မောင်ရစ် - ၈၈ အနှစ် ၂၀ (အခန်းဆက်များ) ပြန်လည်ဆန်းသစ်ခြင်း


General Saw Maung (1928 – 1997)
၈၈ အနှစ် ၂၀ (အခန်းဆက်များ)
၉၀ ရွေးကောက်ပွဲ
(ဗိုလ်စောမောင် – ရွေးကောက်ပွဲပြီးရင် ငါတို့ စစ်တန်လျားပြန်မယ်)
မောင်ရစ်

သြဂုတ် ၂၀၊ ၂၀၀၈
အဲဒီ ဗိုလ်ချုပ်ကြီးလည်း ရွေးကောက်ပွဲ လုပ်ပြီး သိပ်မကြာဘူး၊ သူတဦးတည်းပဲ သူ့အိမ်ပြန်သွားရတယ်။ စစ်သားတွေကော သူ့နောက်က ဗိုလ်ချုပ်တွေကော စစ်တန်းလျား ပြန်တဲ့လမ်း ပျောက်ကုန်ကြလို့လား မသိဘူး၊ နေပြည်တော်ကွက်သစ်မှာ သမ္မတအိမ်တော်တို့၊ ၀န်ကြီးချုပ် အိမ်ယာတို့ ဆောက်နေကြလေရဲ့။
စစ်တပ်ဆိုတာကတော့ ဘာလုပ်လုပ် စစ်တိုက်သလိုပဲ လုပ်တာပါ။ မနိုင်တဲ့ စစ်ကို မတိုက်ဘူး။ ဥပမာ – နာဂစ်မှာ လူတွေ အလုံးအရင်းလိုက် သေကျေ ဒုက္ခရောက် ဘ၀တွေ ပျက်နေချိန်မှာ၊ အခြေဥပဒေကို အရင်ဦးဆုံး အတည်ပြုပြီးတော့မှ ပြည်သူတွေကို ကယ်တင်ဖို့ ခြေလှမ်းပြင်တာပါ။ ဒါတောင် “ကယ်ပါ” “ကယ်ပါ” လို့ အော်တာက သူတို့ ကြားချင်သလို မအော်တတ်ရင် မမြင်ချင်ယောင်ဆောင်နေလို့ ဘုန်းကြီးတွေ၊ ပြည်သူတွေကိုယ်တိုင်က ၀င်ကယ်နေရတာကတော့ ကမ္ဘာကြီး အသိပေါ့။
U Ne Win ( 1911 – 2002)
U Sein Lwin (1923 – 2004)
Dr Maung Maung (1925 – 1994)
(The Presidents before 1988 uprising)
တပ်ဦး၊ သမဂ္ဂနဲ့ လူကြီးများကို ခွဲခဲ့ပုံ
စစ်တပ်က အာဏာသိမ်းလိုက်တော့ သူတို့ချပေးတဲ့လမ်းက ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ကြဖို့ပါ။ တပ်ဦးဆိုတာက အခု ဂျင်နရေးရှင်းဝေ့ဗ် လိုမျိုး လူငယ်အဖွဲ့တွေ၊ သမဂ္ဂဆိုတာက ကျောင်းသားတွေ ကျောင်းအစွဲနဲ့ ဖွဲ့ထားတဲ့ အဖွဲ့တွေ၊ လူကြီးတွေဆိုတာက တပ်မှူးဟောင်းတွေ၊ ဖဆပလခေတ်က လူတွေ၊ စာပေနဲ့ ပညာရှင်တွေ အဲသည်အစုအဖွဲ့က လူတွေလို့ ဆိုချင်တာပါ။
