မောင်စွမ်းရည် - လူထုဂျာနယ်စာပေပြိုင်ပွဲ (၁၉၅ဝ)


မောင်စွမ်းရည် - လူထုဂျာနယ်စာပေပြိုင်ပွဲ (၁၉၅ဝ)
လူထုကြီးပွားရေးစာအုပ်တိုက် နှစ် ၈ဝ ပြည့်အထိမ်းအမှတ်ဆောင်းပါး

(မိုးမခ) ဇူလိုင် ၁၄၊ ၂၀၁၈

လူထုကြီးပွားရေးစာအုပ်တိုက် နှစ် ၈ဝ ပြည့် အထိမ်းအမှတ်ပွဲ ပြုလုပ်မယ်လို့ကြားတော့ ဝမ်းသာရတယ်။ ကျွန်တော်က လူထုကြီးပွားရေးဆိုတာကို ကျွန်တော့်မိဘများနဲ့အတူ ငယ်စဉ်ကတည်းက ဖတ်လာခဲ့ရတာဆိုတော့ ''အစွဲ'' ရှိပါတယ်။ လူထုကြီးပွားရေးဆိုတဲ့ အသံကြားလိုက်ရင် ခေါင်းထောင်ကြည့်တတ်ပါတယ်။ အဲဒါ ''အစွဲ'' ပေါ့နော်။

လွန်ခဲ့တဲ့ ၁၄-၅ နှစ်လောက်က မြောက်အီလီနွိုက်တက္ကသိုလ် စာကြည့်တိုက်ကို မွှေခွင့်ရတယ်။ စာကြည့်တိုက်မှူး၊ ဒေါ်မေကြည်ဝင်း ပြုစုပျိုးထောင်သွားခဲ့တဲ့ မြန်မာစာကြည့်တိုက်ပါ။ ဒေါ်မေကြည်ဝင်းဆိုတာ အလွန်တော်တဲ့ စာကြည့်တိုက်မှူးပါ။ ဗမာပြည် က အလွန် အစုအဆောင်းကောင်းတဲ့ စာရေးဆရာ၊ စာပေသုတေသီ တွေ ကွယ်လွန်ရင် သူတို့စုဆောင်းထားတဲ့စာအုပ်တွေကို လိုက်ဝယ် ပြီး စုဆောင်းလေ့ရှိတယ်။ ဒါကြောင့် သူ့စာကြည့်တိုက်မှာ အဟောင်းအသစ် အတော်စုံပါတယ်။ ကဗျာဆရာတင်မိုးပြော သလို ''ချစ်သောသူတို့သည် အသက်တိုလှ၏'' လို့ပြောရပေတော့မယ်။ ခုအခါ သူ မရှိရှာတော့ပါ။

ဒေါ်မေကြည်ဝင်း စုဆောင်းထားတာတွေထဲမှာ လူထုဂျာနယ် အဟောင်းတွေလဲရှိတယ်။ ကြီးပွားရေးဂျာနယ်တချို့လည်းရှိပါ တယ်။ ဒါ့ကြောင့် ကျွန်တော်ကြည့်ရှုလေ့လာခွင့်ရခဲ့ပါတယ်။ အခွင့်ရတုန်းမှာ ကိုယ်ကူးချင်တာတွေလည်း ကူးခဲ့ရပါတယ်။ စက္ကူ ဖိုးလည်းမပေးရ၊ ကူးခလည်းမပေးရ။ ဟိုပို့ ဒီပို့ပို့ခိုင်းဦးမလား။ အခမဲ့ စာကြည့်တိုက်အချင်းချင်းအတွင်း စာအုပ်တွေ လှမ်းငှားလို့လည်း ရသဗျ။ ခု ကျွန်တော်တင်ပြထားတဲ့ လူထုဂျာနယ်မိတ္တူဟာ မြောက်အီလီနွိုက်တက္ကသိုလ်ကကူးခဲ့တာ။ မြန်မာစာဆရာဦးစောထွန်းတို့ ဒေါ်မေစာတို့ရှိတဲ့ နေရာပေါ့။ သူတို့က ကျွန်တော့်ကို ကျွေးထားခဲ့တယ်။

