ဒီလူည ● ဆင်ရုပ်ပုံရေးဆွဲသူ

ဒီလူည ● ဆင်ရုပ်ပုံရေးဆွဲသူ
(မိုးမခ) ဇူလိုင် ၁၀၊ ၂၀၁၈

ခု ပြောမယ့်အကြောင်းက ကျနော့်အကြောင်းမဟုတ်ဘူး။ ကျနော့်သူငယ်ချင်း တယောက်ရဲ့ကြောင်း။ ဒီဇာတ်လမ်းမှာ ကျ နော်က တထောင့်တနေရာက ပါဝင်ခဲ့ရုံလောက်ပါပဲ။ ဒီထက်လည်း မပိုခဲ့ပါဘူး။ ပိုပြီးပါဝင်ဖို့လည်း မဖြစ်နိုင်တဲ့ အနေအထား မျိုးပါ။

ကျနော့်သူငယ်ချင်းရဲ့ နာမည်က မြင့်သူအောင်။ ကြီးကျယ်မြင့်မြတ်တဲ့သူတယောက်အဖြစ် အောင်မြင်ဖြစ်ထွန်းလာစေဖို့ ရည်ရွယ်ပြီး သူ့ရဲ့မိဘတွေက သူ့ကို အဲ့ဒီနာမည်ပေးခဲ့တာလို့ ကျနော့်ကို ပြောပြဖူးတယ်။ နာမည်နဲ့ပတ်သက်ပြီး ဒီလိုမှတ်ချက် မျိုးကိုလည်း မကြိုက်ကြောင်း ကျနော့်ကို သူပြောပြခဲ့ဖူးပါတယ်။ ဒါဟာ ကျနော်တို့ပတ်ဝန်းကျင်မှာ ပြောလေ့ပြောထများတဲ့ စကားတခုလိုတော့ ဖြစ်နေမလား မသိဘူး။ "ပညတ်သွားရာ ဓါတ်သက်ပါ" ဆိုတာမျိုးလေ။ ဒီစကားရဲ့အဓိပ္ပါယ်ကို ခရေစေ့ တွင်းကျ ဖွင့်ဆိုပြဖို့လောက်ထိတော့ ကျနော် မတတ်နိုင်ဘူး။ ဒါပေမယ့် ရိပ်ဖမ်းသံဖမ်းလောက်တော့ နားလည်မယ်လို့လည်း ထင်ပါတယ်။ ညီအစ်ကို မသိတသိအချိန်မျိုးလောက်မှာ သွားဟန် လာဟန် ကိုယ်လက်လှုပ်ရှားပုံကိုကြည့်ပြီး ငါ့အသိမိတ်တွေ များဖြစ်နေမလားဆိုတဲ့ အခြေအနေမျိုးလိုပေါ့။ ဆင်းရဲလွန်းတဲ့ဘဝမှာ မွေးလာတဲ့သားလေးကို ခုလိုမျိုးဘဝနဲ့ ဆင်းဆင်းရဲရဲ မနေရအောင် နာမည်ကို ချမ်းသာကြီး ဆိုပြီး မှည့်ပေးတဲ့ မိဘကို ကျနော် တွေ့ခဲ့ဖူးတယ်။ ဒါပေမယ့် အဲ့ဒီကလေးက အလုပ်ကို လက်ကြောတင်းအောင်မလုပ်ဘဲ ပျင်းရိတတ်လွန်းသူတယောက်သာ ဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ။ နာမည်က မောင်လူအေး ဆိုပေမယ့် လူက နိစ္စဓူဝ ပူလောင်စွာနဲ့ ဘဝကို ရုန်းကန်ရှင်သန်နေရရင် ဘယ်လိုဖြစ်မလဲ။ မိဘဆိုတာမျိုးကတော့ ကိုယ့်သား သမီးကို အကောင်းဆုံး အမြင့်ဆုံးဆိုတာတွေမှာ ထားချင်၊ တွေ့ချင်၊ ရှိစေချင်ကြပါတယ်။ ဒါ့ကြောင့်လည်း ခုလို နာမည်မျိုးတွေ ပေးခဲ့ကြတာ မဟုတ်လား။ အဲ့သလို အကျိုးမျှော် မေတ္တာတရားတွေကနေစပြီးများ ဒီပညတ်သွားရာ ဓါတ်သက်ပါဆိုတာဟာ စတင်ခဲ့လေသလားလို့တောင် တခါတလေ ကျနော် အတွေးခေါင်ခဲ့ဖူးပါတယ်။

"ယုံကြည်မှုဆိုတာထက် အစွဲအလန်းလို့ပြောရမယ်။ ဒါပေမယ့် ဒီအစွဲအလန်းဟာ လုံးဝမှားယွင်းနေတယ်လို့လည်း ယတိ ပြတ်ပြောလို့ရနိုင်တဲ့ အနေအထားတော့ မဟုတ်ဘူး" လို့ နာမည်တခုပေါ်မှာ စွဲလန်းမှုနဲ့ပတ်သက်ပြီး သူ့ရဲ့ ထင်မြင်ချက် တချို့ကိုပါ ကျနော် ကြားခဲ့ရပါတယ်။ "မှန်တယ် မှားတယ်ဆိုတာထက် ကိုယ့်ရဲ့လက်ခံမှုနဲ့ စဉ်းစားဆင်ခြင်မှုကပဲ ခရာကျပါ တယ်ကွာ" တဲ့။

မြင့်သူအောင် သနပ်ပင်ကိုပြောင်းလာတာက ၁၉၉၇ ခုနစ်က။ ကျနော်တို့ ရှစ်တန်းနှစ်ပေါ့။ (သူ့အဖေတာဝန်ကျရာကို ပြောင်းလာရင်း သူလည်း သနပ်ပင်ကို ရောက်လာခဲ့တာ။) တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။ အဲ့ဒီနှစ် စက်တင်ဘာလမှာ သနပ်ပင်နဲ့ အနီးတဝိုက်ကျေးရွာတွေမှာ ရေလွှမ်းမိုးမှုနဲ့ ကြုံရတယ်။ ပျက်စီးဆုံးရှုံးမှုတွေလည်း အတော်ကလေးများတယ်။ တခါမှ ခု လောက် ရေကြီးမှုမျိုးမကြုံခဲ့ဖူးဘူးလို့ မိဘတွေပြောကြတာကိုလည်း ကြားခဲ့ရတယ်။ သနပ်ပင်မြို့ထဲ နေရာတချို့ရဲ့ ကတ္တရာ လမ်းတွေပေါ်မှာတောင် ရေတွေကစီးနေတာ။ ရေကြီးမယ့်ညမှာတော့ လိုက်ပြီးကြေညာသံကို ကြားလိုက်ရတယ်။ သူတို့ ကြေညာပြီးမကြာဘူး။ ရေတွေက တရိပ်ရိပ်နဲ့ တက်လာတော့တာပဲ။ ညဘက်ကြီးဆိုတော့ ခြေတံရှည်အိမ်တွေက သိပ်ပြီး မစိုးရိမ်ရပေမယ့် နိမ့်တဲ့အိမ်တွေကတော့ ရွေ့ကြ ပြောင်းကြပေါ့။ ကျနော်တို့နေတဲ့ရပ်ကွက်မှာတော့ ရေတွေက အရှိန်ပြင်း ပြင်းနဲ့ တွေ့သမျှလှဲဖြိုနေတာမျိုးတော့ မဟုတ်ဘူး။ သနပ်ပင်မြို့အနေနဲ့ ပျက်စီးမှုတွေ ရွေ့ပြောင်းမှုတွေရှိခဲ့ပေမယ့် သနပ်ပင် မြို့ရဲ့ အနီးပတ်ဝန်းကျင်မှာရှိတဲ့ အချို့သောကျေးရွာတွေကတော့ ရေကြီးမှုရဲ့ ဆိုးရွားလွန်းတဲ့ဒဏ်ကို အတော်ကလေး ခံခဲ့ကြ ရတယ်။ အဲ့ဒီအချိန်တုန်းက ဆက်သွယ်ရေးနည်းပညာကလည်း ခုလောက်ထိမတိုးတက်သေးဘူး။ ဖေ့ဘွတ်ခ်တို့ ဗိုင်ဘာ တို့ ဂျီမေးလ်တို့ဆိုတာတွေကလည်း လူမသိ သူမသိ အနေအထား။ ပြီးတော့ သတင်းရဲ့လျင်မြန်မှုကလည်း မရှိသေးဘူး။ သနပ်ပင်မြို့မှာတော့ ရေဘေးဒဏ်ခံစားရတဲ့ မိသားစုတွေဟာ ဒက္ခိဏသာခါ ရုပ်ရှင်တော်မြတ်ကြီးနဲ့ ဆုတောင်းပြည့် အောင် ချမ်းသာ ဘုရားကြီးတွေမှာ နေကြရတယ်။ သနပ်ပင်ချောင်း (ပဲခူးစစ်တောင်းတူးမြောင်း) ကိုဖြတ်ပြီးဆောက်ထားတဲ့ ဈေးတံ တားနားမှာ ချောင်းထဲမျောပါလာတဲ့ လူသေအလောင်းတွေ တိရစ္ဆာန်အသေတွေ အိုးအိမ်အပျက်အစီးတွေကို လာကြည့်ကြ တဲ့ သူတွေနဲ့ စည်ကားခဲ့သေးတယ်။ အဲ့ဒီရေကြီးမှုနဲ့အတူ ပါလာတဲ့သတင်းစကားတွေကလည်း တခုပြီးတခု။ တဆင့်စကား တဆင့်ကြားရတာမျိုးပေါ့။ အိမ်ပေါ်မှာအိပ်နေရင်း မြွေကိုက်လို့ သေဆုံးသွားတယ် ဆိုတာမျိုး။ ပြီးတော့ ချောင်းထဲမျောပါလာတဲ့ လူသေအလောင်းတွေဆီက (လှေနဲ့ဖြစ်ဖြစ် ရေကူးပြီးဖြစ်ဖြစ်) လက်စွပ် လက်ကောက် စတဲ့ ရွှေငွေ လက်ဝတ်လက်စားတွေ ကို လိုက်ဖြုတ်ယူကြတယ်ဆိုတဲ့သတင်းမျိုးတွေလည်း ကြားရတယ်။ ဒါတွေဟာ တကယ်လား ကောလဟာလတွေလား ဆိုတာတော့ ကျနော်တို့ မသိခဲ့ဘူး။ သတင်းရဲ့ အရင်းအမြစ်တွေကို ဂဃနဏသိဖို့ စဉ်းစားကြည့်ဖို့ ကျနော့်ဦးနှောက်ကို သိပ်ပြီး အသုံးမပြုနိုင်သေးတာလည်း ပါပါလိမ့်မယ်။ ကြားရတဲ့ စကားကိုပဲ သတင်းအဖြစ်သိနေရတာ။ နောက်ပြီး ကျနော်တို့ ပတ်ဝန်းကျင်မှာလည်း နိုင်ငံပိုင်သတင်းစာယူတဲ့အိမ်က အတော်ရှားတယ်။ ကျနော်တို့ကလည်း သတင်းစာဖတ်ချင်တဲ့ စိတ် မျိုး မရှိကြဘူး။ ဒါပေမယ့် ကိုယ့်မြို့နဲ့ဆိုင်တဲ့သတင်းကိုတော့ စိတ်ဝင်စားတာပေါ့။ ဒီလောက်ရေကြီးမှုဖြစ်တော့ ပျက်စီး ဆုံး ရှုံးမှုတွေ အသေအပျောက်စာရင်းတွေ ရေဘေးဒဏ်ခံစားနေရသူတွေ စတဲ့သတင်းတွေကို နိုင်ငံပိုင်သတင်းစာတို့ ရုပ်သံ လိုင်းတို့မှာ ပါလာမယ်လို့ထင်ခဲ့ပေမယ့် တကယ့်လက်တွေ့မှာတော့ ပါမလာခဲ့ဘူး။ လုံးဝကို သတင်းအမှောင်ချခဲ့တယ်။ နောက်တော့ ကြားလာရတာက ပဂိုင်တာကျိုးလို့ ရေးကြီးတာဆိုပြီး အသံထွက်လာပေမယ့် ပြည်သူကိုအသိမပေးဘဲ ပဂိုင် တာချိုးလိုက်တာဆိုတဲ့ အသံသဲ့သဲ့ကိုလည်း ကြားခဲ့ရပါတယ်။ (ချိုးတာလား ကျိုးတာလားဆိုတာကတော့ ကျနော်တို့အနေ နဲ့ မဆုံးဖြတ်နိုင်ဘူး။ ကာယကံရှင်တွေပဲ ပြောဆိုနိုင်မယ့်ကိစ္စပါ။ ပြီးတော့ ကျနော်တို့သိထားတဲ့ ပဂိုင်တာဆိုတာ တကယ် တော့ မိုးယွန်းကြီးအင်း တာတမံကိုခေါ်တာပါ။ ပဂိုင်တာကျိုး ပဲခူးရေလျှံဆိုတဲ့စကားလည်း ရှိခဲ့ပါတယ်။') သတင်းအမှန်ကို တရားဝင်ပြောကြားတဲ့ခေတ်တော့ မဟုတ်ဘူး။ ဒီလိုပဲ တဆင့်စကားတဆင့်ကြားပြီး သတင်းဖြစ်နေရတဲ့ အခြေအနေပေါ့။ ကျနော်တို့ သနပ်ပင်မှာတောင် ရေဟာ အတော်ကလေးကြီးတာ မိသားစုရွေ့ပြောင်းမှုတွေများတာဆိုတော့ အထူးသဖြင့် မိုးယွန်းကြီးအင်းနားက ရွာတွေကတော့ ဆိုဖွယ်ရာမရှိပေါ့။ (ဝေါဘက်မှာ ရေကျဖို့ တလလောက်ကြာခဲ့တယ်လို့လည်း သိခဲ့ရ ပါတယ်။) သနပ်ပင်နဲ့ဝေါကြားက ကျေးရွာတွေမှာလည်း ပျက်စီးဆုံးရှုံးမှုတွေကလည်း နည်းမှာမဟုတ်ဘူးဆိုတာ သိလောက် ပါတယ်။ ပြီးတော့ နိုင်ငံပိုင်သတင်းတွေမှာ မပါခဲ့တဲ့ ရေကြီးမှုသတင်းဟာ ဂြိုလ်တုသတင်းမှာပါလာခဲ့တယ်လို့လည်း ကြားမိ ခဲ့တယ်။ အစိုးရရဲ့ ပြန်လည်ထူထောင်ရေးတို့ ပရဟိတအသင်းအဖွဲ့တွေကလည်း ခုလောက် များများစားစားလည်း မရှိတဲ့ ကာလဆိုတော့ ရေလွှမ်းမိုးခံရတဲ့ ကျေးရွာတွေကတော့ မိုးပြိုတာထက်ဆိုးမယ့်အနေအထားပါ။