သမဂ္ဂနဲ့ တပ်ဦးတွေမှာ အင်အားတွေက တောနဲ့ မြို့ ကွဲကုန်တယ်။ တချို့ နယ်စပ်ကိုဆင်းပြီး လက်နက်ကိုင်တော်လှန်ဖို့ လုပ်ကြတယ်။ တချို့က မြို့ပေါ်မှာ သမဂ္ဂနဲ့ တပ်ဦးအလံကိုင်ပြီး ဆက်တိုက်တယ်။ တချို့ကတော့ စစ်အစိုးရပေးတဲ့ ပါတီကို မှတ်ပုံတင်ပြီး ခြေကုတ်ယူကြတယ်။
လူကြီးတွေကတော့ ပါတီထောင်ရတာပါပဲ။ ပါတီမထောင်ဘဲ အာဏာရှင်ဆန့်ကျင်ရေး တိုက်ပွဲကို ဘယ်လိုနည်းနဲ့ ဆက်တိုက်မလဲ။ သူတို့ ဥပဒေတွေ၊ ကတိတွေကို အခွင့်ကောင်းယူပြီး ပါတီတွေအဖြစ် မှတ်ပုံတင်ကြရပါတယ်။
အဲသည်တော့ အမျိုးသားနိုင်ငံရေးတို့၊ ကျောင်းသားနိုင်ငံရေးတို့၊ ပါတီနိုင်ငံရေးတို့ ဆိုပြီး စကားအရ ခွဲခြမ်းပြီး ပြောစရာတွေ ရကုန်ကြတာ မှတ်မိတယ်။ စစ်တပ်ကလည်း အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲလမ်းကြောင်းပေါ်မှာ လူငယ်နဲ့ လူကြီးကို သွေးခွဲချင်ရင် မင်းတို့က ပါတီနိုင်ငံရေး လုပ်နေတာ မဟုတ်ဘူး၊ အာဏာအတွက် လုပ်တာမဟုတ်ဘူးတို့၊ မင်းတို့တတွေကို နိုင်ငံရေးသမားတွေက ခုတုံးလုပ်နေတာတို့ စသည်ဖြင့် ပြောလေ့ရှိတဲ့ အချိန်တွေပေါ့။
Junta’s first generation leaders (1988 – 1990), Maung Aye (1937), Khin Nyunt (1939), Tin Oo (1940 – 2001), Myo Nyunt

မြို့ပေါ် ရှင်းလင်းရေး
စစ်အစိုးရဟာ မြို့ပေါ်တိုက်ပွဲမှာ အတိုက်အခံကို တန့်နေအောင် ထောက်လှမ်းရေးအဖွဲ့တွေသုံးပြီး တားထားတယ်။ ရွေးကောက်ပွဲနဲ့ ပါတီလမ်းကြောင်းကို ချပေးထားတယ်။
အိမ်ထဲ ပြန်ဝင်သွားတဲ့ ၀န်ထမ်းတွေကို ရာဇသံပေးပြီး ရုံးပြန်တက်ခိုင်းတယ်။ ပြန်ကြားရေးဌာနတွေအားလုံးက စစ်အစိုးရလူတွေချည်းနဲ့ ပြန်လည်ပတ်ထားတော့ အထွေထွေသပိတ်ဆိုတာ အာဏာသိမ်းပြီး တပတ်အတွင်း ပြန်လှန်ကြတယ်ဆိုတဲ့ ပုံစံမျိုး စစ်တပ်က ဖန်တီးလို့ရတာပေါ့။ ပြီးတော့ သိပ်မကြာခင်မှာ စစ်တမ်းတွေထုတ်ပြီး အရေးအခင်းမှာ ပတ်သက်သမျှကို ၀န်ထမ်းတွေကို မေးခွန်းထုတ် ဆန္ဒခံယူလိုက်တယ်။ ဆန့်ကျင်သူများကို ကောက်သင်းကောက်ပြီး အလုပ်ကထုတ်တာတို့၊ အရေးယူတာတို့ လုပ်လိုက်တော့ ၀န်ထမ်းတွေက ၈၈ အရေးအခင်းမှာ အလိုတူ အလိုပါတွေ မဟုတ်ပါ ဆိုတဲ့ ဇာတ်လမ်းကို သူတို့ စာရွက်ပေါ်မှာ တရားဝင်ရလိုက်တာပေါ့။