လူထုဂျာနယ်အမှတ် ၁ ကစပြီး စာပေပြိုင်ပွဲလုပ်ခဲ့ပါတယ်။ 'ဆောင်းပါး'၊ 'ကဗျာ'၊ 'အတ္ထုပ္ပတ္တိ'၊ ဆိုပြီး ပြိုင်ပွဲတွေသုံးမျိုးခေါ်ထား တာတွေ့ရပါတယ်။ ၁၉၅ဝ၊ ၁၉၅၁ ခုနှစ်များအတွင်းက ပြိုင်ပွဲခေါ် တဲ့ လူထုဂျာနယ်တွေကို ကျွန်တော် ကူးယူထားခဲ့တာပါ။ တခြားကူး ယူထားတာရှိချင်လည်း ရှိဦးမှာပါ။ ခု ၁၄-၅ နှစ်ကြာမှ ဖိုင်ကြို ဖိုင်ကြားကထွက်လာတဲ့ မိတ္ထူရှိသမျှကိုပဲ ကိုးကားတင်ပြမှာပါ။ လူထုတိုက်မှာတော့ စနစ်တကျ သိမ်းဆည်းသိုမှီးထားလေ့ရှိပါတယ်။ သူတို့တိုက်မျာက အစိုးရ စစ်တပ် အပါအဝင် ရန်သူမျိုးခြောက်ပါး ဒုက္ခပေးခဲ့တာရှိတော့ သိပ်မစုံတာသေချာတယ်။ တချို့လိုအပ်တာ ရှိရင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်က ကူးရတဲ့အခါတွေရှိပါ တယ်။ ကျွန်တော်တောင် ကူးပေးရသေး။

စာပေပြိုင်ပွဲ အမှတ် ၁ ခေါ်စာကို ကျွန်တော်မကူးခဲ့ရဘူး။ ဆုရသတင်းကြေညာချက်သာ ကူးယူထားခဲ့မိတာ။ ဒါတောင် သူငယ်ချင်းမောင်သာနိုးရဲ့နာမည်ပါလို့ ကူးလိုက်မိတာထင်ပါရဲ့ လူထုဂျာနယ်စာပေပြိုင်ပွဲအမှတ် ၁ ကို ''ဆောင်းပါးပြိုင်ပွဲ''လို့ အမည်ပေးသလား မသိပါ။ ဆုရသူအမည်တွေ ကြေညာတော့ ဆောင်းပါးအမည်ပဲကြေညာပါတယ်။ ဆောင်းပါးပြိုင်ပွဲခေါ်ခေါင်း စဉ်ကို တွေ့ရရင် ခုခေတ်အမြင်နဲ့တော့ အံ့သြကြမှာအမှန်ပါပဲ။

 ခေါင်းစဉ်က - ''ကျောင်းများ၌ မာခ်စာပေ သင်သင့်သည်''တဲ့။

တကယ်တော့ ဒါလည်း မဆန်းလှဘူး။ အံ့အားသင့်ဖွယ် မဟုတ်လှပါဘူး။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ အစိုးရ ဖြစ်တုန်းက ဆိုရင် 'အညမည'စာအုပ်ကလေးကို တက္ကသိုလ်မှာ သင်ခဲ့ရတယ် မဟုတ်လား။ နိုင်ငံရေးသိပံ္ပ၊ နိုင်ငံရေးတက္ကသိုလ် ဆိုတာမျိုးတောင် ဖွင့်လှစ်ပို့ချခဲ့သေးတာမဟုတ်လား။ ''အ-ည-မည'' ကို 'အင်ညမြင်ည' ဟု ဖတ်ပါဆိုတဲ့ အညွှန်းလေးပါတဲ့ စာအုပ်ပြာကလေးကို မှတ်မိပါတယ်။ သင်တန်းတွေ ဘာတွေတော့ မတက်ခဲ့ရဖူးပါ။ ကျွန်တော်က အစိုးရဝန်ထမ်းဖြစ်ပေမဲ့ မဆလပါတီဝင် မဟုတ်ခဲ့လို့ ပါ။

