ငြိမ်းစု ● မာနယ်ပလောက မှော်ဝင်ည

ငြိမ်းစု ● မာနယ်ပလောက မှော်ဝင်ည
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၈

၁၉၈၈ ခုနှစ် စက်တင်ဘာလ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆရာနိုင်ဝင်းဆွေရဲ့"ရေဆန်လမ်း" "မဟူရာမေတ္တာ" စတဲ့ စာ အုပ်တွေအပါအဝင် အခြားနိုင်ငံရေးစာအုပ်တွေ အတော်များများ ဖတ်ဖြစ်တယ်။ ပေါ်ပေါ်တင်တင် ဖတ်ရတာမျိုးတော့ မ ဟုတ်ဘူး။ အဲ့ဒီအချိန်က ဒီလိုစာအုပ်မျိုးတွေ လက်ထဲတွေ့လို့ကတော့ အမေးအမြန်း မရှိဘူး။ တခါတည်း ဖမ်းထည့်လိုက် တာပဲ။ စာအုပ်ဆိုင်ကလဲ မသိတဲ့လူဆိုရင် ငှားဖို့မပြောနဲ့ ထုတ်ကိုမပြတာ၊ ခုတော့ ဒီလိုစာအုပ်တွေ ပြန်လည်ထုတ်ဝေ နေ ကြတာမြင်ရတော့ ကြည့်နူးမိပါရဲ့ ..။

အဲဒီအချိန်က နောက်ဆုံးဖတ်လိုက်ရတဲ့စာအုပ်က သခင်တင်မြရဲ့ "ဘုံဘဝမှာဖြင့်" စာအုပ် ပြီးအောင်တောင် မဖတ်လိုက်ရပါ ဘူး။ ထောင်ထဲရောက်သွားလို့လေ။ တော်လှန်နယ်မြေရောက်မှပဲ တပ်ရင်းမှာ ကျောပိုးအိပ် စာကြည့်တိုက်လုပ်ထားလို့ စာ တွေ  ပြန်ဖတ်ဖြစ်တယ်။ ဒီလိုပါ ထောင်ကထွက်ပြီး မကြာခင်မှာပဲ ပအိုဝ်းတော်လှန်နယ်မြေမှာရှိတဲ့ ကျောင်းသားတပ်မတော် တပ်ရင်း ၆၀၁ ကို ရောက်တယ်။ တပ်ရင်းမှာ ကျောပိုးအိပ် စာကြည့်တိုက်ဆိုပြီး ရဲဘော်တယောက်ကို အနည်းဆုံး စာအုပ် သုံးအုပ် သယ်ရတယ်။ တယောက် ဖတ်ပြီးတဲ့စာအုပ်ကို အခြားတယောက်ဖတ်ပြီးတဲ့ စာအုပ်နဲ့ လဲလှယ်ပြီး ဖတ်ကြတာမျိုးပေါ့။ ရဲဘော်တိုင်းဟာ တတောဝင် တတောင်တက် စာအုပ်တွေသယ်ပိုးရင်း စစ်ကြောင်းနားတဲ့ အချိန်မျိုး၊ စစ်ရေးအခြေအနေ ပေါ်မူတည်ပြီး အချိန်ရရင် ရသလို စာဖတ်ကြတာပါ၊ လွယ်တာတော့ မဟုတ်ဘူးပေါ့။

အဲ့ဒီလို သွားရင်းလာရင်း ဖတ်ဖြစ်တဲ့စာအုပ်တွေထဲမှာ ဆရာနိုင်ဝင်းဆွေရဲ့"မသိန်းရှင်ဆီပေးပါ" "နွေတည"စတဲ့ စာအုပ်တွေ ဖတ်ရတယ်။ ဖတ်ပြီးသမျှစာအုပ်တွေအကြောင်းကို ရဲဘော်တွေနဲ့ ပြန်လည်ဆွေးနွေးကြ သူ့အမြင် ကိုယ့်အမြင် ဖလှယ်ကြ တော့ စာပေအကြောင်းတွေ ပိုသိလာရတာပေါ့။ နောက်ပိုင်း စစ်ရေးအခြေအနေက တိုက်ခိုက်ရေးများလာလို့ စာတွေသိပ် မဖတ်ဖြစ်ကြတော့ဘူး။ နှစ်နဲ့ချီပြီး ကြာသွားတယ်။