ပြီးတော့ စာပေနဲ့ ပညာရှင်တွေကို ထောက်လှမ်းရေးက တဆင့်ခေါ်ယူပြီး မေးတယ်။ ခံဝန်ချက်တွေ လက်မှတ်ထိုးခိုင်းတယ်။ အရေးအခင်းမှာ ပတ်သက်သမျှကို မှတ်တမ်းယူတဲ့ သဘောပါပဲ။ အနုပညာရှင်တွေထဲက စစ်အစိုးရဖက်ကို အမြန်ခုန်ကူးပြီး ဖျော်ဖြေပေး၊ ၀ါဒဖြန့်ပေးတဲ့ သူတွေက ဦးစားပေးခံရကုန်တော့ အစိုးရကို ဆက်လက်ဆန့်ကျင်တဲ့ အနုပညာရှင်တွေမှာ ရပ်တည်ဖို့ ခက်ကုန်ကြတယ်။
အရပ်သားတွေ၊ ကုန်သည်တွေအတွက်ကိုတော့ စစ်တပ်က တခါးဖွင့်ဝါဒနဲ့ မက်လုံးပေးတယ်။ ပြည်သူပိုင်တို့၊ သမ၀ါယမတို့ကနေ ပုဂ္ဂလိကစနစ်ကို ပေးမှာလို့ ဆိုလိုက်တော့ စစ်အာဏာရှင်ကို တိုက်ကြမယ့်လူတွေမှာ စစ်အစိုးရနဲ့ ပူးပေါင်းပြီးတိုက်မယ်တို့၊ ခွာတိုက်မယ်တို့ဆိုတဲ့ လူတွေ၊ မူတွေ ရောထွေးကုန်တာက စစ်တပ်အတွက် အမြတ်ပဲပေါ့။

နယ်စပ်ဒေသ ရှင်းလင်းရေး
အဲဒီအချိန်တွေမှာ စစ်တပ်က အလုပ်သိပ်များတဲ့အချိန်။ ဗကပနဲ့ လက်တွဲနေတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ ကွဲကြချိန်မှာ မြန်မာပြည်နယ်စပ်တလျောက်က တိုင်းရင်းသားလက်နက်ကိုင်တွေအားလုံးကို စစ်တပ်က အင်အားသုံးပြီး လိုက်ဖိတော့တာပါပဲ။ စစ်တပ်က အခွင့်အရေးပေးတာက ရွေးကောက်ပွဲ၊ ပါတီနဲ့ မြေပေါ်ရပ်တည်ခွင့်။
လက်နက်ကိုင်အဖွဲ့တွေက လက်ခံထားတဲ့ “တောခို” ကျောင်းသားတွေကို စစ်အစိုးရက ကြိုဆိုရေးစခန်းတွေ ဖွင့်ပြီး ပြန်လက်ခံတယ်။ အကြီးအကျယ် ၀ါဒဖြန့်ပြတယ်။ တောပြန် ကျောင်းသားတွေ၊ လူငယ်တွေနဲ့ စစ်အစိုးရနဲ့ ပူးပေါင်းလာတဲ့ တိုင်းရင်းသားလက်နက်ကိုင် “ခွဲထွက်” အဖွဲ့စုံတွေနဲ့ မြို့ပေါ်က အတိုက်အခံအင်အားစုတွေကို ပြန်ဆိုင်ပေးပါတယ်။
