မောင်လူပေ ● အမေရိကားရဲ့ လွတ်လပ်ရေးနေ့
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၈
(မိုးမခ) ဇူလိုင် ၄၊ ၂၀၁၈
ဒီနေ့ July 4th က အမေရိကားရဲ့လွတ်လပ်ရေးနေ့ပါ။ လွန်ခဲ့တဲ့ (၂၄၂) နှစ်ခန့်က ၁၇၇၆ ခုနှစ် ဂျူလိုင်လ (၄) ရက်နေ့မှာပေါ့။ အင်္ဂလိပ်ပိုင် ကိုလိုနီပြည်နယ် (၁၃) ခု စုပေါင်းပြီး 'အမေရိကန်ပြည်ထောင်စု' ဆိုတဲ့ နိုင်ငံသစ်တစ်ခုတည်ထောင်ကြောင်း ပြည်ထောင်စုလွှတ်တော်က လွတ်လပ်ရေးကြေညာစာတမ်းနဲ့ တရားဝင်ကြေညာခဲ့တယ်။ ဒါကြောင့် တရားဝင် လွတ်လပ်ရေး နေ့အဖြစ် ဒီနေ့ရောက်တိုင်း အမေရိကန်တွေဟာ မီးရှူးတွေဖေါက်၊ ချီတက်ပွဲတွေလုပ်၊ ပျော်ပွဲတွေကျင်းပပေါ့။ အသားကင် ကြိုက်တဲ့လူမျိုးတွေမို့ BBQ တွေလုပ်ကြတယ်။ မိတ်ဆွေတွေ၊ မိသားစုတွေ ပြန်ဆုံကြတယ်။ သူတို့ကြိုက်တဲ့ ဘေ့စ်ဘော (Baseball) အားကစားနည်း ကစားသူလည်း ရှိရဲ့။ အားပေးသူလည်းရှိရဲ့။
အမေရိကားကို တည်ထောင်သူဖခင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ သောမတ်ဂျက်ဖာဆင်(Thomas Jefferson)အပါအဝင် ငါးဦးသောကော်မတီဝင်တွေရေးထားတဲ့ 'လွတ်လပ်ရေးကြေညာစာတမ်း’ (Declaration of Independence)ကို လွှတ်တော်မှာ မဲခွဲအတည်ပြုခဲ့တာကတော့ ဂျူလိုင် (၂) ရက်နေ့။ တရားဝင်ထုတ်ပြန်ကြေညာတာက ဂျူလိုင် (၄) ရက်နေ့မှ ပေါ့။
တကယ်တော့ အမေရိကားကို မူလပထမအခြေချသူတွေက အာရှသားတွေပါ။ လွန်ခဲ့သောနှစ်ပေါင်း တသောင်းခွဲရောက် ထဲက ရောက်ခဲ့ကြတယ်။ သူတို့ကို အင်ဒီးယန်း (Indian)၊ အိန္ဒိယနိုင်ငံသားတွေရယ်လို့ ၁၄၉၃မှာမှ ရောက်လာခဲ့သူ ကိုလံ ဘတ်ဆိုတဲ့ လူဖြူကြီးကထင်ခဲ့လေတော့ အခုထိ သူတို့ကို ဌာနေအင်ဒီးယန်း (Native Indian) လို့ပဲ ခေါ်ကြလေတယ်။ ကိုလံဘတ်ကောင်းမှုနဲ့ စပိန်တွေရောက်လာ။ မကြာခင် ပြင်သစ်တွေအခြေချ၊ အင်္ဂလိပ်တွေရောက်ပေါ့။ ဥရောပမှာ ကက် သလစ်ဘုန်းတော်ကြီးတွေ ကြီးစိုးထားမှုကို မကြိုက်တဲ့ ခရစ်ယာန်ဘာသာရေးလွတ်လပ်မှုလိုလားသူ အများစုပါပဲ။