၁၉၉၄ ခုနှစ် ကရင်ပြည်နယ်ထဲက ကျောင်းသားတပ်မတော် ဗဟိုဌာနချုပ်ဖြစ်တဲ့ ဒေါင်းဂွင်ရောက်မှပဲ စာပြန်ဖတ်ဖြစ်ကြတော့ တယ်။ အဲဒီမှာ ရဲဘော်တွေသယ်ယူလာတဲ့ စာအုပ်တွေ တပ်ရင်း နောက်တန်းစခန်းမှာရှိနေတဲ့ စာအုပ်တွေစုပြီး တပ်ရင်း စာကြည့်တိုက် အတည်တကျဆောက်လုပ်ခဲ့ကြလို့ ဖတ်ပြီးသားစာအုပ်တွေကော မဖတ်ရသေးတဲ့စာအုပ်တွေ အစုံပဲ။  ဆေး ပညာဆိုင်ရာ ရသ သုတ စတဲ့ စာအုပ်မျိုးစုံကို အေးအေးလူလူ ဖတ်ခွင့်ရခဲ့တယ်ပေါ့။ နောက် ဆရာနိုင်ဝင်းဆွေရဲ့"မသိန်းရှင်ဆီပေးပါ" "နွေတည"စာအုပ်တွေကို ပြန်ဖတ် ပြန်ဆွေးနွေး ဖြစ်တယ်။ ဆရာနိုင်ဝင်းဆွေရဲ့စာအုပ်တွေနဲ့ပတ်သက်လို့ များ သောအားဖြင့် ရဲဘော်ညိုထက် (လမ်းသစ်ဦး) နဲ့ ပြောဖြစ်ကြတယ်။ အရေးအသား၊ အဖွဲ့အနွဲ့၊ ဇာတ်လမ်း ဇာတ်အိမ်၊ အ ကြောင်းအရာ၊ လူတန်းစားကွာဟမှု စသဖြင့်ပေါ့လေ။

တချိန်တည်းမှာ မဖြစ်မနေ ကရင်စာပေ၊ ယဉ်ကျေးမှု၊ ဘာသာစကားနဲ့ ထိုင်းစာ ထိုင်းစကားတွေကိုပါ တပ်တည်ဆောက်ရေး လုပ်ငန်းတွေကို လုပ်ဆောင်ရင်း သင်ကြားခဲ့ကြရတယ်။ နောက် နယ်မြေသစ်ဖြစ်နေတော့ နယ်မြေလေ့လာရေးကိုလဲ တချိန် တည်း လုပ်ခဲ့ကြရတာပေါ့။ အားလုံး တည်ငြိမ်စပြုလာတော့ တနေ့မှာ ရဲဘော်တိုက်မောင်း (တပ်ရင်းမှူး) ခေါ်လို့ သူနဲ့ စစ်ရုံး ချုပ်ကို လိုက်သွားခဲ့ရတယ်။ ဟိုရောက်တော့ ကရင့်တပ်မတော်ဌာနချုပ်ဖြစ်တဲ့ မာနယ်ပလောကို သွားဖို့ ခရီးသွား လက်မှတ် လုပ်တယ်။ ခရီးသွားမည့်သူ မည်သူမည်ဝါ ကိုင်ဆောင်သွားမည့် လက်နက် စသဖြင့် လိုအပ်တဲ့ အချက်အလက်တွေ ပြောပြိး ခရီးသွားလက်မှတ် လုပ်ဆောင်ခဲ့ကြရတယ်။

ခရီးသွားလက်မှတ်ရယူပြီး နောက်တနေ့ မနက်ပိုင်းမှာ ကရင့်တပ်မတော် ဌာနချုပ်ဖြစ်တဲ့ မာနယ်ပလောကို စထွက်ခဲ့ကြတယ်။ ဒါပေမယ့် တွေ့ ကြုံလာတဲ့ အခြေအနေအကြောင်းကြောင်းကြောင့် တပ်ရင်း ၂၀၄ ကို ဝင်ခဲ့ကြတယ်။ နယ်ခံ ရဲဘော်တွေဆီက လေ့လာသင့်တာတွေ လေ့လာသင်ယူတဲ့သဘောပေါ့။ တပ်ရင်း ၂၀၄ မှပဲ ညအိပ်ပြီး နောက်နေ့ ခရီးဆက်ခဲ့ကြတယ်။ မာ နယ်ပလောမှာရှိတဲ့ ကျောင်းသားတပ်မတော်ရုံးကို အရင်ဆုံးဝင်သတင်းပို့ပြီးမှ မာနယ်ပလောထဲ ဝင်ခဲ့ကြတယ်။ တနေရာ ရောက်တော့ ကိုငြိမ်းဝေ (ကဗျာဆရာ) နဲ့တွေ့ သူနဲ့ ကိုပန်းခက် လ္ဘက်ရည်ဆိုင်ကိုရောက်ခဲ့ပြီး ကိုဒေါင်းနီ (Green November 32) နဲ့ ဆုံကြပြန်တော့ ကြုံဆုံရခဲတဲ့ စာပေသမားတွေ စာပေစကားဝိုင်းလေး ဖြစ်သွားခဲ့တယ်။ ပြောကြဆိုကြရင်း ရဲဘော် တိုက်မောင်းက ဆရာနိုင်ဝင်းဆွေကိုလဲ သွားတွေ့မယ့်အကြောင်းပြောတော့  ကိုငြိမ်းဝေက ဆရာနိုင်ဝင်းဆွေ ကျမ္မာ ရေးမကောင်းကြောင်း သူတို့ကိုတောင် စကားမပြောကြောင်းနဲ့ သွားမတွေ့ဖို့ ပြောခဲ့တယ်။ ဒီလိုနဲ့ အဲဒီည ကိုဒေါင်းနီရဲ့Green November 32 ရုံးမှာပဲ အိပ်လိုက်ကြတယ်ပေါ့။

