ကျော်မောင် (တိုင်းတာရေး) ● အိုးကြီးချက်

ကျော်မောင် (တိုင်းတာရေး) ● အိုးကြီးချက်
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈

တယောက်စာ အတွက် ချက်ပြုတ်ရတာက လွယ်တယ်လို့ ဆိုကြလေ့ရှိတယ်။ အများအတွက်ဆိုရင် ချက်ပြုတ်သူရဲ့ စီမံမှုအပေါ် မူတည်သွားတယ်။ စားသောက်မယ့်လူတွေရဲ့ ရှိရင်းစွဲအရသာကို ပြင်ပေးနိုင်ခွင့် ရှိတယ်။ ရခဲ့ကြဖူးတဲ့အရသာ အဟောင်းတွေ အရသာအကောင်းတွေကို ပြန်လည်တမ်းတစေခွင့် ရှိတယ်။ အရသာအသစ်တွေကိုလည်း ဖန်တီးပေးနိုင်ခွင့် ရှိတယ်။

သုံးလေးငါးယောက်ရှိတဲ့ မိသားစုမှာတောင် အကြိုက်ချင်းမတူတာကို အစပ်အဟပ်တည့်အောင် လုပ်ဆောင်နိုင်တာဟာ ရိုးရိုးသာမန်အိမ်ထောင်စုတွေမှာရှိတဲ့ အိမ်ရှင်မတွေရဲ့ လေးစားလောက်တဲ့ အတတ်ပဲဖြစ်ပါတယ်။

တကယ်တော့ အိုးကြီးချက်ဆိုတာက ပညာတရပ်ပဲ။

အိုးကြီးချက်ဆိုလို့ သတိရမိတဲ့ စားဖိုမှူးကြီးတစ်ယောက် ရှိခဲ့ဖူးတယ်။

အဘ ဟင်းချက်တတ်တာကို စပြီး သတိပြုမိတာ အဲဒီငါးဟင်းက စတာပဲ။ ငါးတော့ငါးပဲ။ ငါးအမျိုးအမည်လည်း အခုထိ မသိ။ အမေ့မေးကြည့်တော့လည်း အမေလည်း မမှတ်မိတော့။ သား အဘချက်တာ ရေချိုငါးလား၊ ပင်လယ်ငါးလည်း ဖြစ်ချင် ဖြစ်မှာ ပေါ့လို့ ပြန်ပြောတယ်။ ငါးတကောင်လုံးကို စပါးလင်တွေနဲ့ စည်းတုပ်ပြီး ချက်တာ။ ဆီပြန်ဟင်း မဟုတ်ဘဲ အရည်သောက်ဟင်း ပုံစံ။ ဟင်းရည်သောက်ရင်း ငါးအသား တဖဲ့နှစ်ဖဲ့ စစားရင်းနဲ့ အဲဒီနေ့က အဲဒီငါးဟင်းကို ဒီနေ့အထိ မမေ့တာ။ ငါးအမျိုးအမည်မသိတဲ့အတွက် အဲဒီငါးဟင်းလို့ပဲ ဒီအကြောင်းလေး ပြန်လည်ပြောမိတိုင်း ပြောဆိုညွှန်းမိတယ်။ ငါးဟင်းကောင်းတဲ့အတွက် ထမင်းသုံးပန်းကန်လောက် ကုန်တယ်လို့ ပြန်အမှတ်ရမိတယ်။

အဘက ရန်ကုန်လာလည်ရင်း အဲဒီတနေ့မှာပဲ ဘာစိတ်ကူးပေါက်လို့ရယ်မသိ၊ နေ့လယ်စာအတွက် ငါးဟင်းတခွက်ကိုပဲ ချက်ပြုတ်ပြီး ပညာပြသွားတာ။ နယ်မှာတော့ ထမင်းဟင်းအတွက် မီးဖိုချောင်ဝင်ပြီး ကူညီချက်ပြုတ်နေတာ မတွေ့ဘူးပါ။ အဖွားချက်တာကိုပဲ စားတယ်။ အမွှန်းတင်ရရင် ဟင်းချက်ကောင်းတဲ့ အဖွားတောင် ဒီလိုငါးဟင်းမျိုး ချက်တာမှာ အဘကို မမီဘူးလို့ ခံစားမိတယ်။ နောက်ပိုင်းမှ သိရတာက အဘက အိုးသူကြီးဆိုပဲ။

