မောင်အောင်မွန် (၀င်းအောင်ကြီး) - ငန်းသားဟင်းနဲ့ တနပ်အ၀စား



မောင်အောင်မွန် (၀င်းအောင်ကြီး) - ငန်းသားဟင်းနဲ့ တနပ်အ၀စား
ကျွန်တော်တွေးမိသလိုရေးပါမည် (၃၄၈)

(မိုးမခ) ဇူလိုင် ၂၄၊ ၂၀၁၈

(၁)
ကျွန်တော် ရန်ကုန်တက္ကသိုလ်ရောက်လာပြီး လက်ဝဲကျောင်းသားဘ၀တွင် နိုင်ငံရေးကို အလွယ်တကူ နားလည်သော်လည်း စီးပွါးရေးကိုမူ တော်တော်နဲ့ နားမလည်ပါ။ ကျောင်းသားခေါင်းဆောင်တွေထဲ စီးပွါးရေးကို နားလည်သူ အတော်လေးရှားပါသည်။ ကားလ်မတ်စ်ရဲ့ Cappital ကျမ်းကို သဘောလောက် နားလည်ဖို့ပင် မနည်းကြိုးစားကြရ၏။ နောက်ပိုင်း မောင်စူးစမ်းရဲ့ ဘောဂဗေဒ ကကြီးခခွေး၊ အိုင်စီအက်စ် ဦးဘညိန်ရဲ့ ဆိုရှယ်လစ်စီးပွါးရေး စာအုပ်များကျေးဇူးကြောင့် မဆိုစလောက် တီးမိခေါက်မိလာသည်။ တကယ်တော့ စီးပွါးရေးဆိုတာ လူတိုင်နဲ့သက်ဆိုင်တာ မဟုတ်ပါလား။

 (၂)

ကျွန်တော်တို့ရွာမှာ တင်နားအမည်ရှိ တရုတ်လက်ကားဆိုင်ကြီးရှိပြီး သူ့ဆိုင်ကနေ ဆီပုံးလိုက်၊ ကြက်သွန်၊ ငြုတ်အိတ်လိုက်၊ ပဲဆို အနည်းဆုံး ၁၀ ပိဿာစသဖြင့် ဆိုင်ငယ်လေးတွေက ၀ယ်ကြရ၏။ မြို့တက်ဝယ်ရတာထက် မဆိုစလောက်လေး ဈေးပိုကြီးသော်လည်း စားရိတ်တို့အဆင်ပြေမှုတို့ကြောင့် တရွာလုံး တင်နားဆိုင်ကပဲ ၀ယ်ကြသည်။ တင်နားဘက်ကလည်း သူ့လက်ကားဆိုင်မှာ ဘယ်သူ့ကိုမှ ဘယ်အကြောင်းနဲ့မှ လက်လီမရောင်းဘူး။ ကုန်ကုန်ပြောရရင် သူ့အိမ်အတွက်တောင် လက်လီဆိုင်လေးမှာ သွားဝယ်စား၏။