စစ်အစိုးရရဲ့ စေတနာတွေ၊ သဘောထားမှန်တွေ သိလာတဲ့ လူတွေ၊ အစုအဖွဲ့တွေနဲ့ စစ်အစိုးရကို ဆန့်ကျင်နေဆဲ ပါတီ၊ သမဂ္ဂ၊ တပ်ဦးက လူတွေကို နှိုင်းယှဉ်ပြတာ၊ အလိုတော်ရိတွေ မွေးပြီး ပြန်တိုက်ခိုက်ခိုင်းတာမျိုးတွေ လုပ်လာတာ ဖြစ်ပါတယ်။
General Khin Nyunt (1939 – )

မြေပေါ်တိုက်ပွဲများ
၁၉၈၉ မတ်၊ ဧပြီမှာ အထင်ကရ ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်၊ မိုးသီးဇွန်၊ ကိုကိုကြီးတို့ကို နှိမ်နှင်းလိုက်တယ်။ မင်းကိုနိုင်ကို ဖမ်းပြီး ထောင်ချတယ်။ မိုးသီးဇွန်ကို လိုက်လံဖမ်းဆီးလို့ နယ်စပ်ဒေသကို တိမ်းရှောင်ရတယ်။ ကိုကိုကြီးကိုတော့ ခေတ္တဖမ်းဆီးပြီး ပြန်လွှတ်ပေးခဲ့တယ်။ အဲဒီအချိန်မှာ လူငယ်ပါတီတခုဖြစ်တဲ့ လူ့ဘောင်သစ်ပါတီနဲ့ အထင်ကရ သမဂ္ဂ တခုဖြစ်တဲ့ ဗကသ လှုပ်ရှားမှုများ အကန့်အသတ်ရှိချိန်၊ အခြား ကျောင်းသားအဖွဲ့ချုပ်တခုဖြစ်တဲ့ မင်းဇေယျာ ဦးဆောင်တဲ့ “မကသ” သမဂ္ဂအဖွဲ့ကတော့ လှုပ်ရှားခွင့်တွေ ရခဲ့တယ်။ ၁၉၈၉ နှောင်းပိုင်းမှာ သူ့တို့အဖွဲ့ကို ဖမ်းဆီး ထောင်ချပစ်လိုက်တာပါပဲ။
ကျောင်းသားတွေကို ထပ်မံပြီး ဖြိုခွဲဖို့လုပ်တာက ကျောင်းတွေ ပြန်ဖွင့်ဖို့ အားစမ်းလိုက်တာ ဖြစ်တယ်။ ကျောင်းသားတွေ အမြတ်က မန္တလေးမှာ ဗကသကော၊ မကသအဖွဲ့ ၂ ခု စလုံးက ကျောင်းသားညီလာခံတွေ ကျင်းပနိုင်ခဲ့တယ်။ သမဂ္ဂတွေ၊ တပ်ဦးတွေ အင်အားပြကြ၊ ဆွေးနွေးကြချိန်မှာ ထောက်လှမ်းရေးက သူတို့ စောင့်ကြည့်ဆဲ၊ စောင့်ကြည့်ရန် စာရင်းများ အမြတ်ရသလို၊ ကျောင်းသားတွေဖက်ကလည်း ကျောင်းတွေသာ ပြန်ဖွင့်ရင် စစ်အာဏာရှင်တွေကို ဘယ်လိုမျိုး ကျောင်းတွင်း ကျောင်းပြင် ၀ိုင်းတိုက်ကြမလဲ ဆွေးနွေးခဲ့ကြလို့ ကျောင်းပြန်ဖွင့်ရေးကို စစ်တပ်က နောက်ဆုတ်ခဲ့ရတယ်။