ဒါပေမယ့် ကျနော်တို့အတွက်ကတော့ ပျော်စရာကာလတခုလို ဖြစ်ခဲ့ပါတယ်။ ရေကြီးတော့ ကျောင်းတွေပိတ်ရတယ်။ ကျောင်းတက်ပျင်းတဲ့ ကျနော့်အတွက် အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားပေါ့။ ကျနော့်တို့ခြံထဲမှာက ရေကူးလို့ရတဲ့အထိ ရေကကြီးနေတာ။ မိဘတွေကတော့ စားဝတ်နေရေးအတွက် ခေါင်းခြောက်စရာကာလပေါ့။ အပိုအလျှံ စုမိဆောင်းမိတဲ့ သူတွေမှ မဟုတ်ကြတာ။ ပြီးတော့ ရေဘေးခံစားရတဲ့ သူတွေကလည်း လှူသမျှနဲ့ လောက်ငအောင် စားသောက်နေကြရတယ်။ သူ့အပူ ကိုယ့်အပူ တွေ ပြည့်နေတဲ့ အနေအထား။ ဒါပေမယ့်လည်း အဲ့သလိုအပူတွေက ကျနော်တို့ဆီ ကူးမလာခဲ့ကြဘူး။ အရင်ကဆို ရေချိုးဖို့ကို မိဘတွေက အာပေါက်အောင် ပြောရပေမယ့် ခုတော့ ရေချိုးဖို့ ပြောစရာမလိုအောင် ရေချိုးချိန်က မှန်လာတယ်။ တနေ့ကို ရေတခါချိုးဖို့ တွန့်နေတဲ့ကောင်က ခုတော့ မနက်တခါ ညနေတခါ ရေချိုးဖြစ်နေပြီ။ ဒါတောင် မိဘတွေက တားလို့။ နို့မဟုတ်ရင် တနေကုန် ရေချိုးနေကြမှာ။ ဘာလို့ ဒီလောက်ရေချိုးချင်ကြတာလဲဆိုတဲ့ အကြောင်းရင်း တွေကလည်း ရှိတာကိုး။ ရေချိုးချိန်ရောက်ပြီဆို ကျနော့်တို့ခြံထဲမှာ လူစုံတယ်။ မြင့်သူအောင်ရော ကျန်တဲ့ သူငယ်ချင်းတွေ ရော ရေလာကူးကြတယ်။ ရေမကူးတတ်တဲ့သူတွေကလည်း ငှက်ပျောတုံးတွေဖက်ပြီး ကူးကြတယ်။ တချို့ကလည်း လေ ထိုး ကျွတ်ဖာဆိုင်တွေက ကျွတ်ငှားပြီး ကူးကြတယ်။ ကုန်းမြေပေါ်မှာပဲကစားရတဲ့ ကျနော်တို့အတွက် ရေထဲမှာ ကစားရ တာက အသစ်အဆန်းတခုလိုဖြစ်သလို ပိုပြီးလည်း ပျော်စရာကောင်းနေတယ်။ တခါတလေ ရေလည်းကူး ကစားလည်း ကစားတတ်လွန်းလို့ ကျနော်တို့ အိမ်ပေါ်ရောက်ပြီဆို မူးပြီးပေါ်လာတတ်တဲ့ ငါးခူတကောင် နှစ်ကောင်လောက်ကို အိမ်က လူကြီးတွေ အလွယ်တကူဖမ်းလို့ရတတ်ကြတယ်။ ကျနော်ကတော့ ရေးကစားပြီးလို့ အိမ်ပေါ်ရောက်ပြီဆို နောက်ထပ်အလုပ် တခုကို ဆက်လုပ်တယ်။ အဲ့ဒါကတော့ ငါးမျှားတာပဲ။ အိမ်ပေါ်ကနေ ငါးမျှားချိတ်မှာ ထမင်းလုံးတတ်ပြီး ငါးစင်ရိုင်း မျှားတယ်။ ရေကြီးတဲ့ ကာလတလျှောက်လုံး ရေထဲမှာ အနေများပေမယ့် ဖျားနာတာမျိုးတော့ မရှိကြဘူး။ ဒါပေမယ့် ရေလည်း ကျရော တအိမ်ပြီး တအိမ် ဖျားကြတော့တာပဲ။

မြင့်သူအောင်နဲ့ ကျနော်က အိမ်နီးနားချင်းတွေဖြစ်သလို ကျောင်းမှာလည်း သူနဲ့ကျနော်က တခုံတည်းထိုင်တာ။ (သတ်မှတ် ထားတာ ခြောက်ပေဆိုပေမယ့်  ကျနော်တို့က ခြောက်ပေမရှိတဲ့ခုံမှာ လေးယောက်ထိုင်ကြတာ။) ဒီတော့ သွားအတူ လာ အတူ ဆိုးတူကောင်းဘက်တွေ ဖြစ်လာတယ်။ တရက်ပေါ့။ အခန်းထဲက မိန်းကလေးတချို့ကို ကြည့်မရလို့ ကျနော်တို့ နောက်ဆုံးနှစ်တန်းက ယောကျာ်းလေးတွေစုပြီး ညနေကျောင်းလွှတ်လို့ အတန်းထဲလူကုန်ပြီဆိုတဲ့အချိန်မှ မိန်းကလေးတွေ ထိုင်တဲ့ ထိုင်ခုံတွေမှာ ခွေးလှေးယားသီးတွေသုတ်ကြတယ်။ ဆရာမရိပ်မိမှာစိုးလို့ ယောက်ျားလေးထိုင်ခုံ တချို့ရော ဆရာမ ထိုင်ခုံက ခြေထောက်တင်တဲ့တန်းကိုပါ သုတ်လိုက်ကြတယ်။ နောက်နေ့ရောက်တော့ ထိုင်ခုံမှာထိုင်ပြီး မကြာမီ ဟိုလှုပ် ဒီလှုပ်ဖြစ်လာတဲ့ မိန်းကလေးတချို့ကို ကြည့်ပြီးကျနော်တို့ ကျိတ်ပျော်ခဲ့ကြတယ်။( ကျနော်တို့ ကြည့်မရတဲ့ မိန်းကလေးတချို့ကတော့ ခွေးလှေးယားသီး ဒဏ်ကို အတော်ကလေး ခံလိုက်ရတယ်။ ) အခန်းတံခါးတွေကလည်း မလုံ၊ ပြီးတော့ ယောကျာ်းလေးအတန်းတွေရော မိန်းကလေးအတန်းတွေပါ ဆိုတော့ ဆရာမရဲ့ သံသယတွေက ကျနော်တို့ဆီ ရောက်မလာတော့ဘူးလေ။ ခုံတွေကို ရေဆေးတော့လည်း ကျနော်တို့တွေ အားသွန်ခွန်စိုက် လုပ်ပေးကြတယ်။ အဲ့ဒီနေ့ကတော့ စာသင်ချိန် နှစ်ချိန်လောက် ခုံဆေးတာနဲ့ ကုန်သွားတယ်။ စာမရတဲ့ ကောင်တွေကတော့ ကျနော်တို့ကို ကျေးဇူးတောင် တင်နေဦးမှာပါ။