အခါတွင်း တရက်မှာ ဘုန်းကြီးကျောင်းတကျောင်းဆီကို အဖွားအတွက် အဖော်အဖြစ် ရအောင် လိုက်သွားတယ်။ အမှန်က ရန်ကုန်ကလာတဲ့ ဆယ်ကျော်သက်အရွယ် မြေး မလည်မ၀ယ်ကို အဖွားက ပွဲထုတ်တာ။ ဘုန်းကြီးကျောင်းထဲရောက်မှ တွေ့မိတာရှိတယ်။ အဲဒါက အဖွားလိုပဲ မြေးတွေခေါ်လာကြတဲ့ သူတွေက များမှများကိုး။ မြေးမလေးတွေလဲ ပါတာပေါ့လေ။
ဥပုသ်သီလယူ တရားနာပြီးတဲ့အခါ ကျောင်းကြီးပေါ်ကနေ အဖွားကိုတွဲလို့ ဆင်းလာကြတယ်။ ကျောင်းဝိုင်းအတွင်းက မြက်ခင်းပြင်မှာ မိုးပြဲဒယ်တွေနား ပုံစံအမျိုးမျိုးနဲ့ထိုင်နေကြတဲ့ လူတစုကို တွေ့လိုက်ရတယ်။ ထိုင်နေကြတဲ့ပုံစံတွေ မတူကြပေမဲ့ သူတို့အားလုံးရဲ့ မျက်နှာတွေဟာ ပြုံးရွှင်နေကြတာကိုတော့ သတိထားမိခဲ့တယ်။ ထမင်းတွေက ခူးခပ်ပြီးတောင်နေပြီ။ ထမင်းချိုးတွေကို သံပန်းကန်ပြားတွေထဲမှာ ထည့်ထားတယ်။ အဲဒီမှာ အဘကို တွေ့တာပဲ။ ဘုန်းကြီးကျောင်းလာတဲ့သူတွေက ၀တ်ကောင်းစားလှကြီး မဟုတ်တောင် သစ်သစ်လွင်လွင်လေးတော့ ၀တ်ဆင်လာကြတာရှိတယ်။ အဘကတော့ ပုဆိုးအဟောင်း တီရှပ်လက်တိုအဖြူရောင် ခပ်နွမ်းနွမ်းနဲ့။

ရှိုးအပြည့်နဲ့ ရန်ကုန်သားက အဘကို နားလည်ရခက်သွားတယ်။ ရုပ်ရှင်ဇာတ်လမ်းတွေထဲကလို ကိုယ့်ရဲ့ အဘအရင်းက တောက်တောက်ပြောင်ပြောင်မ၀တ်လို့ လူပုံအလယ်မှာ မခေါ်ဝံ့ မပြောဝံ့ မနှုတ်ဆက်ဝံ့တဲ့ စိတ် မရှိခဲ့ဘူး။ နားလည်ရခက်သွားတယ်ဆိုတာ အလှူပွဲတွေမှာ ၀ိုင်းဝန်းကူညီလုပ်ကိုင်မယ်ဆိုရင် ၀တ်ကောင်းစားလှ မ၀တ်သွားတာဟာ အသင့်တော်ဆုံးဆိုတဲ့ သဘောတခုကို မသိတတ် မမြင်တတ်သေးတာကြောင့်ပဲ။

အဘက မြေးဖြစ်သူကို တွေ့တာနဲ့ ရော့ ဒါစားကြည့်စမ်းလို့ ထမင်းချိုးတဖဲ့ လာပေးတယ်။ ထမင်းချိုးကောင်းကောင်းကို အဲဒီမှာမှ မြည်းကြည့်ဖူးတာ။ ပြီးတော့ ဒယ်အိုးတွေနား ၀ိုင်းဖွဲ့နေကြတဲ့ ကာလသားတွေကို ဒါ ရန်ကုန်က သမီးကြီးရဲ့သား အလတ်ကောင်လို့ မိတ်ဆက်ပေးတယ်။ နေ့လည်စာ မစားသွားကြဘူးလားလို့ သူတို့က မေးကြတယ်။ မစားတော့ဘူးဗျ၊ သွားတော့မယ်လို့ ပြန်ပြောတဲ့အခါ ထမင်းချိုးပန်းကန် လှမ်းပေးပြီး ခပ်များများစားကွာလို့ ပြောကြတယ်။ သူတို့က ထမင်းချိုးကို ရေနွေးကြမ်းနဲ့ မြည်းနေကြပုံရတယ်။