၁၉၈၈ နိုဝင်ဘာမှာကတည်းက အင်န်အယ်ဒီက ခွဲထွက်တဲ့ ဦးအောင်ကြီးနဲ့ တပ်မှုးဟောင်းတချို့ ပါတီတခုထောင်ပြီး ရွေးကောက်ပွဲလမ်းကြောင်းကို ချီတက်လိုက်တော့ စစ်အစိုးရကို တိုက်ခိုက်ရေးထက် ရွေးကောက်ပွဲဝင်ရေးက ပိုထင်ရှားလာသလို ဖြစ်လာတယ်။ ၁၉၈၉ ဇူလိုင်မှာတော့ အဓိကအတိုက်အခံပါတီဖြစ်တဲ့ အင်န်အယ်ဒီကို စစ်အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ပြုလုပ်နေလို့ဆိုပြီး တားဆီးခဲ့တယ်။
ဒေါ်စုကို အကျယ်ချုပ်၊ ဦးတင်ဦး၊ ဦးဝင်းတင်နဲ့တကွ ရှေ့တန်းက ဦးဆောင်သူတွေကို ဖမ်းဆီးလိုက်တယ်။ ဦးနုနဲ့ အဖွဲ့ကိုတော့ အာဏာသိမ်းပြီးကတည်းက စောင့်ကြည့်ခဲ့တယ်။ နောက်ပိုင်းမှာ ဦးနုကို စင်ပြိုင်အစိုးရလမ်းကြောင်း မစွန့်မချင်း အကျယ်ချုပ်ထားတယ်။ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်ဖို့ တိုက်တွန်းတယ်။ ဦးနုရဲ့ မိတ်ဆွေများက ပါတီထောင်တော့လည်း ဦးနုကို ရွေးကောက်ပွဲ ပေးမ၀င်ခဲ့ဘူး။
ဒေါ်စုနဲ့တကွ ကျောင်းသားခေါင်းဆောင်များ၊ နိုင်ငံရေးသမားများကို စစ်အစိုးရက ဖမ်းဆီးထားလို့ စစ်အစိုးရ ရွေးကောက်ပွဲဝင်ရေးဟာ အတိုက်အခံ အားလုံးအတွက် လိပ်ခဲတည်းလည်း ဖြစ်လာပေမယ့် ဒေါ်စုက ရွေးကောက်ပွဲ ၀င်မယ်လို့ ကြေညာာခဲ့တယ်။ သည်တော့လည်း စစ်တပ်က ရွေးကောက်ပွဲ ပေးမ၀င်ခဲ့ဘူး။
၁၉၈၉ နှစ်ကုန်ပိုင်းမှာ အခြေခံပညာကျောင်းတွေကို စစ်တပ်က အတင်းအကြပ်ဖွင့်ခဲ့တယ်။ အခြေခံပညာကျောင်းသားသမဂ္ဂတွေက နိုင်ငံတ၀ှမ်းလုံးမှာ ကျောင်းတွင်း တိုက်ပွဲတွေ တချိမ်းချိမ်း ဖြစ်ကြတယ်။ ၁၉၈၉ သြဂုတ်နောက်ပိုင်းမှာ လက်ဝဲသမားတွေရော၊ လက်ယာသမားတွေရောကို စစ်အစိုးရ ရန်သူတွေအဖြစ် စွပ်စွဲပြီး အမှုမျိုးစုံနဲ့ ကျောင်းသား၊ လူငယ်၊ သူပုန်တွေ၊ ပါတီဝင်တွေထဲက ရှေ့တန်းအင်အားတွေကို စစ်တပ်က နှိမ်နှင်းခဲ့ပြီး ဖြစ်ပါတယ်။

ရွေးကောက်ပွဲ အကြို စစ်ဆင်ရေးများ