ခုလို ခွေးလှေးယားသီး သုတ်မယ့်ကိစ္စကို စပြီးတိုင်ပင်ကြတုန်းကဆို မြင့်သူအောင်က အဲ့လိုလုပ်တာတော့ မကောင်းပါဘူးကွာ ဆိုပြီး ကျနော်တို့နားလည်တာရော နားမလည်တာရော စတဲ့ စကားတွေနဲ့ တားသေးတယ်။ ဒါပေမယ့် သူဘယ်လောက်ဘဲတားတား နောက်ဆုံးတော့ ကျနော်နဲ့ ကျန်တဲ့သူငယ်ချင်းတွေရဲ့ ဆန္ဒကို လိုက်လျောခဲ့ရတယ်။ ခွေးလှေးယားသီးသုတ်ပြီး တော့မှ မြင့်သူအောင်က ဒီကိစ္စကို အတန်းပိုင်ဆရာမ ဆီမှာ သွားပြီးတော့ ဝန်ခံမယ် လုပ်ရော။ ဒီတော့ ကျနော်တို့တွေလည်း အတော်လေး ပျာလျာခတ် သွားရတယ်။ ဒီကောင့်ကိုလည်း အတော်လေး နားချလိုက်ရတယ်။ အဲ့ဒီရက်ပိုင်းအတွင်း ဒီကောင့်ကို အမြဲစောင့်ကြည့်နေကြရတယ်။ မတော်လို့ ဒီကောင်က စိတ်ကူးပေါက် ဆရာမဆီ သွားပြီးဝန်ခံတာက သူ့အတွက် သိပ်ပြီးပြဿ     နာမရှိဘူး။ သူ့ကိုလည်း လိမ္မာတဲ့ ကျောင်းသားတယောက်အဖြစ် ဆရာ/ဆရာမ တွေက သိထားတာ။ ဒါပေမယ့် ကျနော်တို့ကတော့ အဲ့လိုမဟုတ်ဘူး။ မြင့်သူအောင်ကလွဲလို့ ကျနော်အပါအဝင် ကျန်တဲ့သူငယ်ချင်းတစုက လူဆိုးစာရင်းနားတိုးနေတဲ့ ကောင်တွေ။ ဒီကိစ္စသာ ကျနော်တို့လုပ်မှန်း ဆရာမ သိသွားရင် သေချာတယ်။ ကျနော်တို့ကို ကျောင်းအုပ်ဆရာကြီး ရုံးခန်းကိုပို့မှာ။ အဲ့ဒီမှာတင် ကျောင်းအုပ်ကြီးက ကြိမ်လုံးနဲ့ ရိုက်ပြီး ဆုံးမလို့ ပြီးသွားရင်တော့ ကောင်းတာပေါ့။ အဲ့လိုမဟုတ်ဘဲ ကျနော်တို့မိဘတွေခေါ်လိုက်ရင် ပြဿ     နာက ပြီးမှာ မဟုတ်တော့ဘူး။ ကျောင်းမှာတင် မဟုတ် အိမ်မှာပါ အတီးခံရတော့မှာ။ ပြီးတော့ ဒီကိစ္စကို ကျနော်တို့လုပ်မှန်း အတန်းထဲ မိန်းကလေးတွေပါ သိသွားရင် ကျနော်တို့ နေ့စဉ် ရင်ဆိုင်ရတော့မှာ။ နောက်ပြီးတော့ ကျနော်တို့ ဆရာမ မသိအောင်လုပ်သမျှတွေ ကို သူတို့ တိုင်ကြတော့မှာ မဟုတ်လား။ ပြဿ     နာက ပိုပြီးကြီးထွားလာဖို့ပဲရှိတာ။ ဒါ့ကြောင့် မြင့်သူအောင်ကို မျက်စိအောက်က အပျောက်မခံအောင် ကျနော်တို့တွေ ဂရုစိုက်ကြ ဖြောင်းဖျကြ လုပ်ရတာပေါ့။ ဘာပဲဖြစ်ဖြစ် အဲ့ဒီကိစ္စမပေါက်ကြားခဲ့တာကတော့ ကျနော်တို့ အောင်မြင်မှုလို့ပဲ ပြောရမလား မသိဘူး။

အဲ့လိုနဲ့ပဲ ကျနော်တို့ ရှစ်တန်းစာမေးပွဲ ဖြေပြီးလို့ နွေရာသီ ကျောင်းပိတ်ရက်မှာ မြင့်သူအောင်နဲ့ ပတ်သက်ပြီး (ကျနော့်အတွက်)အံ့သြစေမယ့် အကြောင်းအရာ တခုကို ကြုံခဲ့ရတယ်။ အဲ့ဒီနေ့က ဟိန္ဒူဘာသာဝင်လူမျိုးတွေရဲ့ မီးနင်းပွဲ ကျင်းပတဲ့နေ့။ မီးနင်းမယ့် သူတွေဟာ မြို့ထဲကို လှည့်လည်ကြတယ်။ အတီးအမှုတ်တွေလည်းပါတယ်။ လျှာကို အပ်နဲ့ဖောက်ထားတာတို့ ၊ ကျောမှာ ချိတ်နဲ့ အသားကိုချိတ်ပြီး အုန်းသီးတွေဆွဲတာတို့ စသဖြင့်ပေါ့။ အဲ့ဒီ လှည့်လည်ပွဲကို သွားကြည့်ဖို့ သူ့ကို ကျနော် သွားခေါ်တာ။ အရင်ကဆို ခြံချင်းကပ်ရပ်ဆိုတော့ လှမ်းခေါ်လိုက်တာပဲ။ အုတ်တံတိုင်းတွေနဲ့ ခြံဝင်းတွေခတ်ထားကြတာမှ မဟုတ်တာ။ ကိုယ့်ခြံ ကိုယ့်နယ်နိမိတ်ဆိုတဲ့ သဘောမျိုးလောက် သစ်ပင်လေးတွေ စိုက်ထားကြတာ။ တချို့နေရာတွေဆို ဝါးလုံးခြမ်းပြီး ကာထားရုံလောက်ဆိုတော့ တဖက်က အော်ခေါ်လိုက်ရင် မကြားစရာမရှိ။ ဒါပေမယ့် အဲ့ဒီနေ့ကတော့ ကျနော် မအော်ခေါ်ဘဲ မြင့်သူအောင်တို့ အိမ်ကို သွားလိုက်တာ။ အဲ့တော့မှ မြင့်သူအောင် ပုံဆွဲတတ်မှန်း ကျနော်သိလိုက်ရတာ။ ဒီကောင် ပုံဆွဲတာကို ပထမဆုံး မြင်ဖူးမိတာပေါ့။ ဒီအထိက ဘာမှ အံ့သြစရာမပါဘူး။ လူတယောက် ပုံဆွဲနေတာဟာ အံ့သြစရာမှမဟုတ်တာ။ ဘယ်သူမှလည်း ဒါဟာ အံ့သြစရာတခုလို့ ပြောမှာမဟုတ်ဘူး။ ဒါပေမယ့် သူဆွဲထားတဲ့ ရုပ်ပုံတွေကို ကြည့်လိုက်မိရင်တော့ အံ့သြလာမှာပါ။ ဒါမှမဟုတ် မေးခွန်းတခုတော့ မေးချင်စိတ် ဖြစ်ပေါ်လာမှာတော့ သေချာပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူကဆင်တကောင်ရဲ့ ပုံကိုဆွဲတာ။ တပုံတည်းမဟုတ်ဘူး။ ဗလာစာအုပ်နဲ့ ဆွဲထားတာ ငါးအုပ်လောက်ရှိတယ်။ ဒါတောင် စာအုပ်တချို့က ပြောင်းရရွေ့ရလို့ ပျောက်သွားသေးတာတဲ့။ ဒီတော့ ကျနော် အံ့သြမိတော့တာပေါ့။ ဆင်တကောင်ရဲ့ ဦးခေါင်းဟန်အမျိုးမျိုး၊ ကိုယ်ခန္ဓာ လှုပ်ရှားပုံ အမျိုးမျိုး စသဖြင့် ဆင်တကောင်ရဲ့ အစိတ်အပိုင်းတခုစီကို ပုံစံအမျိုးမျိုးဆွဲထားတာ။ ပြီးတော့ ဆင်တကောင်လုံးရဲ့ ဟန်ပန်မျိုးစုံကိုလည်း ဆွဲထားတယ်။ သူဆွဲထားတဲ့ စာအုပ်တွေထဲမှာ ဆင်တကောင်နဲ့ ပတ်သက်တဲ့ပုံကလွဲလို ကျန်တာ ဘာပုံမှ မရှိဘူး။ ကျနော် သူဆွဲထားတဲ့ ဆင်ရုပ်ပုံတွေကို ကြည့်ပြီး သတိထားမိတာတခုက သူ့ရဲ့ ဆင်ရုပ်ပုံတွေဟာ တဖြည်းဖြည်းနဲ့ ပိုပြီးအသက်ဝင်လာတာပဲ။ တချို့ဆို ခဲမှုန်တွေနဲ့ ဆွဲထားတာ အတော်ကလေးကို လက်ရာမြောက်တယ်။ တကယ့် ဆင်တကောင်လားလို့ ထင်မိလောက်အောင် ရုပ်လုံးကြွ လွန်းနေတယ်။ "မင်းဘာလို့ ဆင်ပုံတွေပဲ ဆွဲတာလဲ"လို့ ကျနော်မေးတော့ "ဆွဲချင်လို့" လို့မဆိုင်းမတွ ပြောတယ်။ ပြီးတော့ "ဘာလို့ ဆင်ပုံတွေချည်းပဲ ဆွဲတာဖြစ်တာလဲ ဆိုတာတော့ ငါလည်း မသိဘူး။ တခုတော့ရှိတယ်။ ငါစိတ်ထဲမှာ ဆင်ပုံကလွဲပြီး တခြားဘာပုံမှ ဆွဲချင်စိတ်မရှိတာပဲ။ ဆင်ဟာ ငါ့အတွက် စိတ်ဝင်စားစရာ သတ္တဝါတကောင် ဖြစ်နေတယ်နဲ့တူတယ်"လို့ ဆက်ပြောတယ်။ ကျနော်တို့ နှစ်ယောက်ကြားမှာ ခဏတော့ တိတ်ဆိတ်သွားတယ်။ မြင့်သူအောင်ကတော့ ခုပဲ သူဆွဲပြီးတဲ့ ဆင်ပုံကို အနီးကပ်ကြည့်လိုက် လက်တကမ်းလောက်ကနေ ထောင်ကြည့်လိုက်နဲ့ ။ အဲ့ဒီအချိန်မှာပဲ မီးနင်းပွဲရဲ့ လှည့်လာတဲ့ အတီးအမှုတ်သံတွေကို ကြားလိုက်ရတယ်။ ဒီတော့ သူ့ဆီ ကျနော်ရောက်လာတဲ့ အကြောင်းအရင်းကို ရိပ်မိသွားပုံရတယ်။ "ဘာလဲ ဗမာမီးနင်းပွဲ သွားကြည့်မလို့ လာခေါ်တာလား"လို့ မေးတယ်။ "ဟုတ်တယ်။ မီးနင်းပွဲသွားကြည့်မလို့ မင်းကို လာခေါ်တာ"လို့ ပြောလိုက်တယ်။ မြင့်သူအောင်ကတော့ ဘာမှ ထပ်မပြောဘူး။ သူပြောတာလည်း မှန်သင့်သလောက်မှန်တယ်။ ကျနော်တို့မြို့နယ်မှာက ဟိန္ဒူဘာသာဝင်တွေရဲ့ မီးနင်းပွဲဆို ဗမာတွေကိုလည်း တွေ့ရတယ်။ (မြင့်သူအောင်ကတော့ သူ့အဖေတာဝန်ကျရာမြို့တွေမှာ လိုက်ပြီးနေရတော့ သူ တွေ့ခဲ့ မြင်ခဲ့ ကြုံခဲ့ရတာတွေကို ကောက်ချက်ချပြီးပြောတာဖြစ်ပါလိမ့်မယ်။ )

ဟိန္ဒူဘာသာဝင်တွေရဲ့ မီးနင်းပွဲတော်မှာ ဗမာလူမျိုးတွေရဲ့ ပါဝင်မှာဟာ တဖြည်းဖြည်း များလာသလားပဲ။ ( အတိအကျ စာရင်းဇယားနဲ့ လူဦးရေကို မှတ်သားထားတာ တော့ မရှိဘူးပေါ့။) ဒါဟာ မှန်လား မှားလား ယတိပြတ်ပြောလို့ ရပါ့မလား။တချို့တွေက ကျန်းမာရေးအတွက် အဓိဌာန်ပြီး နင်းကြတယ်။ တချို့ကလည်း ဟိန္ဒူမယ်တော်ကျောင်းမှာ သားသမီးရဖို့ ဆုတောင်းကြတယ်။ စသဖြင့် အဲ့လိုကိစ္စမျိုးတွေကို ကျနော်တို့နယ်မှာ ခပ်စိပ်စိပ်တွေ့ရတတ်ပါတယ်။ လူတယောက်ရဲ့ လွတ်လပ်ခွင့်ဆိုပေမယ့် ကိုယ် ကိုးကွယ်ရှိခိုးလာခဲ့တဲ့ ဘာသာတရားရဲ့ အဆုံးအမတွေကို ဒီထက်မက သိရှိဖို့ စဉ်းစားဆင်ခြင်တတ်ဖို့ လိုနေတယ်ဆိုတာတော့ အဲ့လို လူတွေကို ကြည့်ရင် သိနိုင်ပါတယ်။ မိရိုးဖလာကိုးကွယ် ယုံကြည်မှုကနေ ပိုပြီးနားလည်လာဖို့လည်း လိုပြီထင်ပါတယ်။ တနည်းအားဖြင့်တော့ ဒါဟာ ဟိန္ဒူလူမျိုးတွေရဲ့ ဘာသာရေးပွဲတော်ဖြစ်ပေမယ့် ခံယူချက်လျော့ရဲနေတဲ့ ဗမာလူမျိုးတွေ(အကျိုးမျှော် ကိုးကွယ်နေသူတွေ)အတွက်ကတော့ ယုံကြည်ကိုးကွယ်ပါတယ် ဆိုနဲ့ဘာသာတရားကို ဈေးဆစ်နေတာမဟုတ်လား။