နောက်တနေ့မနက် ကိုပန်းခက် လ္ဘက်ရည်ဆိုင်မှာ မနက်စာစားရင်း ရဲဘော်တိုက်မောင်းက ဆရာနိုင်ဝင်းဆွေကို သူသွား တွေမယ့်အကြောင်းထပ်ပြောတော့ အားလုံးကမသွားဖို့တားကြပေမယ့် နောက်ဆုံးတော့ ရဲဘော်တိုက်မောင်း မာနယ်ပ လောကို လာရခဲ့ခြင်းအကြောင်းမှာ ဆရာနိုင်ဝင်းဆွေကို တွေ့ဖို့ဖြစ်တယ်ဆိုတာကို သဘောပေါက်သွားတော့မှ ကိုငြိမ်းဝေက ဆရာနိုင်ဝင်းဆွေရဲ့အိမ်ကိုသွားဖို့ လမ်းညွှန်ပေးတယ်။ သူတော့ မလိုက်ခဲ့ပါဘူး။

ကိုငြိမ်းဝေ ညွှန်ပြပေးတဲ့ လမ်းက လမ်းကျဉ်းလေးမို့  ရဲဘော်တိုက်မောင်းက ရှေ့ကနေဦးဆောင်ပြီး လမ်းကျဉ်းလေးအတိုင်း လျှောက်လာတော့ အိမ်လေးတလုံးကို မြင်လိုက်ရတယ်။ ဘေးပတ်ဝန်းကျင်မှာ အခြားမည်သည့်အိမ်မျှမရှိ၊ တိတ်ဆိတ်လျှက် ပေါ့။ လမ်းကျဉ်းလေးက ထိုအိမ်ခြံဝန်းထဲမှာ ဆုံးသွားတယ်။ ခြံဝန်းနားရောက်တော့  ကျနော်တို့ ရုတ်တရက် ခဏ ရပ်လိုက်မိ တယ်။ အိမ်ဝန်းကျင်မှာလဲ သန့်ရှင်းသပ်ရပ်နေပြီး၊ အိမ်ရဲ့ခြေရင်းဖက် မျက်နှာစာမှာ အိမ်တလုံးစာ မြေကွက်လပ်ကို တွေ့ လိုက်ရတော့ ကျနော့်စိတ်ထဲ မခင်ဝေ ပြေးလွှားဆော့ကစားဖို့များ လုပ်ပေးထားလေသလား တွေးထင်မိတယ်။

အိမ်အဝင်ပေါက်အထိ လျှောက်လိုက်ပြီး၊ အိမ်အတွင်းကို ကြည့်လိုက်ချိန်မှာ ဘုရားစဉ်ရှေ့ကြမ်းခင်းမှာ မဲညစ်ညစ် ထမင်းစား စာပွဲဝိုင်း၊ အဲဒီ့ မဲညစ်ညစ် ထမင်းစား စာပွဲဝိုင်းပေါ်မှာက ဓါးရှည်နှစ်ချောင်းကို ခတ်လျှက်တင်ထားတာကို တွေ့လိုက်ရတော့ ရဲဘော်တိုက်မောင်းနဲ့ ကျနော် မျက်နှာချင်းဆိုင်မိကြတယ်။ မြင်ကွင်းက စဉ်းစားစရာပါ။ ဒါပေမယ့် မစဉ်းစားမိ ရဲဘော် တိုက် မောင်းကို ကျနော် မေးဆတ်ပြလိုက်တယ်။ ရဲဘော်တိုက်မောင်းကလဲ ခေါင်းညိမ့်ပြပြီး ဆရာ ... ဆရာ ... လို့ အော်ခေါ် လိုက်ကြတယ်။  အဲဒီတော့မှ နောက်ဘေးပေါက်နေ ဘယ်သူတွေလဲလို့ပြန်ပြောရင်း ဆရာနိုင်ဝင်းဆွေ ထွက်လာတယ်။