၁၉၅ဝ-၅၁ ဆိုတော့ ဗမာပြည်လွတ်လပ်ရေးစခါစကာလ ဖြစ်ပါတယ်။ ၁၉၄၈ မှာ လွတ်လပ်ရေးရတာ ဆိုတော့ လွတ်လပ် ရေးရတာ နှစ်နှစ်ပဲ ရှိပါသေးတယ်။ ''လက်ဝဲဝါဒ''လို့ခေါ်တဲ့ ကွန်မြူနစ်ဝါဒ၊ ဆိုရှယ်လစ်ဝါဒ၊ မတ်က်စ်ဝါဒဆိုတာတွေက ဂယက်ထတုန်း ပေါ့။ သခင်နုလို အမည်တွင်ခဲ့တဲ့ လွတ်လပ်ရေးရစ ဝန်ကြီးချုပ်ဖြစ်လာသူ ဦးနုကိုယ်တိုင် နဂါးနီစာအုပ်တိုက်ဆိုတာကို ထူထောင်ရင်း ''ဘုံဝါဒ''စာအုပ်တွေ လီနင်၊ စတာလင် အတ္ထုပ္ပတ္တိတွေထုတ်ဝေ ဖြန့်ချိခဲ့တာမဟုတ်လား။ ဘုန်းတော်ကြီးတချို့ကတောင် မတ်က်စ်ဝါဒနဲ့ ဗုဒ္ဓဝါဒ မဆန့်ကျင်ကျောင်း၊ ''သံဃိကဝါဒ''ဆိုတာ ''ဘုံဝါဒ''ဆို တာနဲ့ သဘောသွားတူကြောင်း စသဖြင့် ပါဝင်ရေးသားခဲ့ကြတာကို သတိရမိပါတယ်။ ရုရှားတို့၊ တရုတ်တို့မှာ မတ်က်စ်ဝါဒကို ကျောင်းတွေသင်တယ် ဆိုထင်ပါရဲ့။ ဒါ့ကြောင့် ဗမာပြည်မှာလည်း ဒီကိစ္စမျိုးတွေကို ဆွေးနွေးခဲ့ကြကြောင်း နောင်လာနောင်သားများအနေနဲ့ သမိုင်းဗဟုသုတရရှိအောင် ဖောက်သယ် ချလိုက်ရတာပါ။

အဲဒီနှစ်က ကျွန်တော်တို့က ပဉ္စမတန်းကျောင်းသားအဖြစ် မြို့ပေါ်တက်ပြီး ကျောင်းနေစ ကာလဖြစ်ပါတယ်။ သမဂ္ဂဝင် ကျောင်းသားကြီးတွေက လက်ဝဲစာပေတွေဖတ်ပြီး နိုင်ငံရေးဆွေးနွေးမှုတွေ ဂယက်ထနေကြတဲ့ အချိန်လည်းဖြစ်ပါတယ်။ အနုပတ္တိလောကမ ရုပ်ဝါဒ ဘာညာဆိုတဲ့ အဲဒီခေတ်ကကြားဖူးခဲ့ တာပေါ့။ ဆရာတော်အသျှင်ဉာဏိသရကိုယ်တော်ကြီးလည်း အိန္ဒိယပြည်က လက်ဝဲဝါဒတွေလေ့လာခဲ့ပြီး ပြန်လာတော့ အိန္ဒိယပြည်က လက်ဝဲဝါဒီ အရှင်ရာဟုသံကစ္စည်းရဲ့ စာအုပ်တွေကို ဘာသာပြန် ပြီး လူထုတိုက်က ထုတ်ဝေခဲ့သေးတာပဲ။ ပြီးတော့ လူထုသတင်းစာတိုက်ကိုဝင်ပြီး အယ်ဒီတာ လုပ်လိုက်ပါသေးတယ်။ ပြီးတော့ လူထွက်ပြီး အိမ်ထောင်ပြုတယ်။ မန္တလေးတက္ကသိုလ်၊ မြန်မာစာ ဌာနကိုဝင်ပြီး မြန်မာစာဆရာလုပ်ရင်း ဆန်းထွန်း(မန်းကတ္ကသိုလ်) ကလောင်ဘွဲ့နဲ့ စာတွေဆက်လက်ရေးပါတယ်။ မ.ဆ.လ အတွက် 'ရှေ့သို့' ဂျာနယ်မှာတောင် ဝင်ရေးသားနေခဲ့ပါသေးတယ်။ တက္ကသိုလ်ကို ဝင်ရောက်မလုပ်ကိုင်ခင်မှာ 'ကွန်မြူနစ်မဟုတ်တော့ကြောင်း' ကို ဝန်ချပွဲလုပ်လိုက်သေးတယ်ထင်ပါရယ်။ ကျွန်တော့် အဖေ၊ ကျွန်တော့်ဦးလေးတို့ရဲ့စကားဝိုင်းက အကြောင်းအရာတွေ တော့ ကျွန်တော်သိပ်မမှတ်မိတော့ပါဘူး။ ပြောချင်တာက အဲဒီ ခေတ်မှာ မက်စ်ဝါဒလေ့လာရေး လှိုင်းဂယက်ကြီးရှိခဲ့ကြောင်းကို ခေတ်နောက်ခံ ခင်းပြတာပဲဖြစ်ပါတယ်။ ကျွန်တော်သာ အထက်တန်းကျောင်းသားဖြစ်နေရင်လည်း ကိုသာနိုးလို့ပဲ ဝင်ပြီးနွှဲလိုက်ဦး မှာသေချာပါတယ်။