"ငါမလိုက်တော့ဘူးကွာ။ မင်းဘာသာပဲ သွားကြည့်တော့"လို့ မြင့်သူအောင်က သူဆွဲပြီးတဲ့ ဆင်ပုံကို သေသေချာချာ ကြည့်ရင်းနဲ့ ပြောလိုက်တယ်။"ဟာ ! ဘာဖြစ်လို့လည်းဟ ၊ မင်းကလည်း"လို့ ကျနော် ပြန်ပြောတော့ ဒီကောင်း သူ့ဆင်ပုံ ကို အကြည့်မပျက်ဘဲ  ပြန်ပြောတယ်။"အဲ့ဒီ မီးနင်းပွဲမှာ ပါလာမယ့် ဗမာတွေကို ကြည့်ရတာထက် ဆင်ပုံတွေပဲ ဆက်ဆွဲနေတာက ပိုကောင်းမယ် ထင်လို့"တဲ့။ ကျနော်လည်း ထိုက်သင့်သလောက်တော့ နားလည်ပြီလေ။ ဒီကောင် ကျနော်ဘယ်လို ခေါ်ခေါ်လိုက်မှာမဟုတ်တော့ဘူးဆိုတာကို ပေါ့။ "ဒါဆိုလည်း ငါသွားကြည့်လိုက်ဦးမယ်"လို့ပြောပြီး ကျနော်ထွက်လာလိုက်တယ်။ မြင့်သူအောင်ကတော့ နောက်ထပ်ဆင်ပုံ တပုံကို ထပ်ပြီးဆွဲဖို့ ပြင်နေတော့တယ်။ သူပြောခဲ့သလိုပဲ။ မီးနင်းပွဲမှာ တကယ့်ကို သက်ဝင်ယုံကြည်နေတဲ့ ဟန်ပန်တွေနဲ့ ဗမာတချို့ကို တွေ့ခဲ့ရတယ်။ မြင့်သူအောင်လို  မတွေးတတ် မခံစားတတ်ပေမယ့် အဲ့ဒီမီးနင်းပွဲမှာ ပါလာတဲ့ ဗမာတွေကို ကြည့်ပြီး ကျနော် ရင်ထဲမှာလည်း တမျိုးကြီးဖြစ်ရတယ်။ ကိုယ့်ပိုင်ဆိုင်တဲ့ အရာတခုခု ရုတ်တရက် ရှာမတွေ့တော့သလိုမျိုးလေ။

ဘာပဲဖြစ်ဖြစ် အဲ့ဒီနောက်ပိုင်းမှာတော့ မြင့်သူအောင်ဆွဲတဲ့ ဆင်ပုံတွေကို ကျနော် တော်တော်များများကြည့်ဖြစ်ခဲ့တယ်။ ဒီကောင်ကလည်း သူဆွဲပြီးတဲ့ဆင်ပုံတိုင်း ကျနော်ကို ပြလေ့ရှိလာတယ်။ သူဟာ ဆင်ပုံတွေကို ရှုထောင့်အမျိုးမျိုးကနေ ပြောင်းပြီးဆွဲသလို ဆင်တကောင်ရဲ့ အစိတ်အပိုင်းတွေ လှုပ်ရှားဟန် အမျိုးမျိုးကိုလည်း ဆွဲနေတာတော့ ရပ်မသွားခဲ့ဘူး။ မပျင်းမရိနဲ့ ဆင်ပုံတွေချည်းပဲ ဆွဲနေတဲ့ သူ့ကို ကျနော် ပိုပိုပြီး အံ့သြလာမိတယ်။ သူ့အတွက်ကတော့ ဆင်ပုံတွေဆွဲနေတာဟာ ကျနော်တို့ နေ့စဉ် ထမင်းကို စားနေရသလိုများ ဖြစ်နေမလား မသိဘူး။ ဒါ့ကြောင့် "မင်း ဆင်ပုံတွေချည်း ဆွဲနေတာ မပျင်းဘူးလာ"လို့ ကျနော်မေးတော့ "မပျင်းဘူး"လို့ ပြန်ဖြေတယ်။ မဆိုင်းမတွ ပါပဲ။ ပြီးတော့ ဆင်ပုံဆွဲတာနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံစားချက်တွေကိုလည်း ကျနော့်ကို ပြောပြဖူးခဲ့တယ်။

"တကယ်တော့ သတ္တဝါတွေထဲမှာ သိပ်ပြီးသနားစရာ အကောင်းဆုံး သတ္တဝါလို့ ငါထင်တယ်။ ဆင်တွေလောက် သနားစရာအကောင်းဆုံး သတ္တဝါ ရှိပါ့မလားလို့တောင် တွေးမိတယ်။ မင်းစဉ်စားကြည့်လေ။ ရှေးခေတ် ဘုရင်တွေလက်ထက် ဆို ဆင်တွေစီးပြီး စီးချင်းထိုးကြတယ်။ ဆင်တွေကို သူတို့တိုက်ပွဲတွေမှာ သုံးတယ်။ ဟော ပြီးတော့ ဆင်ဖြူဆိုရင်လည်း သူ့ဖာသာ လွတ်လွတ်လပ်လပ်နဲ့ တောထဲမှာ မနေရဘူး။ ဆင်ဖြူဆို ဖမ်းပြီ။ သူတို့ ဘုန်တန်းခိုးကြောင့် ဆင်ဖြူပေါ်လာသလိုမျိုး ပြောတယ်။ သူတို့ ဘုန်းတန်ခိုးကြီးဖို့ ဆင်ဖြူဟာ သူ့ရဲ့ လွတ်လပ်ခွင့်ကို ဆုံးရှုံးရပြန်တယ်။ နောက်ပြီး လူသားတွေအတွက် လေးလံလွန်းတဲ့ သစ်တုံးတွေကို သယ်ကြရပြန်တယ်။ဟော ဆပ်ကပ်ပွဲတွေမှာ ဆိုလည်း လူသားတွေ ပျော်ရွှင်ဖို့ သူတို့ရဲ့ ကြီးမားတဲ့ ကိုယ်ခန္ဓာကြီးနဲ့ ဖျော်ဖြေတင်ဆက် ကြရတယ်။ နောက်ပြီးတော့ သူတို့ရဲ့ ခြေလက်တွေကို သံကြိုးတွေ ခတ်ထားကြပြန်တယ်။ အပြစ်ဒဏ်ကြီးတဲ့ အကျဉ်းသားတယောက်လိုမျိုးလေ။ ဒါ့ကြောင့် ဆင်တွေဟာ သနားစရာ အကောင်းဆုံး သတ္တဝါလို့ ငါပြောတာ။ တကယ်တော့ သူတို့ရဲ့ဘဝ သူတို့ရဲ့ ဖြစ်တည်ရှင်သန်နေမှုဟာ ငါတို့လို လူသားတွေ အတွက် အဖြည့်ခံသက်သက်လောက်ပဲ ရှိနေရတာ။"

"ဒါနဲ့ပဲ မင်းဆင်ပုံတွေ ဆွဲဖြစ်နေတာလား"

"မဟုတ်ဘူး" လို့ ကျနော်ရဲ့အမေးကို မြင့်သူအောင်က ပြန်ပြောတယ်။ "အဲ့ဒီခံစားချက်တွေက ဆင်ပုံတွေဆွဲရာက ငါခံစား သိရှိလာခဲ့တာ။ ဆင်ပုံတွေဆွဲဖို့ ဖြစ်ပေါ်လာတဲ့ ခံစားချက်မဟုတ်ဘဲ ဆင်ပုံတွေဆွဲရာကနေ ဖြစ်ပေါ်လာတဲ့ ခံစားမှု လို့ပြော ရင် ပိုမှန်မယ်"လို့ ဆက်ပြောလိုက်တယ်။

သူ့ဆီက ဆင်တွေအပေါ်ထားတဲ့ ခံစားချက်ကို ကျနော် သိပ်နားမလည်ဘူး။ ကျနော်က ပုံဆွဲရမှာ ဝါသနာမပါလို့ သူ့လို ခံစားမှုမျိုးမရှိတာလည်း ဖြစ်ချင် ဖြစ်မှာပေါ့။ ကျနော့်အတွက်ကတော့ ပုံဆွဲရတာဟာ သိပ်ကို ပျင်းစရာကောင်းလွန်းတယ်လေ။ မြင့်သူအောင်မှာတော့ အဲ့လိုခံစားချက်တွေ ရှိလာလို့ ဖြစ်မယ်။ သူဆွဲတဲ့ ဆင်ပုံတွေဟာ တဖြည်းဖြည်း လက်ရာမြောက်လာတာ ဖြစ်မယ် လို့ ကျနော် ထင်မိတယ်။ ဘာဖြစ်လို့လည်း ဆိုတော့ သူဆွဲပြီးတဲ့ ဆင်ပုံတွေကို ကြည့်ရတိုင်း တကယ့်သက်ရှိဆင် တကောင်ကို မြင်နေရသလို ခံစားမိလို့ပဲ။ ဆင်တကောင်ရဲ့ မျက်လုံး၊ နှာမောင်း၊ နားရွက်၊ ခြေလက်တွေဟာ လှုပ်ရှားသက် ဝင်တာ သိသာလွန်းအောင် ရုပ်လုံးကြွနေတာ။ ( ကျနော့်နေရာမှာ ခင်ဗျားဆိုလည်း ခုကျနော်ပြောတာ မြှောက်ပင့်လွန်းတယ်လို့ ပြောမှာ မဟုတ်ဘူးဆိုတာ သေချာပါတယ်။)