"ကျနော်ပါ ဆရာတိုက်မောင်းပါ"
ရဲဘော် တိုက်မောင်းက ပြန်ဖြေလိုက်တယ်။

ဆရာနိုင်ဝင်းဆွေက ရဲဘော်တိုက်မောင်းကို သေချာကြည့်ပြီး "ဟာ တိုက်မောင်းလာလာ" ဆိုပြီး အပြုံးနဲ့ ကြိုဆိုတယ်။ ဆရာ နိုင်ဝင်းဆွေရဲ့မျက်နှာပေါ်က ပျော်ရွှင်မှုကို သတိထားမိတယ်။

"ဒါ မင်း ရဲဘော်လား"
ကျနော့်ကို ကြည့်ပြီး ဆရာ နိုင်ဝင်းဆွေက မေးတော့ ရဲဘော် တိုက်မောင်းက ကျနော်နဲ့ မိတ်ဆက်ပေးတယ်။

"အေးအေး ထိုင်ကြကွာ"
ဆရာနိုင်ဝင်းဆွေကဆိုရင်း အိမ်ခြေရင်းဘက် နံရံနားမှာ ရဲဘော်တိုက်မောင်းနဲ့ ဆရာနိုင်ဝင်းဆွေတို့ထိုင်လိုက်ကြတော့ ကျနော်က ဘုရားစဉ် ရှေ့ဓါးရှည်နှစ်ချောင်းကို ခတ်လျှက်တင်ထားတဲ့ မဲညစ်ညစ် ထမင်းစား စာပွဲဝိုင်းဘေးမှာပဲ ထိုင်လိုက်ရ တော့ ကျနော့် စိတ်ထဲမှာ ပန်ထွာစည်ကြီး တီးလိုက်သလိုလို၊ ဒီစည်သံကြောင့် ရန်ပယ်ချောင်းက ရေတွေ အားမာန်ပြင်းပြင်း စီးဆင်းလာ သလိုလို၊ နားထဲမှာလဲ ရထားဩဥသံလိုလို၊ ပြေးလွှားဆော့ကစားရင်း အော်ဟစ်သံတွေ လိုလို၊ အမှန်တော့ ကျနော်ဟာ မှော်ဝင်နေတဲ့ အိမ်ထဲရောက်နေတာပါ။

နောက်ဖေးဘက်ဆီက အခါးရည် အိုးခွက်တွေ ထည့်ထားတဲ့ ဗန်းလေး ကိုင်ပြီး အမျိုးသမီးတယောက်ဝင်လာတယ်။ ဆရာ နိုင်ဝင်းဆွေက အခါး ရည် ဗန်းလေး လှမ်းယူရင်းက ဒါသူ့ အမျိုးသမီး ‘မဂျုံ’ ဆိုပြီး မိတ်ဆက်ပေးတော့ ကျနော်တို့လဲ ခေါင်း လေး ညိမ့်ရင်း ပြုံးပြ နှုတ်ဆက်လိုက်သလို ဆရာကတော်ကလဲ ကျနော်တို့ကို ပြုံးပြ နှတ်ဆက်လိုက်ပြီး နောက်ဖေးဘက်ဆီ ထွက်သွားလိုက်တာ ကျနော်တို့ပြန်တဲ့အထိ မတွေ့ရတော့ဘူး။ ရဲဘော် တိုက်မောင်းနဲ့ ဆရာနိုင်ဝင်းဆွေတို့ စာပေ၊ နိုင်ငံရေး၊ လက်ရှိ စစ်ရေးအခြေအနေ၊ ရဲဘော်တိုက်အောင် စတဲ့ အကြောင်းအရာပေါင်းစုံကို ဆွေးနွေးပြောဆိုရင်း ဆရာနိုင်ဝင်းဆွေက သူ လတ်တလော  "မဟူရာမေတ္တာ"ကဲ့သို့ ဝတ္တုရေုးဖို့ ရှိနေပြီး "မဟူရာမေတ္တာ" မရေး ခင်ကလိုပင် ခု သူရေးမယ့်ဝတ္တုအတွက် အဓိဌာန်ဝင်ဖို့် ပြင်ဆင်နေတယ်လို့ ပြောလာတော့မှ သူ ဘာ့ကြောင့် ဘုရားစဉ်ရှေ့က မဲညစ်ညစ် ထမင်းစား စာပွဲဝိုင်း လေး ပေါ်မှာ ဓါးရှည် နှစ်ချောင်းကို ခတ်လျှက်တင်ထားရတယ်ဆိုတာ သဘောပေါက်တော့တယ်။