သီလသွားယူဦးလေလို့ အဖွားက အဘကို ပြောလိုက်သံကြားတယ်။ အဘကလည်း အေးပါကွာ ဒို့အဖွဲ့တွေက နောက်ဆုံးအသုတ်မှ ကျောင်းပေါ်တက်ပြီး ယူကြမှာလို့ ဆိုတယ်။ အဖွားနဲ့အတူ အိမ်ပြန်လိုက်ခဲ့ရင်း အဘက ဘာလို့ သူများတွေလို တိုက်ပုံမ၀တ်တာလဲလို့ အဖွားကို မေးလိုက်တယ်။ ဆိုက်ကားစီးရင်း မေးတာဖြစ်လို့ ရှေ့ခုံမှာ ထိုင်တဲ့ အဖွားကြားအောင် နှစ်ခါလောက် မေးလိုက်ရတယ်။ သူတို့က ချက်ပြုတ်ရေး ဝေယျာဝစ္စအဖွဲ့ကလို့ ပြန်ဖြေတယ်။ အိမ်ကသွားတော့ ၀တ်နေကျ တိုက်ပုံလေး ယူသွားတယ် ထင်တာပဲလို့လည်း ဆက်ပြောပါသေးတယ်။

အိမ်ရောက်တော့ အမေ့ကို ပြောပြတဲ့အခါ သား အဘက အိုးသူကြီးကွဲ့လို့ ပြုံးပြီးပြောတယ်။
နောက်တခါ ကြုံရပုံက ဒီလို။

အဘတို့အိမ်မှာ ၀ါဆိုသင်္ကန်းကပ်တဲ့အခါ နယ်ထုံးစံအရ မုန့်ဟင်းခါးအလှူလုပ်တယ်။ ကိုယ့်ရပ်ကွက်အတွင်းက အိမ်နီးနားချင်းတွေပါမက မြို့ထဲက အသိမိတ်ဆွေတွေပါ ဖိတ်တဲ့အတွက် အလှူလာမယ့်သူ များတယ်။ ညဖက်မှာ ပြင်ဆင်စရာရှိတဲ့ အစပ်အဟပ်တွေကို ပြင်ဆင်ကြရတယ်။ အဘနဲ့ ချက်ပြုတ်ဖော်တွေဖြစ်တဲ့ သူ့လက်ထောက်သုံးလေး ယောက်ကလည်း လာကူညီတယ်။ အဲဒါနဲ့ မုန့်ဟင်းခါး စချက်ရော ဆိုပါတော့။ သန်းခေါင်ကျော်လောက်ကြတော့ အဘက ငါ ခဏသွားအိပ်ဦးမယ်ဆိုပြီး အိမ်ပေါ်တက်အိပ်တယ်။ မင်းတို့ သူတို့ခိုင်းတာ လုပ်ပေးလိုက်လို့လည်း မြေးတွေကို မှာတယ်။ ချက်ပြုတ်တဲ့သူတွေ အပျင်းပြေကြည့်ဖို့ ဗီဒီယိုကလည်း ပြထားတယ်။ လက်ထောက်အိုးသူကြီးတွေက ဇာတ်ကြောမှာ မျောနေတဲ့အချိန် အိမ်တွင်းကခေါ်နေတဲ့အသံ ကြားရတဲ့အတွက် တီဗီအသံတိုးပြီး အသံလာရာကို နားစွင့်ကြတယ်။

အဘ အိမ်တွင်းက ပြောတဲ့အသံ။ ဟေ့ကောင်တွေ ကြက်သွန်ထည့်ချိန်ရောက်ပြီလို့ ပြောသံ။ အဲဒီမှာမှ မုန့်ဟင်းခါးချက်တာဝန်ယူထားတဲ့သူတွေလည်း ဗီဒီယိုကြည့်နေရာက အတင်းထပြေးကြရတယ်။ ကြက်သွန်ထည့် တခြားထည့်စရာရှိတာ ထည့် နဲ့ လုပ်စရာရှိတာ မွှေစရာရှိတာတွေ လုပ်ပြီး မွှေပြီးလို့ အိမ်ပေါ်ပြန်တက်ရင်း သူတို့ ပြောတာ ကြားလိုက်ရတယ်။

ဦးကြီး သတိပေးလို့သာပဲ တဲ့။ ဦးကြီးလို့ သူတို့ညွှန်းတဲ့ အိုးသူကြီး အဘကတော့ ပြန်အိပ်သွားပြီ။ အဘဟာ ဘယ်အချိန်မှာ ဘာလုပ်ရမယ်ဆိုတာကို အိပ်နေတာတောင်မှ သတိလေးထားပြီး ဆောင်ရွက်နိုင်တဲ့ အိုးကြီးချက် အိုးသူကြီးတယောက်ဖြစ်တယ်။

ရန်ကုန်သားလို့ အမည်သညာရသူဟာ အဘဆီကနေ အိုးကြီးချက်ပညာကို ဆည်းပူးခွင့် မကြုံလိုက်ရတဲ့အတွက် မချိတင်ကဲ ဖြစ်နေရပါတယ်။
0