရမ်းချဉ်သီးနှင့်ချက်မည်ဟု ဆုံးဖြတ် လိုက်၏။  မိုးရွာသွန်းခြင်းက တစ တစ ပိုမိုပြင်းထန်လာသည်။ တံစက်မြိတ် ရေတံလျောက်၏် ရေဆင်းပေါက်တွင် သစ်ရွက် ခြောက်များ ပိတ်ဆို့နေသောကြောင့် နီးစပ်ရာ ပိုက်လုံးအပိုတစ်ချောင်းဖြင့် ထိုးဆွ ဖယ်ရှားလိုက်ရသေး ၏။ ခဏအကြာတွင် မနီးမဝေးမှာ ချထားသည့် ကျွန်တော့်လက်ကိုင်ဖုန်းမြည်သံကို ကြားလိုက်ရသည်။ မေမေ့ထံမှ ဖြစ်သည်။ မနေ့က ဆက်သည့် အတိုင်းပင်၊ မနေ့က ပြောပြီးသော ဆုံးမ အမှာစကားများကိုပင် မှတ်ဉာဏ်ချို့တဲ့သော ကျောင်းသားကို စာရှင်းပြသည့်အလား အကြိမ်ကြိမ် ထပ်ပြောပြန်သည်။ ပြီးတော့ မနေ့က မပြောရသေးသည့် စကားတစ်ခွန်း ပါလာသေးသည်။ ဘယ်နှဝမ်းကွဲဟု မရေတွက်တတ်သော ဦးလေးဝမ်းကွဲတယောက် ညက ဦးနှောက်သွေးကြောပြတ်၍ ရုတ်တရတ်ဆုံးသွားသည့် နာရေး သတင်း ဖြစ်လေသည်။

သူ့ကို ကျွန်တော် စတင်တွေ့ဆုံစဉ်က ကျွန်တော့်အသက် ၇ နှစ်သားခန့်ပင် ရှိဦးမည်။ ကျွန်တော့်ဦးလေးလည်း မဟုတ်သေး ပါ။ ကျွန်တော့်အဒေါ်များ၏ မိတ်ဆွေဓာတ်ပုံဆရာနှင့် အတူလိုက်ပါလာတတ်သူ ဖြစ်လေသည်။ မျက်လုံးပြူးပြူး အသား ညိုညိုနှင့် အိန္ဒိယနွယ်ဖွားတယောက်နှင့် ပိုတူနေသည်။ နောက်နှစ်အနည်းငယ်ကြာသောအခါ ကျွန်တော် အဒေါ်ဝမ်းကွဲ တယောက်နှင့်လက်ထပ်ကာ ကျွန်တော့်ဦးလေးတစ်ယောက် ဖြစ်လာခဲ့သူပင်။ တမြို့တည်းနေကြသောကြောင့် မြို့ကျဉ်း ကျဉ်းကလေး၏ ဈေးကျဉ်းကျဉ်းလေးထဲမှာ၊ သို့မဟုတ် လမ်းကျဉ်းကျဉ်းလေးတွေထဲမှာ၊ သို့မဟုတ် အသိုင်းအဝိုင်း ကျဉ်း ကျဉ်းလေးတွေထဲမှာ ကျွန်တော်တို့မျက်လုံးတွေ မကြာခဏ ဆုံတွေ့မိတတ်ကြသည်။ ကျွန်တော်တို့နှုတ်ခမ်းတွေ မကြာ ခဏ တွန့်ကွေးသွားတတ်ကြသည်။ ထို့အတူ ကျွန်တော်တို့ သဘောထားတွေလည်း မကြာခဏ လွဲချော်သွားတတ်ကြလေ သည်။ ယနေ့မှစ၍ ကျွန်တော့်တဘဝစာလုံး သူနှင့် အသေအချာ လွဲချော်သွားပေတော့မည်။