ဒီလိုနဲ့ ကျနော်တို့ ကိုးတန်းကျောင်းသားတွေ ဖြစ်လာကြတယ်။ ဒါပေမယ့် မြင့်သူအောင်ကတော့ ဆင်ပုံ ဆွဲလျက်ပါပဲ။ ခုဆို သူ့မှာ ဆင်ပုံတွေဆွဲထားတဲ့ စာအုပ်တွေကလည်း အတော်လေးများလာခဲ့ပါပြီ။ စနေ၊ တနင်္ဂနွေ ပိတ်ရက်တိုင်း ကျနော်ကတော့ သူဆွဲပြီးတဲ့ ဆင်ပုံတွေကို သွားကြည့်ဖြစ်တယ်။ စာတွေက အရင်နှစ်ကထက်များလာတော့ ကစားရတဲ့ အချိန်တွေကလည်း တဖြည်းဖြည်း လျော့လျော့ လာတယ်။ မနက်ဆိုကျောင်းသွား။ ညနေ ကျောင်းလွှတ်တာနဲ့ အိမ်ပြန်လို့မရသေးဘဲ ကျူရှင် တန်းသွား။ ရှစ်တန်းတုန်းကတော့ အင်္ဂလိပ်စာကလွဲရင် ကျန်တာက ဗမာလိုဆိုတော့ အဆင်ပြေတယ်။ ခု ကိုးတန်းရောက်လာတော့ မြန်မာစာနဲ့ ဘောက ကလွဲရင် ကျန်တာက အင်္ဂလိပ်လိုတွေဖြစ်လာပြီ။ ပြီးတော့ ဓါတုဗေဒ၊ ရူပဗေဒ စတဲ့ ဘာသာရပ်အသစ်တွေကို အင်္ဂလိပ်လို သင်လာရတယ်။ အဲ့ဒီဘာသာရပ် နှစ်ခုဟာ ကျနော့်အတွက်တော့ ခက်ခဲလွန်းပြီး အတော်ကလေး ပျင်းစရာ ကောင်းတဲ့ ဘာသာရပ်တွေ။ အစကတည်းက အင်္ဂလိပ်စာ အခြေခံနည်းလွန်းတဲ့ ကျနော့်လိုကောင် အတွက် အဲ့ဒီဘာသာရပ်နှစ်ခုဟာ အပြေးမြန်တဲ့ လူတယောက်နောက်ကို ပြေးလိုက်နေရသလိုမျိုးပါပဲ။ မီလု မီလု နဲ့ ပြေးလိုက်ရင်း နောက်မှာကျန်နေခဲ့ရတယ်။ (မြင့်သူအောင် အတွက်ကတော့ ရှစ်တန်းတုန်းကလိုပဲ သိပ်ပြီးမခက်ခဲခဲ့ပါဘူး။)။ ပြီးတော့ ပြဌာန်းစာအုပ်တွေကလည်း အစုံမရတော့ ကိုယ်ရှေ့က တက်ခဲ့ကြတဲ့ အစ်ကိုတွေ အစ်မတွေဆီက တောင်းထားရတယ်။ သူတို့တွေကလည်း ကျနော်တို့လို လက်ဆင့်ကမ်း တောင်းခဲ့ကြတာပါပဲ။ငွေကြေးတတ်နိုင်တဲ့ သူတွေကတော့ ကျောင်းမှာအစုံမရတဲ့ စာအုပ်တွေကို အပြင်စာအုပ်ရောင်းတဲ့ ဆိုင်တွေကနေ ဝယ်ကြတယ်။ ကျောင်းသုံးစာအုပ်တွေ ရောင်းတဲ့ဆိုင်တွေမှာတော့ စာအုပ်တွေက အစုံရပါတယ်။ ကျနော့်တို့လို ငွေကြေးကို ခြွေတာရတဲ့ သူတွေအတွက်ကတော့ လက်ဆင့်ကမ်းသုံးလာကြတဲ့ စာအုပ်အဟောင်းတွေကိုပဲ အားထားကြရတာပေါ့။ အထူးသဖြင့် အင်္ဂလိပ်စာဆို ရှေ့က အစ်ကိုတွေ အစ်မတွေ မှတ်ထားတာတွေက ရှုပ်ပွ ညစ်ပေနေတာပဲ။ အဲ့ဒီအပေါ်မှာ ကျနော်တို့က ထပ်ပြီးမှတ်ကြဆိုတော့ စာရွက်ဟာ ရစရာကို မရှိဘူး။ စာမျက်နှာကို ကြည့်လိုက်တာနဲ့ ဘောလ်ပင်နဲ့မှတ်ထားတာတွေ၊ ခဲတံနဲ့ မှတ်ထားတာတွေ ဟာ များလွန်းနေတော့ ရုတ်တရက်ကြည့်မယ်ဆို ပုံနှိပ်စာလုံးကို မတွေ့ရသလောက်ဖြစ်နေတာ။ သူမှတ် ကိုယ်မှတ်နဲ့ဆိုတော့ နောက်တခါ စာပြန်ကြည့်မယ်ဆို ဘာမှမသိတော့ဘူး။ မှတ်သားထားတဲ့ စာလုံးကလည်း သေးလွန်းတော့ ပိုဆိုးတာပေါ့။ များသောအားဖြင့်ကတော့  ဆရာမသင်တုန်းခဏပဲ ကိုယ်မှတ်သားထားတာကိုမှတ်မိတာ။ ကိုယ်လိုတဲ့ စာအုပ်က ကျောင်းစဖွင့်လို့ တလ နှစ်လ နေမှရတတ်သလို တခါတလေ နှစ်ဆုံးတဲ့အထိ မရကြတဲ့ အခါမျိုးတွေလည်း ရှိတတ်ပါတယ်။

ဘာပဲဖြစ်ဖြစ် အဲ့လိုအခြေအနေမျိုးနဲ့ ကျနော်ရော မြင့်သူအောင်ပါ ကိုးတန်းအောင်ခဲ့ကြပြန်တယ်။ ဆယ်တန်းရောက်တော့ မြင့်သူအောင်တို့ အဖေလည်း သူတို့ဇာတိဖြစ်တဲ့ တောင်ငူဘက်ကို ပြောင်းရွေ့သွားတယ်။ ဒီတော့ ကျနော်တို့ နှစ်ယောက် လည်း ဆယ်တန်းအတူတူ မတက်ခဲ့ကြရဘူးပေါ့။ မြင့်သူအောင်ကတော့ ကျနော့်ကို သူဆွဲထားတဲ့ ဆင်ပုံစာအုပ်တအုပ် လက်ဆောက်ပေးခဲ့တယ်။ (သူကတော့ အမြတ်တနိုးရှိတဲ့ သူ့စာအုပ်လေးပေးခဲ့တာပါ။ ဒါပေမယ့် ကျနော့်ရဲ့ တန်ဖိုးထားပြီး ထိမ်းသိမ်းတတ်တဲ့ အကျင့်မရှိတော့ အဲ့စာအုပ်လေးဟာ ပျောက်သွားခဲ့ပါတယ်။) အဲ့ကနေစပြီး မြင့်သူအောင်နဲ့ ကျနော်လည်း အဆက်အသွယ် ပြတ်ခဲ့ကြရတယ်။

ကျနော်ကတော့ ဆယ်တန်းကို ပထမဖြေတဲ့နှစ်ရော ဒုတိယဖြေတဲ့နှစ်ပါ ကျတယ်။ တတိယနှစ်မှပဲအောင်ခဲ့တယ်။ မြင့်သူအောင်လို စာကြိုးစားသူ စာတော်သူ တယောက်ကတော့ နှစ်ချင်းပေါက်အောင်တဲ့အပြင် ဂုဏ်ထူးပါထွက်မယ်ဆိုတာ ကျနော်သိပါတယ်။ အဲ့လိုနဲ့ ကောလိပ်တက်တယ်။ ဘွဲ့ရတယ်။ အိမ်ထောင်ကျတယ်။ နှစ်တွေကြာလာတယ်ပေါ့။ ခုဆို ကျနော့်မှာသားတယောက် သမီးတယောက် ရနေပြီ။ မြင့်သူအောင်ကတော့ ဘယ်လိုအနေအထားရှိမယ် မသိ။ ဘွဲ့ရပြီး သူ့အဖေလိုပဲ ဝန်ထမ်းလုပ်ပြီး မိန်းမ ရနေပြီလား။ ဒီကောင် ငယ်ငယ်တုန်းကလိုပဲ ဆင်ပုံတွေ ဆက်ပြီး ဆွဲဖြစ်သေးလား ဆိုတာတော့ ကျနော် သိချင်မိတယ်။ အကြောင်းပြချက် ရေရေရာရာတော့ မရှိပါဘူး။ ဒီအတိုင်းပဲ သိချင်တာမျိုးပါ။

ခုအခြေအနေမျိုးမှာတော့ ကျနော်တို့မှာ ဆက်သွယ်ရေးတွေကလည်း ကောင်းလာပြီ။ သိန်း ၅၀ လောက်ပေးဝယ်ခဲ့ရတဲ့ ဖုန်းဆင်းကဒ်တွေကို လမ်းဘေးဆိုင်တွေမှာတောင် တကဒ်ကို ၁၅၀၀ နဲ့ အလွယ်တကူ ဝယ်လို့ရနေပြီ။ ကလေး၊ လူကြီး၊ ပျိုပိျုအိုအို လက်ထဲမှာ ဟန်းဖုန်းကိုင်နေကြပြီ။ အရင်တုန်းက ငါးရှဥ့်ပုံးတွေ လိုက်ချရင် ငါးရှဉ့်ပုံးတွေကို ဝါးလုံးပိုင်းတခုရဲ့ အစွန်းနှစ်ဘက်မှာချည်ပြီး ပခုံးမှာထမ်းသွားကြတာ။ ခုတော့ ငါးရှဥ့်ပုံးလိုက်ချတဲ့သူတွေတောက် ခြေကျင်မလျှောက်တော့ဘဲ တရုတ်ဆိုင်ကယ်လေးနဲ့ဖြစ်နေပြီ။ ရုပ်ပိုင်းဆိုင်ရာအရ ပြောင်းလဲ တိုးတက်လာမှုဟာ အတော်ကလေးမြန်ဆန်လွန်းနေပါ တယ်။ အဲ့သလို လျင်မြန်ဖွံ့ဖြိုးလာမှုနဲ့အတူ ဖေ့ဘွတ်ခ် ဆိုတာကိုလည်း အသုံးပြုမှုများပြားလာခဲ့တယ်။ ဖေ့ဘွတ်ခ် အကောင့် တခုရဖို့ ပိုက်ဆံသုံးထောင်လောက် ပေးရတာကိုလည်း ကျနော်မှတ်မိသေးတယ်။ အဲ့တုန်းက ဆို သနပ်ပင်မှာတောင် ဖေ့ဘွတ်ခ်အကောင့် ဖွင့်ဖို့ဆိုင်မရှိလို့ ပဲခူးမှာသွားဖွင့်ခဲ့ရတယ်။ တပတ်လောက်ကြာတော့ ဖေ့ဘွတ်ခ် သုံးမရတော့ တာမျိုးလည်း ကြုံခဲ့ရဖူးတယ်။ နောက်ပိုင်းကြတော့လည်း နိုင်ငံရပ်ခြားရောက်နေတဲ့ သူငယ်ချင်းတွေကို ဖွင့်ခိုင်း၊ ကိုယ့် ဖာသာဖွင့်ပြီးသုံးတဲ့အထိ ဖြသ်လာပြီလေ။