ကိုသာနိုးက အဲဒီပြိုင်ပွဲဝင်ချိန်မှာရှိလှရင် ၁၈-၁၉ လောက်ပဲ ရှိမှာပေါ့။ ၁ဝ ကျောင်းသားပဲရှိသေးတာကိုး။ သူဆုရတဲ့ စာပေ ပြိုင်ပွဲက ''စာပေပြိုင်ပွဲ အမှတ် ၁ ''တဲ့။ ဆုပေးပွဲကြေညာချက်ပါရှိ တဲ့သတင်းစာက အုပ်တွဲ ၁၊ အမှတ် ၃ ဖြစ်ပါတယ်။ ဆုရသူများက လေးယောက်ပါ။ အဲဒီပွဲမှာတော့ ကျောင်းသားတွေချည်းသာဝင် ရောက်ယှဉ်ပြိုင်စေတာဖြစ်ပေမဲ့ တက္ကသိုလ်နဲ့အခြေခံပညာအထက်တန်း (အစိုးရဟိုက်စကူးတန်း) တို့အတူ ပါဝင်ရေးသားကြတာတွေ့ ရပါတယ်။ နောက်ပြိုင်ပွဲတွေမှာတော့ ကျောင်းသားရော၊ အရပ်သားတွေပါ အကုန်ဖွင့်ပေးထားတာတွေ့လိုက်ရပါတယ်။ ဆုရသူ များကတော့ (အဲဒီခေတ် စာလုံးပေါင်းသတ်ပုံအတိုင်း)

ပဋ္ဌမ ။ ။ မောင်စံညွန့်၊ ဝက်စလီဟိုက်စကူးကျောင်း၊ မန္တလေး။
ဒုတိယ ။ ။ မောင်သာနိုး၊ ၁ဝ တန်း၊ အစိုးရဟိုက်စကူး၊ စစ်ကိုင်း။
တတိယ ။ ။ ၂ - ဆုပေးရပါသည်။
(၁) မောင်အောင်ထွန်း၊ ပဋ္ဌမနှစ်ဥပစာတန်း၊ မန္တလေးတက္ကသိုလ်၊ မန္တလေး။
(၂) မောင်ကိုကြီး ၁ဝ တန်း၊ ဗုဒ္ဓသာသနနုဂ္ဂဟ အထက်တန်းကျောင်း၊ မန္တလေး။

(မှတ်ချက်ကိုလည်း မူရင်းစာသားအတိုင်းဖော်ပြပါမယ်)
လူထုဂျာနယ်အမှတ် ၁ တွင် စာပေပြိုင်ပွဲ အမှတ် ၁ အဖြစ် ''ကျောင်းသားများ မာ့ခ်စာပေ သင်သင့်သည်'' ဆိုသည့် ဆောင်းပါး ခေါင်းစဉ်တစ်ခု ကျွန်ုပ်တို့ပေးခဲ့၏။ ဝင်ရောက်ယှဉ်ပြိုင်ကြသော ကျောင်းသားဦးရေမှာ မျှော်လင့်သည်ထက်ပင် ပိုမိုသည်ကိုတွေ့ရ သောကြောင့် အထူးပင်ဝမ်းသာရပေသည်။ အထက်အောက် ဗမာပြည် အမြို့မြို့မှ ပါဝင်ယှဉ်ပြိုင်ကြသည့်အတွက်လည်း ပို၍ဝမ်းမြောက်ရပေသည်။