မကြာမီ နောက်ထပ်ဖုန်းခေါ်ဆိုမှုတခု ဝင်လာပြန်သည်။ အွန်လိုင်းစာအုပ် အရောင်းဆိုင်တစ်ဆိုင်မှ ကျွန်တော်မှာထား သည့်စာအုပ်ကို မပို့ပေးသေးမီ လှမ်းအတည်ပြုခြင်းဖြစ်၏။ နောက်ထပ်ဖုန်းခေါ်ဆိုမှုတခု ထပ်ဝင်မလာမီ မွန်းတည့်သွားသော ကြောင့် ကျွန်တော် ထမင်းစားသည်။ အတတ်နိုင်ဆုံး၊ အစွမ်းကုန် စသည့် ကြိယာဝိသေသနများနှင့် ချက်ပြုတ်ထားသည့် နေ့လည်စာသည် ကျွန်တော့်အတွက်မြိန်ယှက်လှသည်တော့ မဟုတ်ပါ။

ထမင်းစားပြီးလျှင် လက်ဖက်ရည်ဆိုင် သွားလေ့ရှိသော်လည်း မိုးရေစက်တွေ သိမ်းပိုက်ထားသည့် လမ်းပေါ်ကို လှမ်းငေးရင်း အိပ်ခန်းထဲ ပြန်ဝင်လာခဲ့သည်။ ပြီးသည်နှင့် ခုတင် ပေါ်မှ ကမ္ဘာနှစ်ခုဘေးသို့ စိတ်ရောကိုယ်ပါ ပစ်တင်လဲလျောင်းချလိုက်သည်။ နောက်ထပ် ၁ နာရီခန့်အကြာ၌ ပြန်လည်နိုးထလာသောအခါ ကျွန်တော့်ဦးခေါင်းထဲ တစစ်စစ် ကိုက်ခဲနေလေသည်။ ပြတင်း ပေါက်ကို ဖွင့်ကြည့်လိုက်၏။ မိုးရေစက်များကို ဖြတ်သန်းလာသောလေက အခန်းထဲ ခေါင်းဝှေ့ဝင်လာသည်။ မော်လမြိုင်မှ ဓာတ်ပုံဆရာထံ ဓာတ်ပုံဖိုးငွေ လွှဲပေးရမည်ကိုသတိရလိုက်သောကြောင့် Wave Money ဆိုင်ရှိရာသွားရန် မိုးရေစက် တဖွဲဖွဲ အောက်မှာပင် ဆိုင်ကယ်ကို မောင်းထွက်လာခဲ့၏။

Wave Money ဆိုင်ရှေ့ရောက်သောအခါ သော့ခလောက်တခုက ကျွန်တော့်ကို နွေးနွေးထွေးထွေး ဆီးကြိုနေသည်။ သို့နှင့် မိတ်ဆွေတစ်ယောက်ထံ ဖုန်းဆက်ချိန်းပြီး ထိုင်နေကျလက်ဖက်ရည်ဆိုင်မှာ မိနစ် ၃၀ နီးပါး မိုးဝင်ခို၍ ပြန်ထွက်အလာတွင်၊ ဖုန်းနံပါတ် ပေါင်းများစွာ ပိုင်ဆိုင်ထားပြီး၊ မည်အချိန်မဆို ဆက်သွယ်မှုဧရိယာပြင်ပ ရောက်နေတတ်သည့်သူငယ်ချင်းနှင့် သွားတိုးသည်။ သူ့လမ်းညွှန်ချက်အရ Wave Money နောက်ထပ်တဆိုင်ကို ရှာဖွေတွေ့ရှိခဲ့သည်။ ကျွန်တော် အိမ်ပြန်လာ သောအခါ အိမ်မှမထွက်ခင်ကလိုပင် မိုးက တဖွဲဖွဲရွာနေဆဲ ဖြစ်၏။