ဖေ့ဘွတ်ခ်ဟာ အချိန်ကာလ ကြာမြင့်စွာဝေးကွာနေတဲ့ သူငယ်ချင်းတွေကို ပြန်လည်နွေးထွေးစေပါတယ်။ နှစ်ပေါင်းများစွာ ကွဲကွာနေတဲ့ သူငယ်ချင်းတွေဟာ ဖေ့ဘွတ်ခ်မှာ ပြန်လည်တွေ့ဆုံခွင့်ရကြပြီး အချိန်မရွေး စကားပြောဆိုခွင့်တွေ ရလာခဲ့တယ်။ သူတို့ရဲ့ ပြတ်တောက်နေတဲ့ သံယောဇဉ်တွေဟာ ပြန်လည် ချိတ်ဆက်လာကြတယ်။ ဝေးကွာနေတဲ့ အလွမ်းတွေအတွက် ဖြေသိမ့်စရာတွေ ရှိလာခဲ့တယ်။ တယောက်နဲ့တယောက် အနီးအနားမှာ မရှိကြပေမယ့် အရင်လို မအေးစက်နေကြတော့ဘူး။ ကိုယ့်နိုင်ငံသတင်း ၊ ကမ္ဘာ့သတင်းတွေကိုလည်း မြန်မြန်ဆန်ဆန် သိလာရတယ်။ ဒီလို အကျိုးရှိ တဲ့ ကိစ္စတွေရှိသလို ဆိုကျိုးဖြစ်ပေါ်စေမယ့် သတင်းအတုတွေ ကလည်း ရှိလာခဲ့တယ်။ မမှန်ကန်တဲ့ နိုင်ငံရေး လှုံ့ဆော်မှုတွေ လည်း ရှိလာတယ်။ ပြီးတော့ ဗမာအမျိုးသမီးအချို့ရဲ့ လိုတာထက် ပိုပြီး ဝတ်စားဆင်ယဉ်မှုတွေကလည်း အတော်လေးကို ဆိုးရွားလာခဲ့တယ်။ ခန္ဓာကိုယ်မှာ ရှိသမျှကို တတ်နိုင်သမျှဖော်လာကြတယ်။ ဘီကီနီဝတ်ပြီး ရိုက်ထားတဲ့ ဓါတ်ရှင်မင်းသမီး တချို့ရဲ့ ပုံတွေလည်း များပြားလာတယ်။ လိင်ကိစ္စနဲ့ ပတ်သက်တဲ့ အမျိုးသားတွေအတွက် ဆေးကြော်ငြာတွေ၊ လိင်အသား ပေး စာတွေဟာလည်း အလွယ်တကူ ဖြစ်လာခဲ့တယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ကျနော့်အတွက်ကတော့ ဖေ့ဘွတ်ခ် ဆိုတာကြီးပေါ်လာတာဟာ ကွဲကွာခဲ့ရတဲ့ သူငယ်ချင်းဖြစ်တဲ့ မြင့်သူအောင်နဲ့ ပြန်လည် တွေ့နိုင်ဖို့ လမ်းစတခု ဖြစ်ခဲ့ရတာပါပဲ။

ဖေ့ဘွတ်ခ် သုံးတာ အတော်လေးကြာပြီးတဲ့ တနေ့မှာတော့ မြင့်သူအောင်နဲ့ ကျနော် ချိတ်ဆက်မိသွားကြတယ်။ သူရော ကျနော်ရောက နာမည်အမှန် ပရိုဖိုင် အမှန်နဲ့ဆိုတော့ ချက်ချင်းသိကြတာပေါ့။ အဲ့လို ချိတ်ဆက်မိလာတော့ သူ့အကြောင် တွေ သိလာခဲ့တယ်။ မြင့်သူအောင်က ဆယ်တန်းကို ဂုဏ်ထူး နှစ်ဘာသာနဲ့အောင်ခဲ့တယ်။ ကွန်ပျူတာနဲ့ ကျောင်းပြီးသွား တယ်။ သူ့အဖေလို ဝန်ထမ်းတော့ မလုပ်ခဲ့ဘူး။ ကွန်ပျူတာ စာစီစာရိုက်၊ ဖိတ်စာလုပ်ငန်း ဆိုင်ဖွင့်ထားတယ်။ ပြီးတော့ အဲ့လုပ်ငန်းနဲ့ ပတ်သက်တာတွေကို သင်တန်းလည်း ဖွင့်ထားတယ်။ ခုဆို သူလုပ်ငန်းက ဆိုင်ခွဲတွေပါ ဖွင့်ထားတဲ့ အခြေအနေ ရောက်နေပြီ။ သူ့အခြေအနေဟာ ကျနော့်ထက်တော့ သာပါတယ်။ နည်းနည်းပါးပါး မဟုတ်ပါဘူး။ အလွန်ကို သာတာပါ။ ကျနော်ကတော့ ဘွဲ့ရ၊ မိန်းမရပြီးတော့ ဆိုင်ကယ် ကယ်ရီဆွဲတယ်။ သနပ်ပင်နဲ့ အနီးတဝိုက်ကျေးရွာတွေကို အကြိုအပို့ လုပ်တယ်။ ကောင်းမွန်လှတဲ့ ဝင်ငွေတော့ မဟုတ်ပေမယ့် မိသားစု စားဝတ်နေရေးအတွက်တော့ အဆင်ပြေရုံလေး ဖြစ်ခဲ့တယ်။ တနေ့ဘယ်လောက် ဆိုပြီးတွက်လို့တော့ မရဘူး။ တွက်ခြေကိုက်တဲ့နေ့ ရှိသလို တွက်ခြေမကိုက်တဲ့ နေ့တွေလည်း ရှိတယ်။ နောက်ပြီး ကျနော့်ဇနီးက ရပ်ကွက်ထဲက လူတချို့ကို အတိုးပေးတဲ့ အလုပ်လေးလုပ်တော့ မိသားစုအတွက် ခက်ခက်ခဲခဲ ဖြတ်သန်းမှုမျိုးတော့ မကြုံခဲ့ရဘူးပေါ့။ ကိုယ့်ကိုယ် တော့ ရှာကြံပြီး ရှင်သန်အောင် မွေးမြူနေကြရတာ မဟုတ်လား။

ခုလို ဆက်သွယ်မိကြတော့ ကျနော်တို့နှစ်ယောက်ရဲ့ကြားက အကွာအဝေးဟာ ပြန်ပြီးကျုံ့လာခဲ့တယ်။ နှစ်ယောက်သား စကားတွေ အတော်လေး ပြောဖြစ်လာခဲ့တယ်။တခါတလေ ကျနော်တို့နှစ်ယောက် အလုပ်အကိုင်အကြောင်း ပြောဖြစ်တယ်။ အိမ်ထောင်မပြုဖြစ်သေးတဲ့ သူ့အတွက် မိသားစု စားဝတ်နေရေးဆိုတာတွေဟာ သိပ်ပြီးပြောလို့ဆိုလို့ မကောင်းဘူး လို့ထင်ပါတယ်။ တခါတလေ ငယ်ဘဝရဲ့ အကြောင်းတွေကိုလည်း ပြောဖြစ်ကြတယ်။ အဲ့သလို အတိတ်ရဲ့ နေပျော်စရာ အကြောင်း တွေကို ပြောဖြစ်ကြတော့ လက်ရှိပစ္စုပ္ပာန်ကာလရဲ့ ပူပင်မှုတွေကို ခဏတော့ မေ့လျော့မိတယ်။ အဲ့ဒီအတိတ်ရဲ့ ကြည်နူးစရာကောင်းတဲ့ အကြောင်းအရာတွေထဲမှာ ကျနော်တို့ နှစ်နှစ်ခြိုက်ခြိုက် ရယ်မောခဲ့ကြတယ်။ ဘာပဲဖြစ်ဖြစ် ရှေးဟောင်းနှောင်းဖြစ်တွေကို ပြောရတာ ကျနော်တို့အတွက်တော့ ပျော်ရွှင်ကျေနပ်စရာပါ။ အဲ့လို အခိုက်အတန့်မျိုးမှာဆို ကိုယ့်ကိုယ်ကိုယ် တက်ကြွလန်းဆန်းလာသလို ခံစားမိတယ်။ ပူပြင်းလွန်းတဲ့ နွေရာသီကို အလူးအလိမ့်ခံစားပြီး ရုတ်တရက် မိုးရေစိုစွတ်လာတဲ့ သစ်ရွက်လေးတွေရဲ့ စိမ်းစို လန်းဆန်းနေသလိုမျိုးပေါ့။ တချို့သော လဲကျနေတဲ့နေ့ရက်တွေအတွက် အတိတ်ဆိုတာဟာ ပြန်လည်အားတင်း ထူမတ်ပေးတဲ့ တွန်းအားတခုပဲ မဟုတ်လား။ တနေ့တော့ ကျနော်တို့ ကျောင်းတုန်းက အကြောင်းတွေပြောရင်း  သတိရမိလို့ "မင်း ဆင်ပုံတွေ ဆွဲသေးလား"လို့ မေးတော့"မဆွဲတော့ဘူး"တဲ့။ ဒီတော့ ကျနော့်မှာ သိချင်စိတ်က ထပ်ပြီးတိုးလာရပြန်တယ်။ "ဘာလဲ ၊ ဆင်ပုံတွေဆွဲတာ ငြီးငွေ့သွားလို့လား"လို့ ကျနော် ထပ်ပြီးမေးလိုက်တယ်။ "အဲ့လိုမျိုးလည်း မဟုတ်ဘူး"လို့ မြင့်သူအောင်က ပြန်ပြောတယ်။ ခုချိန်ထိ သူ့ရဲ့ စကားလုံးတွေက ကျနော့်အတွက်တော့ နားလည်းရခက်နေတုန်းပါပဲ။ ဆင်ပုံ မဆွဲဖြစ်တဲ့ အကြောင်းကို ကျနော်မေးပေမယ့် သူ့ဘက်က ပြောချင်ပုံမရတာနဲ့ ကျနော် စကားလမ်းကြောင်း ပြောင်းလိုက်ရတယ်။ သူကတော့ "မင်းနဲ့ လူချင်းတွေ့ရင်တော့ ဒီအကြောင်းတွေ ငါပြောပြချင်ပါ သေးတယ်"လို့တော့ ကျနော့်ကို ပြောခဲ့တယ်။ ဘာပဲဖြစ်ဖြစ် မြင့်သူအောင် ဆင်ပုံတွေ ဆက်ပြီးမဆွဲဖြစ်တာ သေချာတဲ့ အကြောင်းအရင် တခုတော့ ရှိမယ်ဆိုတာ ကျနော် ခံစားမိပါတယ်။ သူ့လိုလူမျိုးအတွက် ငယ်စဉ်ကနေ မပျင်းမရိနဲ့ စိတ်ဝင် တစားဆွဲလာခဲ့တဲ့ ဆင်ပုံတွေကို ဆက်ပြီး မဆွဲဖြစ်လောက်အောင် ဘယ်လိုအရာတွေကများ တားဆီးနိုင်လိုက်သလဲ။ ဒါဟာကျနော် တွေးတောနိုင်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။

လူတယောက်ဟာ သူစွဲမြဲစွာ ဆုပ်ကိုက်ခဲ့တဲ့ အရာတခုကို ဘယ်လိုအခြေအနေမျိုးမှာ လက်လွှတ်မလဲ ဆိုတာ ကျနော် မသိဘူး။ သူ့ရဲ့စိတ်ကို အဆွဲဆောင်နိုင်ဆုံး အရာတွေဟာ ဘယ်အချိန်မှာ အငွေ့ပျံနိုင်တယ်ဆိုတာကိုလည်း ကျနော် မခန့်မှန်းတတ်ဘူး။ လူတယောက်ဟာ သူငယ်စဉ်ကနေ လျှောက်လှမ်းလာတဲ့ လမ်းကြောင်းတခုပေါ်ကနေ သွေဖည်နိုင်ဖို့ ဘယ်လိုအရာတွေက လုပ်ဆောင်နိုင်တယ် ဆိုတာကို ကျနော့်ထက် မြင့်သူအောင်က ပိုသိနိုင်မယ် ထင်ပါတယ်။

တနေ့ မြင့်သူအောင်နဲ့ ကျနော် မက်စင်ဂျာ ကနေ စကားပြောဖြစ်ရက်း ကျနော်တို့မြို့မှာ နှစ်စဉ်ကျင်းပတဲ့ အာစရိယ ပူဇော်ပွဲအကြောင်းပြောဖြစ်တယ်။ အသက်အရွယ် ကြီးရင့်လာတဲ့ ဆရာ/ဆရာမ တွေကို တပည့်တွေက အမှတ်တရရှိစွာနဲ့ ကန်တော့ကြတဲ့ပွဲပါ။ ဒါဟာ ကျနော်တို့ယဉ်ကျေးမှုရဲ့ ပြယုဂ်တခုလည်း ဖြစ်သလို သိပ်ကို ကြည်နူးစရာကောင်းပြီး တန်ဖိုးထား ထိန်းသိမ်းသွားရမယ့် အလေ့တခု ဆိုလည်း မှားမယ် မထင်ပါဘူး။ ဒီနှစ်တော့ ကျနော်တို့ကို ပညာသင်ကြားပေးခဲ့ဖူးတဲ့ ဆရာ/ဆရာမ တွေလည်း အာစရိယ ပူဇော်ပွဲမှာ ပါလာပါပြီ။ (အရင်နှစ်တွေက တယောက်စ နှစ်ယောက်စပါပေမယ့် ဒီနှစ်တော့ ပိုပြီးများလာပါတယ်။) ဒါ့ကြောင့် မြင့်သူအောင်က ဒီနှစ် အာစရိယပွဲကို သူလာမယ်ဆိုတဲ့ အကြောင်းပြောတယ်။ တကယ်လည်း သူဟာ ရောက်အောင်လာခဲ့ပါတယ်။