ရောက်စမှာ ဌာနေအင်ဒီးယန်းတွေရဲ့အကူအညီနဲ့ ထွန်ယက်စိုက်ပျိုးနေထိုင်ကြတယ်။ ဥရောပကပြောင်းလာသူတွေ တ ဖြည်းဖြည်းများလာတော့ ဌာနေအင်ဒီးယန်းတွေနဲ့ တိုက်ပွဲဖြစ်ကြတယ်။ နောက်တော့ အင်္ဂလိပ်က နယ်ချဲ့လာရင်း ကိုလို နီပြည်နယ် (၁၃) ခုဟာ အင်္ဂလိပ်လက်အောက်ရောက်သွားပါရော။ အဲဒီအချိန်က လူဦးရေနှစ်သန်း ပိုပိုလေး (၂.၁သန်း)ပဲရှိတယ်။ လူဦးရေသုံးပုံတစ်ပုံက အင်္ဂလိပ်တွေပဲ။ ဒါပေမဲ့ သူတို့က အုပ်ချုပ်သူအင်္ဂလိပ်တွေနဲ့ ခပ်ကင်းကင်းနေတယ်။ အင်္ဂ လိပ်ဘုရင်က အခွန်ပေးဖို့တောင်းတဲ့အခါမှာ သူတို့လည်းအင်္ဂလိပ်တွေပဲမို့ ဥပဒေပြုရေးအမတ်နေရာမရရင် အခွန်မ ပေးနိုင်ဘူးလို့ ငြင်းဆန်ရာက အင်္ဂလိပ်နဲ့စစ်ဖြစ်တော့တယ်။
၁၇၇၆ ခုနှစ်ထဲက လွတ်လပ်ရေးကြေညာခဲ့ပေမဲ့ အင်္ဂလိပ်နဲ့စစ်ပြီးစီးကြောင်းစာချုပ်ကို ခုနှစ်နှစ်အကြာ ၁၇၈၃ ရောက်မှရေး ထိုးနိုင်ခဲ့တာပါ။ နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ၁၇၈၇မှာ စတင်ရေးဆွဲခဲ့တယ်။ အခြေခံဥပဒေအရ အာဏာကို သမ္မတဆီမှာတစ်ပိုင်း၊ အထက်လွှတ်တော်မှာတစ်ပိုင်းနဲ့ အောက်လွှတ်တော်မှာ တစ်ပိုင်းဆိုကာ သုံးပိုင်းခွဲလိုက်ပြီး အချင်း ချင်း အပြန်အလှန်ထိမ်းကြောင်းစေတယ်။
အမေရိကားလွတ်လပ်ရေးစစ်ပွဲမှာ စစ်တပ်ကြီးကိုဦးဆောင်ခဲ့တဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂျော့ခ်ျ ဝါရှင်တန် ဆိုတဲ့ ဗိုလ်ချုပ်ကြီးတစ်ဦးပေါ့။ အင်္ဂလိပ်နဲ့ စစ်ပြီးဆုံးသွားတဲ့အခါ သူ့ကို ဘုရင်လုပ်ဖို့ ဝိုင်းပြီးတိုက်တွန်းကြသတဲ့။ အာဏာ ရှင်လုပ်ဖို့ တိုက်တွန်းမှုကို လက်မခံလိုတဲ့ စစ်ဗိုလ်ချုပ်ကြီးက ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲစေပြီး ရွေးကောက်ခံ သမ္မတ ပဲလုပ်ဖို့ လက်ခံခဲ့တယ်။ သမ္မတသက်တန်းကိုလည်း လေးနှစ်သက်တမ်းနှစ်ကြိမ်၊ (၈) နှစ်အထိသာ ခွင့်ပြုစေခဲ့တယ်။ ဒါ ကြောင့် အမေရိကန်စစ်ဗိုလ်ချုပ်ကြီးက အာဏာရှင်ကြီး မဖြစ်လာခဲ့။ (အမေရိကန်တွေ ကံကောင်းခဲ့လေတယ်။)