အဲဒါ ကုန်သည်တွေထားတဲ့ စည်းကမ်းလို့ အဖွါးကပြောပြသည်
အဖွါးရဲ့နာမည်က ဒေါ်ဖွါးခင်၊ ရန်ကုန်ကပွဲရုံပိုင်ရှင်က ဦးဘရင်-ဒေါ်မြသီ၊ အဲဒါကြောင့် တစ်ဘက်က ခင် တစ်ဘက် ရင်သီလို့ ရေးထားတဲ့ ဂုန်နီအိတ်ကြီးတွေနဲ့ ဓညင်းသီးတွေ၊ သစ်ချသီးတွေ မီးရထားနဲ့တံဇာလုပ်ပြီး တင်ပို့လိုက်သည်။ လူလိုက်သွားစရာမလိုဘူး။ ရန်ကုန်ဘူတာမှာ ပွဲရုံတာဝန်ခံက ရထားဂတ်ဗိုလ်ထံက တံဇာယူ ကုန်ပစ္စည်းတွေထုတ်ကာ ပွဲရုံမှာပေါက်ဈေးနဲ့ရောင်းပေး၏။ ကျသင့်သလောက် ပွဲခယူ၏။ စားရိတ်စက အသေးစိတ် ရှင်းတမ်းပြန်ပို့ပေး၏။ တစ်ပတ်ကို အနည်းဆုံး သုံးလေးကြိမ်တင်ပို့သည်။  တစ်လတစ်ကြိမ် နှစ်ကြိမ်လောက် အဖွါးရန်ကုန်သွားပြီး ငွေယူ၏။ တစ်ခါတလေ အဖွါးငွေလိုရင် ကြိုတင်ငွေယူရသည်၊ နှစ်ပေါင်းလေးငါးဆယ်ကြာပေမယ့် ဘယ်တုန်းကမှ တပြားမှငွေမကွာဘူး၊ အဲဒါ ပွဲရုံရဲ့ သမာဓိလို့ အဖွါးကပြောပြဖူး၏။

 (၃)
၁၉၆၅ ခု၊ဒီဇင်ဘာလက ကျွန်တော် ဆိုဗီယက်ယူနီယံမှာ သုံးနှစ်တာအလုပ်လုပ်ဖို့ မော်စကိုမြို့ကို ရောက်သွားတော့ နေဖို့အိမ်အဆင်သင့်မဖြစ်သေးလို့ ဟိုတယ်မှာ လနဲ့ချီနေရသည်။ ကမ္ဘာလှည့်ခရီးသည်တွေ အ၀ယ်များတဲ့ အမှတ်တရပစ္စည်းတွေ သတိထားမိ၏။ ဥစဘက်ကစ္စတန်က ပိုးရောင်စုံနဲ့ လုပ်ထားတဲ့ နက်တိုင်တစ်ခုကို တစ်ရူဘယ်၊ အမေရိကန်ငွေနဲ့ဆိုရင် တစ်ဒေါ်လာကို နက်တိုင်သုံးခု။ ရုရှသုံးငွေရူဘယ်က ငွေပျော့၊ အမေရိကန်ဒေါ်လာက ငွေမာ (Hard Currency)၊ အပြင်ပေါက်ဈေးမှာ ၄ ရူဘယ်ပေးမှ တစ်ဒေါ်လာ ရတာမို့၊ နက်တိုင်သုံးခုရောင်းလိုက်တိုင်း ငွေမာ တစ်ဒေါ်လာနဲ့ တစ်ရူဘယ် သို့မဟုတ် နက်တိုင်တစ်ခု အမြတ်ရ လိုက်သည်။
ကမ္ဘာ့ဈေးကွက်မှာ ရုရှလုပ်ပစ္စည်းတွေ ညံ့ကြောင်းနာမည်ကြီးပေမယ့် သူတို့လည်းဥရောပတိုက်သားမို့ နက်တိုင်စည်းကြလို့ သိပ်အညံ့စားကြီးတော့ မဖြစ်တန်ရာ။ ဘယ်လောက်ညံ့တဲ့နက်တိုင်ဖြစ်ပါစေ၊ သုံးခုမှ တစ်ဒေါ်လာဆိုတော့ အ၀ယ်များတာပေါ့။

မင်္ဂလာဒုံလေဆိပ်ကအရောင်းဆိုင်မှာ အင်းလေးပိုးနဲ့လုပ်ထားတဲ့ မြန်မာနက်တိုင်လေးတွေ တစ်ခု ၂၅ ကျပ်နဲ့ရောင်းနေတာ သတိထားမိတယ်။ မှတ်မိသလောက် ကမ္ဘာလှည့်ခရီးသည်တွေက ဒေါ်လာကို မြန်မာငွေနဲ့ လဲလှယ်ပြီးမှ သုံးစွဲကြရတာမို့ နက်တိုင်တစ်ကို လေးဒေါ်လာလောက် ကျပါလိမ့်မယ်။ အင်းလေးပိုးကလည်း လှပါတယ်။ လုပ်ထားပုံလည်းကောင်းပါလိမ့်မယ်။ ဒါပေမယ့် ရန်ကုန်ကနက်တိုင်ဆိုတာ ပါရီက၊လန်ဒန်က၊ နယူးယောက်က နက်တိုင်မဟုတ်လို့ သိပ်ဈေးကြီးကြီးပေးပြီး ၀ယ်ကြမယ်မထင်။ မသကာဝယ်မှ တစ်ခုပေါ့။