စစ်တပ်က အာဏာသိမ်းပြီး ၁ နှစ်ကျော်အကြာ ၁၉၉၀ အ၀င်မှာ စစ်အာဏာရှင်ကို တိုက်နေတဲ့ အတိုက်အခံအင်အားစုတွေ အားလုံး တော်တော် အထိနာကြပေမယ့် စိတ်ဓာတ်အင်အားတွေက လုံးဝ မကျခဲ့ကြဘူး။ တဗိုလ်ကျ တဗိုလ်တက်ပဲ။ အင်အားတွေက တော်တော် ကျန်သေးတယ်။ စစ်အာဏာရှင်တိုက်ခိုက်ရေးကို အတိုက်အခံတွေက စွဲကိုင်ထားဆဲပါပဲ။ သူတို့ကျင်းပပေးတဲ့ ရွေးကောက်ပွဲကနေ အာဏာရှင်စနစ် ပြုတ်ကျအောင်လုပ်နိုင်လိမ့်မယ်လို့လဲ မထင်ကြပါဘူး။ နည်းမျိုးစုံနဲ့ တိုက်နေကြဆဲပါပဲ။
စစ်အစိုးရက အကြမ်းမဖက်ဘဲ အာဏာဖီဆန်တဲ့နည်းနဲ့ ဆန့်ကျင်နေတဲ့ အတိုက်အခံတွေကို အကြောင်းအမျိုးမျိုးပြပြီး ဖမ်းဆီးနှိမ်နှင်းမှုတွေ တိုးမြှင့်လုပ်ပါတယ်။ ပါတီသမားတွေလည်း မဟာမိတ်ပါတီအစုအဖွဲ့တွေ ပြန်ဖွဲ့ပြီး အင်အားစု၊ သမဂ္ဂနဲ့ တပ်ဦးတွေကလည်း တပ်ပေါင်းစုတွေ ပြန်ဖွဲ့ကြရပါတယ်။
မေလမှာ ရွေးကောက်ပွဲလုပ်မယ်။ မတ်လမှာ စစ်အစိုးရက ကျောင်းသားနဲ့ လူငယ်တွေကို အတင်းလိုက်ဖမ်းဆီးတော့တယ်။ သူတို့အကြောင်းပြတာက ရွေးကောက်ပွဲကို ဖျက်ဆီးရန် ကြံစည်နေလို့။ အဲဒီအချိန်မှာ အတိုက်အခံဖက်က ရွေးကောက်ပွဲကို သပိတ်မှောက်ရေးလား၊ ရွေးကောက်ပွဲ ၀င်ကြရေးလား ဆိုတာကို ရွေးကြရတဲ့ အချိန်ပါပဲ။
နောက်ဆုံးမှာ အတိုက်အခံတွေ အားလုံးက တညီတညွတ်တည်းလက်ခံကြတာက – “ရွေးကောက်ပွဲမှာ ဒီမိုကရေစီအင်အားစုများ အောင်နိုင်ရေး”၊ ပြီးတော့ ဦးကြည်မောင်၊ ဦးချစ်ခိုင်၊ ဦးအောင်ရွှေတို့တတွေ ဦးဆောင်မှုပေးထားတဲ့ “အင်န်အယ်ဒီပါတီကို ၀န်းရံကြရေး” ဖြစ်လာပါတယ်။ အဲဒီအချိန်မှာ အထိနာထားတဲ့ အတိုက်အခံအင်အားစုများအားလုံးကို ကျားကန်ပေးထားတာက သံဃာတော်များရဲ့ သာမဂ္ဂီအဖွဲ့၊ ရဟန်းပျိုများအဖွဲ့တွေ ဖြစ်ပါတယ်။
ရန်ကုန်မှာ မြေလှန်ပြီး ဖမ်းဆီးလို့ ပြေးနေရတဲ့ ကျောင်သားတွေ၊ လူငယ်တွေကို ရဟန်းပျိုအဖွဲ့ချုပ်နဲ့ ဘုန်းကြီးကျောင်းတွေက အကာအကွယ်ပေးခဲ့သလို၊ မန္တလေးမှာလည်း ဘုန်းကြီးကျောင်းတွေနဲ့ သံဃာ့သာမဂ္ဂီတွေရဲ့ အရိပ်မှာ ကျောင်းသားလူငယ်တွေ အင်အားတွေ စုခဲ့ကြရပါတယ်။