မိုးရွာသော နေ့မို့ထင်သည်၊ ညနေခင်းက စောစီးစွာ ရောက်ရှိလာ၏။ အိပ်ယာက နိုးလာသော သမီးလေးက နို့ဆာကြောင်းကို မွေးရာပါ ဘာသာစကား စူးစူးဝါးဝါး ငိုသံဖြင့် ထုတ် ဖော်ပြောကြားသည်။ နို့တိုက်လိုက်သော သူ့မိခင် ပေါင်ပါ် ၁၅ မိနစ်အတွင်း ရှူးရှူး ၃ ကြိမ် စွန့်သည်။ နောက်ထပ် နာရီအနည်းငယ် ကြာပြီးနောက် ကျွန်တော့် ကမ္ဘာနှစ်ခု အိပ်ခန်းထဲ ဝင်သွားသောအခါ အိမ်ရှေ့ခန်းထဲ ကျွန်တော်တစ်ယောက်တည်း သောင်တင်ကျန်ခဲ့သည်။ မိုးကလည်း သူ စတင်ဝင်လာစဉ် ခြေသံအတိုင်း တဖြောက်ဖြောက် အသံမျှသာ ရှိတော့၏။

ဖတ်လက်စ စာအုပ်လည်း မရှိ၊ ကွန်ပျူတာလည်း ကိုင်လိုသော အာသီသမရှိသောကြောင့် အကျင့်ပါနေသော လက်တစုံက လက်ဝါးခန့်ရှိ လက်ကိုင်ဖုန်းလေးကို ပွတ်မိလျက်သား ဖြစ်သွားလေသည်။

ထိုစဉ်မှာပင် မော့စ်၏ ဟာသဗွီဒီယိုဖိုင်နှင့် သွားတိုက်ဆိုင်မိလေသည်။ ခင်လှိုင်နှင့်ဒိန်းဒေါင်ကို သွားတွေ့သည်။ အိမ်ရှေ့ခန်း ထဲ ကျွန်တော့်ရယ်သံတွေ လွတ်လွတ်ကျွတ်ကျွတ် ပျံဝဲသွားလေသည်။

ကျွန်တော် အိပ်ခန်းထဲဝင်သောအခါ ည ၁၁ နာရီခွဲလုပြီ။ လမ်းပေါ်ဖြတ်သွားသော ပါဝါအိတ်ဇောတပ်ထားသည့် ဆိုင်ကယ် တချို့၏ လီဗာဆွဲသံတချို့သာ ကြားရတော့၏။ မိုးကျသံကလည်း တဖြောက်ဖြောက်။ သည်နေ့၏ နောက်ဆုံးစာမျက်နှာ ရောက်မှ မထင် မှတ်ဘဲ ရရှိလိုက်သည့် ရယ်သံများအကြောင်း ပြန်တွေးမိရင်း၊ သည်နေ့၏ စာမျက်နှာဖွင့်ဖွင့်ချင်းမှာပင် အလိုမတူစွာရရှိလိုက်သည့် သခါင်္ရတရားတပုဒ်ကိုပါ သတိရလိုက်ပြန်၏။ နေ့တစ်နေ့တည်းတွင်ပင် ရယူခြင်းနှင့် ဆုံးရှုံးခြင်း၊ ဆိုက်ရောက်ခြင်းနှင့်ထွက်ခွာခြင်းတို့က အတူတကွ ဖြစ်ပျက်နေတော့သည်။

မနက်ဖြန်မှာရော၊ မနက်ဖြန်သည် မည်သည့်ပုံသဏ္ဌာန်နှင့် တည်ရှိနေမလဲ။ သို့သော် မနက်ဖြန်အကြောင်းကိုမူ မနက်ဖြန် ကိုယ်တိုင်မှလွဲ၍ မည်သူမျှ ကြိုတင်သိနိုင်လိမ့်မည်မဟုတ်ပါ။
          
မိုးကျော်ဇင်
0