 အဲဒီအချိန်က မြန်မာပြည်မှာ မဆလခေတ်၊ မြန်မာ့ဆိုရှယ်လစ် စီးပွါးရေးစနစ်စတင်ကျင့်သုံးနေချိန်ပါ။
စာဖတ်သူများ နက်တိုင်ရောင်း ဈေးကွက်နှစ်ခုကိုယှဉ်ကြည့်ပါ။ ဆိုရှယ်လစ်စနစ်ချင်းမတူလို့လား၊ သို့မဟုတ် စိတ်ရှည်တဲ့ရုရှနဲ့ စိတ်မြန်တဲ့မြန်မာကွာလို့လား၊ ခပ်မြန်မြန်ချမ်းသာချင်တဲ့စိတ်ကြောင့်လား၊ အဖြေရှာကြပါကုန်။

(၄)

ကျွန်တော်ငယ်ငယ်တုန်းက ပဲခူးဘူတာရုံနားမှာနေသည်။ တစ်နေ့ ထုံးကြီးဘူတာနားမှာ လမ်းပျက်လို့ မန္တလေးကလာတဲ့ ရထားတွေ၊ မော်လမြိုင်ဘက်ကလာတဲ့ရထားတွေ ပဲခူးဘူတာမှာ ရပ်ထားရ၏။ ခရီးသည် တွေအဆမတန်များပြားလို့ ထမင်းဆိုင်တွေမနိုင်မနင်းဖြစ်ကုန်ပြီ။ သာမန်ရောင်းဈေးထက် ပိုရောင်းပေမယ့်  ဘယ်အချိန် ရထားထွက်မယ်မှန်းမသိ၊ တခြားဘယ်နေရာမှာ သွားဝယ်စားရမှန်းမသိရှာတဲ့ ခရီးသည်တွေခမျာ ထမင်းကျန်ဟင်းကျန်ကို တောင်းတဲ့ ဈေးပေးပြီး စားရရှာ၏။

 ခုဆောင်းပါးရေးရင်း ပြန်စဉ်းစားမိသည်။  ထမင်းဟင်းထပ်ချက်ပြီး ပူပူနွေးနွေးကို ခါတိုင်းဈေးနဲ့ပဲ ရောင်းရင်ကော၊ ပိုရောင်းရလို့ အမြတ်ပိုရနေပြီးမဟုတ်ပါလား။ နတ်လူသာဓု ခေါ်မယ်မဟုတ်ပါလား။ အဆင်မပြေလို့ ခရီးမပေါက်တဲ့ ဒုက္ခသည်တွေအပေါ် မတရားအနိုင်ကျင့်ရာ မရောက်ဘူးလားလို့။

 (၅)