ပြည်နယ် (၁၃) ခုနဲ့ စတင်ခဲ့တဲ့အမေရိကန်ပြည်ထောင်စုဟာ အခုအချိန်မှာတော့ ပြည်နယ် (၅၀) အထိရောက်ရှိလာခဲ့ပြီ။ လူဦးရေကလည်း နှစ်သန်းကနေ သန်းသုံးရာကျော်ခဲ့ပြီ။ ကမ္ဘာ့နံပါတ်တစ် နေရာများစွာကို သိမ်းပိုက်ထားနိုင်ခဲ့ပြီ။ စီးပွားရေး၊ စစ်ရေးမှာ အကြီးဆုံးနိုင်ငံမို့ ကမ္ဘာ့နိုင်ငံများရဲ့ လေးစားအားကိုးရာ နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီ။ ပြည်သူတွေ လွတ်လပ်ရေး ရဲ့အသီးအပွင့်တွေခံစားရင်း နိုင်ငံလည်း တိုးတက်မှုအပေါင်း သရဖူဆောင်းခဲ့ပြီ။
အမေရိကားရဲ့ မတူညီသူအားလုံးကို စုစည်းထားနိုင်မှုသော့ချက်ကတော့ ' အမေရိကန်အိပ်မက်(American dreams)' ကို တန်းတူမက်ခွင့်ပြုခြင်းပါပဲ။ ဘာသာရေး၊ လူမျိုးရေး၊ အသားအရောင် ခွဲခြားမှုရှိနေသေးပေမဲ့ ဥပဒေနဲ့တင်းကြပ်ထားမှုကြောင့် အလွန်အကျွံဖြစ်မလာခဲ့။ လူဖြူလက်ယာစွန်းဖြစ်တဲ့ ရီဗာဗလစ်ကင် သမ္မတထရန့်လိုလူရဲ့ လက်ထက်မှာတောင် တရား ဥပဒေစိုးမိုးမှုအဆင့်ဆင့်ရဲ့ အားနဲ့ မတရားမှုအစုံစုံကို လစ်ဘရယ်ဒီမိုကရက်အုပ်စုက တန်ပြန်ဆန့်ကျင်နေကြတယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာဝင်မဆို Americanization အရ အမေရိကန်နိုင်ငံသားတွေမို့ အခွင့်အရေးအတူတူ ရရှိစေတယ်။ မြန်မာ အမေရိကန်(Burmese American) တွေကတော့ ပထမမျိုးဆက်တွေက အများစုပါ။ ဒုတိယမျိုးဆက်တွေက အခုဆိုရင် အသက်နှစ်ဆယ်ကျော်သုံးဆယ်အရွယ်တွေ။ ပညာတတ်လူငယ်မျိုးဆက်တွေပေါ့။ မြန်မာ အမေရိကန် ဒုတိယ မျိုးဆက်တစ်ခုထဲမှာပဲ လူငယ်သောင်းချီရှိမယ်။
ကျွန်တော်တို့ရဲ့ မြန်မာပြည် ရွှေပြည်ကြီးမှာတော့ စစ်အာဏာရှင်တွေရဲ့ နှိပ်စက်မှုပေါင်းစုံလက်အောက်မှာ ခါးစီးခံခဲ့ရလို့ ခုထိ နလံမထနိုင်သေး။ လွတ်လပ်ရေးရပြီးဆယ်နှစ်ကျော်မှာပဲ စစ်တပ်ရဲ့ အာဏာသိမ်းခြင်း ခံခဲ့ရတယ်။ အခုလို ပြည်သူ့ အစိုးရ ခေတ်မှာတောင် စစ်အာဏာရှင်တွေရဲ့ လက်ပါးစေတွေက သူတို့အဘတွေပြန်လာရေးကို ခုထိကြိုးစားနေကြတုန်း။ ဒီမိုကရေစီအစိုးရဆိုပေမဲ့ စစ်အာဏာရှင်အလိုကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ခြေဥကြီးအောက်မှာ ကပြအသုံးတော်ခံနေရတဲ့ အနေအထား။ တပ်မတော်နဲ့အစိုးရကလည်း ယခုတိုင် အစီးမကပ်သေး။
အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးကြေညာတဲ့ ၁၇၇၆ခုနှစ်ဝန်းကျင်ဟာ မြန်မာပြည်အတွက် ရွှေခေတ်တွေပါ။ အလောင်းဘုရားက ကုန်းဘောင်မင်းဆက်တည်ထောင်ပြီး တတိယမြန်မာနိုင်ငံကြီးတည်ထောင်ပြီးချိန်၊ သားတော်နောင်တော်ကြီးမင်းလက်ထက်မှာ တရုတ် မြန်မာစစ်ပွဲလေးကြိမ်တိတိကို အောင်မြင်စွာ ခုခံနိုင်ခဲ့တယ်။ ယိုးဒယားပြည်တစ်ခုလုံးနီးပါး၊ အာသံ၊ မဏိပူရအထိ ပိုင်ဆိုင် နယ်ချဲ့နိုင်ခဲ့ကြတယ်။ မြန်မာနယ်ချဲ့ခေတ်ကောင်းနေချိန်ပေါ့။
အဲဒီနယ်ချဲ့မြန်မာအင်ပါယာကြီးဟာ နှစ်ပေါင်းတစ်ရာကျော်အတွင်း တစစနဲ့ အားအင်ချိနဲ့ရင်း ၁၈၈၆မှာတော့ အင်္ဂလိပ်နယ်ချဲ့အောက်ရောက်သွားလေတယ်။ ကိုယ်က အင်အားကောင်းချိန်မှာ သူများကို နယ်ချဲ့ခဲ့လေတော့ ကိုယ်တိုင်အင်အား ညံ့ချိန်မှာ သူများရဲ့ နယ်ချဲ့ခြင်းခံရတဲ့သဘောပါပဲ။ အင်္ဂလိပ်လက်အောက်က လွတ်လပ်ရေးရခဲ့တာ နှစ်(၇၀)ရှိခဲ့ပေမဲ့ စစ်အာဏာရှင်ကြီးတွေ အဆက်ဆက်ရဲ့ လွဲမှားတဲ့ အာဏာတည်ဆောက်ရေးအောက်မှာ ပြည်သူတွေနဲ့ သဘောထား တွေကွဲကြ၊ တိုင်းရင်းသားတွေနဲ့တိုက်နေကြတဲ့ ပြည်တွင်းစစ်မီးကြီးကလည်း ခုထိ မငြိမ်းနိုင်သေး။
စစ်အစိုးရအဆက်ဆက်မှာ မြန်မာပြည်ကြီးကို နိုင်ငံတကာနဲ့အဆက်ဖြတ်ခဲ့တဲ့ အကျိုးဆက်ကတော့ ကမ္ဘာ့အဆင်းရဲဆုံး နိုင်ငံဘဝ ရောက်ခဲ့ရခြင်းပါပဲ။ ခုထိလည်း ဥပဒေအမျိုးမျိုးအောက်မှာ ပြည်သူတွေ ဒုက္ခပင်လယ်။ လွတ်လပ်ရေးရဲ့ အသီးအပွင့်ကို စစ်တပ်၊ ဦးပိုင်၊ စစ်တပ်နဲ့နီးစပ်တဲ့ ခရိုနီအုပ်စုကသာ တင်းပြည့်ကျပ်ပြည့်ခံစားခွင့်ရနေတဲ့အဖြစ်။ တပ်က လည်း အာဏာအရပ်ရပ်မှာ လက်ဝါးကြီးအုပ်ထားဆဲ။
အမေရိကားရဲ့ လွတ်လပ်ရေးနေ့ရောက်တိုင်းလည်း မြန်မာပြည်ကြီး အမှန်တကယ် အေးချမ်း၊ လွတ်လပ်ပါစေကြောင်း ဆုတောင်းမိတာ အခါခါ။ မြန်မာပြည်သားအပေါင်းကလည်း ၂၀၀၈ခြေဥကြီးအောက်က လွတ်မြောက်တဲ့ လွတ်လပ်ရေးနေ့ကို စောင့်မျှော်နေမှာ မလွဲ။
မြန်မာပြည် ငြိမ်းချမ်းသာယာပါစေကြောင်း ဆုတောင်းလျှက်ပါ။
ချစ်တဲ့
မောင်လူပေ
Comments