အာစရိယ ပူဇော်ပွဲက နှစ်ရက် ကျင်းပပါတယ်။ ပထမ တရက်က ဆရာ/ဆရာတွေ နဲ့ ကျောင်းသူ/ကျောင်းသား တွေ မိတ်ဆုံစားပွဲလေး ကျင်းပတယ်။ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါ ပါတယ်။ ပျော်ရွှင်စရာ ရှေးဟောင်း နှောင်းဖြစ်တွေထဲမှာ သူတို့ရဲ့ နုပျိုမှုတွေဟာ အစွမ်းကုန် ပွင့်လန်းနေကြတယ် ဆိုတာ ဘယ်သူ့ကို ကြည့်ကြည့် သိနိုင်ပါတယ်။ မိတ်ဆုံစားပွဲပြီး နောက်မနက်ရောက်မှ ဆရာ/ဆရာမ တွေကို လက်ဆောင်ပစ္စည်းတချို့နဲ့ ကန်တော့ကြပါတယ်။

မြင့်သူအောင်ကတော့ ကျနော့်အိမ်မှာ နှစ်ည အိပ်တယ်။ အမှန်တော့ ဒီကောင်က မိတ်ဆုံစားပွဲပြီး နောက်မနက် ဆရာ/ဆရာတွေကို ကန်တော့ပြီးတာနဲ့ တန်ပြန်မလို့။ ကျနော်က "ဒီတညတော့ ထပ်အိပ်ဦးကွာ။ မင်းနဲ့ငါနဲ့ ခုလိုတွေ့ဆုံပြီးငယ်ဘဝကို ပြန်လည်သွားနိုင်ဖို့ ဆိုတာ လွယ်တာမှ မဟုတ်တာ"လို့ ပြောလို့ ဒီကောင် နောက်တည ထပ်အိပ်ဖြစ်တာ။ အဲ့ဒီည မှာတော့ ကျနော်တို့ မြို့ထဲက စားသောက်ဆိုင်တခုမှာ ထိုင်ဖြစ်ကြတယ်။ ဒီကောင်က အပြင်းမသောက်ဘူးဆိုတာနဲ့ ဘီယာဘဲ သောက်ဖြစ်ကြတယ်။ နှစ်ယောက်စလုံးလည်း အရှိန်လေးရလာတော့ အတိတ်ဆီမှာ ပိုပြီးပျော်ဝင်လာကြတယ်။ အတန်းထဲက မိန်းကလေးတချို့ကို ကြည့်မရလို ခွေးလှေးယားသီး သုတ်တာကိုတော့ ကျနော်တို့ မမေ့မလျော့ ပြောဖြစ်တယ်။ အဲ့သလို အတိတ်ထဲမှာ နေပျော်တုန်း ကျနော် မေးချင်မိတဲ့ ကိစ္စတခုကို မေးလိုက်တယ်။    

"မင်းကို ငါမေးဖူးတဲ့ ဆင်ပုံဆွဲတာနဲ့ ပတ်သက်ပြီးပြောပါဦး။ ဘာလို့ ဆင်ပုံတွေကို မင်း ဆက်ပြီးမဆွဲဖြစ်တော့တာလဲ"

"ငါ ဆင်ပုံတွေ ဆက်မဆွဲဖြစ်တော့တဲ့ အကြောင်းအရင်းလား"

"ဟုတ်တယ်၊ ပြောပါဦး။ မင်း ဘာလို့ ဆင်ပုံတွေဆက်မဆွဲ ဖြစ်တော့တာလဲ ဆိုတဲ့ အကြောင်းအရင်းပေါ့"

မြင့်သူအောင်ဆီက စကားသံက ချက်ချင်းထွက်မလာဘူး။ ကျနော်တို့ နှစ်ယောက်ကြားမှ ခေတ္တတိတ်ဆိတ်သွားတယ်။ နှစ်ယောက်သား ခွက်ထဲက ကျန်နေတဲ့ ဘီယာတွေကို အကုန်မော့သောက်လိုက်တယ်။ ပြီးတော့ နောက်ထပ်ဘီယာ ထပ်မှာလိုက်တယ်။ ခဏလောက်ကြာတော့ ၁၁နှစ် ၁၂နှစ် အရွယ်သာသာလောက်ရှိမယ့် ချာတိတ်လေးတယောက်က ကျနော်တို့မှာလိုက်တဲ့ ဘီယာကို လာချပေးတယ်။ မြင့်သူအောင်က ဘီယာလာချပေးပြီး ပြန်သွားတဲ့ ချာတိတ်လေးရဲ့ ကျောပြင်ကို ငေးကြည့်တယ်။ ပြီးမှ သက်ပြင်းသဲ့သဲ့ချပြီး ပြောတယ်။

"ငါ သနပ်ပင်က ပြောင်းသွားပြီးတော့ ဆင်ပုံတွေ ထပ်ဆွဲဖြစ်သေးတယ်။ ငါ့အတွေးထဲမှာလည်း ဆင်ပုံတွေနဲ့ ပြည့်နှက်နေတုန်းပဲ။ အရောင်အသွေးစုံစွာ ဖူးပွင့်နေတဲ့ ပန်းခင်းကြီးကို ကြည့်နေရသလိုမျိုး ငါ့အတွေးထဲမှာ ဆင်ပုံတွေ က ရှိနေသေးတာ။ ဆယ်တန်းရောက်တော့ စာတွေ ပိုများလာတယ်ဆိုပေမယ့် ငါကတော့ အချိန်မှန်မှန် ဆင်ပုံတွေဆွဲနေတာ မပျက်ခဲ့ဘူ။ တခါတလေ အမေက ငါ့ကို ဆင်ပုံတွေ ဆွဲလွန်းလို့ ဆူတယ်။ အချိန်အားရင် စာမကျက်ဘဲ ဆင်ပုံတွေ ဆွဲနေလို့လေ။ ဆယ်တန်းက ဘယ်လောက်အရေးကြီးကြောင်း၊ ဘဝရဲ့ အဆစ်ချိုးတခု၊ ထမင်းစားလက်မှတ် စသဖြင့်တွေ ပြောတော့တာပေါ့။"

"ဒါပေမယ့် ဆင်ပုံတွေဆွဲတာတော့ ရပ်မသွားဘူးဆိုပါတော့"လို့ ကျနော်ပြောလိုက်တော့ သူက ခေါင်းညိတ်ပြတယ်။ ကျနော်ပြောတာ မှန်တယ်ဆိုတာကို ဝန်ခံတဲ့သဘောမျိုးလေ။

"ဟုတ်တယ်။ မင်းပြောတာ လုံးဝမှန်တယ်။ အမေဘယ်လောက်ဆူဆူ စာတွေဘယ်လောက်များလာများလာ ဆင်ပုံတွေဆွဲတာတော့ ငါ ရပ်မသွားခဲ့ဘူး။ မင်းလည်း သိပါတယ်ကွာ။ ဆင်ပုံတွေဆွဲဖြစ်နေတာ ငါ့ဝါသနာအရ ဆိုပေမယ့် အဲ့ဒီဝါသနာပေါ်မှာ ထပ်ပြီးဖြစ်ပေါ်လာတဲ့ ခံစားချက်တွေ ရှိလာတယ်ဆိုတာလေ"

"အင်း၊ မင်းပြောပြဖူးလို့ ဆင်တွေအပေါ်ထားတဲ့ ခံစားချက်တွေကို ငါမှတ်မိနေတယ်"

ကျနော့်စကားဆုံးတော့ အသက်ကို ဝ ဝ ရှူလိုက် ပြီး ပြောတယ်။

"လူတယောက်မှာ သူ့အလိုလို ဖြစ်ပေါ်လာတဲ့ ခံစားချက်တွေဟာ စွဲမြဲလာပြီဆို အဲ့ဒီခံစားချက်ကို ရပ်တန့်ပစ်ဖို့ တော်တော်နဲ့ မဖြစ်နိုင်ဘူး။ အထူးသဖြင့် ခံစားချက်တွေနဲ့ပါ စုပေါင်းဖွဲ့စည်းသွားတဲ့ ငါ့ရဲ့ဆင်ပုံဆွဲတဲ့ ဝါသနာကလည်း အဲ့ဒီအတိုင်းပဲ။ ရပ်တန့်ဖို့ မဖြစ်နိုင်တော့ဘူးလို့တောင် ငါထင်ထားမိတာ။ ငါ့ကို ဆင်ပုံတွေဆွဲဖို့ ဘယ်သူမှမတိုက်တွန်းခဲ့ဘူး။ ဘယ်သူမှလည်း ဖိအားမပေးခဲ့ဘူး။ သူ့အလိုလို ဖြစ်ပေါ်လာတဲ့ အနေအထား။ "

ဒီနေရာရောက်တော့ မြင့်သူအောင်က သူ့စကားကို ခဏရပ်လိုက်တယ်။ သူပြောနေတဲ့စကားကို ကျနော် စိတ်ဝင်စားမှု ရှိ မရှိ အကဲခပ်လိုက်ပုံရတယ်။ ပြီးတော့ ဘီယာခွက်ထဲက ဘီယာတွေကို ငေးစိုက်ကြည့်ရင်း ထပ်ပြောတယ်။

"ဆင်ပုံတွေ ငါစပြီးဆွဲဖြစ်တာက လေးတန်းစာမေးပွဲ ဖြေပြီးတဲ့ နွေရာသီ ကျောင်းပိတ်ရက်မှာ ဖြစ်မယ်။ အဲဒီတုန်းက ငါတို့နေတဲ့မြို့ကို ဆပ်ကပ်အဖွဲ့တခုလာတယ်။ နာမည်တော့ ငါမမှတ်မိတော့ဘူး။ ဒါပေမယ့် အဲ့ဆပ်ကပ်ပွဲမှာ ပါလာတဲ့ ဆင်ကိုတော့ ဒီနေ့အထိ ငါမှတ်မိနေတယ်။ ငါ့အတွက်ကလည်း အဲ့ဒီဆပ်ကပ်ကို သွားကြည့်မှ သက်ရှိဆင်တကောင်ကို စပြီးတွေ့ဖူးတာ။ အဲ့ဒီဆပ်ကပ်ပွဲ ပြန်သွားပြီး နောက်တနေ့မှာပဲ ငါ့အတွေးထဲကို ဆင်ပုံတွေရောက်လာတယ်။ အဲ့ဒီအတွေး ထဲမှာ ထင်းထင်းကြီးပေါ်နေတဲ့ ဆင်ပုံကို ငါလည်း စပြီးဆွဲတော့တာ။ နောက်ပိုင်းတော့ ဆင်ပုံပါတဲ့ သတင်းစာမျက်နှာတွေဆို ငါ ဖြဲယူထားတတ်လာတယ်။ ပြီးရင် ငါ ပြန်ပြီး ကူးဆွဲတော့တာပဲ။ ငါ့ရဲ့ဆင်ပုံဆွဲတဲ့ စွဲလန်းမှုကလည်း တဖြည်းဖြည်း ကြီးထွားလာခဲ့တော့တယ်။ အဲ့သလို စွဲမြဲလာတဲ့ ငါ့အတွေးတွေကို လွယ်လွယ်နဲ့ တော့ ဖြတ်တောက်မရနိုင်ဘူး ဆိုတာ မင်းလည်း သိလောက်ပါတယ်"