၂၀၁၂ ခုနှစ်အတွင်း မြန်မာပြည်သို့ ကမ္ဘာလှည့်ခရီးသည် တစ်သန်းလောက်အထိ လာရောက်တယ်လို့ အစိုးရ၀န်ကြီးတစ်ယောက်က ခန့်မှန်းပြောဆိုကြောင်း၊ ခရီးသွားလုပ်ငန်း တိုးတက်အဆင်ပြေရေးအတွက် နိုင်ငံခြားတိုင်းပြည်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်တို့ရဲ့ အကူအညီနဲ့လုပ်ဆောင်နေကြောင်း၊ မြန်မာပြည်က အပြောင်းအလဲကြောင့် ကမ္ဘာလှည့်ခရီးသည်တွေ ပိုပိုပြီးလာနေကြာင်း စသဖြင့် သတင်းတွေကြားနေရ၏။
အမေရိကန်အပါအ၀င် နိုင်ငံအတော်များများအဖို့ ခရီးသွားလုပ်ငန်းကို အားထားရသည်၊ မြန်မာပြည်မှာ သာမန်လူတွေလည်း အလုပ်ရနိုင်တယ်၊ ကျွမ်းကျင်သူအလုပ်သမားများဖြစ်လာနိုင်တယ် စသဖြင့် တွေးမိတယ်။ ပြည်ပရောက် မြန်မာတွေလည်း မကြုံစဖူး ပြန်လည်ကြတယ်။ သြော် ကောင်းလေစွ။

 (၆)

ရင်ဝကို ခြေထောက်နဲ့ဆောင့်ကန်လိုက်သလို သတင်းဆိုးတွေထဲ ဟိုတယ်ခတွေဆို နယူးယောက်မြို့ ထက်ပိုမြင့်နေလို့ သမ္မတအိုဘားမားများ သုံးလေးရက်လောက် ရန်ကုန်မှာနေမိရင် စွပ်ကျယ်အင်္ကျီနဲ့ ပြန်ရမယ်။ ဈေးတော့တင်ပြီး လိုအပ်ချက်တွေကျတော့ အဆင်ပြေအောင် လုပ်မပေးလို့ ငွေပြန်အမ်းကြရတယ်။  အင်းလေး မှာလည်း ရောက်လာတဲ့ခရီးသည်တွေထံ မတန်တဆတည်းခိုခ တောင်းလို့ အခက်ကြုံကြရတယ်။ သွားလာရေး မှာအချိန်မမှန်သလို ဆက်ဆံရေးမှာလည်း မပြေပြစ်ဘူးစသဖြင့် စသဖြင့်။

မြန်မာပြည်ပွင့်လင်းလာပြီဆို ပြင်ပကိုလည်းကြည့်ကြပါ။
မြန်မာပြည်ကို မသွားတော့ဘဲ ကမ္ဘောဒီးယား ဗိယက်နမ်တို့ကို သွားကုန်ကြပြီဆိုတဲ့ သတင်းတွေကိုလည်း နားထောင့်ကြပါလို့ တိုက်တွန်းပါရစေ။

(၇)

အဖွါးပြောပြဖူးတဲ့ ပုံပြင်ကိုသတိရမိရင်း ကျွန်တော့ခေါင်းထဲ အတွေးဝင်လာပြီ။
နေ့တိုင်း ရွှေဥအုပေး နေတဲ့ငန်းကို အရက်မူးသတ်ပြီး ညစာ အ၀စားလိုက်တာ နေမြင့်တော့မှနိုးတော့တယ်။ အဲဒီအခါ ထုံးစံအတိုင်း ဖေ့သားငန်းကြီးရေ အသံမကြားပါလားကွာ ဆိုကာ ရွှေဥယူဖို့သွားတော့ ငန်းမွှေးတွေဘဲ တွေ့ရတယ်၊ ငန်းကြီး ကားမရှိတော့။

 ပုံပြင်များသည်လည်းကောင်း၊ တစ်နပ်စား မကြံနဲ့ဆိုတဲ့ ဆုံးမစကားသည်လည်းကောင်း ယနေ့ မြန်မာပြည်က အခြေအနေအတွက် လာပြီး ကွက်တိဖြစ်နေပြီဟု တွေးမိခဲ့ဖူးပါ၏။ ယနေ့အခြေအနေနှင့် ဆက်စပ်ပြီး စာဖတ်သူတို့အမြင်လည်း သိချင်ကြောင်းပါ။

 ၂၀၁၈ ခု၊ ဇူလိုင်လ (၂၃) ရက်နေ့
0