ကျန်ရှိနေတဲ့ တရားဝင်ပါတီတွေက လူကြီးတွေ လူငယ်တွေဟာ ပါတီတရားပွဲတွေကနေ ရွေးကောက်ပွဲမှာ မဲမကွဲဘဲ အားလုံးရဲ့ ဒီမိုကရေစီရေးမဟာမိတ်ပါတီများသာ အနိုင်ရဖို့ တိုက်တွန်းနိုးဆော်ကြရတော့တာပါပဲ။ လူထုကြီးအတွက် အထင်ရှားဆုံး ရွေးချယ်စရာကတော့ ရွေးကောက်ပွဲ ၀င်ခွင့်မရတဲ့ ဦးတင်ဦးနဲ့ ဒေါ်စုတို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်။
General Than Shwe (1933 – )

၁၉၉၀ ရွေးကောက်ပွဲ မော်ကွန်း
စစ်တပ်ရော၊ ထောက်လှမ်းရေးရော၊ သူတို့ရဲ့ လက်ပါးစေပါတီတွေကော၊ အလိုတော်ရိ အပေါင်းအပါတွေကော အဲဒီတုံးက ထင်ခဲ့တာက သူတို့တွေ အကြိမ်ကြိမ် နင်းချေထားတဲ့ အတိုက်အခံတွေနဲ့အတူ မြန်မာပြည်သူလူထုကြီးက သတ္တိရှိရှိ လက်တွဲရပ်တည်ရဲကြလိမ့်မည် မဟုတ် ဆိုတာပဲ။
သူတို့တွေ တွက်ကိန်းမှားတဲ့အချိန်မှာ သူတို့ အကြိမ်ကြိမ် ကျူံးသွင်းပြီး အတင်းအဓမ္မ ကျင်းပခဲ့တဲ့ ၁၉၉၀ ပါတီစုံရွေးကောက်ပွဲဟာ ကမ္ဘာကြီး သက်သေနဲ့ တရားဝင် ကျင်းပခဲ့ပြီးပြီ။ သူတို့ အကြိမ်ကြိမ် ကတိက၀တ်ပေးခဲ့သလို “ရွေးကောက်ပွဲပြီးရင် ငါတို့ စစ်တန်းလျား ပြန်ကြမှာ” ဆိုတဲ့ စကားကြီးကလည်း တရားဝင် အဖတ်တင်ခဲ့ပြီ။
အဲဒီကတည်းက အတိုက်အခံတွေ ပြည်သူတွေ သွေးနဲ့ ရေးခဲ့ကြတဲ့ ၉၀ ရွေးကောက်ပွဲ ရလဒ်ကို စစ်အာဏာရှင်တွေကိုယ်တိုင်ကပဲ ပြည်သူတွေ၊ အတိုက်အခံတွရဲ့ သွေးတွေနဲ့ ပြန်ဖျက်ဖို့ ကြိုးစားနေတာ ခုဆို အနှစ် ၂၀ တောင် ရှိတော့မယ် ဖြစ်ပါတယ်။ ၈၈ အရေးတော်ပုံ အနှစ် ၂၀ မှာ “၉၀ ရွေးကောက်ပွဲ” အကြောင်းကို အမှတ်တရပြုရေးလိုက်ပါတယ်။
၂၀၁၀ ရွေးကောက်ပွဲကြီးကို ဘာနဲ့ မြည်းကြမှာလဲ။ ၁၉၉၀ ရွေးကောက်ပွဲကြီးနဲ့ မြည်းကြပေါ့ဗျာ။ မြန်မာပြည်သားတွေရဲ့ သွေးတွေ၊ အသက်တွေနဲ့ စက်ပြီးတော့ပေါ့။



မောင်ရစ် တယောက် နောက်မရေးတော့ပါဘူး။ ရွေးကောက်ပွဲထဲမှာ ထားရစ်ခဲ့ဖို့ကို …။ ရွေးကောက်ပွဲထဲမှာ စစ်အာဏာရှင်တွေဆိုတာ ဘယ်တော့မှ မနေရစ်ဘူး … ( ဟဲဟဲ … ငါ့မှာတော့ အသည်းတွေကွဲပြီး လွမ်းလိုက်ရတာ … )
0