"ဒါဆို တက္ကသိုလ်ရောက်လည်း ဆင်ပုံတွေကို မင်းဆွဲတုန်းပဲပေါ့"

"ဟုတ်တယ်"လို့ မဆိုင်းမတွပြောပြီး စကားကို ခဏရပ်ထားပြီးမှ ထပ်ပြောတယ်။

"မင်း ထင်သလိုပါပဲ။ ငါ တက္ကသိုလ်ရောက်တော့လည်း ဆင်ပုံတွေတွဆက်ပြီးဆွဲတယ်။ အရင်ကထက် ဆင်ပုံတွေပိုပြီး ဆွဲလာဖြစ်တဲ့ကာလတခုလို့တောင် ပြောလို့ရမယ်။ ငါဆွဲထားတဲ့ စာအုပ်တွေလည်း နှစ်တင်းအိတ်နဲ့ ပြည့်တော့မယ်။"

"ဟာ၊ နည်းနည်းနောနောလား"

ကျနော် တကယ့်ကို အံ့အားသင့်စွာနဲ့ ပြောလိုက်မိတာပါ။ မြင့်သူအောင်ကတော့ ကျနော့်စကားကို မကြားသလို လုပ်ပြီး သူ့စကားကို ဆက်ပြောတယ်။

"မင်းလည်းသိတာပဲ။ ဆင်ပုံတွေ ငါဆွဲတာ ဝါသနာက စခဲ့ပေမယ့် နောက်ပိုင်းမှာ ဆင်တွေအပေါ်ထားတဲ့ ငါ့ခံစားချက်တွေပါ ရှိလာတယ်ဆိုတာလေ"

ကျနော် ဘာမှမပြောဘဲ ခေါင်းညိတ်ပြလိုက်တယ်။ သူပြောတာ ဟုတ်တယ်ဆိုတဲ့ သဘောမျိုးပေါ့။ တကယ်လည်း ဒီအကြောင်းတွေက ကျနော် သိထားပြီးသား မဟုတ်လား။

"အဲ့သလို အမြစ်တွယ်လာတဲ့ ငါ့အတွေးထဲကို တနေ့တော့ အပြောင်းအလဲ ဖြစ်စေမယ့် နောက်ထပ် အတွေးတခုဟာ သေသေချာချာ ရောက်လာခဲ့တယ်။ အဲ့ဒီအတွေးရောက်လာတော့ အရင်က ဆင်တွေအပေါ်ထားတဲ့ ငါ့ခံစားချက်တွေဟာ ရုတ်တရက် ဝေဝါးလာတယ်။ အချိန်တန်လို့ ကြွေကျသွားတဲ့ သစ်ရွက်တရွက်ရဲ့ ခြောက်သွေ့မှုလိုမျိုးပေါ့။ ဒီလိုကွာ၊ ဆင်တွေအပေါ်ထားတဲ့ ခံစားချက်ထက် ဆင်ပုံတွေဆွဲမိတဲ့ ခံစားချက်ကို ပြောတာ။ "

"ကြာရှည် စွဲမြဲစွာ လုပ်လာလို့ ပျင်းရိသွားတာ မျိုးလား"

"မဟုတ်ဘူးဟ"လို့ မြင့်သူအောင်က မဆိုင်းမတွ ပြန်ပြောတယ်။ပြီးတော့ "မင်းပြောသလို မဟုတ်ဘူး" လို့ပြောတယ်။

"ဒါဆို"

ကျနော်က စကားကိုဆက်မပြောဘဲ ရပ်တန့်လိုက်တယ်။ ဒါဟာ သူ့ကို စကားဆက်ပြောဖို့ ထောက်ပေးလိုက်တာမျိုး မဟုတ်လား။

"ငါ အခုလက်ရှိအလုပ်ကို အစပျိုးနေတဲ့ အချိန်မှာပေါ့။ တနင်္ဂနွေ တနေ့၊ ငါ အိမ်မှာနေရင်း ဆင်ပုံဆွဲနေတဲ့ အချိန်။ ငါ့အခန်းထဲကို ခေါင်းရင်းအိမ်က ကလေးလေး ရောက်လာတယ်။ အဲ့ကလေးက လေးနှစ် လောက်ပဲ  ရှိသေးတာ။ ဒီလိုပဲ။ ငါတို့အိမ်ကို အဝင်အထွက်ရှိတဲ့ ကလေးပေါ့။ သူ့အမေနဲ့ လာလည်တတ်သလို သူ တယောက်တည်းလည်း လာတတ်တယ်။ ငါကိုလည်း အတော်ကလေး ခင်တာ"

"ဒါ၊ မင်းခံစားချက်တွေကို ပြောင်းလဲစေမယ့် နိဒါန်းလား"လို့ ကျနော်မေးတော့ "ဟုတ်တယ်"လို့ပြောပြီး ခွက်ထဲက ဘီယာလက်ကျန်တွေကို အကုန်မော့သောက်လိုက်တယ်။ ကျနော်က ယူဦးမလားလို့မေးတော့ ငါလစ်မစ်ပြည့်သွားပြီတဲ့။ ဒီတော့ ကျနော်က "မင်းရဲ့ နိဒါန်းကို ထက်ဆက်ပါဦး"ပြောလိုက်တယ်။ မြင့်သူအောင်ရဲ့ စွဲမြဲနေတဲ့ ခံစားချက်ကို လေးနှစ်လောက်သာ ရှိသေးတဲ့ ကလေးလေးတယောက်က ပြောင်းလဲလိုက်တာတဲ့လား။ ကျနော့်မှာ အဲ့သြပြီးရင်း အံ့သြနေမိတော့တယ်။ သူပြောသလိုပဲ၊ ကြွချိန်တန်လို့ ကြွေကျသွားတဲ့ သစ်ရွက်တရွက်လို ဖြစ်မှာပေါ့လေ။

"ငါ ဆင်ပုံဆွဲပြီးသွားတော့ အဲ့ဒီကလေးလေးက ပြောတယ်။ ဦးရဲ့ ဆင်က သေးသေးလေးတဲ့။ ဒါနဲ့ ငါလည်းပြန်ပြောလိုက်ရတယ်။ ဦးက စာမျက်နှာပေါ်မှာဆိုတော့ သေးသေးလေးဘဲဆွဲလို့ရတယ်လေ။ အပြင်က ဆင်ကြီးတွေကို ချုံ့ပြီး ဆွဲရတာပေါ့။ ငါ အဲ့လိုပြောလိုက်တော့ ကလေးက တွေတွေလေးဖြစ်သွားတယ်။ တခုခုကို စဉ်းစားမိသွားတာမျိုးပေါ့။ ပြီးတော့ အဲ့ဒါဆို သနားစရာကောင်းတာပေါ့ လို့ပြောလိုက်တယ်။ ကလေး ရဲ့ စကားကို ကြားလိုက်ရချိန်မှာ ငါလည်း အတော်ကလေး အံ့အားသင့်မိသွားတယ်။ တုန်လှုပ်မိတာလည်း ပါတာပေါ့။ ငါ့အတွေးထဲမှာ လည်း အပြင်က သက်ရှိဆင်တကောင်နဲ့ ငါဆွဲထားတဲ့ ခပ်သေးသေး ဆင်ပုံတွေက ယှဉ်တွဲပြီး ပေါ် ပေါ်လာတော့တယ်။ "

"ဟာ၊ ဒါဆို အဲ့ဒီကလေးရဲ့ စကားကို ကြားပြီး နောက်ပိုင်း ဆင်ပုံတွေ ဆက်မဆွဲဖြစ်တော့တာပေါ့"လို့ ကျနော် အလောတကြီးပြောမိတယ်။ မြင့်သူအောင်ကတော့ ခေါင်းကို အသာညိတ်ပြတယ်။ ကျနော့်မှာ ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားရတယ်။ အမှန်တော့ ကလေးကလည်း သူစိတ်ထဲ ရှိတာလေးကို ရုတ်တရက်ပြောမိတာ။ သူ့စကား သူတောင် ဂဃနဏ သိချင်မှတောင် သိမှာ။ ကျနော့်အထင်တော့ အဲ့ဒီစကားလေး ကြားရုံနဲ့ ကိုယ် စွဲမြဲ ဆုပ်ကိုင်ခဲ့တဲ့ အရာတခုကို စွန့်လွှတ်လိုက်စရာ မလိုဘူးလို့တော့ ထင်တယ်။ ဒါပေမယ့် မြင့်သူအောင်ကတော့ စွန့်လွှတ်ခဲ့တယ်။ အဲ့ဒီအချိန်ကနေစပြီး သူဆွဲလာခဲ့တဲ့ ဆင်ပုံဆွဲတဲ့အလုပ်ကို ရပ်တန့်ပစ်ခဲ့တယ်။ ကျနော့်အတွက်ကတော့ ဆင်ပုံတွေဆွဲတုန်းက သူ့မှာဖြစ်ပေါ်လာတဲ့ ခံစားချက်ကိုလည်း နားမလည်သလို ဆင်ပုံဆက်မဆွဲဖြစ်တော့လောက်အောင် ဖြစ်သွားရတဲ့ ခံစားချကကိုလည်း နားမလည်ဘူး။

ကျနော်တို့နှစ်ယောက် ဆိုင်ပိတ်ချိန်ရောက်မှပဲ အိမ်ပြန်လာခဲ့ကြတယ်။ နောက်နေ့မနက် တော့ မြင့်သူအောင်ကို ပဲခူးဘူတာ လိုက်ပို့ပေးခဲ့တယ်။ ကားနဲ့သွားလို့ အမြန်ရောက်နိုင်တဲ့ ခရီးကို ရထားနဲ့ သွားဖြစ်တဲ့ သူ့ရဲ့ ရွေးချယ်မှုကိုတော့ ကျနော် မမေးဖြစ်တော့ပါဘူး။ တကယ်လို့ ကျနော့်အမေးကို သူဖြေခဲ့ရင်လည်း သူ ဘာလို့ ရထားပဲ စီးဖြစ်တယ် ဆိုတဲ့ ဖြေရှင်းချက်တွေကို ကျနော် နားလည်ချင်မှ နားလည်မှာ။ ဒါ့ကြောင့်မမေးဖြစ်တာ။ မြင့်သူအောင် ရထားပေါ် ရောက်မှပဲ ကျနော် ပြန်လာခဲ့တယ်။ တယောက်ကို တယောက် လက်ပြနှုတ်ဆက်တာမျိုးတော့ မလုပ်ဖြစ်ကြပါဘူး။ အပြန်လမ်းမှာတော့ ပဲခူးကနေ သနပ်ပင်ပြန်မယ့် ပါစင်ဂျာ တယောက်ရခဲ့တယ်။ ကျနော်လည်း ဆိုင်ကယ်ကို ဂရုတစိုက်မောင်းရင်း မြင့်သူအောင် ပြောခဲ့တဲ့ စကားတွေကို ပြန်ကြားယောင်မိနေတယ်။

"ဆင်တကောင်လုံး ထည့်ဆွဲဖို့ မဆန့်လို့ ဖြစ်သလို အသေးချုံ့လိုက်ရတဲ့ အပေါ် ဆင်တွေကို ငါလည်း အားနာလှပါပြီကွာ"တဲ့။   ။

ဒီလူည

အထက်ပါ ဝတ္ထုတိုရဲ့ခေါင်းစဉ်နဲ့ ဝတ္ထုတိုရဲ့ အဆုံးသတ်ပြောစကားသည် ဆရာခင်လွန်း၏စာသားများကို ယူသုံးထားခြင်း ဖြစ် ပါသည်။

Comments