ရဲဘော် တိုက်မောင်းက ကနေဒါရောက် မြန်မာဆရာဝန်တဦးရဲ့အကူအညီနဲ့ "နွေတည" ဝတ္တုကို ပြန်ထုတ်လိုကြောင်း ပြော တော့ ဆရာနိုင်ဝင်းဆွေက လောလောဆယ် သူ့ရဲ့ဘယ်စာအုပ်ကိုမှ ထုတ်ဝေလိုစိတ်မရှိသေးဘူးလို့ ရဲဘော် တိုက်မောင်းရဲ့ ဆန္ဒကို ငြင်းဆန်လိုက်တော့ မျှော်လင့်ချက်မဲ့စွာနဲ့ အောင်မြင်စွာပဲ ဆုပ်ခွာခဲ့ကြရတယ်ပေါ့။ ဆရာ နိုင်ဝင်းဆွေကို နှုတ်ဆက်ပြီး အိမ်ပေါ်က အဆင်းမှာ ခြေရင်းဖက်မျက်နှာစာက မြေကွက်လပ်ကို ကြည့်မိတယ်။ အိမ်ခြံဝန်းနဲ့ ထိဆပ်နေတဲ့ လမ်းကျဉ်းလေး ကိုရောက်တော့ ဆရာနိုင်ဝင်းဆွေရဲ့ကျမ္မာရေးနဲ့ပတ်သက်ပြီး ရဲဘော်တိုက်မောင်းက ကျနော့်အမြင်ကိုမေးတော့ အဖြေက ချို့ယွင်းချက် မရှိဘူးပေါ့။ ဒါကို ရဲဘော်တိုက်မောင်းကလဲ လက်ခံသဘောတူခဲ့ကြတယ်။

လမ်းကျဉ်းလေးအတိုင်း အနီးငယ် လျှောက်လာပြီး အိမ်ခြံဝန်းထဲက မြေကွက်လပ်ကလေးကိုမကြည့်ပဲ မနေနိုင်လို့ ပြန်လည့် ကြည့်မိတော့ ....

"ဝေသည် ခုန်ဆွ ခုန်ဆွလုပ်ပြီး ချောက်လှန့်သည်။ ဝေ၏ ဆံပင်များသည် ကျောပြင်၌ လှုပ်ယမ်းနေ၏။ ဝေသည် ထမီကို ခြေသလုံးသားပေါ် တင်းတင်းကျစ်ကျစ် ဝတ်ထားသည်။ ခြေသလုံးသား ဖွေးဖွေး၊ ခါး သိမ်သိမ် ကိုယ်လုံးကိုယ်ပေါက် ကျစ် ကျစ်၊ သူ့မျက်နှာပေါ်၌ ပန်းပွင့်သလို လန်းနေသော အပြုံးအားလုံးတို့သည် လရောင်ထဲ၌ ပို၍လှပနုစိုနေလျက်။ သုတ်ကနဲ ထ ပျံလိုက်သည့် ငှက်ကလေးကဲ့သို့ ဝေသည် စည်းကို ဖျတ်ကနဲခုန်ကူးလိုက်၏။ လွတ်မြောက်လာသဖြင့် ဝေသည် လက်ခုပ် လက်ဝါးတီးကာ အားရ ဝမ်းသာဖြင့် အတားအဆီးမဲ့ ရယ်လိုက်လေသည်။" နွေတည -အပိုင်း (၆) မှ

မခင်ဝေနှင့် ခလေးများ ပြေးလွှား ဆော့ကစားနေတာကို မြင်ယောင်မိရင်း .....

ဘူတာကလေးမှ ဖြေးဖြေးလေးလေး ရွေ့ ရှား ခုတ်မောင်းနေတဲ့ ရထားကြီးလို ကျနော်တို့ဟာ မှော်ဝင်နေတဲ့ အိမ် (သို့) မာ နယ်ပလောက နွေတညနဲ့ တဖြေးဖြေး ဝေးကွာသွားခဲ့ပါတော့တယ်။

ငြိမ်းစု
2:07 AM
Wednesday, April 18, 2018

Comments