ဆောင်းပါးပြိုင်ပွဲ အမှတ် ၁ အတွက်၊ မန္တလေးဝက်စလီ ကျောင်းမှ မောင်စံညွန့်၏ဆောင်းပါးကို ကျွန်ုပ်တို့ ပဋ္ဌမဆုအတွက် ရွေးချယ်လိုက်ပါသည်။ မောင်စံညွန့်၏ ဆောင်းပါးနှင့် စစ်ကိုင်းမှ မောင်သာနိုး၏ဆောင်းပါးမှာ အမှတ်အနည်းငယ်သာ ကွာခြား သည်။ ဒုတိယဆု ရရှိသော မောင်သာနိုး၏ ဆောင်းပါး စပုံ၊ တင်ပြ ပုံများအားလုံးပင် အဆင့်အတန်းမြင့်ပါသည်။ သို့ရာတွင် ဗုဒ္ဓဘာသာ တရားတော်နှင့် ဖီလာမဟုတ်သည့် အချက်အလက်များဖော်ပြရာ တွင် ရှည်လျားလွန်းနေသောကြောင့် အခြားပါသင့်သော အကြောင်းအရာများ မပါနိုင်ဘဲဖြစ်နေသည်ကို တွေ့ရသည်။

တတိယရရှိသော တက္ကသိုလ်ကျောင်းမှ မောင်အောင်ထွန်း၏ ဆောင်းပါးမှာ ရှေ့ပိုင်းတွင်လိုရာအချက်များ အတော်အတန်ပြည့်စုံသော်လည်း နောက်ပိုင်း၌ ဗမာပြည်နိုင်ငံရေးသမားဟောင်းကြီး များက မာ့ခ်ဝါဒကို မတရားသောနည်းများဖြင့် သတ်နေပုံများတွင် ချဲ့လွန်းအားကြီးသွားသည်။ ဘီ၊ တီ၊ အင်ကျောင်းမှ ကိုကိုကြီး၏ဆောင်းပါးမှာ မောင်အောင်ထွန်း၏ဆောင်းပါးနှင့် တန်းတူလောက်ပင်ဖြစ်သောကြောင့် တတိယဆုအဖြစ်ပင် ရွေးချယ်လိုက်ကာ ဤ ပဋ္ဌမအကြိမ်တွင် တတိယဆု ၂ ဆုပေးလိုက်ပါသည်။ ကိုကိုကြီး၏ ရာဇဝင်အကြောင်းပြချက်များမှာ ကောင်းပါ၏။ သို့ရာတွင် ကျောင်းများတွင် မာ့ခ်စာပေ သင်သင့်သည်ဟု တင်ပြသောအချက်အလက်များ အနည်းငယ်လိုသည်ကို တွေ့ပေသည်။

အခြား အဆင့်အတန်းမြင့်သော ဆောင်းပါးများ

မြင်းခြံမှ ကျောင်းသားမောင်ထွန်းမြင့်လွင်၏ ဆောင်းပါးမှာ အချက်အလက်များ ကောင်းပါ၏။ သို့ရာတွင် တိုလွန်းသည်။ ရန်ကုန်တက္ကသိုလ်မှ မောင်အောင်ထွန်း၏ဆောင်းပါးမှာလည်း တိုလွန်း၍ မပြည့်စုံ။ မန္တလေးမှ အလွတ်ပညာသင်ကျောင်းသား မောင်ညွန့်ဝေ တင်ပြသောအချက်အလက်များမှာ ကောင်းမွန်ပါ၏။ သို့ရာတွင် စာစီစာကုံးအနည်းငယ် လိုပေသည်။ မြို့မ အင်္ဂလိပ်ဟိုက်စကူးကျောင်းမှ မောင်လှဝေ၏ ဆောင်းပါးမှာမူ အထောက်အထားများ ကောင်းမွန်သော်လည်း နှစ်မျက်နှာမျှသာဖြစ်၍ တိုလွန်းသည်။ စာမျက်နှာ ၄၂ - သို့ ... တဲ့။

 မောင်စွမ်းရည်ကူးယူခဲ့တာက ဒါပါပဲ။ ဒီမှာရပ်တယ်။ လူထုသတင်းစာမှာ ဆုရစာစီစာကုံးတွေဖော်ပြ သလားမသိ။ ပြန်ရှာပြီး အားလုံးစုပေါင်းထားတဲ့ စာအုပ်ကလေး တစ်အုပ်ထုတ်ဖို့ ကောင်းလှပေကြောင်း အကြံပေးလိုက်ရပါတယ်။

စာနယ်ဇင်းတွေက စာပေပြိုင်ပွဲတွေလည်း လုပ်ကြဦးပေါ့။

မောင်စွမ်းရည်
နယူးယောက်(ခေတ္တ)
၂ဝ၁၈၊ ဇွန်၊ ၂၆
0